ဝိဇ္ဇာအရိုက်အရာအတွက် တိုက်ခိုက်ခြင်း
Vol. 78 Ch. 1081
ခွန်းယွင်က အထိတ်တလန့် ဖြစ်သွားသောကြောင့် ထောင်ထျဲ့အိုးအပေါ် ထိန်းချုပ်မှု အနည်းငယ် လွှတ်သွားခဲ့သည်။ နောက်တစ်ဖန် မိုဝူကျိက ကျောက်တုံးတစ်တုံးလို ပြုတ်ကျနေသည်ကို ခံစားမိလိုက်ပြန်သည်။
မိုဝူကျိတွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိနေကာ စိုးရိမ်စရာ မလိုသော်လည်း သူက ခွန်းယွင်အား ဆူပူလိုက်သေး၏
“ ခွန်းယွင် … ခင်ဗျား ကျုပ်ကို သတ်ဖို့ ကြိုးစားနေတာလား။ ဒါက ပိအန်းပန်းလေး တစ်ပွင့်ပဲလေ။ ခင်ဗျားက ကြွက်တစ်ကောင်လို ထိတ်လန့်သွားဖို့ လိုလို့လား ”
သူက ခွန်းယွင်သည် စုယင်၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ကြောင်း သိရှိပြီးကတည်းက မိုဝူကျိသည် ခွန်းယွင်အပေါ် မကျေမနပ် ဖြစ်နေမိသည်။ အကယ်၍ စုယင်တွင် လော့ကျမ်းစာရွက် ရှိမနေဘဲ ဤသို့သာ ပြုတ်ကျသွားခဲ့လျှင် သူမအသက် သေဆုံးသွားနိုင်ခြေ ရှိ၏။
နောက်ဆုံးတွင် ခွန်းယွင်က အသိပြန်ကပ်လာကာ အာကာပြင် စည်းမျည်းကို တဖန် ပြန်လည် ထိန်းချုပ်ထားလိုက်သည်။ ထိုအခါမှ မိုဝူကျိ၏ ပြုတ်ကျနှုန်းမှာ နှေးကျသွားတော့သည်။ အမွေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက် ခွန်းယွင်က မေးလိုက်သည် “ ပိအန်းပန်းကို ဘယ်မှာ မြင်လိုက်တာလဲ … အနီရောင်လား ”
မိုဝူကျိက ပြန်ဖြေပေးလိုက်သည်
“ ဟုတ်တယ် … အနီရောင်ပဲ …. ဂိုဏ်းနားလေးမှာ မြင်လိုက်တာ။ အဲဒီပန်းက လေထဲ လွှင့်မျှောနေတာပဲ … အနည်းဆုံး မီတာ သုံးဆယ်လောက် ကြီးတယ်။ ဘာဖြစ်လို့လဲ … အဲဒီပန်းနဲ့ ပတ်သတ်ပြီး တစ်ခုခု ဖြစ်လို့လား ”
မိုဝူကျိက ခွန်းယွင်သည် နတ်ဘုရားကုန်းမြေဆီ တစ်ခါမှ မရောက်ဖူးကြောင်း သိသောကြောင့် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်အကြောင်း ထည့်မပြောလိုက်ခြင်း ဖြစ်၏။
“ ဟူး ” ခွန်းယွင်က သက်ပြင်းအရှည်ကြီး ချလိုက်ကာ
“ တကယ်တော့ ပိအန်းပန်း နှစ်ပွင့် ရှိတာ … တစ်ခုက အဖြူ၊ တစ်ခုက အနီ။ အဲဒီပန်းနှစ်ပွင့်လုံးက လူတွေကို ဝိဇ္ဇာတွေ ထိန်းချုပ်ထားတဲ့ အလွှာနယ်မြေဆီ ပို့ပေးနိုင်တယ် ”
မိုဝူကျိက အရူး မဟုတ်ပေ။ သူက ခွန်းယွင် စကားကို ကြားလိုက်သည်နှင့် နားလည်သွားလေ၏။ သူ့မျက်နှာ အနေအထားမှာ ပြောင်းလဲသွားကာ “ အဲဆို ဝိဇ္ဇာလော့ရှုရဲ့ ရွှေရောင်လှေကားကို ဖျက်စီးပစ်လိုက်ပြီး နတ်ဘုရားကမ္ဘာက ကျင့်ကြံသူတွေကို နတ်ဘုရားမျှော်စင် မဆောက်လုပ်ဖို့ တားဆီးနိုင်ခဲ့ရင်တောင် ဝိဇ္ဇာလော့ရှုက ပိအန်းပန်းကို သုံးပြီး နတ်ဘုရားကမ္ဘာဆီ လာလို့ ရသေးတာလား ”
ခွန်းယွင် အသံ၌ ကူကယ်ရာမဲ့မှုများ ကြီးစိုးနေသည်
“ မင်းပြောတာ မှန်တယ်။ နတ်ဘုရားကမ္ဘာကို ရောက်လာတဲ့သူက ဝိဇ္ဇာလော့ရှုလည်း မဟုတ်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘာကွာခြားသွားမှာလဲ။ နတ်ဘုရားကမ္ဘာ စည်းမျည်းတွေက ပြန်ကောင်းလာပြီဆိုတော့ အရိုက်အရာခံ နတ်ဘုရားတွေအတွက် အသားတုံးကြီး ဖြစ်နေမှာပဲ ”
“ ခင်ဗျား ဘာကို ပြောတာလဲ” မိုဝူကျိက မေးလိုက်သည်။
ခွန်းယွင်က မထူးမခြားနား ပြောလိုက်သည်
“ မိုးမြေ စည်းမျည်းတွေ ပြန်ကောင်းလာခါစ နတ်ဘုရားကမ္ဘာကို စကြဝဠာတစ်ခုလုံးမှာ အဆင့်မြင့်ဆုံး ကမ္ဘာအဖြစ် သတ်မှတ်လို့ ရတယ်။ အခွင့်အရေးနဲ့ ကံကြမ္မာ ရထားတဲ့ သူတွေက နတ်ဘုရားကမ္ဘာကို အသုံးပြုပြီး ဝိဇ္ဇာတာအိုထဲ ဝင်ရောက်နိုင်တယ်။ သူတို့က နတ်ဘုရားကမ္ဘာရဲ့ လောကလမ်းကြောင်းကို ဆွဲနှုတ်တာမျိုး ဒါမှမဟုတ် နတ်ဘုရားကမ္ဘာရဲ့ ကံကြမ္မာကို ဖယ်ရှားပစ်တာမျိုးတို့ပေါ့ …
သူတို့က စည်းမျည်းအက်ကြောင်းကို သုံးပြီး ဖန်ဆင်းမှု လျို့ဝှက်ချက်တွေကို ရှာဖွေနိုင်သေးတယ်။ အခု မင်း ဘယ်လို ထင်သေးလဲ ”
ခွန်းယွင် စကားကို ကြားကာ မိုဝူကျိ စိတ်ထဲ လေးလံသွားလေ၏။ သူက ဝိဇ္ဇာလော့ရှုအား ရန်စထားမိခဲ့သည် မဟုတ်ပါလော။ သူက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ သေမျိုးနယ်မြေမှ ဖြစ်သလို သူ့လူသားဂိုဏ်းတွင်လည်း ရွိုက်ကောတို့ ကျန်ရှိနေခဲ့သေးပေသည်။ အကယ်၍ ဝိဇ္ဇာလော့ရှုလိုမျိုး အရိုက်အရာခံ နတ်ဘုရားတစ်ပါးသာ နတ်ဘုရားကမ္ဘာသို့ ရောက်ရှိလာလျှင် ဝိဇ္ဇာလော့ရှုက သူ့အား ခွင့်လွှတ်ပေးမည်လား။
“ ခွန်းယွင် … ဘာလို့ အချိန်တွေ ဖြုန်းနေတာလဲ။ မြန်မြန် ပြန်ပြီးတော့ အဲဒီပိအန်းပန်းကို ဖျက်စိးပစ်ကြရအောင် … ခင်ဗျားရဲ့ ထောင်ထျဲ့အိုးက ကံကြမ္မာထိပ်သီး ရတနာ မဟုတ်ဘူးလား။ လာလာ မြန်မြန် ပြန်ကြစို့ …. မြန်မြန်လုပ် ….” မိုဝူကျိက စိုးရိမ်တကြီး အော်ပြောလိုက်သည်။
မိုဝူကျိက နိဗာနတိတ်ဆိတ်မှုပင်လယ် ကူးသန်းရေး အစီအရင်သာ ပြန်လည် မတည်ဆောက်ရသေးလျှင် သူက နတ်ဘုရားကုန်းမြေအထိ အပြေးအလွှား သွားနိုင်မည့် နည်းလမ်း ရှိဦးမည် ဖြစ်၏။ သူက လိပ်ခွံကျွန်း တစ်ခု ရှိကြောင်း သိထားသည်။ သူက လိပ်ခွံကျွန်းပေါ်မှ လူက မည်သူမှန်း မသိသော်လည်း ယခု ခွန်းယွင်ကိုပင် မကြောက်တော့ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက ထိုလူကိုလည်း ကြောက်ဖို့ မလိုလောက်တော့ကြောင်း ယုံကြည်မိ၏။
ခွန်းယွင်က တိတ်ဆိတ်သွားလေသည်။
မိုဝူကျိက နောက်တစ်ကြိမ် အလိမ်ခံရလိမ့်မည်ဟု မည်သို့ ထင်ထားမည်နည်း။ သူ့အမူအယာ ပျက်ယွင်းသွားကာ မေးလိုက်သည် “ ခွန်းယွင် … ကျုပ်ကို ထပ်ညာပြန်ပြီလား။ အဲဒီထောင်ထျဲ့အိုးက အပေါ်ပြန်မတက်နိုင်ဘူးလား ”
“ ညီအစ်ကို ဝူကျိကို တောင်းပန်ပါတယ်ကွာ … ငါ မင်းကို ညာဖို့ မရည်ရွယ်ပါဘူး။ တကယ်တော့ ထောင်ထျဲ့အိုးက ငါတို့ကို ခေါ်ထုတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ငါ ဝိဇ္ဇာတပိုင်းအဆင့်ကို ပြန်ရောက်ဖို့ အရမ်းအရေးကြီးနေလို့ … ပြီးတော့ ငါတို့သွားမဲ့နေရာက ငါ့ကို အဲဒီကျင့်ကြံဆင့် ပြန်ရောက်အောင် လုပ်ပေးနိုင်တယ်။ အဲဒါကြောင့်မလို့ ငါ မင်းကို ညာတယ်တော့ မဟုတ်ပါဘူးကွာ ” ခွန်းယွင်က ထိုစကားများ ပြောလိုက်စဉ်အခါ သိပ်ယုံကြည်ချက် မရှိနေပေ။
မိုဝူကျိက ထိုလူသည် ယုံကြည်စိတ်ချရသည့်သူ မဟုတ်ရုံသာမက သူ့ကိုများ လိမ်ဖို့ ကြိုးစားမလားဟု ဆက်တိုက် စောင့်ကြပ်နေသင့်ကြောင်း သိလိုက်သည်။
ကံကောင်းစွာဖြင့် သူက ကိုယ်ပိုင်နည်းလမ်း မရှိနေခြင်းတော့ မဟုတ်ပေ။ ခွန်းယွင်က သူ့အား တောင်းပန်လိုက်ပြီးနောက် မိုဝူကျိက ခွန်းယွင်၏ ထောင်ထျဲ့အိုး စက်ဝန်းမှ ဆုတ်ခွာလိုက်သည်။ သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိနေသည့်အတွက် ထိုလူလိမ်ခွန်းယွင် မပါဘဲ အပေါ် ပြန်မတက်နိုင်ကြောင်း မယုံပေ။
“ မင်းက မင်းဘာသာ ထိန်းချုပ်နိုင်တယ်လား ” မိုဝူကျိက သူ့ထောင်ထျဲ့အိုး စက်ကွင်းကနေ ထွက်လိုက်သည်နှင့် ခွန်းယွင်က သတိပြုမိလိုက်၍ တအံ့တဩ ရေရွတ်လိုက်သည်။
သူ မြင်ဖူးသမျှအနက် နတ်ဘုရားသင်္ချိုင်းဂူထဲ၌ ဝိဇ္ဇာတပိုင်းအဆင့်အောက် ကံကြမ္မာ ထိပ်သီးရတနာ မပါရှိဘဲ ပြုတ်ကျနှုန်းကို ထိန်းနိုင်သည့်သူမှာ မိုဝူကျိက ပထမဆုံးလူ ဖြစ်၏။
ထိုစဉ် ခွန်းယွင် စိတ်ထဲ၌ တုန်လှုပ်လာမိသည်။
လူသားကျင့်စဉ်က အဲလောက်တောင် အံ့ဩဖို့ ကောင်းတယ်လား …
သူက မိုဝူကျိကို ထောက်ပံ့ပေးသင့်ကြောင်းပင် တွေးမိသွားလေသည်. မိုဝူကျိက ဝိဇ္ဇာအရိုက်အရာ ဆက်ခံသူ တစ်ဦး ဖြစ်နေနိုင်သည်။ အကယ်၍ သူက အလိုက်သင့် စီးမြောနိုင်လျှင် အကျိုးမြတ် ရလာနိုင်သည် မဟုတ်ပါလော။
မိုဝူကျိက ခွန်းယွင်ကို အာရုံမရှိပေ။ သူက သူ့ဘာသာ ထိန်းချုပ်ရင်း အပေါ်ပြန်တက်ဖို့ ကြိုးစားလိုက်သည်။
မိုဝူကျိက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို မည်မျှ လှည့်ပတ်ပြီး သူ့ဘေးပတ်လည်ရှိ အာကာပြင် စည်းမျည်းများကို ထိန်းချုပ်နေစေကာမူ သူက ပြုတ်ကျနှုန်းကိုသာ နှေးကွေးအောင် လုပ်နိုင်ပြီး အပေါ်ပြန်မတက်နိုင်ပေ။
ခွန်းယွင် အသံက အချိန်ကိုက် ထွက်ပေါ်လာသည်
“ ညီအစ်ကို ဝူကျိ …. အသုံးမဝင်တာတွေ ဆက်မလုပ်နေပါနဲ့တော့။ မင်းရဲ့ နည်းလမ်း ဘယ်လောက်ပဲ ကောင်းကောင်း မင်းကျင့်ကြံဆင့်က အရမ်းနိမ့်နေသေးတယ်။ မင်း ဒီက အတားအဆီးတွေကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး။ ငါ့ဆီမှာ အကြံတစ်ခု ရှိတယ်။ ငါ့ပစ္စည်းတွေကို ပြန်ယူပေးဖို့ ကူညီပေးတာနဲ့ မင်းကျင့်ကြံဆင့် တိုးတက်လာဖို့ အစွမ်းကုန် ကူညီပေးမယ်။
အဲဒီနောက်ကျ မင်းလည်း နတ်ဘုရားကုန်းမြေဆီ တတ်နိုင်သမျှ မြန်မြန် ပြန်သွားလို့ ရတာပေါ့။ ငါတို့ ပြန်တဲ့အချိန်ကျ ဝိဇ္ဇာနတ်ဘုရားတွေလည်း ပိအန်းပန်းကို မသုံးရသေးတာ ဖြစ်နေနိုင်တာပဲလေ။ ဘာဖြစ်ဖြစ် ပိအန်းပန်းနဲ့ ဆက်နွယ်ဖို့ အချိန်လိုသေးတယ်လေ ”
မိုဝူကျိက သက်ပြင်းချကာ သူ့အသုံးမဝင်သည့် အပြုအမူများအား လက်လျော့လိုက်တော့သည်။ သူက သူ့ဘာသာ ပြုတ်ကျအောင်သာ ခွင့်ပြုပေးလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက မဟာဖျက်စီးရေး ပညာရပ်ကို ထုတ်ကာ စတင် လေ့လာလိုက်၏။
အကယ်၍ သူ့လူသားဂိုဏ်းနှင့် သေမျိုးနယ်မြေတို့သာ ဖျက်စီးခံလိုက်ရလျှင် သူ နတ်ဘုရားကမ္ဘာ ပြန်ရောက်လာသည့်အခါ မဟာဖျက်စီးရေး ပညာရပ်ဖြင့် ပြန်ဖျက်စီးပစ်မည် ဖြစ်၏။
အရိုက်အရာခံ နတ်ဘုရား ဖြစ်နေတော့ရော ဘာအရေးလဲ …. ဝိဇ္ဇာဆိုတော့လည်း ဘာအရေးလဲ ….
အကယ်၍ ထိုလူက သူ မိုဝူကျိအား ရန်လာစလျှင် လက်တုံ့ပြန်ခံရဖို့ ပြင်ဆင်ထားသင့်ပေသည်။
မဟာဖျက်စီးရေး ပညာရပ်ကို ရွှေရောင် စာလိပ်ပေါ် ရေးမှတ်ထားလေ၏။ မိုဝူကျိက မဟာဖျက်စီးရေး ပညာရပ်ကို ထုတ်လိုက်သည်နှင့် ခွန်းယွင်က ရှေးကျသည့် အငွေ့အသက်တို့ကို ဖမ်းဆုပ်မိလိုက်သည်။ ခွန်းယွင်ပင် နှလုံးခုန် မြန်သွားမိ၏။
ဒါက … မဟာ ကျင့်စဉ် ပညာရပ်တစ်ခုပဲ … သေချာပေါက်ကို မဟာ ကျင့်စဉ် ပညာရပ်ပဲ …
အခြားလူများက မဟာဖျက်စီးရေး ပညာရပ်အကြောင်း မသိကြလျှင်ပင် သူ ခွန်းယွင်က ကောင်းကောင်း သိထား၏။
“ ညီအစ်ကို ဝူကျိ … မင်း မဟာကျင့်စဉ် ပညာရပ်ကို ရထားတာလား” ခွန်းယွင်အသံက အနည်းငယ်ပင် တုန်တုန်ယင်ယင် ဖြစ်နေသေး၏။ မိုဝူကျိ မဟာဖျက်စီးရေး ပညာရပ်နှင့် ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေးတို့ကို ရခဲ့စဉ်အခါက သူ့ပန်းကန်လုံးကို သန့်စင်ဖို့ရာအတွက် အလုပ်ရှုပ်နေခဲ့သည်။
မိုဝူကျိက ခွန်းယွင်ကို ပြန်ဖြေဖို့ပင် စိတ်မပါပေ။ သူက မဟာဖျက်စီးရေး ပညာရပ်ကို ထုတ်ပြလိုက်သည့်အတွက် ခွန်းယွင်က သူ့ဆီကနေ လုယူလိမ့်မည်ကို မကြောက်ပေ။
အချိန်တချို့ကြာမြင့်ပြီးနောက် မိုဝူကျိက သူ့အား လျစ်လျူရှုထားသည်ကို မြင်သောအခါ ခွန်းယွင်က ဤသို့ ပြောရုံသာ တတ်နိုင်တော့သည် “ ညီအစ်ကို ဝူကျိ … မင်း မဟာကျင့်စဉ် ပညာရပ်ကို ငါ့အတွက် အသေးစား ပညာရပ်အဖြစ် ခွဲပြီး သင်ပေးလို့ မရဘူးလား ”
မိုဝူကျိက မရေမရာ မေးလိုက်သည် “ အသေးစား ပညာရပ်ကို ခွဲပေးဆိုတာက ဘာကို ပြောတာလဲ ”
ခွန်းယွင်က မြန်မြန် ရှင်းပြလိုက်သည်
“ နဂို ပညာရပ်ကိုပဲ မဟာကျင့်စဉ် ပညာရပ်လို့ သတ်မှတ်နိုင်တာ … တခြားစာအုပ်အဖြစ် ခွဲထုတ်လိုက်တာနဲ့ အသေးစား ပညာရပ် ဖြစ်သွားပြီ။ တကယ်လို့ အသေးစား ပညာရပ်ကို ထပ်ခွဲလိုက်ရင် အစုအကွဲ ပညာရပ် ဖြစ်လာလိမ့်မယ် ”
မိုဝူကျိက သူ့အား “ အွန်း ” တစ်လုံးသာ ပြောပြီး ဆက်အဖတ်မလုပ်တော့ပေ။
မိုဝူကျိက သူ့အား နောက်တစ်ဖန် လျစ်လျူရှုထားသည်ကို တွေ့ကာ ခွန်းယွင်က ဒေါပွလာမိသည် “ သခင်ကြီး ဝူကျိရေ .. ငါတို့က ကမ္ဘာတစ်ခုက ညီအစ်ကိုတွေပဲလေကွာ။ ဘယ်သူက ခေါင်းဆောင် ဘယ်သူက နောက်လိုက်ဆိုပြီး ခွဲခြားနေဖို့ လိုလို့လား … မင်းက မဟာကျင့်စဉ် ပညာရပ်ကို လေ့လာတုန်း ငါ့ကိုလည်း အသေးစား ပညာရပ်လေး သင်ပေးလေနော်။ နောင်ကျ ညီအစ်ကိုဆီက အကူအညီလိုရင် မင်း ပြောလိုက်ရုံပဲ ”
မိုဝူကျိက နှာခေါင်းရှုံ့ကာ “ ကျုပ်တော့ ဉာဏ်များတဲ့ ဘိုးတော်နဲ့ ညီအစ်ကို မဖွဲ့ရဲပါဘူး ”
ခွန်းယွင်က ပြန်မပြောခင် တုံ့ဆိုင်းနေပြီးနောက် “ ညီအစ်ကို ဝူကျိ … မင်းရဲ့ ပညာရပ်က ဘာကြီးလဲ ”
“ မဟာ ဖျက်စီးရေး ပညာရပ် ” မိုဝူကျိက ခွန်းယွင်အား ညာပြောဖို့ရာပင် ပျင်းရိနေမိသည်။ သူက အမှန်အတိုင်းသာ ထုတ်ပြောလိုက်၏။
ခွန်းယွင်က ရှေးဟောင်း မဟာဖျက်စီးရေး ပညာရပ် ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူ့နှလုံးသားများပင် အောင့်လာမိ၏
“ ညီအစ်ကို ဝူကျိရေ … မင်းသာ ငါ့ကို အသေးစား ဖျက်စီးရေး ပညာရပ် သင်ယူခွင့် ပေးရင် နောင်ကျ မင်း ဝိဇ္ဇာ ဖြစ်လာတဲ့အခါကျ မင်းနောက်မှာ ရပ်ပြီး အလုပ်အကျွေးပြုမယ်လေ ”
“ ဘာကို ပြောတာလဲ ” မိုဝူကျိက မေးလိုက်သည်။ ယခင် ခွန်းယွင်က ဝိဇ္ဇာရှစ်ပါးသာ ရှိကြောင်း ပြောခဲ့ဖူးသည်။ သူက လူသားတာအိုသည် အားနည်းသည်ဟု မထင်သော်လည်း ဝိဇ္ဇာများနှင့် ယှဉ်နိုင်လောက်အောင်အထိ အားကောင်းသည်ဟုလည်း မထင်မိပေ။ ဝိဇ္ဇာများကို ထည့်ပြောနေဖို့ မလိုသေးပေ။ အကယ်၍ ခွန်းယွင်သာ အပြည့်အဝ ပြန်ကောင်းလာလျှင် သူ မိုဝူကျိက ပုရွက်ဆိတ်တစ်ကောင်မျှ ပိုမည် မဟုတ်ပေ။
ခွန်းယွင်က လေးလေးနက်နက် ပြောလိုက်သည်
“ ညီအစ်ကို ဝူကျိ … မင်းရဲ့ လူသားတာအိုက မရိုးရှင်းဘူးဆိုတာ သိတယ်။ ပြောရရင် အားအကောင်းဆုံး တာအိုထဲတောင် ပါတယ်။ မင်းရဲ့ လူသားတာအိုက အဲဒီဝိဇ္ဇာတွေနဲ့ အလှမ်းကွာနေသေးတယ်ဆိုတာလည်း ခံစားမိတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ် မင်းက ငါ့ကို နတ်ဘုရားသင်္ချိုင်းဂူထဲမှာ မင်းဘာသာ ထိန်းချုပ်နိုင်ပြီး အာကာပြင် စည်းမျည်းတွေကို နှေးကွေးအောင် လုပ်နိုင်တယ်ဆိုတာကို သိလိုက်ရတယ်။ အဲဒီအဖြစ်အပျက်က အရင် ငါ့အတွေးတွေများ မှားနေတာလားလို့ ပြန်တွေးမိသွားစေတယ် …
မင်းက ဝိဇ္ဇာအရိုက်အရာအတွက် တိုက်ဖို့ အရည်အချင်း ရှိလာနိုင်တယ်။ ငါ ခွန်းယွင်က ကိုယ့်တာအိုအကြောင်းကို သေချာသိထားပြီးသား … ဝိဇ္ဇာအရိုက်အရာကို မပြောနဲ့။ ငါ့အတွက် နတ်ဘုရားဧကရာဇ်အဆင့် ရောက်ဖို့တောင် ခက်လိမ့်မယ်။ ပြီးတော့ ဝိဇ္ဇာအရိုက်အရာအတွက် တိုက်ပွဲတိုင်းက အလောင်းတွေ တောင်လိုပုံပြီး သွေးချောင်းစီးရတာပဲ …. မင်း တစ်ယောက်တည်း မလုံလောက်ဘူး။
မင်းဆီမှာ ဂိုဏ်းတစ်ဂိုဏ်း လိုရုံတင် မကဘူး။ မင်းဆီမှာ အားကောင်းတဲ့ နောက်လိုက်တွေလည်း လိုအပ်လိမ့်မယ် ”
“ အဲဆိုတော့ ခင်ဗျားက ကျုပ်ရဲ့ နောက်လိုက် ဖြစ်ချင်တာလား ” မိုဝူကျိက မယုံနိုင်ဖွယ် မေးလိုက်သည်။
ခွန်းယွင်က မြန်မြန် ပြောလိုက်၏
“ညီအစ်ကို ဝူကျိ … အထင်မှားမနေနဲ့ဦး၊ မင်းမှာ ဝိဇ္ဇာအရိုက်အရာအတွက် တိုက်ပိုင်ခွင့် ရရှိလာရင် ကောင်းကင်ဘုံကို ဖြတ်ကျော်ပြီး မင်းနဲ့ အတူတူ တိုက်ပွဲဝင်ပေးမယ်လို့ ပြောတာ ”
***