← Chapters

လူဆိုးအားလုံး သေရမည်

Vol. 85 Ch. 1187

လူဆိုးအားလုံး သေရမည်

Vol. 85 Ch. 1187

အဆုံးမဲ့ပင်လယ်နက်ထဲတွင် ဂုဏ်ပုဒ်ရ မိစ္ဆာအရှင် သုံးဆယ့်ခြောက်ပါး ရှိပြီး အခြားမိစ္ဆာအရှင် ခုနစ်ရာကျော် ရှစ်ရာ ရှိသည်။ သို့သော် မိစ္ဆာအရှင်အများစုက အတော်လေး အားနည်းကြသည်။ ကြယ်ငါးပွင့်အဆင့် သိုင်းသမားများနှင့်သာ ယှဉ်နိုင်ကြသည်။ မိစ္ဆာမျိုးနွယ်၏ အဆင့်ခွဲစနစ်က လူသားမျိုးနွယ်နှင့် မတူပေ။ မိစ္ဆာမျိုးနွယ်က မည်သို့ကျင့်ကြံရမည်ကို မသိသလို တာအိုပုံသဏ္ဌာန်များကိုလည်း အသုံးမပြုနိုင်ပေ။ ထို့ကြောင့် မိစ္ဆာမျိုးနွယ်၏ တိုက်ခိုက်စွမ်းအားက လူသားမျိုးနွယ်ထက် နိမ့်သည်။

အတိတ်တွင် ဆန်းကြယ်ဧကရာဇ်က မိစ္ဆာမျိုးနွယ်၏ စွမ်းအားကြီးမိစ္ဆာအားလုံးကို သတ်ခဲ့သည်။ အဆုံးမဲ့ပင်လယ်နက်ထဲမှ မိစ္ဆာများမှာ ကြီးမားသော ထိုးနှက်ချက်ကို ခံခဲ့ရသည်။ အဆင့်နိမ့်မိစ္ဆာအရေအတွက်ပင် အနိမ့်ဆုံးသို့ ရောက်ခဲ့သည်။ လွန်ခဲ့သော နှစ်ခုနစ်သိန်းကျော်အတွင်း မိစ္ဆာမျိုးနွယ်က အင်အားအနည်းငယ် ပြန်စုစည်းနိုင်ခဲ့သည်။ မိစ္ဆာအရှင် ခုနစ်ရာကျော်လည်း ထွက်ပေါ်လာခဲ့သည်။ သို့သော် အင်အားအထွတ်အထိပ်သို့ ပြန်ရောက်ရန် များစွာလိုပေသေးသည်။

ပတ်ဝန်းကျင် နယ်မြေများကို သွား၍ တိုက်ခိုက်နေခဲ့သော တပ်ဖွဲ့များက ပင်လယ်ထဲသို့ ပြန်ရောက်လာကာ ပူးပေါင်း တိုက်ခိုက်နေကြပြီဖြစ်သည်။ ထို့ပြင် လူသားမျိုးနွယ်ဘက်၌ နတ်ဘုရားတစ်ပိုင်း အရေအတွက်နှင့် စွမ်းအားကြီး သိုင်းသမားအရေအတွက်က ပိုများပြီး စစ်တပ်တစ်ခုလုံးကို ကောင်းကင်ဧကရာဇ်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ သူတို့ဘက်က အသာစီးရနေသည်။ ကြယ်လေးပွင့်အဆင့်နှင့် ကြယ်ငါးပွင့်အဆင့် သိုင်းသမားများဆိုလျှင် ရေတွက်၍ပင် မရချေ။

အနက်ရောင်နတ်ဘုရားက မြောက်ဘက်ဧကရာဇ်၏ တိုက်ခိုက်မှုကို ခံနေရသည်။ သူတို့အထက်တွင် တိုက်ပွဲဧကရာဇ်နှင့် အောင်းလုတို့က အပြင်းအထန် တိုက်ခိုက်နေကြသည်။ နှစ်ဘက်စလုံးက လက်ရည်တူနေပုံပင်။ အောင်းလု၏ ခံစစ်က အလွန်အားကောင်းသည်။ သို့သော် တိုက်စစ်ကတော့ အားနည်းပေသည်။ တိုက်ပွဲဧကရာဇ်မှာမူ အလွန်မြန်သည်။ အောက်ဘက်မှလူများက သူ့ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ လေထဲတွင် ဖြတ်သွားသော အဖြူရောင်အလင်းတန်းတစ်တန်းကိုသာ မြင်ကြရသည်။

သားရဲဧကရာဇ်သည် သားရဲပုံစံပြောင်းထားပြီးကတည်းက ရပ်တန့်၍မရ ဖြစ်နေသည်။ သူ၏ နဂါးလက်သည်းများက အရာအားလုံးကို စုတ်ဖြဲနေသည်။ ဂုဏ်ပုဒ်ရ မိစ္ဆာအရှင်တစ်ပါးက ငါးမိနစ်အတွင်းမှာပင် ဒဏ်ရာရသွားသည်။ မိစ္ဆာဧကရာဇ်ကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။ သူနှင့် ရင်ဆိုင်နေရသော မိစ္ဆာအရှင်က မရှုမလှ ခံနေရသည်။

ဓားဧကရာဇ်က ဝိညာဉ်ဖမ်းပုလွေကို သုံး၍ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်လွှတ်လိုက်သည်။ ပုလွေသံက ပျံ့မသွားဘဲ မိစ္ဆာအရှင်တစ်ပါးဆီသို့သာ ဦးတည်သွားသည်။ ထိုမိစ္ဆာအရှင်သည် ပုလွေသံကို ကြားရပြီးနောက် ဓားဧကရာဇ်၏ ထိန်းချုပ်မှုကို ခံလိုက်ရပြီး မိစ္ဆာမျိုးနွယ်ကို တိုက်ခိုက်လေတော့သည်။

ထန်ရှန်းကျိ၏ တိုက်ခိုက်စွမ်းအားကလည်း ရှိန်ဖွယ်ပင်။ သူ၏ကျွမ်းကျင်ရာက ငွေရှာခြင်းနှင့် ဗျူဟာပိုင်းတွင် ဖြစ်သော်လည်း သူ၏တိုက်ပွဲစွမ်းအားကို လျှော့တွက်၍ မရချေ။ ထို့ပြင် သူက ကြောက်မက်ဖွယ် ရှေးဟောင်းအသုံးအဆောင်တစ်ခုကို ပိုင်ဆိုင်ထားသည်။ ယင်းမှာ ခြင်္သေ့ချိပ်စည်းပင်။ ၎င်း တိုက်ခိုက်လိုက်တိုင်း ပြိုင်ဘက် မိစ္ဆာအရှင်က အနောက်သို့ လွင့်ပျံထွက်သွားသည်။

ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းနှင့် ထိပ်တန်းရှေးဟောင်းမျိုးနွယ်ဆယ်ခုမှ သိုင်းသမားများကလည်း စွမ်းအားကြီးကြသည်။ မိစ္ဆာအရှင်များစွာသည် ဖိနှိပ်ခံနေကြရပြီး ပြန်မခုခံနိုင်ဖြစ်နေကြသည်။

သို့သော် အချို့ ဂုဏ်ပုဒ်ရမိစ္ဆာအရှင်များကိုလည်း သွားရှုပ်၍ မရပေ။ အားနည်းသော အချို့ နတ်ဘုရားတစ်ပိုင်းများက အကြိမ်ကြိမ် ပြဿနာနှင့် ကြုံခဲ့ရသည်။ အချို့နတ်ဘုရားတစ်ပိုင်းများ၏ နတ်ဘုရားဒိုင်းများက မိစ္ဆာအတတ်များကြောင့် ပျက်စီးသွားခဲ့သည်။ သူတို့သာ သွက်သွက်လက်လက် မတုံ့ပြန်နိုင်ခဲ့လျှင် သေသွားလောက်ပြီဖြစ်သည်။

“ဟ...”

ဆယ်မိနစ်ကြာပြီးနောက် သားရဲဧကရာဇ်က မိစ္ဆာအရှင် ပင်လယ်ခြင်္သေ့ကြီးတစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ ဖောက်ဝင်သွားသည်။ ပေရာကျော်ရှည်သော ပင်လယ်ခြင်္သေ့ကြီးက သားရဲဧကရာဇ်ကြောင့် နှစ်ပိုင်းပြတ်သွားသည်။ အချိန်တိုအတွင်းမှာပင် မိစ္ဆာအရှင်နောက်တစ်ပါး သေဆုံးသွားပေပြီ။

ရွှီ...ရွှီ...

ဧရာမ မိစ္ဆာအရှင် မြွေကြီးတစ်ကောင်က ပါးစပ်ထဲမှနေ၍ အနက်ရောင်လေများကို မှုတ်ထုတ်နေသည်။ ၎င်းလေးများက နတ်ဘုရားတစ်ပိုင်း တစ်ပါး၏ နတ်ဘုရားဒိုင်းကို တိုက်စားသွားသည်။ မြွေကြီး၏ ဆူးချွန်များနှင့် အမြီးနက်ကြီးက နတ်ဘုရားတစ်ပိုင်းကို သေသိအထိ ရစ်ပတ်လိုက်သည်။ ထို့နောက် နတ်ဘုရားတစ်ပိုင်း၏ ဦးခေါင်းကို ကိုက်ဖြတ်ပစ်လိုက်သည်။ သွေးများက အရပ်မျက်နှာအနှံ့သို့ ပန်းထွက်သွားသည်။ လူသားမျိုးနွယ်ဘက်မှ နတ်ဘုရားတစ်ပိုင်းများလည်း စတင်သေဆုံးလာပြီဖြစ်သည်။

ကောင်းကင်ဧကရာဇ်များ၊ မိစ္ဆာဧကရာဇ်များနှင့် မိစ္ဆာဘုရင်များ၏ အလောင်းများကိုမူ နေရာအနှံ့တွင် တွေ့ရသည်။ အထူးသဖြင့် မိစ္ဆာမျိုးနွယ်ဘက်က အဆုံးအရှုံး ပိုများသည်။ လူသားမျိုးနွယ်က စစ်ဗျူဟာအတိုင်း တိုက်ခိုက်တတ်ကြသည်။ ထို့ပြင် အားလုံးတွင် လက်နက်များရှိသည်။ အချို့ဆိုလျှင် အတုအယောင် နတ်ဘုရားတစ်ပိုင်း အသုံးအဆောင်များကိုပင် ဆွဲကိုင်ထားကြသည်။ အချို့စွမ်းအားကြီး သိုင်းပညာရှင်များကလည်း ရှေးဟောင်းအသုံးအဆောင်များကို သုံးကြသည်။

ဝုန်း...ဝုန်း...ဝုန်း...

နေရာတိုင်းတွင် ပေါက်ကွဲမှုများ ဖြစ်ပွားနေသည်။ မိစ္ဆာများ၏ အူသံ၊ ဟိန်းသံများကလည်း ပင်လယ်ပြင်ကို လှိုင်းထန်နေစေသည်။ ကီလိုမီတာငါးထောင်အချင်းဝက် ရှိသည့် ရေခဲလွှာကြီးက ပျက်စီးသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ပင်လယ်ရေကလည်း နီညိုရောင်ဖြစ်နေသည်။ ပင်လယ်မျက်နှာပြင်တွင် မျောနေသော လူသားများနှင့် မိစ္ဆာများ၏ အလောင်းများက  ထပ်မံ၍ အပိုင်းပိုင်း ပြတ်သွားကြသည်။

“ဝူ...ဝူ...ဝူ...”

လေအေးများ တိုက်ခတ်နေပြီး နှင်းများ ဆက်လက်ကျဆင်းနေသည်။ မူလက မည်းမှောင်နေခဲ့သော ကောင်းကင်က ယခုတွင် တိုက်ခိုက်မှုများကြောင့် လင်းတစ်ချီ၊ မှောင်တစ်လှည့် ဖြစ်နေသည်။ သွေးညှီနံ့များကလည်း ကီလိုမီတာငါးသိန်းအကွာအထိ ပျံ့နှံ့သွားသည်။ အဆုံးမဲ့ပင်လယ်နက်တစ်ခုလုံးက သားသတ်ရုံ ဖြစ်လာပေပြီ။

တစ်နာရီ ကုန်ဆုံးသွား၏။ နှစ်နာရီ ကုန်ဆုံးသွား၏။

မိစ္ဆာမျိုးနွယ်ဘက်မှ အကျအဆုံး အရေအတွက်က ဆယ်သန်းကျော်လာပြီဖြစ်သည်။ လူသားမျိုးနွယ်ဘက်မှလည်း ငါးသန်းကျော် သေဆုံးခဲ့သည်။ မိစ္ဆာမျိုးနွယ်ဘက်က အဆုံးအရှုံးပိုများကြောင်း ထင်ရှားသည်။ အောင်းလုနှင့် တိုက်ပွဲဧကရာဇ်တို့၏ တိုက်ပွဲက မြင့်မားသော ကောင်းကင်ကို တုန်ခါနေစေသည်။ မည်သူမှ အသာစီးမရသေးဘဲ သရေအဖြစ်သာ ဆက်ရှိနေသည်။

အနက်ရောင်နတ်ဘုရားက ဒဏ်ရာအပြင်းအထန် ရနေပြီဖြစ်သည်။ အရိပ်ဧကရာဇ်က မြောက်ဘက်ဧကရာဇ်ကို အကြိမ်များစွာ အလစ်ဝင်တိုက်ခဲ့၍ မဟုတ်လျှင် အနက်ရောင်နတ်ဘုရား သေပြီးနေလောက်ပေပြီ။ အရိပ်ဧကရာဇ်၏မျိုးနွယ်က ကြယ်တာရာကောင်းကင်နယ်နမိတ်၏ အတော်ဆုံး ထောက်လှမ်းရေးများကို မွေးထုတ်ပေးသည်။ ထောက်လှမ်းရေးတွင် သူတို့ထက် သာသူ မရှိပေ။ အရိပ်ဧကရာဇ်၏ တိုက်ခိုက်မှုများကလည်း သဏ္ဌာန်မရှိဘဲ အလွန်လျင်မြန်သည်။ သူသည် ဤဘက်ကို တိုက်ခိုက်ပြီးသည်နှင့် ပျောက်ကွယ်သွားပြီး ဟိုဘက်တွင် ပြန်ထွက်ပေါ်လာသည်။

“ဟိန်း...ဟိန်း...ဟိန်း...”

ထိုအခိုက်တွင် အဆုံးမဲ့ပင်လယ်နက်၏ တောင်ဘက်မှနေ၍ ဟိန်းသံကြီးများ ထွက်ပေါ်လာသည်။ ထို့နောက် သားရဲအရှိန်အဝါများ ရောက်ရှိလာသည်။ အနက်ရောင်နတ်ဘုရားနှင့် အရိပ်ဧကရာဇ်တို့က ဝမ်းသာအားရဖြင့် တောင်ဘက်သို့ ကြည့်လိုက်ကြသည်။ တောင်ဘက်တွင် မိစ္ဆာဆယ်သန်း ထွက်ပေါ်လာပေပြီ။ ၎င်းတို့ကို အားကောင်းသော အရှိန်အဝါရှိသည့် မိစ္ဆာအရှင်တစ်ဒါဇင်က ဦးဆောင်လာသည်။

ထိုမိစ္ဆာအရှင်များ၏ အရှိန်အဝါများက အနက်ရောင်နတ်ဘုရား၏ အရှိန်အဝါနှင့်ပင် ယှဉ်နိုင်သည်။ ထို့ပြင် မိစ္ဆာအရှင်သုံးပါး၏ အရှိန်အဝါများက ဓားဧကရာဇ်၊ မိစ္ဆာဧကရာဇ်နှင့် အခြား ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်များနှင့် ယှဉ်နိုင်ပေသည်။

‘နောက်ဆုံးတော့ သွေးညအကြောက်တရားပင်လယ်က မိစ္ဆာတွေ ရောက်လာပြီ’

အောင်းလုသည် တောင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။ အနိုင်ရရန် လေးဆယ်ရာခိုင်နှုန်းရှိသည်ဟု သူ ချမ်ချမ်ကို ပြောခဲ့သည်။ ယင်းရာခိုင်နှုန်းမှာ သွေးညအကြောက်တရားပင်လယ်က စစ်ကူစေလွှတ်လိမ့်မည်ဟု ယူဆကာ တွက်ချက်ထားခြင်းဖြစ်သည်။ မဟုတ်လျှင် မိစ္ဆာများသည် နာရီပိုင်းအတွင်းမှာပင် ရှင်းပစ်ခံရမည်ဖြစ်သည်။ ထို့ပြင် တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့က သူ့ကို ပူးပေါင်းတိုက်ခိုက်ပါက အောင်းလု သေရပေလိမ့်မည်။

“ဟွန်း...”

တိုက်ပွဲဧကရာဇ်သည် မိစ္ဆာမျိုးနွယ်အတွက် စစ်ကူများ ရောက်လာသည်ကို တွေ့လိုက်သောအခါ မျက်နှာပျက်မသွားဘဲ နှာမှုတ်၍သာ တိုက်ခိုက်နှုန်းကို မြှင့်တင်လိုက်သည်။

မြောက်ဘက်ဧကရာဇ်နှင့် အခြားသူများများကလည်း များစွာစိုးရိမ်သွားပုံ မပေါ်ပေ။ မြောက်ဘက်ဧကရာဇ်၏ မျက်နှာပေါ်တွင် သရော်သော အရိပ်အယောင်တစ်ခုပင် ရှိနေသည်။ သို့သော် လူသားစစ်တပ်သည် မိစ္ဆာစစ်ကူများကို တွေ့လိုက်သောအခါ အနည်းငယ်တော့ စိတ်လှုပ်ရှားသွားကြသည်။ သူတို့၏ စစ်ခင်းကွက်များလည်း ရှုပ်ထွေးလာသည်။ မကြာခင်မှာပင် သူတို့သည် မိစ္ဆာမျိုးနွယ်၏ ဖိအားပေးမှုကို ခံလာရပြီး ဆုံးရှုံးမှုများ မြန်ဆန်လာလေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ဆယ်မိနစ်ကြာပြီးနောက် အနောက်ဘက်မှနေ၍ လေခွင်းသံများ ထွက်ပေါ်လာသည်။ ကောင်းကင်ထဲတွင် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်သန်း ထွက်ပေါ်လာသည်။ အရှေ့ဘက် တော်ဝင်နယ်မြေ၏ ဒုတိယစစ်တပ်က တိုက်ပွဲပြင်သို့ ရောက်လာပြီဖြစ်သည်။ ထိုတပ်၏အင်အားက သန်းနှစ်ဆယ်ရှိသည်။ နတ်ဘုရားတစ်ပိုင်း တစ်ရာကျော်လည်း ပါလာသည်။

“သတ်ကြ...”

ကောင်းကင်ကံကြမ္မာသင်္ဘောအားလုံးက လေထဲတွင် ပျောက်သွားပြီး တပ်သား သန်းနှစ်ဆယ် ပေါ်လာသည်။ မိစ္ဆာမျိုးနွယ်သည် အသားစီးရရုံသာ ရှိသေးသော်လည်း ယခုတွင် ပြန်၍ ဖိနှိပ်ခံလိုက်ရသည်။ မိစ္ဆာဆယ်သန်း ရောက်ရှိလာချိန်တွင် လူသားသန်းနှစ်ဆယ် ရောက်လာသည်။ အင်အားက ထပ်မံ ကွာခြားသွားသည်။

တိုက်ပွဲပြင်က ကီလိုမီတာငါးထောင်မှနေ၍ ကီလိုမီတာငါးသောင်းအထိ ပြန့်ကားသွားသည်။ မိစ္ဆာမျိုးနွယ်က သေသည်အထိ တိုက်ခိုက်နေပြီး လူသားမျိုးနွယ်က သွေးဆာနေသည်။ ထိုအခိုက်တွင် နှစ်ဘက်စလုံးက နောက်ဆုတ်ထွက်ပြေးရန် တွေးမနေကြောင်း အလွန်ထင်ရှားသည်။ နောက်ဆုတ်ထွက်ပြေးလိုက်လျှင် သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။

နောက်ထပ် ‌လေးနာရီ ကုန်ဆုံးသွားသည်။

အောင်းလုက ငုံ့ကြည့်လိုက်၏။ မိစ္ဆာမျိုးနွယ်ဘက်မှ အကျအဆုံးက သန်းနှစ်ဆယ်နား ကပ်လာသည်။ အရိပ်ဧကရာဇ်နှင့် အနက်ရောင်နတ်ဘုရားတို့ကလည်း သေလုမျောပါးဖြစ်နေကြသည်။ ဂုဏ်ပုဒ်ရမိစ္ဆာအရှင်များကလည်း တစ်ဝက်မပြည့်တော့ပေ။ သူ သက်ပြင်းလေးလေးတစ်ချက် ချလိုက်သည်။ ထို့နောက် ဆန်းကြယ်သိုင်းမြို့ဘက်သို့ လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။

“ဘာလို့ အဲ့ကောင်မလေးက အခုထိ အခန်းအောင်း ကျင့်ကြံတာကနေ ထွက်မလာသေးတာလဲ။ ခဏနေလို့မှ သူ ထွက်မလာသေးရင် မိစ္ဆာမျိုးနွယ်က ဆက်တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။ ငါတို့ ရှင်းပစ်ခံရလိမ့်မယ်”

ကျန်းရှောင်နူက ယခုအထိ ပေါ်မလာပုံထောက်လျှင် မကြာခင်အချိန်အတွင်း အခန်းအောင်း ကျင့်ကြံရာမှ ထွက်မည့်ပုံ မပေါ်သေးပေ။

သို့သော် ဆယ့်ငါးမိနစ်ကြာပြီးနောက် မြောက်ဘက်မှနေ၍ အရိပ်လေးတစ်ခု ပျံသန်းလာသည်။ ထိုအရိပ်မှာ အသက်ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ရှိသည်ဟု ထင်ရသော ကျောက်စိမ်းရုပ်တုကဲ့သို့ ကလေးမလေးတစ်ယောက်ပင်။ သူမက ပန်းရောင်ဝတ်စုံနှင့် ချစ်စဖွယ်‌ကောင်းသော သိုးမွေးတဘက်နှစ်ထည်ကို ဝတ်ဆင်ထားသည်။ သူမက လူသားပုံစံဖြင့် လာခဲ့သည်။ အရှေ့မှ မြင်ကွင်းကြောင့် မျက်ဝန်းထဲတွင် ဒေါသတရား ပြည့်နှက်နေသည်။

တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်နေစဉ်တွင် ချစ်စဖွယ် ကလေးမလေးတစ်ယောက် ရောက်ရှိလာခြင်းက တပ်သားများစွာကို ကြောင်သွားစေသည်။ သို့သော် ထိုကလေးမလေး၏ အမြန်နှုန်းက အလွန်မြန်သဖြင့် သူတို့ ကြောက်ရွံ့သွားရသည်။

ကလေးမလေးက မယုံနိုင်ဖွယ် အမြန်နှုန်းဖြင့် ပျံသန်းလာခြင်းပင်။

အနက်ရောင်နတ်ဘုရားသည် မြောက်ဘက်ဧကရာဇ်ကြောင့် ထပ်မံ၍ လွင့်ပျံထွက်သွား၏။ မိစ္ဆာအရှင်များက မြောက်ဘက်သို့ ကြည့်နေကြောင်းကို တွေ့လိုက်၍ သူလည်း ကြည့်လိုက်သည်။ ထို့နောက် သူ မျက်နှာပျက်သွားပြီး အော်ပြောလိုက်သည်။

“မြေခွေးလေး... ပြန်သွား။ မင်း ဒီကို မလာခဲ့သင့်ဘူး”

“ဟင့်အင်း... သမီး လာချင်တယ်”

ကလေးမလေးက ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူမသည် လက်ချောင်းဖြူဖြူလေးကို အရှေ့မှ သိုင်းသမားအုပ်စုဆီ ထိုးကာ ပြောလိုက်သည်။

“မယ်မယ်က သူတို့တွေ အကုန်လုံးက လူဆိုးတွေလို့ ပြောတယ်... သူတို့က မိစ္ဆာမျိုးနွယ်ကို ရှင်းပစ်ချင်နေတာနဲ့။ သမီး ရှောင်ဖေး လူဆိုးတွေကို သတ်ပစ်ပြီး မိစ္ဆာမျိုးနွယ်ကို ကူညီချင်တယ်။ လူဆိုးအားလုံး သေရမယ်”

ရွှီး...

ကလေးမလေးက ပန်းရောင်အလင်းတောက်ပကာ ပျောက်ကွယ်သွားသည်။ သူမသည် လှပသော မြေခွေးလေးတစ်‌ကောင် ဖြစ်သွားပေပြီ။ မြေခွေးလေးတွင် နှင်းဖြူရောင် အမြီးရှည်များစွာ ရှိသည်။ အနက်ရောင်နတ်ဘုရားက ကြည့်ကာ ပင့်သက်ရှိုက်လိုက်သည်။

မြေခွေးလေးတွင် အမြီးခြောက်ချောင်း ရှိနေပေသည်။

***

All Chapters