← Chapters

ငါးစာ

Vol. 61 Ch. 847

ငါးစာ

Vol. 61 Ch. 847

ထိုကမ္ဘာကြီးမှာ ပြင်ပကမ္ဘာနှင့် ကွဲပြားခြားနားမှု ရှိသည့်ပုံ မပေါ်ပေ။ ကောင်းကင်ကြီးမှာ အပြာရောင်ဖြစ်နေပြီး မြေပြင်ကြီးမှာမူ လွင်ပြင်ကြီးတစ်ခု ဖြစ်နေ၏။ မြက်ပင်များနှင့် သစ်ပင်ပန်းမန်များမှာလည်း စိမ်းစိုစွာ ပေါက်ရောက်နေကြပြီး မိုးကုပ်စက်ဝိုင်းပေါ်တွင်လည်း တောင်တန်းများကို မြင်နိုင်ပေသည်။ လေထုထဲတွင်လည်း ဝိညာဉ်ချီများ ပြည့်နှက်နေ၏။

သို့ဖြစ်ရာ ၎င်းမှာ တော်ဝင်သင်္ချိုင်းကုန်းတစ်ခုနှင့် လုံးဝမတူပေ။ ငှက်ကလေးများမှာ တကျည်ကျည်တကျာကျာ အော်မြည်နေကြသလို လေပြည်လေညင်း‌လေးများထဲတွင်လည်း ပန်းရနံ့များ ပျံ့လွင့်နေကြသေးသည်။ တစ်ခါတစ်ရံတွင် ကောင်းကင်ယံထဲ၌ ကြိုးကြာငှက်ကလေးများ ပျံသန်းနေကြသည်ကို မြင်နိုင်ပြီး ချောမောလှပသည့် နတ်သမီးလေးများမှာလည်း ထို ကြိုးကြာများပေါ်၌ လိုက်ပါစီးနင်းလာတတ်ကြသေးသည်။ သူတို့မှာ ထိုငှက်များပေါ်မှနေ၍ အထူးတဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ငုံ့ကြည့်နေကြ၏။

အကယ်၍ အခြားကျင့်ကြံသူ တစ်ယောက်ယောက်သာ ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရမည်ဆိုပါက သူတို့မှာ ဝမ်ပေါင်လဲ့ထက် ကျင့်ကြံခြင်းအဆင့် ပို၍သာလွန်နေပြီး ဂြိုဟ်အဆင့်အထိ ရောက်နေလျှင်တောင် မည်သည့်အရာကိုမှ သတိထားမိခဲ့မည် မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ အခြားသူများနှင့် မတူသည့် လူတစ်ယောက် မဟုတ်ပါလော။ ထို့ကြောင့် သူသည် မျက်ဝန်းများ အေးစက်စွာ တောက်ပသွားရပြီး မျက်လုံးများ မှေးသွားတော့သည်။

သူ၏ မျက်ဝန်းများထဲ၌ အမှောင်မီးတောက်များ စတင်တောက်လောင်လာပြီ ဖြစ်သည်။ အမှောင်မီးတောက်များ သူ၏မျက်လုံးထဲ၌ ပြည့်နှက်သွားသောအခါ သူ၏ရှေ့တွင်ရှိနေသည့် ကမ္ဘာကြီးမှာလည်း ချက်ချင်းဆိုသလိုပင် အသွင်ပြောင်းလဲသွား၏။ သို့ဖြစ်ရာ ခြုံလွှာကြီးတစ်ခုကို ဖယ်ရှားလိုက်သဖြင့် ထိုနေရာ၏ ပုံပန်းသွင်ပြင် အစစ်အမှန်များ ပေါ်ပေါက်လာရသကဲ့သို့ပင်။

ကောင်းကင်ကြီးမှာ အပြာရောင်မဟုတ်ဘဲ အနီရောင်ဖြစ်နေ၏။

မြေပြင်ကြီးမှာလည်း စိမ်းလန်းစိုပြည်နေသည့် သစ်ပင်ပန်းမန်များဖြင့် ပြည့်နှက်နေခြင်းမရှိဘဲ အရာအားလုံးမှာ ခြောက်သွေ့ညှိုးနွမ်းနေ၏။ တောင်တန်းများနှင့်တူသည့် အရာများမှာမူ အရိုးပုံများ ဖြစ်နေကြသည်။ ကောင်းကင်ယံထဲ၌ ပျံသန်းနေကြသည့် ကြိုးကြာငှက်ကလေးများမှာမူ ကြောက်မက်ဖွယ်ရာ သရဲ‌တစ္ဆေများ ဖြစ်နေကြပြီး နတ်သမီးလေးများမှာမူ... ရွံရှာစက်ဆုပ်ဖွယ်ရာ လောက်ကောင်များ ဖြစ်နေကြ၏။

လေထုထဲ၌ ပြည့်နှက်နေခဲ့သည့် ဝိညာဉ်ချီများမှာလည်း ဝိညာဉ်ချီများ မဟုတ်ဘဲ... ဖိနှိပ်အားကောင်းသော သေမင်းအငွေ့အသက်များ ဖြစ်နေ၏။ လွင်ပြင်ကြီးမှာမူ ပြောင်သလင်းခါနေခြင်း မရှိဘဲ အင်အားတစ်သန်းနီးပါးရှိသော ဝိညာဉ်စစ်တပ်ကြီးတစ်ခုဖြင့် ပြည့်နှက်နေသည်။ ထို ဝ်ညာဉ်စစ်သားများ၏ မျက်လုံးများမှာ အေးစက်ကာ အသက်မဲ့နေကြပြီး သူတို့မှာ အတန်းလိုက် အစီအရီ ရပ်နေကြ၏။ သို့ဖြစ်ရာ ထိုမြင်ကွင်းကြီးမှာ ကြီးကျယ်ခမ်းနားနေတော့သည်။

တောင်လိုပုံနေသည့် အရိုးများ၏အထက်ရှိ ကောင်းကင်ယံထဲတွင် အရွယ်အစားကြီးမားသော ဝောာ်ဝင်နန်းတော်ကြီးတစ်ခု ရှိနေ၏။ ထိုနန်းတော်ကြီးအား ခရမ်းရောင်နှင့် မြစိမ်းရောင် ဆေးများဖြင့် သုတ်ထားသည်။ ထိုနန်းတော်ကြီးထဲ၌ ခမ်းနားထည်ဝါစွာ အလှဆင်ထားသော နန်းတွင်းပလ္လင် ဆယ့်သုံးခုကို မြင်‌နိုင်ပေသည်။

၎င်းတို့ထဲမှ ပလ္လင်ဆယ့်နှစ်ခုအား အတန်းနှစ်တန်းပုံစံ နေရာချထား၏။ နောက်ဆုံး ပလ္လင်မှာမူ နန်းတော်ကြီး၏ အတွင်းပိုင်းအကျဆုံးနေရာနှင့် အခြား ပလ္လင်များ၏ အထက်တွင် ရှိနေသည်။ ၎င်းမှာ အခြား ပလ္လင်များအားလုံးထက် ပို၍ခမ်းနားထည်ဝါပြီး အရွယ်အစားကြီးမား၏။

ထို ပလ္လင်တစ်ခုချင်းစီပေါ်တွင် လူတစ်ယောက်စီ ထိုင်နေကြသည်။ အတန်းနှစ်တန်းပုံစံ စီထားသည့် ပလ္လင်ဆယ့်နှစ်ခုပေါ်တွင် အဘိုးကြီးများ ရှိနေကြ၏။ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် ပုံစံမတူကြပါသော်လည်း မျက်နှာပေါက်များ ဆင်တူကြပေသည်။ သူတို့မှာ မျက်ဝန်းများထဲတွင် သြဇာညောင်းသည့် အရိပ်အယောင်များ တောက်ပနေကြပြီး မျက်နှာအမူအရာများမှာ ခက်ထန်တင်းမာကာ အသက်မဲ့နေကြ၏။ သူတို့မှာ အဝါရောင်ဝတ်ရုံများ ဆင်မြန်းထားကာ ခေါင်းပေါ်တွင် သရဖူများ ဆောင်ထားကြသေးသည်။ သူတို့ အားလုံးမှာ ဝမ်ပေါင်လဲ့ ရပ်နေသည့်ဘက်သို့ အေးတိအေးစက် မျက်ဝန်းများဖြင့် လှမ်းကြည့်နေကြ၏။

နန်းတော်ကြီး၏ အတွင်းပိုင်းအကျဆုံး နေရာရှိ နောက်ဆုံး ပလ္လင်ပေါ်တွင်မူ ကမ္ဘာကြီးတစ်ခုလုံးအား ဇောက်ထိုးမိုးမျှော် ဖြစ်သွားရလောက်သည့်အထိ ပြောင်းပြန်လှန််ပစ်နိုင်စွမ်း ရှိနေလောက်အောင် အားကောင်းသည့် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသော အရပ်မြင့်မြင့်နှင့် လူတစ်ယောက် ထိုင်နေ၏။ ထိုလူကြီးမှာ အခြားသူများအားလုံးနှင့် မတူဘဲ ကွဲထွက်နေသည်။ သူ၏ မျက်နှာကြီးပေါ်တွင်လည်း မည်သည့်အရာမှရှိမနေဘဲ ပြောင်သလင်းခါနေ၏။

ဝမ်ပေါင်လဲ့မှာ ထို အခြင်းအရာများအားလုံးကို မြင်လိုက်ရသောအခါ အထူးတဆန်း ဖြစ်သွားရသည်။ သို့သော် သူ ဘာမှမလုပ်နိုင်ခင်မှာပင် ပလ္လင်ပေါ်၌ ထိုင်နေသည့် မျက်နှာမဲ့ ဧကရာဇ်ကြီးမှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာတော့သည်။

သူ၏ မျက်နှာမှာ ပြောင်သလင်းခါနေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ထို ဧကရာဇ်ကြီးသည် သူ့အား စိုက်ကြည့်နေခြင်းဖြစ်သည်ဟု ခံစားနေရဆဲပင်။

ထို ဧကရာဇ်ကြီး၏ အကြည့်မှာ ထိုးနှက်ချက်တစ်ခု ကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ ထိုသို့ အကြည့်ခံလိုက်ရသည်နှင့် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးမျက်လုံးပညာရပ်မှာ အလိုအလျောက် နိုးထလာပြီး သူ၏နောက်တွင် အနက်ရောင် မျက်လုံးကြီးတစ်လုံး ပေါ်ပေါက်လာတော့သည်။

ထို မျက်လုံးကြီးမှာ ပေတစ်ထောင်ကျော် ရှည်လျားနေပြီး ၎င်း၏ ပေါ်ပေါက်လာမှုကြောင့် ထွက်ပေါ်လာသည့် စွမ်းအားတစ်မျိုးမှာ မျက်နှာမဲ့ ဧကရာဇ်ကြီး၏ အကြည့်နှင့် ရိုက်ခတ်သွား၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးမျက်လုံးကြီးဆီမှ စိတ်လှုပ်တရှား ဖြစ်နေသော အော်ဟစ်ရယ်မောသံများ ထွက်ပေါ်လာတော့သည်။။

" ဝမ်ပေါင်လဲ့။ ငါ့ကို သေမင်းခံတွင်းဝကနေ ပြန်ဆွဲထုတ်လာပြီး နောက်ထပ်အသက်တစ်ချောင်း ပေးခဲ့တဲ့အတွက် ငါ မင်းကို ကျေးဇူးတင်ရမယ် " ထို ရယ်မောသံကြီး လေထုထဲ၌ ပဲ့တင်ထပ်သွားစဉ်မှာပင် အနက်ရောင်မျက်လုံးကြီး၏ သူငယ်အိမ်ထဲ၌ အဘိုးကြီးတစ်ယောက်၏ လူရိပ်တစ်ခု ပေါ်ပေါက်လာ၏။ ထိုလူကြီးမှာ အော်ဟစ်ရယ်မောကာ အားကောင်းသောစွမ်းအားများကို ထုတ်လွှတ်နေရင်း အနက်ရောင်မျက်လုံးကြီးထဲမှ ထွက်လာပြီး ကောင်းကင်ယံထဲ၌ ရပ်နေလိုက်သည်။

သူ၏ လူရိပ်ကြီးမှာ မှုန်ဝါးဝါးဖြစ်နေပါသော်လည်း ဤ ကမ္ဘာကြီးနှင့် တစ်သားတည်းပေါင်းစည်းနိုင်စွမ်း ရှိနေသည့် စွမ်းအားတစ်မျိုးကို ထုတ်လွှတ်နေသည်။ ၎င်းမှာ မိုးကောင်းကင် နှင့် ကမ္ဘာမြေကြီးတို့ကို ပြောင်းလဲကာ လေပြင်းများ တိုက်ခတ်လာအောင် ဆင့်ခေါ်နိုင်ပြီး တိမ်တိုက်များ လွင့်ပါးပျောက်ကွယ်သွားအောင် ဖယ်ရှားပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ကြောက်မက်ဖွယ်ရာကောင်းသည့် ဖိနှိပ်ချုပ်တည်းမှုစွမ်းအားများ ကိန်းအောင်းနေသော စွမ်းအင်လှိုင်းများမှာ မြေပြင်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားပြီ ဖြစ်သည်။

" စကားပြောလို့ပြီးပြီးလား နတ်မျက်လုံး လူမှုအဖွဲ့အစည်းရဲ့ ပထမဆုံး ဧကရာဇ်ကြီးရ။ ခင်ဗျားတို့လို အဘိုးကြီးတွေက တော်တော်လေးကို လေရှည်တာပဲ " ဝမ်ပေါင်လဲ့မှာ ထို ဧကရာဇ်ကြီး၏ ပေါ်ပေါက်လာမှုကြောင့် အံ့ဩတုန်လှုပ်သွားသည့်ပုံစံ ဟန်ဆောင်ပြရန် စိတ်ကူးမရှိပေ။ ထို့ကြောင့် သူသည် တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ထိုအဘိုကြီးအား လှမ်းကြည့်ကာ အကဲခတ်လိုက်၏။

" အခု ခဗျားက ကျုပ်ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားတော့မှာမလား။ ခဗျားရဲ့ လက်ရှိအခြေအနေနဲ့ ဆိုရင်တော့ မလွယ်လောက်ဘူး ထင်တယ်နော်။ အဲတာဆိုရင်... ခဗျားရဲ့ ဝှက်ဖဲက ဘာလဲ။ ဘာကိစ္စနဲ့ ခဗျားက အောင်မြင်နိုင်လိမ့်မယ်လို့ အခုလိုမျိုး ယုံကြည်မှုတွေ ပြင်းပြနေရတာလဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရှဲ့ဟေးရန် ပြောပြခဲ့သည့် အခွင့်အရေးဆိုသည့် အရာအား နားလည်သဘောပေါက်သွားတော့သည်။

" အဲဒီ အခွင့်အရေးဆိုတဲ့အရာက... ပထမဧကရာဇ်ကြီးနဲ့ ဆက်နွယ်နေတာပဲ ဖြစ်ရမယ်။ ရှဲ့ဟေးရန်ဆိုတဲ့ကောင်က အဖွဲ့သုံးဖွဲ့စလုံးနဲ့ တစ်ပြိုင်နက်တည်း အပေးအယူ လုပ်နိုင်ခဲ့တာဆိုတော့ ပထမဆုံးဧကရာဇ်ကြီးက သူ့ကိုယ်သူ အသက်ပြန်သွင်းနိုင်ဖို့အတွက် ငါ့ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြံရွယ်ထားတဲ့ အချက်ကိုလည်း ကြိုသိထားမှာပဲ။ အဲတာမလို့ ငါ လိုချင်တဲ့ အခွင့်အရေးက ပထမဧကရာဇ်ကြီးနဲ့ ပတ်သတ်နေမှာ သေချာတယ် "

" ရှဲ့ဟေးရန်က ငါ့ကို လှည့်စားခဲ့တာမှန်ပေမယ့် ငါ အသတ်ခံရလောက်တဲ့အထိ ဖြစ်ခံမှာ မဟုတ်ဘူး။ အဲတာဆိုရင် ပထမဧကရာဇ်ကြီးက ငါ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြိုးစားအားထုတ်တဲ့နေရာမှာ မအောင်မြင်ဘဲ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖောက်ထွက်နိုင်အောင် ကူညီပေးနိုင်တဲ့ အထောက်အကူပြုပစ္စည်းတစ်ခု ဖြစ်သွားလိမ့်မယ်လို့ ရှဲ့ဟေးရန်က သေချာပေါက် မှတ်ယူထားတာလား။ ဒါမှမဟုတ် သူက အရင်ဆုံး ငါ့ကို ဒီနေရာအထိ ရောက်အောင်ပို့ပြီးတော့မှ ငါ သူ့ဆီကို ငွေပေးပြီး အကူအညီ လှမ်းတောင်းရအောင် စီစဉ်ထားတာလည်း ဖြစ်ရင်ဖြစ်နေနိုင်တယ်။ အဲတာဆိုရင် ရှဲ့ဟေးရန်က...ငါ ငါ့နည်းငါ့ဟန်နဲ့ အောင်မြင်နိုင်မှာမဟုတ်ဘူးလို့ တထစ်ချ တွက်ထားတဲ့ပုံပဲ... သူ အဲဒီလို တွက်ထားရတဲ့ အဓိက အကြောင်းအရင်း နှစ်ခုရှိတယ်။ ပထမတစ်ခုက သူက ငါ အမှောင်ဂိုဏ်းသားတစ်ယောက် ဖြစ်နေတဲ့အချက်ကို မသိထားလို့ပဲ။ ဒုတိယတစ်ခုကတော့ ဒီ ဝိညာဉ်အဘိုးကြီးက တစ်ခုခု ထူးဆန်းနေလို့ပဲ ဖြစ်ရမယ် "

ဝမ်ပေါင်လဲ့တစ်ယောက် တစ်ခေါင်းလုံး ထူပူအောင် စဉ်းစားတွေးတောနေစဉ်မှာပင် ပထမဧကရာဇ်ကြီးမှာ မျက်လုံး မှေးသွားပြီး လှောင်ပြုံးပြုံးလိုက်၏။

" မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ငါက မင်းရဲ့ခန္ဓာကိုယ်ကို အပိုင်သိမ်းပြီးတော့ မင်းရဲ့ကိုယ်စား အသက်ရှင်နေထိုင်ပေးမှာပါ " သူသည် ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကိုမြှောက်ကာ လေထဲ၌ ဝှေ့ယမ်းလိုက်၏။

ထိုအခါ သူ၏အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် လွင်ပြင်ကြီးထဲ၌ မလှုပ်မယှက် ရပ်နေခဲ့ကြသည့် အင်အားတစ်သန်းခန့်ရှိသော ဝိညာဉ် စစ်တပ်ကြီးမှာ ဆတ်ခနဲ တုန်ရီသွားတော့သည်။ ထို့နောက် ၎င်းတို့၏ အေးစက်စက် မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာကြပြီးနောက် ၎င်းတို့မှာ ချက်ချင်းဆိုသလိုပင် ဒူးထောက်ကျသွားကြ၏။

အင်အား တစ်သန်းခန့်ရှိသော စစ်တပ်ကြီးတစ်ခု အောက်သို့ ဒူးထောက်ကျသွားသည့် မြင်ကွင်းမှာ လှိုင်းလုံးကြီးတစ်လုံး ရုတ်တရက်ဆိုသလို ကျဆင်းလာသကဲ့သို့ အံ့သြမှင်တက်ဖွယ်ရာ ကောင်းလှပေသည်။ ပို၍ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်မှာ နောက်ထပ် ထပ်၍ ပေါ်ပေါက်လာသည့် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်၏။ ထို ဝိညာဉ်စစ်တပ်ကြီးမှာ ဒူးထောက်ကျသွားကြပြီးနောက် ပါးစပ်များဟကာ စကားစပြောလိုက်ခြင်းပင်။

" နန်းတော်ကနေ ပြန်ပြီးတော့ ကြိုဆိုပါတယ် မဟာဧကရာဇ်ကြီးခဗျား "

ထို စကားသံများ ထွက်ပေါ်လာသည်နှင့် ထို ဝိညာဉ်တစ်သန်း၏ ဦးခေါင်းများထဲမှ ဝိညာဉ်အမျှင်အတန်းများ ထိုးထွက်လာကြပြီး နတ်ဆိုးမျက်လုံးထဲမှ ထွက်လာသည့် အဘိုးကြီးဖြစ်သော နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ပထမဧကရာဇ်ကြီးဆီသို့ ဦးတည်သွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာမူ အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် ထိုမြင်ကွင်းအား စိုက်ကြည့်နေရင်း ‌အတွေးထဲ၌ သံသယစိတ်များ ပေါ်ပေါက်လာရတော့သည်။

" ဒီ ဝိညာဉ်အဘိုးကြီးက ငါ အမှောင်ဂိုဏ်းကဆိုတဲ့ အချက်ကို မသိဘူးလားဟ "

သူသည် အမှောင်ဂိုဏ်းမှ အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ အကယ်၍ ဝမ်ပေါင်လဲ့သာ ဆန္ဒရှိပါက သူသည် ထို ဝိညာဉ်များ၏ စွမ်းအားများကို မောင်ပိုင်စီးကာ ဝါးမျိုပစ်နိုင်စွမ်း ရှိပေသည်။ သို့သော် သူ၏ရှေ့တွင် မြင်နေရသည့် မြင်ကွင်းကြောင့် သူသည် တွေဝေတုံ့ဆိုင်းနေရ၏။ ထို့ကြောင့် သူသည် မျက်ဝန်းများ ဖျတ်ခနဲတောက်ပသွားပြီးနောက် သူ့ကိုယ်သူ အလွန်အင်မတန်မှ ကျေနပ်နေသည့်ပုံစံ ဟန်ဆောင်ကာ အော်ဟစ်ရယ်မောလိုက်တော့သည်။

" အမှောင်ဂိုဏ်း နတ်မျက်လုံးပညာရပ်ကို ပြောင်းလဲခဲ့တုန်းက ခဗျားကြီးကို ဘာမှမလုပ်ဘဲ ထားခဲ့တဲ့ အကြောင်းရင်းကို ကျုပ် မသိပေမဲ့ ကြည့်ရတာ ခဗျားက ကျုပ် ဘယ်သူလဲဆိုတာကို တကယ်မသိတဲ့ပုံပဲ "

" အမှောင်ပညာရပ်၊ ဝိညာဉ်တွေကို ဆင့်ခေါ်လိုက် " ဝမ်ပေါင်လဲ့မှာ ထိုသို့အမိန့်ပေးကာ သူ၏ညာဘက်လက်ကို မြှောက်လိုက်သည်နှင့် မျက်ဝန်းများထဲ၌ အမှောင်မီးတောက်များ တောက်လောင်လာတော့သည်။ ထို့နောက် အမှောင်ဂိုဏ်း၏ ရှေးဟောင်း အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာသဖြင့် ကမ္ဘာကြီးတစ်ခုလုံးမှာ အပြင်းအထန် တုန်ရီသွားရ၏။ ထိုအခါ ပထမဧကရာဇ်ကြီးမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေခဲ့သည့် ဝိညာဉ်တစ်သန်း၏ ဝိညာဉ်ချီများမှာ သူ၏ရှေ့တည့်တည့်တွင် နောက်သို့ပြန်လှည့်သွားပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်သွားသည် မဟုတ်ပါလော။

" မဖြစ်နိုင်တာ။ တော်ဝင်အမွေခံ ပြန်ရောက်လာပြီကွ " ပထမဧကရာဇ်ကြီးမှာ တုန်လှုပ်ချောက်ချားသွားရပြီး ထိတ်ထိတ်ပျာပျာ ဖြစ်သွားရ၏။ သူသည် အလွန်အင်မတန်မှ စိုးရိမ်တကြီး ဖြစ်နေသည့်ပုံစံဖြင့် သူ၏ ညာဘက်လက်ကို မြှောက်ကာ ကောင်းကင်ယံထဲရှိ နန်းတော်ကြီးအား လက်ညှိုးထိုးလိုက်သည်။

ထိုအခါ ထိုနန်းတော်ထဲ၌ ထိုင်နေသည့် မျက်နှာမဲ့ ဧကရာဇ်ကြီးမှလွဲ၍ အခြား ဧကရာဇ် ဆယ့်နှစ်ပါးမှာ ပလ္လင်များပေါ်၌ တစ်ကိုယ်လုံး တုန်ရီသွားကြပြီးနောက် မတ်တတ်ထလာတော့သည်။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့နှင့် ပထမဧကရာဇ်ကြီး ရှိရာဘက်သို့လှည့်ကာ ဒူးထောက်ကျသွားကြ၏။

" နန်းတော်ကနေ ပြန်ပြီးတော့ ကြိုဆိုပါတယ် ကြီးမြတ်လှတဲ့ ခေါင်းဆောင်ကြီးခဗျား "

လေထုထဲ၌ သူတို့၏ စကားသံများ ပဲ့တင်ထပ်သွားသည်နှင့် ထို ဧကရာဇ် ဆယ့်နှစ်ပါးဆီမှ အားကောင်းသော ဝိညာဉ်ချီများ ပေါက်ကွဲထွက်ပေါ်လာကြ၏။ ထို့နောက် ၎င်းတို့မှာ ဝိညာဉ်နဂါး ဆယ့်နှစ်ကောင်အဖြစ် ပြောင်းလဲသွားကာ နန်းတော်ထဲမှ ထိုးထွက်လာကြပြီးနောက် ပထမဧကရာဇ်ကြီးဆီသို့ ဦးတည်လာကြတော့သည်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့အား ဝိညာဉ်တစ်သန်း၏ ဝိညာဉ်ချီများကို စုပ်ယူနိုင်စွမ်းမရှိအောင် တားဆီးရန် ကြံရွယ်နေကြသည့်ပုံပင်။

ဝိညာဉ်များ၏ ချီများနှင့် ဧကရာဇ်ဆယ့်နှစ်ပါး၏ ချီများမှာ လေထုထဲ၌ ပြည့်နှက်နေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းသားတစ်ယောက် ဖြစ်သောကြောင့် လေထုထဲရှိ စွမ်းအင်လှိုင်းများမှာ မည်မျှအထိ အားကောင်းနေကြောင်း အာရုံခံမိနေ၏။ အကယ်၍ သူသာ ထိုချီများကို စုစည်း၍ သူ၏ခန္ဓာကိုယ်နှင့်ပေါင်းစည်းကာ ၎င်းတို့အား အချိန်ပေး၍ ‌ချေဖျက်လိုက်မည်ဆိုပါက သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ မိုးထိုးလုမတတ် မြင့်တက်သွားပြီး ဝိညာဉ်ကြားခံနယ်အဆင့်မှ ထာဝရဝိညာဉ်အဆင့်သို့ ချက်ချင်းဖောက်ထွက်သွားမည် ဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အစောပိုင်း ထာဝရဝိညာဉ်အဆင့်အထိသာ မဟုတ်ဘဲ အလယ်အလတ် ထာဝရဝိညာဉ်အဆင့်အထိ ရောက်သွားနိုင်ခြေ ရှိပေသည်။

" မက်လောက်စရာပါလား... " ဝမ်ပေါင်လဲ့၏ နှလုံးသားထဲတွင်မူ တွန့်ဆုတ်နေသည့် စိတ်များနှင့် လောဘစိတ်များမှာ အားပြိုင်နေကြပြီဖြစ်သည်။

All Chapters