← Chapters

အထက်ဘုံမှ ဖြစ်နိုင်သည်

Vol. 85 Ch. 1184

အထက်ဘုံမှ ဖြစ်နိုင်သည်

Vol. 85 Ch. 1184

ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်၍ ဗုဒ္ဓတောင်ဆီသို့ ပျံသန်းသွားလိုက်၏။ ယဉ်ရို့ပင်း၊ စုလောရွှယ်၊ မိုယောင်အာနှင့် အခြားသူများကို နန်းတော်ထဲသို့ ပြန်ခေါ်ရပေမည်။ သူမတို့က သူ့ဘေးတွင် ရှိနေမှ သူ စိတ်အေးနိုင်မည်ဖြစ်သည်။ ထို့ပြင် သူသည် ရီမျိုးနွယ်ကို နှင်းဒေသသို့ သတင်းပို့ပေးရန် တောင်းဆိုလိုနေသည်။ သူက အစီအရင်ထဲမှ ထွက်လာနိုင်ပြီဖြစ်ပြီး ချမ်ကွေ့၊ ရွှေယို့လန်၊ ယွင်ချန်းထျန်းနှင့် အခြားသူများကို ကယ်ပြီးခဲ့ပြီဖြစ်ကြောင်း နှင်းဒေသမှ မျိုးနွယ်များကို သိစေလိုသည်။

ဆန်းကြယ်နတ်ဘုရားနန်းတော်၏ စွမ်းအင် ကိုးဆယ်ရာခိုင်နှုန်းလောက်က ကုန်သွားပြီဖြစ်သည်။ သို့သော် ကောင်းကင်‌ရှောင်တိမ်းခြင်းကို သုံးနိုင်သေးသည်။ ကောင်းကင်ရှောင်တိမ်းခြင်းက နန်း‌တော်၏ စွမ်းအင်ကို များစွာမလိုအပ်ပေ။

ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကန့်အသတ်အစီအရင်များက ပတ်ဝန်းကျင်မှ စွမ်းအင်ကို စုပ်ယူနိုင်သည်။ ထို့ကြောင့် စွမ်းအင်က တဖြည်းဖြည်း ပြန်ပြည့်လာမည်ဖြစ်သည်။

သို့သော် ယခုတွင် နန်းတော်၏ စွမ်းအင်က အနည်းငယ်သာ ကျန်တော့သဖြင့် ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို မဆင်မခြင် မသုံးဝံ့ပေ။ နန်းတော် ပြန်ထွက်ပေါ်လာသည့်နေရာတွင် အင်အားကြီးရန်သူနှင့် ထိပ်တိုက်တိုးမည်စိုး၍ ကောင်းကင်ရှောင်တိမ်းခြင်း အရှိန်ကို လျှော့ချလိုက်သည်။ အကယ်၍ ရန်သူနှင့် ရင်ဆိုင်ရလျှင် သူက ရှင်သန်နိုင်လောက်သော်လည်း ရီချန်၊ ကျန်းယွင်ဟိုင်နှင့် အခြားသူများက မရှင်သန်နိုင်လောက်ပေ။

ကျန်းရီက ကောင်းကင်ရှောင်တိမ်းခြင်း သုံးနေစဉ်တွင် ရှန်းစီကျွန်းမှ မဟာမိတ်စစ်တပ်က စစ်ချီရန် ပြင်ဆင်နေကြသည်။ ဆန်းကြယ်သောစွမ်းရည်အမျိုးမျိုး ရှိသည့် ထောက်လှမ်းရေးများက အဆုံးမဲ့ပင်လယ်နက်ဆီသို့ လျှို့ဝှက်သွားရန် ဟန်ပြင်နေကြသည်။ သူတို့သည် အဆုံးမဲ့ပင်လယ်နက်မှ အခြေအနေကို စုံစမ်း၍ စစ်တပ်၏ ရှေ့တန်းအဖြစ် ထမ်းဆောင်ကြမည်ဖြစ်သည်။

တိုက်ပွဲဧကရာဇ်နှင့်‌ မြောက်ဘက်ဧကရာဇ်တို့သည် စစ်တပ်ကို လေ့ကျင့်ရန် အမိန့်ပေးခဲ့သည်။ အပြစ်သားကျွန်းမှ တိုက်ပွဲတွင် တပ်သားများ၏ ပြဿနာများစွာကို တွေ့ခဲ့ရသည်။ တပ်မှူးများက ပို၍လှုပ်ရှားရန် လိုသလို စစ်တပ်၏ တိုက်ခိုက်စွမ်းရည်များကလည်း ပိုတိုးတက်ရန်လိုသည်။ ဒုတိယစစ်တပ်က အပြစ်သားပင်လယ်သို့ ရောက်နေပြီဖြစ်သည်။ ထိုစစ်တပ် ရောက်လာသည်နှင့် သူတို့က ချက်ချင်း စတင်ချီတက်တော့မည်ဖြစ်သည်။

တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်သည် အသံလှိုင်းဧကရာဇ်က ပျောက်နေပြီး နတ်ဘုရားအသံလှိုင်းဒေသမှ ချန်မျိုးနွယ်သည်လည်း နှင်းဒေသသို့ ရွှေ့ပြောင်းသွားကြောင်း သိခဲ့ရသည်။ သူတို့နှစ်ယောက်စလုံးသည် ဒေါသထွက်ကာ မချင့်မရဲဖြစ်သွားသော်လည်း မည်သို့မှ မလုပ်နိုင်ပေ။ လူအမျိုးမျိုး၊ စိတ်အထွေထွေ ဖြစ်သည်။ အသံလှိုင်းဧကရာဇ်က အပြစ်သားကျွန်းမှ တိုက်ပွဲတွင် များစွာစွမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယခု သူ ထွက်သွားခြင်းကို မည်သူမှ ဘာမှမပြောနိုင်ပေ။

သို့သော် လျှို့ဝှက်ဂိုဏ်းများမှ အကြီးအကဲများ ထွက်ပေါ်လာ၍ ကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ ဒုတိယစစ်တပ်တွင် နတ်ဘုရားတစ်ပိုင်း တစ်ရာကျော် ပါသည်။ ထို့ကြောင့် တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ် နှစ်ပါးစလုံးသည် စစ်ပွဲအတွက် ယုံကြည်မှုရှိနေကြသည်။ သူတို့၏ အင်အားကြီးစစ်တပ်ကြီးက အဆုံးမဲ့ပင်လယ်နက်မှ မိစ္ဆာမျိုးနွယ်ကို ရှင်းပစ်နိုင်လောက်သည်။

ထောက်လှမ်းရေးများက အဆုံးမဲ့ပင်လယ်နက်မှ အခြေအနေများကို ပုံမှန် အကြောင်းကြားနေသည်။ အရာအားလုံးက တည်ငြိမ်နေသည်။ အပြစ်သားကျွန်း၏ အရှေ့ဘက် ကီလိုမီတာငါးသိန်းအကွာအထိ မည်သည့်စွမ်းအားကြီးမိစ္ဆာမှ ရှိမနေပေ။ မိစ္ဆာအရှင်လည်း တစ်ပါးမှ မရှိချေ။ ထိုတိတ်ဆိတ်မှုက ကြောက်မက်ဖွယ်ပင် ကောင်းနေသည်။

ထောက်လှမ်းရေးများက အရှေ့သို့ ဆက်သွားနေကြသည်။ သူတို့က ထူးခြားသောမျိုးနွယ်တစ်ခုမှ ဖြစ်၍ အဆုံးမဲ့ပင်လယ်နက်ထဲတွင် ကောင်းစွာ သွားလာနိုင်ကြသည်။ သူတို့၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မိစ္ဆာအရှိန်အဝါ ရှိပြီး သူတို့က မိစ္ဆာများနှင့် ဆင်တူကြသည်။ မိစ္ဆာအရှင်များနှင့် မတွေ့သ၍ သူတို့က လူသားများဖြစ်ကြောင်း ပေါ်သွားမည် မဟုတ်ပေ။

တတိယမြောက်နေ့တွင် ထောက်လှမ်းရေးများက သတင်းအသစ်တစ်ခု ပို့လိုက်သည်။ သူတို့က အဆုံးမဲ့ပင်လယ်နက်ထဲတွင် ကီလိုမီတာတစ်သန်း ရှာခဲ့ပြီးပြီဖြစ်သည်။ သို့သော် စွမ်းအားကြီး မိစ္ဆာတစ်ကောင်ပင် မတွေ့ခဲ့။ ထို့ပြင် အဆုံးမဲ့ပင်လယ်နက်ကို ဝန်းရံထားသည့် နယ်မြေများမှ မိစ္ဆာအားလုံးက အဆုံးမဲ့ပင်လယ်နက်ထဲသို့ ဝင်လာနေကြောင်းကိုလည်း သိခဲ့ရသည်။ အောင်းလုက မိစ္ဆာများကို စုစည်း၍ ဆန်းကြယ်သိုင်းမြို့ကို ကာကွယ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

“ထွက်ခွာမယ်...”

တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့သည် ဆွေးနွေးကာ စောစောထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။ ရှေးဦးစွာ သူတို့သည် အဆုံးမဲ့ပင်လယ်နက်ထဲသို့ တဖြည်းဖြည်း ဝင်ကြမည်ဖြစ်သည်။ နောက်မှ တပ်ဖြန့်၍ ပတ်ဝန်းကျင်နယ်မြေများမှ မိစ္ဆာအားလုံးကို သတ်ပစ်မည်ဖြစ်သည်။ အောင်းလုက ဆန်းကြယ်သိုင်းမြို့ကို ကာကွယ်ရင်း သေရန် ပြင်ဆင်ထားပြီဖြစ်၍ သူတို့က သူ ထွက်ပြေးနိုင်မည့် လမ်းကြောင်းအားလုံးကို ရှင်းပစ်ထားရမည်ဖြစ်သည်။ ဆန်းကြယ်သိုင်းမြို့က ထီးတည်းရပ်တည်ရပေလိမ့်မည်။

သန်းဆယ်ချီသော တပ်သားများက ချက်ချင်း ချီတက်လိုက်ကြသည်။ နတ်ဘုရားတစ်ပိုင်းများက လူစုခွဲလိုက်သည်။ ကြယ်ခုနစ်ပွင့် နတ်ဘုရားတစ်ပိုင်းတစ်စုက အဖွဲ့ဆယ်ဖွဲ့အဖြစ် ခွဲလိုက်သည်။ ထို့နောက် တစ်ဖွဲ့လျှင် သုံးစုပြန်ခွဲသည်။ အချို့က အဆုံးမဲ့ပင်လယ်နက်၏ အလယ်သို့ ဦးတည်ကြပြီး အခြားသူများက တောင်ဘက်နှင့် မြောက်ဘက်သို့ အသီးသီး သွားလိုက်ကြသည်။ သူတို့သည် အဆုံးမဲ့ပင်လယ်နက်ကို ဝန်းရံထားသော နယ်မြေများမှ မိစ္ဆာများကို အရင်ဆုံးသတ်ရန် ပြင်ဆင်ထားပြီးပေပြီ။ ဆန်းကြယ်သိုင်းမြို့ကို နောက်ဆုံးမှ တိုက်ခိုက်မည်ဖြစ်သည်။

စစ်တပ် ချီတက်သွားသည်နှင့် ပင်လယ်ပြင်တွင် သွေးလွှမ်းသွားသည်။ သူတို့သည် လမ်းတစ်လျှောက်တွင် အဆင့်နိမ့် မိစ္ဆာများစွာနှင့် တွေ့ခဲ့သည်။ စွမ်းအားကြီး သိုင်းပညာရှင်များ ဝင်ပါရန်ပင် မလိုခဲ့ပေ။ ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမားများက ထိုမိစ္ဆာများကို အလွယ်တကူ ရှင်းပစ်လိုက်နိုင်သည်။ အဆုံးမဲ့ပင်လယ်နက်ထဲတွင် မိစ္ဆာများစွာ ရှိသည်။ သုံးရက်အတွင်းမှာပင် အဆင့်နိမ့်မိစ္ဆာ သန်းတစ်ရာကျော် အသတ်ခံလိုက်ရသည်။

ထိုအဆင့်နိမ့်မိစ္ဆာများက အသိဉာဏ်မရှိပေ။ ၎င်းတို့သည် လူသားများ အနားသို့ရောက်လာလျှင် အလိုလို စတင် တိုက်ခိုက်ကြသည်။ ၎င်းတို့ အသတ်ခံလိုက်ရသည်နှင့် ၎င်းတို့၏သွေးနံ့က အနီးမှ အဆင့်နိမ့်မိစ္ဆာများကို လူသားများထံ ထပ်၍ ရောက်လာစေသည်။ မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့က စစ်တပ်၏ ခေါင်းဆောင်များအဖြစ် ဆက်ရှိနေသည်။ သူတို့က တပ်ဖွဲ့များကို တစ်လှည့်စီ စေလွှတ်နေသည်။ ထိုအဆင့်နိမ့်မိစ္ဆာများက မိစ္ဆာမျိုးနွယ်၏ အုတ်မြစ်ဖြစ်သည်။ အချိန်နှင့်အမျှ ၎င်းတို့က သန်မာလာမည်ဖြစ်သည်။ သူတို့သာ အဆင့်နိမ့်မိစ္ဆာအားလုံးကို ရှင်းပစ်နိုင်လိုက်လျှင် အဆုံးမဲ့ပင်လယ်နက်က များစွာဆုံးရှုံးလိုက်ရပေလိမ့်မည်။

“တပ်ကို ပိုဖြန့်ကျက်ကြ။ ဆန်းကြယ်သိုင်းမြို့ဆီ ရောက်ဖို့ အလျင်မလိုနဲ့။ အရင်ဆုံး အဲ့မြို့ရဲ့ ကီလိုမီတာတစ်သန်း ပတ်လည်အတွင်းက အဆင့်နိမ့်မိစ္ဆာတွေ အကုန်လုံးကို ရှင်းပစ်ရမယ်။ ထောက်လှမ်းရေးတွေက ဆန်းကြယ်သိုင်းမြို့ထဲက လှုပ်ရှားမှုတွေကို မပြတ်စောင့်ကြည့်နေပါ။ အောင်းလုက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ငါ ကြည့်ချင်တယ်”

တိုက်ပွဲဧကရာဇ်သည် အခြားသူများနှင့် အတော်ကြာ ဆွေးနွေးပြီးနောက် ဗျူဟာပြောင်းရန် ဆုံးဖြတ်လိုက်သည်။ သူတို့သည် ဆန်းကြယ်သိုင်းမြို့ကို အလျင်စလို တိုက်ခိုက်တော့မည် မဟုတ်ပေ။ ထိုအစား အချိန်ယူ၍ မြို့ပတ်လည်ရှိ အဆင့်နိမ့်မိစ္ဆာများကို သတ်ဖြတ်ကြမည်ဖြစ်သည်။ ထိုအဆင့်နိမ့်မိစ္ဆာများက မိစ္ဆာမျိုးနွယ်၏ အုတ်မြစ်ဖြစ်သည်။ ၎င်းတို့က လူသားမျိုးနွယ်၏ အရပ်သူ၊ အရပ်သားများကဲ့သို့ပင်။ အဆင့်နိမ့်မိစ္ဆာများ ပိုသေလေလေ၊ အဆုံးမဲ့ပင်လယ်နက်က နလန်ပြန်ထူရန် ပိုခက်လာလေလေပင်။ အဆုံးမဲ့ပင်လယ်နက်သည် နှစ်ရာနှင့်ချီသည်အထိ နလန်ပြန်ထူနိုင်လောက်တော့မည် မဟုတ်ပေ။

ထိုဗျူဟာက စစ်မျိုးနွယ်၊ ရှစ်မျိုးနွယ်နှင့် မာမျိုးနွယ်တို့က ဗုဒ္ဓဧကရာဇ်မြို့၏ ပတ်ဝန်းကျင်ရှိ မြို့များကို အရင်တိုက်ခိုက်ခဲ့သလို ဗျူဟာမျိုးဖြစ်သည်။ ရီမျိုးနွယ်က ဗုဒ္ဓဧကရာဇ်မြို့ကို ကာကွယ်ရန် စုဝေးထားခဲ့သဖြင့် ပတ်ဝန်းကျင်မြို့များမှ အရပ်သူ၊ အရပ်သားများကို ရှင်းပစ်ရန် လွယ်ကူခဲ့သည်။ ထို့ကြောင့် ရီမျိုးနွယ်က ဗုဒ္ဓဧကရာဇ်မြို့ကို ကာကွယ်နိုင်လိုက်မည် ဆိုလျှင်ပင် ပတ်ဝန်းကျင်ဒေသများ၌ မည်သည့် အရပ်သူ၊ အရပ်သားမှ ကျန်တော့မည် မဟုတ်ချေ။ သို့ဆိုလျှင် ရီမျိုးနွယ်သည် နှစ်ရာနှင့်ချီသည်အထိ နလန်ပြန်ထူနိုင်တော့မည် မဟုတ်ပေ။

ပင်လယ်ကို ဝန်းရံထားသော နယ်မြေများသို့ သွားရောက် တိုက်ခိုက်သည့် တပ်ဖွဲ့များကလည်း ကောင်းစွာ လုပ်ဆောင်နိုင်နေသည်။ မိစ္ဆာများ သိမ်းပိုက်ထားသည့် နယ်မြေဆယ်ခုကျော်ကို ရှင်းပစ်နိုင်လိုက်ပြီဖြစ်သည်။ လူသားမျိုးနွယ်၏ စစ်တပ်က အလွန်အင်အားကြီးသည်။ မည်သည့်မိစ္ဆာကမှ မခုခံနိုင်ပေ။ နယ်မြေသေးလေးများတွင် မိစ္ဆာတစ်ကောင်ပင် ရှင်မကျန်ခဲ့ချေ။ မိစ္ဆာအားလုံး အသတ်ခံလိုက်ရသည်။

လူသားမျိုးနွယ်၏ မဟာမိတ်စစ်တပ်က အပြစ်သားကျွန်းမှ လူသားများကိုပင် မျက်တောင်တစ်ချက်မခတ်ဘဲ သတ်နိုင်ခဲ့ရာ မိစ္ဆာများကို သတ်ရခြင်းက သူတို့အတွက် ပိုလွယ်နေပေသည်။ ဆယ်ရက်အတွင်းမှာပင် ဒုတိယလူသားစစ်တပ်က အဆုံးမဲ့ပင်လယ်နက်သို့ ရောက်လာပြီး သန်းထောင်ချီသော မိစ္ဆာများကို ထပ်မံ သတ်ဖြတ်လိုက်သည်။

အောင်းလုတစ်ယောက် ဆက်၍ငြိမ်မနေနိုင်တော့ပေ။ သူသည် ဆန်းကြယ်သိုင်းမြို့ကို ကာကွယ်ရင်း သေလိုခဲ့သည်။ မြို့ထဲတွင်လည်း အစီအရင်ကြီးတစ်ခု ဆင်ထားခဲ့သည်။ ထိုအစီအရင်က နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်နှင့် ဆင်တူသည်။ ၎င်းက မိစ္ဆာအရှင်များကို အစွမ်းမြှင့်တင်ပေးနိုင်သည်။ ပြသာနာမှာ လူသားစစ်တပ်ကို ဆက်၍သတ်ဖြတ်ခွင့် ပေးထားလျှင် အဆင့်နိမ့်မိစ္ဆာအားလုံး အသတ်ခံလိုက်ရမည် ဖြစ်ခြင်းပင်။ သို့ဆိုလျှင် မြို့ကို ကာကွယ်နေခြင်းက ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။

ထို့ကြောင့် အောင်းလုသည် အဆုံးမဲ့ပင်လယ်နက်ထဲမှ စွမ်းအားကြီး မိစ္ဆာများကို လှုပ်ရှားရန် အမိန့်ပေးလိုက်သည်။

မျိုးနွယ်အသီးသီးမှ စွမ်းအားကြီးမိစ္ဆာများသည် စုဝေး၍ လူသားများနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် အောင်းလုက အဆုံးမဲ့ပင်လယ်နက်ကို ဝန်းရံထားသော ကြောက်မက်ဖွယ် အစီအရင်ကြီးကို နှိုးလိုက်သည်။ ညအချိန်တွင် ပင်လယ်ရှိ အပူချိန်က ကြောက်မက်ဖွယ်ကောင်းလောက်သော အဆင့်အထိ ကျဆင်းသွားသည်။ လူသားကောင်းကင်ဧကရာဇ်များ၏ စွမ်းရည်များက ကျဆင်းသွားသော အပူချိန်ကြောင့် ဆိုးရွားစွာ ထိခိုက်သွားသည်။

ထိုအခါ သိန်းချီသော မိစ္ဆာဘုရင်များနှင့် မိစ္ဆာဧကရာဇ်များ ထွက်လာလေတော့သည်။ မိစ္ဆာအရှင်များလည်း စတင်လှုပ်ရှာကြသည်။ ၎င်းတို့အားလုံးသည် တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့က ဦးဆောင်နေသော စစ်တပ်ဆီသို့ ဦးတည်သွားလိုက်ကြသည်။ ပတ်ဝန်းကျင် နယ်မြေများမှ စွမ်းအားကြီး မိစ္ဆာများကလည်း ဝင်ပူးပေါင်းကြသည်။ နယ်မြေများရှိ သိန်းချီသော မိစ္ဆာများက ပင်လယ်ထဲသို့ လျင်မြန်စွာ ဝင်သွားကြသည်။ ထိုမြင်ကွင်းက ကြီးကျယ်လွန်းသည်။ မိစ္ဆာများ၏ အားကောင်းသော အရှိန်အဝါများက ပုန်းအောင်းနေသော ထောက်လှမ်းရေးများကို ကြက်သီးမွေးညင်းများ ထသွားစေလေသည်။

မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့သည် ထိုသတင်းကို ရလိုက်သောအခါ ပြန့်ကျဲနေသော တပ်များကို အလျင်အမြန် ပြန်စုစည်းလိုက်သည်။ ဒုတိယစစ်တပ်ကိုလည်း အသင့်ပြင်ခိုင်းထားလိုက်သည်။ သူတို့သည် အသေအကြေတိုက်ခိုက်ရန် အသင့်ဖြစ်နေပေပြီ။

***

“ဘိုးဘိုး ကျွန်မတို့ ဒီစစ်ပွဲကို နိုင်ပါ့မလား”

ဆန်းကြယ်သိုင်းမြို့၏ ခရမ်းရောင်ရွှေနန်းဆောင်ကြီးထဲတွင် ခရမ်းရောင်ဆံပင်ရှိသည့် လှပသော မိန်းမပျိုလေးတစ်ယောက်က စိုးရိမ်တကြီး ရေရွတ်လိုက်သည်။ ယခုတွင် မင်းသမီးချမ်ချမ်က အလွန်စိုးရိမ်နေကြသည်။ သူမ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ထူးဆန်းသော အလင်းတစ်ခု လင်းလက်နေရာ သူမကို ပို၍ လှပနေစေသည်။

အောင်းလုက ခံစားချက်ကင်းမဲ့သော မျက်နှာထားနှင့် ရေခဲပလ္လင်ပေါ်တွင် ထိုင်နေသည်။ အရိပ်ဧကရာဇ်က သူ့အနောက်တွင် ရပ်နေသည်။ အနက်ရောင်နတ်ဘုရားက စစ်တပ်ကို ဦးဆောင်ရန် ထွက်သွားပြီဖြစ်သည်။ အောင်းလုသည် စိတ်ပျက်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“တကယ်လို့ ဆန်းကြယ်သိုင်းမြို့က ဒီနေ့ တိုက်ပွဲဆင်နွှဲရမယ်ဆိုရင် အဘိုးတို့ နိုင်လိမ့်မယ်လို့ အဘိုးယုံကြည်တယ်။ ဒါပေမဲ့ အခုတော့ အဘိုး လေးဆယ်ရာခိုင်နှုန်းပဲ သေချာတော့တယ်။ ဟိုကောင်မလေးသာ အဆင့်တက်နိုင်မယ်ဆိုရင်တော့... ငါးဆယ်ရာခိုင်နှုန်း သေချာလိမ့်မယ်”

“ဟိုကောင်မလေး...”

ချမ်ချမ်က အံ့အားသင့်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“ညီမလေးရှောင်နူကို ‌ပြောတာလား။ အဲ့ဒါက... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လူသားတွေက အများကြီး ပိုသန်မာတာပေါ့။ ညီမလေးရှောင်နူတစ်ယောက်တည်းနဲ့ ဘာများ ကွာခြားသွားမှာလဲ”

“ဟင်းဟင်း... အဲ့ကောင်မလေးကို လျှော့မတွက်နဲ့”

အောင်းလုက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

“အဲ့ကောင်မလေးက မရိုးရှင်းဘူး။ အဘိုး မှန်းတာ မမှားရင် မင်ရည်တောင်ပံမျိုးနွယ်ဆိုတာ အထက်ဘုံက ဖြစ်နိုင်တယ်”

***

All Chapters