ခင်ဗျားရဲ့ လိပ်ခွံကို ခွဲပစ်မယ်
Vol. 85 Ch. 1186
အောင်းလုသည် အဆုံးအဖြတ် တိုက်ပွဲကို ညဘက်တွင် နွှဲရန် ရွေးချယ်ထားပြီး သူ့ဘက်က စတိုက်ရန် ဆုံးဖြတ်ထားသည်။
အောင်းလု မတိုက်ခိုက်လျှင် လူသားစစ်တပ်က အဆင့်နိမ့် မိစ္ဆာအားလုံးကို သတ်ပစ်တော့မည်ဖြစ်သည်။ အဆုံးအဖြတ် တိုက်ပွဲက အနှေးနှင့်အမြန်ဆိုသလို စတော့မည်ဖြစ်၍ သူ့ဘက်က အရင်စတိုက်ခိုက်မှ တိုက်ပွဲအချိန်နှင့် နေရာကို ရွေးချယ်နိုင်မည်ဖြစ်သည်။
သန်းဆယ်ချီသော မိစ္ဆာများက ပင်လယ်၏ အနက်ရှိုင်းဆုံး အပိုင်းများတွင် မည်သည့် အသံ၊ မည်သည့်အရှိန်အဝါမှ မထွက်စေဘဲ စောင့်ဆိုင်းနေကြသည်။ သို့သော် မိစ္ဆာအရှင်များသည် သူတို့၏ လှုပ်ရှားမှုများကို လူသားမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားများက ထောက်လှမ်းနေကြောင်း သိထားကြသည်။ ထို့ကြောင့် အလစ်ဝင်တိုက်ရန် မဖြစ်နိုင်သလောက်ပင်။
ပင်လယ်ရေမျက်နှာပြင်က စတင်အေးခဲလာသည်။ ကောင်းကင်မှနေ၍လည်း နှင်းများ သိပ်သည်းစွာ ကျဆင်းလာသည်။ အအေးဓာတ်က အဆမတန်ပင်။ သို့သော် လူသားတပ်သားများက ကောင်းကင်ကံကြမ္မာသင်္ဘောထဲတွင် ဝင်နေကြပြီး သင်္ဘော၏ အကာအရံများကို နှိုးထားသဖြင့် အအေးဒဏ်ကို ခံနိုင်နေကြသေးသည်။ ထို့ပြင် စစ်ချီလာသူအားလုံးက ကောင်းကင်ဧကရာဇ်များသာဖြစ်၍ အအေးဒဏ်ကို အနည်းနှင့်အများဆိုသလို ခံနိုင်ကြသည်။
မြောက်ဘက်ဧကရာဇ်တို့သည် မိစ္ဆာမျိုးနွယ်က မည်သည့်နေရာများတွင် ပုန်းအောင်းနေကြကြောင်းကို အမှန်ပင် သိထားသည်။ သူ့တို့ဘက်မှ ထောက်လှမ်းရေးများက အလွန်လုံခြုံစွာ ပုန်းအောင်းထောက်လှမ်းနေကြသည် မဟုတ်ပါလော။ မိစ္ဆာမျိုးနွယ်က သူတို့၏ ထောက်လှမ်းရေးအားလုံးကို ခြေရာခံကာ သတ်ပစ်နိုင်မည် မဟုတ်ပေ။ မိစ္ဆာမျိုးနွယ်၏ လှုပ်ရှားမှုတိုင်းကို တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် အခြားဧကရာဇ်များက သိသည်။ ထိုညတွင် ကောင်းကင်ကံကြမ္မာသင်္ဘောများပေါ်ရှိ တပ်သားများအားလုံးသည် အချိန်မရွေး တိုက်ခိုက်နိုင်ရန် လက်နက်များကို အသင့်ပြင်ထားကြသည်။
ညဉ့်နက်လာသည်နှင့်အမျှ အပူချိန်က ပို၍ ကျဆင်းလာသည်။
အဆုံးမဲ့ပင်လယ်နက်၏ ညအချိန်က အလွန်မှောင်သည်။ ကောင်းကင်တွင် လရောင်ပျပျသာ ရှိသည်။ ကောင်းကင်ကံကြမ္မာသင်္ဘောများက ပင်လယ်ထက်တွင် ခက်ထန်သော သားရဲကြီးများအလား ပျံသန်းနေကြသည်။ ထိုမြင်ကွင်းက ကြောက်မက်ဖွယ်ပင်။
တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ သားရဲဧကရာဇ်၊ မိစ္ဆာဧကရာဇ်၊ ဓားဧကရာဇ်၊ ထန်ရှန်းကျိနှင့် အခြားမျိုးနွယ်ခေါင်းဆောင်များက ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးထဲတွင် မျက်လုံးများမှိတ်၍ တိတ်တဆိတ် ထိုင်နေကြသည်။ တိုက်ပွဲဧကရာဇ်သည်သာ စားပွဲကို စည်းချက်ညီညီ ပုတ်နေသည်။ ထိုအသံက တိတ်ဆိတ်နေသော အခန်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
ရုတ်တရက်...
တိုက်ပွဲဧကရာဇ်၏ စားပွဲပုတ်သံက ရပ်သွားပြီး နတ်ဘုရားတစ်ပိုင်းများအားလုံး မျက်လုံးဖွင့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်အရှိန်အဝါများနှင့် ပြည့်နှက်နေသည်။
ဒုန်း...ဒုန်း...ဒုန်း...
ထိုအခိုက်တွင် ပင်လယ်မျက်နှာပြင်မှ ရေခဲလွှာများက အက်ကွဲသွားပြီး ဧရာမ သားရဲကြီးများ ပျံထွက်လာကြသည်။ တိုက်ပွဲဧကရာဇ်တို့ ရှိနေသော သင်္ဘောအောက်မှနေ၍ မီတာရာကျော်ရှည်ပြီး နွားတစ်ကောင်အရွယ် တုတ်သည့် ဧရာမ သတ္တုအမြီးကြီးတစ်ချောင်း ထွက်ပေါ်လာသည်။ အဖြူရောင်အလင်းတန်း ဒါဇင်ကျော်ကလည်း သင်္ဘောထံ ဦးတည်ပျံတက်သွားသည်။
ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး သင်္ဘော၏ အကာအရံများ ပျက်စီးသွားသည်။ သင်္ဘောကလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ တိုက်ပွဲဧကရာဇ်တို့က လေထဲတွင် ရပ်နေလိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်တွင် တုန်လှုပ်သည့် အရိပ်အယောင်တစ်ခုပင် မရှိချေ။ ထိုအစား သူတို့က သတ်ဖြတ်အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
ဝုန်း...ဝုန်း...ဝုန်း...
အောက်ဘက်မှနေ၍ ဆင်တူသော တိုက်ခိုက်မှုများ တစ်ပြိုင်တည်း ထွက်လာသည်။ ထိုအခိုက်တွင် အနီးမှ ကောင်းကင်ကံကြမ္မာသင်္ဘောများလည်း လင်းလက်လာကြသည်။ ၎င်းတို့လည်း တိုက်ခိုက်ခံရပေပြီ။ ထို့နောက် မာန်သွင်းသံများ ထွက်ပေါ်လာကာ သင်္ဘောများ၏ အကာအရံများက ပေါက်ထွက်သွားကြသည်။ များစွာသော သိုင်းသမားများက သင်္ဘောအပိုင်းအစများကြားမှ ပျံထွက်လာသည်။ သူတို့သည်လည်း မတုန်လှုပ်နေပေ။ သူတို့၏ နတ်ဘုရားဒိုင်းများက အသင့်ဖြစ်နေသလို သူတို့၏ လက်နက်များကလည်း လက်လက်ထနေသည်။ ထို့ပြင် တိုက်ခိုက်ရန်အတွက် စွမ်းအားကြီး တာအိုပုံသဏ္ဌာန်များကို အသင့်ပြင်ထားသည်လည်း ကြာပြီဖြစ်သည်။
“သတ်ကြ...”
တိုက်ပွဲဧကရာဇ်က လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။ သူသည် မိစ္ဆာမျိုးနွယ် ရောက်လာမည်ကို သိထားပြီးသည့်ပုံပင်။ သူတို့ မလှုပ်ရှားခဲ့ခြင်းမှာ မိစ္ဆာမျိုးနွယ်ဘက်က စတိုက်စေလို၍ ဖြစ်သည်။ ဗျူဟာမှာ မိစ္ဆာမျိုးနွယ်၏ ပထမအချီ တိုက်ခိုက်မှုများကို ကောင်းကင်ကံကြမ္မာသင်္ဘောများနှင့် ကာ၍ ပြန်တိုက်ရန် ဖြစ်သည်။ ထိုနည်းဖြင့်ဆိုလျှင် ရန်သူများ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ရန်သူများစွာကို တစ်ချက်တည်း သတ်နိုင်မည်ဖြစ်သည်။
တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်ရန် အချိန်လိုသည်။ စွမ်းအားကြီးမိစ္ဆာများက မိစ္ဆာအတတ်များကို အဆက်မပြတ်နီးပါး ထုတ်လွှတ်နိုင်သော်လည်း တိုက်ခိုက်မှုတစ်ခုနှင့်တစ်ခု ကြားမှ နှစ်စက္ကန့်၊ သုံးစက္ကန့်အချိန်က စွမ်းအားကြီး သိုင်းသမားများအတွက် အကြိမ်များစွာ တိုက်ခိုက်ရန် လုံလောက်ပေသည်။ ထို့ကြောင့် မိစ္ဆာမျိုးနွယ်များက သေရတော့မည်သာ။
ရွှီး...ရွှီး...
သန်းဆယ်ချီသော တာအိုပုံသဏ္ဌာန် တိုက်ခိုက်မှုများက တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။ အစောမှ မိစ္ဆာများ၏ တိုက်ခိုက်မှုက ပတ်ဝန်းကျင်ကို လင်းလက်သွားစေလျှင် ယခု လူသားများ၏ တိုက်ခိုက်မှုများက ကီလိုမီတာငါးထောင် အဝန်းအဝိုင်းကို နေ့ခင်းအချိန်အလား လင်းသွားစေပေသည်။ ထို့ပြင် လူသားမျိုးနွယ်၏ တိုက်ခိုက်မှုများက ပို၍ စွမ်းအားကြီးသည်။
မိစ္ဆာများက မည်မျှစွမ်းအားကြီးပါစေ တာအိုပုံသဏ္ဌာန်များကို မကျင့်ကြံနိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ကြီးမားသန်မာသော ခန္ဓာကိုယ်များနှင့် မွေးရာပါ မိစ္ဆာအတတ်များကိုသာ မှီခိုရသည်။ သို့သော် လူသားမျိုးနွယ်ကမူ မိုးမြေစွမ်းအားများကို ငှားယူ၍ ကြောက်မက်ဖွယ်ကောင်းသော တာအိုပုံသဏ္ဌာန်အမျိုးမျိုးကို အသုံးပြုနိုင်ပေသည်။
လျှပ်စီးတန်းများ၊ မီးတောက်များ၊ ဥက္ကာခဲများ၊ လေဓားများ၊ အလင်းဓားများ၊ အာကာသလက်ဝါးများ၊ မြူခိုးနက်များ... စသဖြင့် အစုံသုံးနိုင်သည်။
မျိုးစုံသော တာအိုပုံသဏ္ဌာန်များက မိုးသီးမိုးပေါက်များအလား အဆက်မပြတ် ကျဆင်းလာသည်။ ထိုအခိုက်တွင် ၎င်းနေရာရှိ ပင်လယ်ရေက အငွေ့ပျံသွားပြီး အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာသည်။ ပတ်ဝန်းကျင်မှ ပင်လယ်ရေလှိုင်းများက ထိုအပေါက်ကြီးကို ပြန်ဖြည့်သွားသည်။ ရေခဲလွှာက အရည်ပျော်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် ပင်လယ်ထဲတွင် ပုန်းအောင်းနေသော မိစ္ဆာများ၏ မျက်နှာများကို မြင်နေရသည်။
ဤတစ်ခေါက်တွင် မည်သည့်မိစ္ဆာမျိုးနွယ်ကမှ လူသားအသွင် မယူထားကြဘဲ မူလံပုံစံဖြင့်သာ ရှိနေကြသည်။ ၎င်းတို့က မူလပုံစံနှင့်ဆိုလျှင် အသန်မာဆုံးဖြစ်သည်။ ၎င်းတို့သည် ရန်သူများကို လျှော့မတွက်ဝံ့ပေ။ အစွမ်းကုန် တိုက်ခိုက်ကြမည်ဖြစ်သည်။
ဟိန်း... ဂါး... ဝူ...
ဟိန်းသံများ၊ အူသံများက နေရာအနှံ့မှ ထွက်ပေါ်လာသည်။ မိစ္ဆာများ၏ သွေးများကလည်း ပန်းထွက်သွားသည်။ ခြေပြတ်၊ လက်ပြတ်များကလည်း လှိုင်းများထဲတွင် မြုပ်ချီ၊ ပေါ်ချီ ဖြစ်နေကြသည်။ တိုက်ခိုက်မှုတစ်ချီက သန်းချီသော မိစ္ဆာများကို သေဆုံးသွားစေသည်။ ပုံမှန်ဆိုလျှင် ပြာလဲ့နေသည့် ပင်လယ်ရေက သွေးရောင်ပြောင်းသွားပေပြီ။
ဒုန်း...ဂျိန်း...ဒုန်း...
အရပ်မျက်နှာအနှံ့မှ ရေခဲလွှာများက ဆက်၍ ကွဲအက်နေပြီး လှိုင်းလုံးများက ကောင်းကင်ထက်သို့ ထိုးတက်သွားကြသည်။ ၎င်းလှိုင်းလုံးများထဲမှနေ၍ ရေနဂါးများ ထွက်လာကြသည်။ ပင်လယ်ရေများမှနေ၍လည်း ရေဓားများ ဖြစ်သွားပြီး ကောင်းကင်ကို ထိုးဖောက်သွားကြသည်။ မြူခိုးများကလည်း လူသားမျိုးနွယ်မှ သိုင်းသမားများကို လွှမ်းခြုံသွားသည်။ မြူခိုးများက အဖြူရောင်မဟုတ်ဘဲ နက်ညိုရောင်ဖြစ်သဖြင့် သေနိုင်လောက်သော အဆိပ်ရှိကြောင်း ထင်ရှားပေသည်။ ၎င်းတို့က မိစ္ဆာအတတ်များပင်။ ပင်လယ်မိစ္ဆာများက ရေထဲတွင် နေထိုင်ကြသည်။ ပင်လယ်က သူတို့၏ အားသာချက်ဖြစ်ပြီး သူတို့၏စွမ်းအားများကို တိုးပွားစေသည်။
ပင်လယ်ထဲမှနေ၍ မိစ္ဆာများ ဆက်၍ ပျံထွက်လာနေသည်။ ၎င်းတို့က အဆုံးမရှိသလိုပင်။ ကြောက်မက်ဖွယ် မိစ္ဆာသားရဲအရှိန်အဝါများက လူသားသိုင်းသမားအားလုံးကို လွှမ်းခြုံထားသည်။ မိစ္ဆာအရှင် တစ်ရာ၏ အရှိန်အဝါများက ကောင်းကင်ဧကရာဇ်များစွာကို မွန်းကြပ်နေစေသည်။ သူတို့၏ ပျံသန်းနှုန်းကလည်း သိသိသာသာ လျော့ကျသွားသည်။
“ဟွန်း...”
မြောက်ဘက်ဧကရာဇ်တို့က ထိုအခြင်းအရာများကို အဝေးမှ ကြည့်ရှုနေကြသည်။ ထိုအခိုက်တွင် တိုက်ပွဲဧကရာဇ်က လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
“နတ်ဘုရားတစ်ပိုင်းတွေ တိုက်ခိုက်ကြ”
“မိစ္ဆာတွေ သေပေတော့...”
သားရဲဧကရာဇ်က နတ်ဘုရားဒိုင်းကို မထုတ်ထားပေ။ သူသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲထားပြီး အရှေ့သို့ ပျံသန်းသွားသည်။ သူ၏ အရှိန်အဝါက မိစ္ဆာဘုရင်များနှင့် မိစ္ဆာဧကရာဇ်များ၏ လှုပ်ရှားမှုများကို နှေးသွားစေသည်။ သူသည် အဆင့်နိမ့် မိစ္ဆာဘုရင်များနှင့် မိစ္ဆာဧကရာဇ်များကို အရေးမစိုက်ဘဲ ဧရာမ မိစ္ဆာအရှင်တစ်ပါးကို ပစ်မှတ်ထားလိုက်သည်။ သူ၏နဂါးလက်သည်းများက အေးစက်စက်အလင်း တောက်ပနေသည်။ ထိုနဂါးလက်သည်းများကို မြင်လိုက်သောအခါ မိစ္ဆာဘုရင်များနှင့် မိစ္ဆာဧကရာဇ်များ ရင်တုန်သွားကြသည်။
“သတ်ကြ...”
ဓားဧကရာဇ်က အနက်ရောင်ပုဆိန်တစ်လက်ကို ဆွဲကိုင်၍ လေထုကို ပိုင်းချလိုက်သည်။ ပုဆိန်ချက်က မိစ္ဆာအရှင်တစ်ပါးကို ပစ်မှတ်ထားသည်။ မျိုးနွယ်အသီးသီးမှ နတ်ဘုရားတစ်ပိုင်းအားလုံးလည်း စတင် တိုက်ခိုက်လိုက်ကြသည်။ သူတို့သည် ပစ်မှတ်များ ရွေးချယ်၍ ပျံသန်းသွားကြသည်။ မကြာခင်မှာပင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာလေတော့သည်။
ဟိန်း...
အဝေးမှနေ၍ ဧရာမ အနက်ရောင်နဂါးကြီးတစ်ကောင်က ဟိန်း၍ ပျံသန်းလာသည်။ ထိုနဂါးကြီး၏ မျက်လုံးများက လူသားများထက်ပင် ပိုကြီးသည်။ အေးစက်၍လည်း နေသည်။ ၎င်းသည် ပါးစပ်မှနေ၍ အနက်ရောင်အရည်များကို ထွေးထုတ်လိုက်သည်။ ရုတ်ခြည်းပင် ထိုအရည်များက ကောင်းကင်ဧကရာဇ် တစ်ထောင်နီးပါးကို ပြာကျသွားစေသည်။ မည်သူမှ ၎င်း၏စွမ်းအားကို မခုခံနိုင်ပေ။
အနက်ရောင်နတ်ဘုရား ထွက်ပေါ်လာပေပြီ။
မြောက်ဘက်ဧကရာဇ်က ထီမထင်သော မျက်နှာပေးဖြင့် တိုက်ပွဲဧကရာဇ်ကို ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားသွားချင်လား ဒါမှမဟုတ် ကျုပ်သွားရမလား”
တိုက်ပွဲဧကရာဇ်က ပြုံး၍ ပြန်ပြောသည်။
“ဝူရှန်း... အဲ့တီကောင်ကြီးကို ခင်ဗျားလက်ထဲပဲ အပ်လိုက်မယ်။ ကျုပ်ကတော့ အဘိုးကြီးအောင်းလု ထွက်လာမှ တိုက်ခိုက်မယ်”
“ကောင်းပြီ”
စွမ်းအားအကြီးဆုံး ရန်သူအား တိုက်ပွဲဧကရာဇ်က တာဝန်ယူမည်ကို မြောက်ဘက်ဧကရာဇ်အနေဖြင့် ကန့်ကွက်စရာ မရှိပေ။ သူ ညင်သာစွာ လက်ဝှေ့ယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်က လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သိုင်းသမားများစွာကို ဖြတ်ကျော်ကာ အနက်ရောင်နတ်ဘုရားဆီသို့ သတ်ဖြတ်ရန် ဦးတည်သွားသည်။ သူက အလွန်အေးဆေးနေပုံပေါ်သည်။ အနက်ရောင်နတ်ဘုရားက ပြောပလောက်အောင် မသန်မာပေ။ ကြယ်ရှစ်ပွင့်အဆင့်လောက်သာ ရှိသည်ဟု ထင်ရသည်။ ထို့ကြောင့် ကြယ်ကိုးပွင့်အဆင့် ဖြစ်သော မြောက်ဘက်ဧကရာဇ်က သူ့အား အလွယ်တကူ သတ်ပစ်နိုင်ပေလိမ့်မည်။
ရွှစ်...
အဝေးမှနေ၍ အနက်ရောင်အရိပ်တစ်ခု ပျံသန်းလာသည်။ သူက လူသားအသွင်ပင် ယူထားသည်။ သူ့အနောက်တွင် ဧရာမ ခရမ်းရောင်ရွှေ စစ်ရထားလုံးကြီးတစ်စီး ထွက်ပေါ်လာပြီး ကီလိုမီတာရာကျော် အကွာတွင် ရပ်သွားသည်။ အရိပ်ဧကရာဇ်က ဦးညွှတ်၍ ရထားလုံး၏ တံခါးကို ဖွင့်ပေးလိုက်ရာ အစိမ်းရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက် ထွက်လာသည်။
အောင်းလုနှင့် တိုက်ပွဲဧကရာဇ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အောင်းလုက ပြုံးကာ ပြောလိုက်သည်။
“တိုက်ပွဲဧကရာဇ်... အရှေ့ဘက် တော်ဝင်နယ်မြေမှာ ခင်ဗျားက စွမ်းအားအကြီးဆုံးလို့ ကျုပ်ကြားထားတယ်။ ကျုပ် မတိုက်ခိုက်ရတာ နှစ်ခုနစ်သိန်းကျော်ခဲ့ပြီ... အဲ့တော့ တိုက်ခိုက်ချင်တာ လက်တွေယားနေပြီ။ ကျုပ်တို့ ကစားကြမလား”
“အောင်းလု... အတိတ်တုန်းက ဆန်းကြယ်ဧကရာဇ်ကပဲ ခင်ဗျားရဲ့ ခံစစ်ကို ဖောက်နိုင်တယ်လို့ ကျုပ် ကြားဖူးတယ်”
တိုက်ပွဲဧကရာဇ်က လက်နောက်ပစ်ကာ ခပ်သဲ့သဲ့ ပြုံးလိုက်သည်။
“နှစ်ခုနစ်သိန်းတောင် ကျော်ခဲ့ပြီဆိုတော့ ခင်ဗျားရဲ့ လိပ်ခွံကြီးက ဆွေးနေပြီလား”
“ဟားဟားဟား...”
အောင်းလု၏ ရယ်သံက ကောင်းကင်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူ လေထဲတွင် ရပ်ကာ ပြောလိုက်သည်။
“ဆွေး၊ မဆွေးဆိုတာ ခင်ဗျားကိုယ်တိုင် လာစမ်းကြည့်လိုက်လေ။ ခင်ဗျား ကျုပ်ရဲ့ ခံစစ်ကို ဖောက်နိုင်ရင် ခင်ဗျားက အရှေ့ဘက် တော်ဝင်နယ်မြေရဲ့ နံပါတ်(၁)ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ်လို့ ကျုပ် အသိအမှတ်ပြုပေးမယ်။ မဖောက်နိုင်ရင်တော့ ခင်ဗျားရဲ့ ဆန်းကြယ်ဧကရာဇ်မြို့ထဲမှာပဲ အမြီးကုပ်ပြီး ပုန်းနေလိုက်တော့”
“ကောင်းပြီ...”
တိုက်ပွဲဧကရာဇ်၏ ငွေရောင်စစ်ချပ်ဝတ်က တုန်ခါသွားပြီး သူ၏ အနက်ရောင်ဆံပင်များက ဝဲလွင့်သွားသည်။ သူသည် မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
“ဒီနေ့... ကျုပ် ခင်ဗျားရဲ့ လိပ်ခွံကြီးကို ခွဲပစ်မယ်”
ဝှစ်...
တစ်ချိန်တည်းမှာပင် အရိပ်ဧကရာဇ်က အရိပ်နက်တစ်ခုအဖြစ် ပြောင်းသွားပြီး တိုက်ပွဲအတွင်း ဦးတည်သွားလိုက်သည်။ သူ၏ခန္ဓာကိုယ်က ဝေဝါးနေ၏။ သူသည် လျှို့ဝှက်ဂိုဏ်းတစ်ခုမှ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကို ပစ်မှာထားက တိုက်ပွဲကို ဝင်နွှဲလိုက်သည်။
ကောင်းကင်ထက်မှနေ၍ နှင်းပွင့်များ ကျဆင်းနေသေးသည်။ ယနေ့ညတွင် အဆုံးမဲ့ပင်လယ်နက်က သွေးချင်းချင်းရဲရပေတော့မည်။
***