← Chapters

ဆန်းကြယ်ဧကရာဇ်ကိုသာ အပြစ်တင်

Vol. 85 Ch. 1185

ဆန်းကြယ်ဧကရာဇ်ကိုသာ အပြစ်တင်

Vol. 85 Ch. 1185

“အထက်ဘုံ...”

အောင်းလုက ချမ်ချမ်ကို အလွန်ချစ်သည်။ သူမကို အရာအားလုံး ပြောပြခဲ့သည်။ ထို့ကြောင့် ချမ်ချမ်က အထက်ဘုံကို သိနေသည်။ သူမ၏ လှပသော မျက်ဝန်းကလေးများ ပြူးကျယ်သွားသည်။ သူမသည် အင်္ကျီလက်အတွင်း လက်ဖွက်၍ သူမ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်လိုက်သည်။

ပြီးခဲ့သော နှစ်များအတွင်း ချမ်ချမ်က ရှောင်နူနှင့် အလွန်ရင်းနှီးသွားခဲ့သည်။ ထိုသို့ရင်းနှီးသွားခြင်းမှာ ကျန်းရှောင်နူက ကျန်းရီ၏ ညီမလေးဖြစ်သောကြောင့်သာ မဟုတ်ပေ။ ရှောင်နူက အလွန်အပြစ်ကင်း၍ ကြင်နာတတ်ကာ ချစ်စဖွယ်ကောင်း၍ဖြစ်သည်။ ချမ်ချမ်သည် ငယ်စဉ်ကတည်းက သူမကိုယ်သူမ မိစ္ဆာဟုမမြင်ဘဲ လူသားဟုသာ မြင်ခဲ့သည်။ ထို့ကြောင့် လူသားများနှင့် မိတ်ဆွေဖွဲ့ရသည်ကို ကြိုက်သည်။ သူမသည် ပြီးခဲ့သော နှစ်များအတွင်း ကျန်းရှောင်နူနှင့် ညီအစ်မအရင်များအလား ရင်းနှီးသွားခဲ့သည်။ သို့သော် ထို အပြစ်ကင်းသော မိန်းမပျိုလေးက ယင်းကဲ့သို့သော ဇစ်မြစ်ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရှောင်နူက အခန်းအောင်း ကျင့်ကြံနေသည်မှာ နှစ်နှစ်ရှိသွားပြီဖြစ်သည်။ အောင်းလုက သူမကို မင်ရည်တောင်ပံနတ်ဘုရားအတတ်၏ တတိယအဆင့်ကို သိမြင်သွားအောင် ကူညီပေးပြီးနောက်တွင် သူမ အခန်းအောင်း ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမသည် မကြာမကြာဆိုသလို အခန်းအောင်းရာမှ ထွက်လာပြီး ချမ်ချမ်းအား ကျန်းရီနှင့် ပတ်သတ်သည့် သတင်းများကို မေးလေသည်။

အောင်းလုက ကျန်းရီအကြောင်းကို လျှို့ဝှက်ထားရမည်ဟု အမိန့်ပေးထားသည်။ ထို့ကြောင့် ချမ်ချမ်သည် ကျန်းရှောင်နူအား ကျန်းရီနှင့်ပတ်သတ်သော အကြောင်းများကို မပြောပြနိုင်ခဲ့ပေ။ သို့ဖြင့် ကျန်းရှောင်နူသည် ကျင့်ကြံခြင်းတွင်သာ အပြည့်အဝ စိတ်နှစ်ထားရတော့သည်။ သူမ လုံလောက်အောင် စွမ်းအားကြီးလာမှ အောင်းလုက သူမအား ကျန်းရီကို သွားရှာခွင့်ပြုမည် မဟုတ်ပါလား။

ကျန်းရှောင်နူ နောက်ဆုံးကြိမ် အခန်းအောင်းရာမှ ထွက်လာခဲ့သည်မှာ လွန်ခဲ့သော ခြောက်လကဖြစ်သည်။ သူမက ပုံစံမပြောင်းလျှင် သူမ မည်မျှစွမ်းအားကြီးကြောင်း မည်သူမှ ပြောနိုင်မည် မဟုတ်။ ထို့ကြောင့် ချမ်ချမ်သည် ရှောင်နူက မည်မျှစွမ်းအားကြီးနေပြီဖြစ်ကြောင်းကို မသိချေ။ အောင်းလုပင် သေချာမပြောနိုင်ပေ။

“တိုက်ပွဲက စတော့မယ်။ ညီမလေးရှောင်နူက အခန်းအောင်း ကျင့်ကြံတာကနေ ထွက်မလာရင် ဘယ်လိုလုပ်မလဲ”

ချမ်ချမ်က အောင်းလုကို မေးလိုက်သည်။ အောင်းလုက ခါးသက်သက် ပြုံးသည်။

“သူ အခန်းအောင်း ကျင့်ကြံတာကနေ ထွက်မလာရင် မိစ္ဆာမျိုးနွယ်လည်း ပျက်သုဉ်းသွားရမှာပေါ့။ ချမ်ချမ်... ခဏနေရင် သမီးရဲ့ အဘိုးက အပြင်ကို သွားရမယ်။ အဘိုး တိုက်ပွဲမှ ကျဆုံးသွားရင် ဒုတိယအစီအစဉ်ကို အကောင်အထည်ဖော်ပါ။ စကားတွေ သိပ်အများကြီး မပြောဘဲနေကြတာပေါ့။ ဒီကိစ္စက မိစ္ဆာမျိုးနွယ်ရဲ့ ရှင်သန်နိုင်ရေးနဲ့ သက်ဆိုင်နေတယ်။ ချမ်ချမ်... သမီး မလုပ်နိုင်ဘူးဆိုရင် အဘိုး အသေဖြောင့်မှာ မဟုတ်ဘူး”

“ဟုတ်ကဲ့...”

ချမ်ချမ်က မျက်ရည်စများကို ထိန်းကာ ခေါင်းညိတ်ပြလိုက်သည်။ သူမ အပိုစကားများ ထပ်မပြောတော့ချေ။ အောင်းလုက တိုက်ပွဲသို့သွားရမည်ဖြစ်သည်။ မဟုတ်လျှင် မိစ္ဆာမျိုးနွယ်က သေချာပေါက် ပျက်သုဉ်းသွားပေလိမ့်မည်။ အောင်းလု ထွက်တိုက်လျှင်မူ မိစ္ဆာများက ထိုကပ်ဘေးမှ လွတ်နိုင်လောက်သေးသည်။

ရွှီး...

အောင်းလုသည် ချမ်ချမ်းကို ညွှန်ကြားပြီးနောက် လက်တစ်ဘက် ဝှေ့ယမ်းလိုက်၏။ သူ့ရှေ့တွင် လူနှစ်ယောက် ထွက်ပေါ်လာသည်။ သူတို့က ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့ပင်။ သူတို့နှစ်ယောက်စလုံးသည် ရုတ်တရက် တည်နေရာပြောင်းရွှေ့ခံလိုက်ရ၍ တုန်လှုပ်နေကြသည်။ အောင်းလု၊ ချမ်ချမ်နှင့် အရိပ်ဧကရာဇ်တို့ကို မြင်လိုက်သောအခါ ပို၍ပင် ကြောက်ရွံ့သွားကြသည်။

ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့သည် တုန်လှုပ်မှုကို ဖြေဖျောက်ပြီးနောက် ဒူးထောက်လိုက်ကြသည်။ ထို့နောက် ဝူရွှမ်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“အရှင်အောင်းလု... ကျေးဇူးပြုပြီး ကျန်းရီကို သွားကယ်ပေးပါ။ ရှန်းစီမျိုးနွယ်စုကို ကယ်တင်ပေးပါ”

သူတို့နှစ်ယောက်သည် ဆန်းကြယ်သိုင်းမြို့သို့ ရောက်ကတည်းက ဖမ်းချုပ်ခံထားခဲ့ရသည်။ ယခုမှသာ သူတို့ အောင်းလုနှင့် ချမ်ချမ်ကို တွေ့ရခြင်းဖြစ်သည်။ မြို့ပြင်တွင် ဖြစ်ပျက်နေသော ကိစ္စများကို နှစ်‌ယောက်စလုံး မသိကြပေ။ ထို့ကြောင့် သူတို့သည် ဒူးထောက်၍ တောင်းဆိုနေကြသည်။

အောင်းလုက ထပ်မံ၍ ခါးသက်သက် ပြုံးလိုက်သည်။

“ငါအရှင်က ကျန်းရီ ပိတ်မိနေတဲ့ အစီအရင်ကို မဖျက်နိုင်ဘူး။ အပြစ်သားကျွန်းကလည်း... ပျက်စီးသွားပြီ။ မျိုးနွယ်(၁၃)ခုစလုံးက စွမ်းအားကြီး သိုင်းသမားတွေအကုန်လုံး အသတ်ခံလိုက်ရပြီ”

“ဗျာ...”

ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ အထူးသဖြင့် ချမ်ဝမ်ကွမ်းက ပိုတုန်လှုပ်သွားသည်။ သူသည် စစ်ထူမျိုးနွယ်က သူ၏မိသားစုအဖြစ် လက်ခံထားပြီးဖြစ်သည်။ သူနှင့် စစ်ထူအောင်းတို့က အဖေနှင့်သားကဲ့သို့ ရင်းနှီးသည်။ စစ်ထူမျိုးနွယ်မှ အကြီးအကဲများကလည်း သူ့အား ကြင်နာစွာ ဆက်ဆံခဲ့သည်။ ပြီးခဲ့သော နှစ်များအတွင်း သူတို့၏ ဆက်ဆံရေးက နက်ရှိုင်းလာခဲ့သည်။

ချမ်ဝမ်ကွမ်း၏ အမြင်များ ချာချာလည်လာ၏။ သူ ကြမ်းပြင်ပေါ် လဲကျမလိုပင် ဖြစ်သွားသည်။ ထို့နောက် ဒေါသထွက်လာသည်။ သူ အောင်းလုကို စူးစူးဝါးဝါးကြည့်ကာ အံကြိတ်၍ ပြောလိုက်သည်။

“အောင်းလု... ခင်ဗျားက ဘာလို့ သူတို့ကို မကယ်ခဲ့တာလဲ။ ဒီကပ်ဘေးကြီးကို နောက်ကွယ်က ကြိုးကိုင်နေခဲ့တဲ့သူက ခင်ဗျားလား။ ခင်ဗျားက လူသားမျိုးနွယ်ကို ရှင်းပစ်ချင်တာလား။ အပြစ်သားကျွန်းက လူတွေကို ခင်ဗျား သတ်ပစ်လိုက်တာလား”

“ဝမ်ကွမ်း... မင်း စကားကို ကြည့်ပြောပါ။ အရှင်အောင်းက အဲ့လို မဟုတ်ဘူး။

ချမ်ချမ်တို့ ဘာမှမပြောရသေးခင်မှာပင် ကျန်ဝူရွှမ်းက အော်ပြောလိုက်သည်။ ထိုအခိုက်တွင် ကျန်ဝူရွှမ်းသည် အကြောင်းအချို့ကြောင့် အောင်းလုက ကြိုးကိုင်သူ မဟုတ်နိုင်ဟု ယုံကြည်နေသည်။ အောင်းလု၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင် တစ်စက်ပင် ရှိမနေချေ။ သူသာ ကြိုးကိုင်သူဆိုပါက ယခုတွင် သူတို့နှစ်ယောက် သေနေလောက်ပေပြီ။

မင်းသမီးချမ်ချမ်ကလည်း ကျန်ဝူရွှမ်း၏ အတွေးကို သက်သေပြပေးနေသည်။ သူမသည် သူတို့နှစ်ယောက်ကို မြင်လိုက်လျင်မြင်လိုက်ချင်း အကြည့်များ နွေးထွေးသွားခဲ့သည်။ မျက်ဝန်းက ဟန်မဆောင်နိုင်ပေ။ သူမတို့က သူတို့၏ ရန်သူများဆိုလျှင် ထိုသို့ နွေးထွေးစွာ ကြည့်မည် မဟုတ်ချေ။

“သူ မဟုတ်ဘူးလား”

ချမ်ဝမ်ကွမ်းက အံ့အားသင့်စွာ မေးလိုက်သည်။ ထို့နောက် တုန်လှုပ်သော လေသံဖြင့် ဆက်ပြောသည်။

“သူ မဟုတ်ဘူးဆိုရင် ဘာလို့ အပြစ်သားကျွန်းကို မကူညီရတာလဲ။ အဆုံးမဲ့ပင်လယ်နက်က မိစ္ဆာတွေသာ သွားကူညီရင် ဘယ်သူက နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကို ဖျက်နိုင်မှာလဲ”

ကျန်ဝူရွှမ်းသည်လည်း ထိုမေးခွန်း၏ အဖြေကို မသိပေ။ သူ့ရင်ထဲတွင်လည်း မေးခွန်းများစွာ ရှိနေသည်။ သူသည် အဖြေများကို စောင့်နေသည့် ဟန်ဖြင့် အောင်းလုကို ကြည့်လိုက်သည်။

အောင်းလုက မျက်နှာတည်ဖြင့်သာ ဆက်ရှိနေသည်။ ခေတ္တကြာမှ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“ငါအရှင်က မကူညီချင်ခဲ့တာ မဟုတ်ပါဘူး။ မကူညီနိုင်ခဲ့တာ။ ငါကိုယ်တိုင် ဝင်မပါရင် မိစ္ဆာအရှင်တွေက မြောက်ဘက်ဧကရာဇ်နဲ့ တိုက်ပွဲဧကရာဇ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူတို့ကို သေလမ်းပို့လိုက်သလိုပဲ ဖြစ်သွားမှာ။ ဒီတစ်ခေါက် အရှေ့ဘက် တော်ဝင်နယ်မြေက စွမ်းအားကြီး သိုင်းသမား ဘယ်လောက်ပို့လိုက်လဲဆိုတာကို မင်းတို့သိလား...”

“ပြီးတော့ ကောင်းကင်တမလွန်ဂိုဏ်းကလည်း နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကို ဖျက်ဖို့ သိုင်းသမားတွေ စေလွှတ်လိုက်တယ်။ ငါအရှင်က အစီအရင်ကို တစ်ယောက်တည်း မကာကွယ်နိုင်ဘူး။ အပြစ်သားကျွန်းက လူတွေရဲ့ အသက်က မိစ္ဆာတွေရဲ့ အသက်ထက် ပိုတန်ဖိုးရှိနေတာလား။ အပြစ်သားကျွန်းက ပျက်ကိုပျက်စီးရ‌တော့မှာကို ငါက ဘာလို့ မိစ္ဆာတွေကို သေလမ်းဆီ ပို့ရမှာလဲ”

ထိုအခိုက်တွင် ချမ်ဝမ်ကွမ်းသည် သူက အောင်းလုကို အထင်လွှဲနေခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားသည်။ အောင်းလုက မိစ္ဆာများ၏ ဧကရာဇ်ဖြစ်သည်။ ထို့ပြင် သူက သူတို့ကဲ့သို့ ပမွှားလေးနှစ်ယောက်ကို များစွာရှင်းပြနေပေရာ ကြိုးကိုင်သူ မဖြစ်နိုင်ပေ။ သူက သူတို့နှစ်ယောက်ကို မျက်တောင်တစ်ခတ်အတွင်း သတ်ပစ်နိုင်သည်။ ထိုမျှ များစွာရှင်းပြ၍ အချိန်ဖြုန်းနေရန်မလိုပေ။

သို့သော် ချမ်ဝမ်ကွမ်းတွင် သိလိုသည်များ ရှိနေသေးသည်။

“အရှင်အောင်းလု... ဘာလို့ အရှင်ကိုယ်တိုင် ဝင်ပါလို့ မရတာလဲ”

အောင်းလုက ထရပ်ကာ အေးစက်စက်အသံဖြင့် ဆက်ပြောလိုက်သည်။

“ငါ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲက ထွက်လာတုန်းက လူသားလောကထဲကို အကြောင်းမရှိဘဲ မဝင်ပါဘူး၊ လူသားတွေကိုလည်း အကြောင်းမရှိဘဲ မသတ်ပါဘူးလို့ ဆန်းကြယ်ဧကရာဇ်ကို ကတိပေးခဲ့တယ်။ ဆန်းကြယ်ဧကရာဇ်က သူ့ရဲ့ ဝိညာဉ်အပိုင်းအစတစ်ခုကို ငါ့ရဲ့ စိတ်ဝိညာဉ်ထဲ ထည့်ခဲ့တယ်။ ငါ ကတိဖျက်ရင် ငါ့ရဲ့စိတ်ဝိညာဉ်က ဖျက်ဆီးခံရလိမ့်မယ်။ အရှေ့ဘက် တော်ဝင်နယ်မြေရဲ့ မဟာမိတ်စစ်တပ်က အပြစ်သားကျွန်းကို တိုက်ခိုက်နေခဲ့တာ။ အဲ့ဒါက ငါနဲ့ ဘာမှ မဆိုင်ဘူး။ ငါက အကြောင်းမရှိဘဲ သွားတိုက်ခိုက်လို့ မရဘူး။ ငါကိုယ်တိုင် ဝင်တိုက်လို့မရရင် ငါ့ရဲ့ မိစ္ဆာအရှင်တွေက သေချာပေါက် မြောက်ဘက်ဧကရာဇ်နဲ့ တိုက်ပွဲဧကရာဇ် သတ်တာကို ခံရမှာပဲ။ ဒီတော့ မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ဆန်းကြယ်ဧကရာဇ်ကိုပဲ အပြစ်တင်ပါ...”

“ဗျာ...”

ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့ အံ့အားသင့်ကာ ကြက်သေသေသွားသည်။ သူတို့နှစ်ယောက်စလုံး အောင်းလုအပေါ် သံသယမရှိကြတော့ပေ။ အောင်းလုက လိမ်နေခြင်းမဟုတ်ကြောင်း သူတို့ ပြောနိုင်သည်။ မိစ္ဆာများ၏ ဧကရာဇ်က သာမန်လူသားလေးနှစ်ယောက်ကို လိမ်မည် မဟုတ်ပေ။ ဆန်းကြယ်ဧကရာဇ်က အနာဂတ်ကို မြင်နိုင်သည်။ အောင်းလုက လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိမည်ဆိုလျှင် သူသည် အောင်းလုကို လောကထဲသို့ ပြန်လွှတ်ပေးမည် မဟုတ်ပေ။

“ကောင်းပြီ...”

အောင်းလုက လက်ဝှေ့ယမ်းကာ နောက်ဆုံးစကားများကို ပြောလိုက်သည်။

“အရှေ့ဘက် တော်ဝင်နယ်မြေရဲ့ မဟာမိတ်စစ်တပ်က အဆုံးမဲ့ပင်လယ်နက်ကို စတိုက်ခိုက်နေပြီ။ အခု ငါအရှင်မှာ လှုပ်ရှားဖို့ အကြောင်းရှိသွားပြီ။ မင်းတို့နှစ်ယောက်က ကောင်စုတ်ကျန်းရီရဲ့ မိတ်ဆွေတွေမလား။ မင်းတို့ နှင်းဒေသကို သွားနိုင်ဖို့ ချမ်ချမ်က စီစဉ်ပေးပါလိမ့်မယ်။ ချမ်ချမ်... အဘိုး တိုက်ပွဲမှာ ကျဆုံးသွားရင်၊ ကျန်းရှောင်နူက အခန်း‌အောင်း ကျင့်ကြံတာကနေ ထွက်မလာဘူးဆိုရင် သူတို့သုံးယောက်ကိုခေါ်ပြီး နှင်းဒေသကို သွားလိုက်ပါ။ အဘိုး ကျန်းရီကို မကယ်နိုင်ပေမဲ့ သူ့ညီမလေးကိုတော့ သေခိုင်းလို့ မဖြစ်ဘူး”

“ဘိုးဘိုး ဂရုစိုက်ပါ။ ချမ်ချမ် ဘိုးဘိုး ပြန်လာမှာကို စောင့်နေပါမယ်”

ချမ်ချမ်သည် ဒူးထောက်ကာ တိတ်တဆိတ် ငိုကြွေးလိုက်သည်။ အောင်းလုက အရိပ်ဧကရာဇ်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် တောက်ပစွာ လင်းလက်သွားပြီး ဆန်းကြယ်သိုင်းမြို့ထဲမှ ပျောက်ကွယ်သွားတော့သည်။ နောက်ဆုံးတွင် ချမ်ချမ် ထရပ်လိုက်ပြီး မျက်ရည်များစွာကို သုတ်ကာ စိတ်တင်း၍ ကျန်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်းတို့ကို ကြည့်လိုက်သည်။

“ရှင်တို့နှစ်ယောက် အခုသွားမှာလား... ဒါမှမဟုတ် တိုက်ပွဲပြီးတဲ့အထိ စောင့်ဦးမလား”

သူတို့နှစ်ယောက် ချီတုံချတုံဖြင့် ထရပ်လိုက်ကြသည်။ ပြီးမှ ကျန်ဝူရွှမ်းက မေးလိုက်သည်။

“အခုသွားမယ်ဆိုရင် ကျန်းရှောင်နူကိုရော ခေါ်သွားလို့ရမှာလား”

“မရဘူး”

ချမ်ချမ်က ခေါင်းခါလိုက်သည်။

“ဘိုးဘိုးကပြောတယ်... ညီမလေးရှောင်နူသာ အခန်းအောင်း ကျင့်ကြံတာက ထွက်လာမယ်ဆိုရင် ကျွန်မတို့ကို ကယ်တင်နိုင်လောက်တယ်တဲ့။ ကျွန်မ နောက်ဆုံးအချိန်အထိ အဲ့မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားချင်တယ်။ တကယ်လို့ ဘိုးဘိုးက တိုက်ပွဲမှာ ကျဆုံးသွားရင်၊ ညီမလေး‌ရှောင်နူက နောက်ဆုံးအထိ အခန်းအောင်း ကျင့်ကြံတာက ထွက်မလာဘူးဆိုရင်တော့ ကျွန်မတို့ သူ့ကို ခေါ်သွားလို့ရပြီ”

“အဲ့ဒါဆို ကျွန်တော်တို့လည်း စောင့်မယ်”

ကျန်ဝူရွှမ်းက ပြတ်သားစွာ ပြောလိုက်သည်။

“ကျွန်တော်တို့လည်း ညီမလေးရှောင်နူကို စောင့်မယ်။ မင်းသမီးချမ်ချမ်... တကယ်လို့ မိစ္ဆာမျိုးနွယ်က ရှုံးသွားမယ်ဆိုရင် မင်းသမီး ဘယ်ကိုသွားမှာလဲ”

“ကျွန်မလား...”

ချမ်ချမ်က ခြောက်ကပ်ကပ် ရယ်လိုက်ပြီး နန်းတော်အပြင်ဘက်သို့ ကြည့်ကာ သက်ပြင်းချလိုက်သည်။

“အဆုံးမဲ့ပင်လယ်နက်က မိစ္ဆာမျိုးနွယ်ရဲ့ နောက်ဆုံးအသိုက်အမြုံပဲ။ လူသားမျိုးနွယ်က ဒီနေရာကို သိမ်းပိုက်လိုက်ရင် ကျွန်မတို့အတွက် သွားစရာနေရာ မရှိတော့ဘူး။ ဘိုးဘိုး... ဒီတစ်ခေါက်တော့ ချမ်ချမ် ဘိုးဘိုးရဲ့ အမိန့်ကို ဆန့်ကျင်ရတော့မှာပဲ...”

***

All Chapters