နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ လျှို့ဝှက်ဆန်းကြယ် မူလဇာစ်မြစ်
Vol. 61 Ch. 848
သူသည် ဤ ဖြစ်ရပ်ကြီး တစ်ခုလုံးမှာ ထောင်ချောက်တစ်ခု ဖြစ်နေနိုင်သည်ဟု ခံစားနေရသောကြောင့် ဇဝေဇဝါ ဖြစ်နေရခြင်း ဖြစ်သည်။
သူသည် ထို ဝိညာဉ်အဘိုးကြီး သူ အမှောင်ဂိုဏ်းနှင့် ဆက်နွယ်နေသည့်အချက်ကို သိရှိထားသည်လောဟု ဝေခွဲမရ ဖြစ်နေသောကြောင့် ချီတုံချတုံ ဖြစ်နေရခြင်း ဖြစ်သည်။
သို့သော် သူသည် ထိုကဲ့သို့ တွေဝေတုံ့ဆိုင်းကာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ရှုပ်ထွေးနေရသည့်တိုင်အောင် ဤ ဖြစ်ရပ်ကြီးတစ်ခုလုံးထဲ၌ ဟာကွက်ကြီးတစ်ခု ရှိနေသည်ကို သတိထားမိနေဆဲပင်။ သူသည် သူ၏ရှေ့တွင် မြင်နေရသည့် အခွင့်အရေးကြီးမှာ မက်လောက်စရာ ကောင်းလွန်းနေသောကြောင့်သာ ထိုဟာကွက်ကြီးအား ပေါ့ပေါ့တန်တန် သဘောထားနေခြင်းသာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ... ဆန္ဒရှိပါက တစ်ချက်မျှ တွေးလိုက်ရုံဖြင့် ထိုနေရာရှိ ဝိညာဉ်များအားလုံးကို စုပ်ယူနိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။ ထို့နောက် သူသည် အချိန်အနည်းငယ်ခန့် ထပ်ပေးကာ ထို ဝိညာဉ်များအားလုံးကို ချေဖျက်လိုက်မည်ဆိုပါက အလယ်အလတ် ထာဝရဝိညာဉ်အဆင့်အထိပင် ချက်ချင်း ဖောက်ထွက်သွားနိုင်ပေသည်။
" ထောင်ချောက်တစ်ခုခု ရှိကိုရှိရမယ်။ ဒီ ဝိညာဉ်အဘိုးကြီး ငါ အမှောင်ဂိုဏ်းသားတစ်ယောက် ဖြစ်နေတဲ့အချက်ကို မသိထားစရာအကြောင်း လုံးဝ မရှိဘူး။ အမှောင်ဂိုဏ်းက နတ်ဆိုးမျက်လုံးပညာရပ်ကို ပြုပြင်ခဲ့တာလေ။ အခုလက်ရှိမှာ အမှောင်ဂိုဏ်းက ပျက်စီးသွားခဲ့ပြီးတော့ ဂိုဏ်းရဲ့ ကျင့်ကြံခြင်းပညာရပ်တွေက စကြဝဠာကြီးတစ်ခုလုံးထဲမှာ ပျံ့နှံ့နေပြီ ဆိုပေမဲ့.... သူ့ကိုယ်သူ အသက်ပြန်သွင်းနိုင်ဖို့က ဒီကိစ္စကြီးတစ်ခုလုံးအပေါ် မူတည်နေတာလေ။ အဲတာမလို့ သူက လိုအပ်တဲ့ သတင်းအချက်အလက်တွေ အကုန်လုံးကို ထောင့်စေ့အောင် ထပ်ခါတလဲလဲ စုံစမ်းထားမှာ သေချာတယ် "
" ပြီးတော့... ဒီ ဝိညာဉ်အဘိုးကြီးက တော်တော်လေးကို ဉာဏ်များတာ။ သူ အဲဒီ အချက်ကို မတွေးမိစရာအကြောင်း မရှိဘူး။ အဲဒီအပြင်... ငါက ဒီ ဝိညာဉ်တွေကို စုပ်ယူပြီးရင်တောင် ချက်ချင်း ဖောက်ထွက်သွားနိုင်ဦးမှာ မဟုတ်ဘူး။ ဝိညာဉ်တွေ အကုန်လုံးကို ခန္ဓာကိုယ်ထဲမှာ အပြီးအထိ ချေဖျက်နိုင်ဖို့ဆိုရင် အချိန်လိုတယ်... ဒီအဘိုးကြီးက အဲလိုဖြစ်လာအောင် စောင့်နေတာများလား။ သူက အချိန်ဆွဲနေတာများ ဖြစ်နိုင်မလား " ဝမ်ပေါင်လဲ့မှာ မျက်လုံးနီကြီးများဖြင့် တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်းစားတွေးတောနေတော့သည်။ ထိုအချိန်တွင် ဝိညာဉ်နဂါး ဆယ့်နှစ်ကောင်မှာ သူနှင့် ဧကရာဇ်ကြီးတို့၏ ကြား၌ ရစ်ဝဲနေသော ဝိညာဉ်တစ်သန်း၏ ချီများနှင့် ပေါင်းစည်းသွားကြ၏။ ထိုအခါ ထိုဧကရာဇ်ကြီးမှာ စိုးရိမ်တုန်လှုပ်နေသည့်ပုံ ပေါက်သွားပြီး ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင်မူ ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
" ကျုပ် ဒီ ဝိညာဉ်တွေကို မလိုဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့ အသံကုန် အော်ဟစ်လိုက်ပြီးနောက် နောက်သို့ ဆုတ်ခွာသွားလိုက်ပြီး အမှောင်ပညာရပ်ဖြင့် ထိုဝိညာဉ်များအား စုပ်ယူလိုသည့် အတွေးများကို မေ့ပျောက်ထားလိုက်တော့သည်။ သူ ထိုသို့ နောက်သို့ ဆုတ်ခွာသွားသောအခါ ဝိညာဉ်တစ်သန်းနှင့် ဝိညာဉ်နဂါးဆယ့်နှစ်ကောင်၏ ချီများမှာ တင်းနေအောင်ဆွဲထားသော ကြိုးတစ်ချောင်းအား လက်ထဲမှ လွှတ်လိုက်သကဲ့သို့ ဝိညာဉ်အဘိုးကြီးဆီသို့ ပြန်၍ ဦးတည်သွားကြတော့သည်။
ထိုအခါ ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာကာ ထို ဝိညာဉ်များမှာ ဝိညာဉ်အဘိုးကြီးအား ရစ်ပတ်သွားကြပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲသို့ အလုံးအရင်း ဝင်ရောက်သွားကြတော့သည်။ ၎င်းတို့မှာ ဝိညာဉ်အဘိုးကြီးနှင့် သွေးမျိုးဆက် အတူတူ ဖြစ်နေသည့်ပုံပင်။ သို့ဖြစ်ရာ ထို ဝိညာဉ်အဘိုးကြီးမှာ ထို ဝိညာဉ်များအား သူ၏ခန္ဓာကိုယ်ထဲ၌ အချိန်ပေး၍ ချေဖျက်နေစရာမလိုပေ။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ချက်ချင်းဆိုသလိုပင် မြင့်တက်သွားတော့သည်။
သူသည် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့်သို့ ချက်ချင်း ရောက်ရှိသွားသည့်တိုင်အောင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဆက်လက် မြင့်တက်နေဆဲပင်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ထာဝရဝိညာဉ်အဆင့်သို့ ဖောက်ထွက်သွား၏။ ထို ဝိညာဉ်များ၏ အားဖြည့်ပေးမှုကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ဆက်လက် မြင့်တက်နေဆဲပင်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ နောက်သို့ဆုတ်ခွာသွားနေရင်း ဝိညာဉ်အဘိုးကြီးဆီမှ ရယ်မောသံများကို မကြားလိုက်ရဘဲ မကျေမချမ်းဖြစ်ကာ နောင်တရနေသည့် အော်ဟစ်မြည်တမ်းသံကြီးကိုသာ ကြားလိုက်ရ၏။
ဝမ်ပေါင်လဲ့မှာ ထို ဝိညာဉ်အဘိုးကြီးဆီမှ ထွက်ပေါ်လာသည့် အသံများကို ကြားလိုက်ရသောအခါ မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူသည် သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေသည်ဖြစ်ကြောင်း ချက်ချင်းပင် ရိပ်မိသွားတော့သည်။ ဝိညာဉ်အဘိုးကြီးမှာ သူ့အား ထောင်ချောက်ဆင်ထားခဲ့ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် သူသည် သူ၏လက်နှစ်ဖက်အား အလျင်အမြန် ဝှေ့ယမ်းလိုက်၏။ ထိုအခါ ရှဲ့ဟေးရန်၏ ကျောက်စိမ်းပေလွှာနှင့် မီးတောက် ခေါင်းဆောင်ကြီး၏ ကျောက်စိမ်းပေလွှာမှာ သူ၏ ဘယ်ဘက်လက်နှင့် ညာဘက်လက်ထဲ၌ အသီးသီး ပေါ်ပေါက်လာကြတော့သည်။ သူသည် အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုသောကြောင့် မဟုတ်ဘဲ လိုရမယ်ရ အနေနှင့်သာ ၎င်းတို့အား ထုတ်ယူလိုက်ခြင်းဖြစ်သည်။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ ထိုကျောက်စိမ်းပေလွှာနှစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင် တာအိုဂါထာတော်ကိုလည်း စိတ်ထဲတွင် ရွတ်ဖတ်နေလိုက်သေးသည်။
ဝိညာဉ်အဘိုးကြီး၏ ကျင့်ကြံခြင်းအဆင့်မှာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါသော်လည်း သူ၏ မျက်နှာအမူအရာမှာမူ ရှုံ့မဲ့ကာ ရုပ်ဆိုးအကျည်းတန်နေပြီ ဖြစ်သည်။ သူသည် အများကြီး ထိခိုက်နစ်နာဆုံးရှုံးလိုက်ရပြီဟု ခံစားလိုက်ရသဖြင့် နှလုံးသားထဲ၌ မကျေနပ်ချက်များဖြင့် ပြည့်နှက်သွားတော့သည်။
" ခွေးကောင် ဝမ်ပေါင်လဲ့။ မင်း ဘာလို့ အဲဒီ ဝိညာဉ်တွေကို အမှောင်ပညာရပ်နဲ့ မစုပ်ယူခဲ့ရတာလဲကွ "
သူ၏ အော်ဟစ်သံကြီးမှာ လေထဲ၌ ပဲ့တင်ထပ်သွား၏။ သူသည် ထိုဝိညာဉ်များအား စုပ်ယူရန် လုံးဝ စိတ်ကူးမရှိပေ။ ၎င်းတို့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ဖြည့်တင်းပေးရာ၌ အသုံးဝင်ပါသော်လည်း သူသည် တစ်စိတ်တစ်ပိုင်းမျှသာ အားပြန်ပြည့်လာမည် ဖြစ်သည်။ သို့ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား အောင်မြင်စွာ သိမ်းပိုက်ပြီး သူ့ကိုယ်သူ အသက်ပြန်သွင်းနိုင်ရန်သာ ဆန္ဒရှိနေ၏။
သူသည် ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းမှဖြစ်ကြောင်း သိရှိထားပြီး ဖြစ်သော်လည်း ဝမ်ပေါင်လဲ့အား ဝိညာဉ်များဖြင့် သွေးဆောင်ဖြားယောင်းနိုင်ရန် မသိချင်ယောင် ဆောင်ခဲ့ခြင်းဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် လောဘစိတ်များကြောင့် ဆင်ခြင်တုံတရား ပျောက်ကွယ်သွားမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။ အကယ်၍ ဝမ်ပေါင်လဲ့သာ ဆုံးဖြတ်ချက် မှားသွားပြီး စိတ်ကိုအလိုလိုက်၍ ထိုဝိညာဉ်များကိုသာ စုပ်ယူလိုက်မည်ဆိုပါက...
ထို ဝိညာဉ်အဘိုးကြီး၏ ထောင်ချောက်ထဲသို့ တန်းတန်းမတ်မတ် ကျရောက်သွားမည်သာ ဖြစ်သည်။ ထို ဝိညာဉ်များကို ချေဖျက်နိုင်ရန် အချိန်လိုသောကြောင့် ၎င်းတို့မှာ ကျင့်ကြံခြင်းစွမ်းအားများအဖြစ် ချက်ချင်း ပြောင်းလဲသွားနိုင်မည် မဟုတ်ပေ။ ၎င်းတို့မှာ ဝိညာဉ်အဘိုးကြီးနှင့် သွေးမျိုးဆက် တူနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့တစ်ယောက် ၎င်းတို့အား အောင်မြင်စွာ မချေဖျက်နိုင်ခင် သူ၏ခန္ဓာကိုယ်မှာ ထိုဝိညာဉ်များအတွက် မျိုးပွားရာနယ်မြေကြီး တစ်ခုအဖြစ် ပြောင်းလဲသွားမည်သာဖြစ်သည်။
ထိုကဲ့သို့သော မျိုးပွားရာနယ်မြေကြီးမှာ သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်အတွက် အလွန်အင်မတန်မှ အသုံးဝင်ပေသည်။
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ ချေဖျက်ခံထားရခြင်း မရှိသော ဝိညာဉ်များအားလုံးမှာ ဝိညာဉ်အဘိုးကြီးအတွက် အကူအညီတစ်ခုအဖြစ် ပြောင်းလဲသွားမည်လည်း ဖြစ်သည်။ ၎င်းတို့၏ အကူအညီနှင့်သာ ဆိုပါက ဝိညာဉ်အဘိုးကြီးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား အလွယ်တကူသိမ်းပိုက်ကာ သူ့ကိုယ်သူ အောင်မြင်စွာ အသက်ပြန်သွင်းနိုင်သွားမည် ဖြစ်သည်။
သူသည် သူ၏ အကြံအစည် အောင်မြင်နိုင်ရန်အတွက် အလွန်အင်မတန်မှ စိုးရိမ်နေသည့်ပုံစံ ဟန်ဆောင်နေခဲ့၏။ ဝမ်ပေါင်လဲ့တစ်ယောက် ထို ဝိညာဉ်များအား စုပ်ယူခါနီးဆဲဆဲ အချိန်တွင် သူသည် ဝမ်ပေါင်လဲ့ သူ ဟန်ဆောင်နေသည့် အချက်ကို ရိပ်မိသွားမည် စိုးသောကြောင့် ဝိညာဉ်နဂါး ဆယ့်နှစ်ကောင်ကိုပါ ထပ်၍ ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်အဘိုးကြီးမှာ ဝမ်ပေါင်လဲ့အား သူသည် ရှိသမျှ ဝှက်ဖဲအကုန် ထုတ်သုံးကာ လက်ရှိအခြေအနေကြီး တစ်ခုလုံးအား ပြန်၍ အဖတ်ဆယ်နိုင်ရန် ကြိုးစားနေသည်ဟု ထင်မှတ်သွားအောင် အယုံသွင်းရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။
သူသည် ထိုကဲ့သို့ အသေးစိတ်တွက်ချက်မှုများ ပြုလုပ်ကာ ပြင်ဆင်ခဲ့သည့်တိုင်အောင် မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် သူ၏ နှလုံးသားထဲမှ မကျေနပ်ချက်များနှင့် ရန်လိုစိတ်များမှာ ဒေါသစိတ်များအဖြစ် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူသည် သူ၏ မျိုးပွားနယ်မြေကြီးအား ဆုံးရှုံးလိုက်ရပြီဖြစ်ရာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား အတင်းအဓမ္မ သိမ်းပိုက်နိုင်ရန် ကြိုးစားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ အရာအားလုံးမှာ သူ့အတွက် ပို၍ ခက်ခဲသွားပြီဖြစ်သလို ပို၍ အန္တရာယ်များလာပြီလည်း ဖြစ်သည်။
" ဝမ်ပေါင်လဲ့ " သို့သော် ဝိညာဉ်အဘိုးကြီးမှာ အခြားရွေးချယ်စရာ မရှိတော့ပေ။ သူသည် ဒေါသတကြီးဖြင့် အသံကုန်အော်ဟစ်နေရင်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အလယ်အလတ် ထာဝရဝိညာဉ်အဆင့်အထိ ရောက်ရှိသွား၏။ ထိုအချိန်တွင် သူသည် ဆက်လက် မစောင့်ဆိုင်းနိုင်တော့သဖြင့် ရုတ်တရက်ဆိုသလို လှစ်ခနဲလှုပ်ရှားကာ ပျောက်ကွယ်သွားတော့သည်။
သူသည် နဂိုတုန်းက ဝမ်ပေါင်လဲ့ နှစ်ပေါင်းများစွာ လေ့ကျင့်နေခဲ့သည့် နတ်ဆိုးမျက်လုံးပညာရပ်ထဲ၌ ရှိနေခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့်လည်း သူသည် ပြန်လည်ပေါ်ပေါက်လာသည့် အချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ သူ၏ဝိညာဉ်ထဲသို့ ပြန်ရောက်သွားပြီး သူ၏ အသိစိတ်ထဲ၌ ကိန်းအောင်းနေသော ထာဝရကြယ်မီးတောက်ကြီးနှင့် ဂြိုဂ်အဆင့် လက်ဖဝါးကြီးတို့ကို ရှောင်တိမ်းနေတော့သည်။
သူသည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား အတင်းအဓမ္မ သိမ်းပိုက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်၏။
ထိုဝိညာဉ်အဘိုးကြီး သူ၏ ဝိညာဉ်ထဲ၌ ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ ဖျတ်ခနဲ တောက်ပသွား၏။ ထို့နောက် သူသည် သူ စိတ်ထဲတွေကျိတ်၍ ရေရွတ်နေခဲ့သည့် တာအိုဂါထာတော်၏ စွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။ သူသည် ၎င်းတို့အား ဖိနှိပ်အားများအဖြစ် ဘေးပတ်ဝန်းကျင်သို့ ထုတ်လွှတ်လိုက်ခြင်းမဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းထဲသို့ ထုတ်လွှတ်လိုက်ခြင်းဖြစ်၏။
ထို့ကြောင့် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့မှာ သူ၏ ဝိညာဉ်အား မိုးကြိုးရေအချက်ပေါင်းများစွာ ပစ်ခတ်သွားသည့်အလား ခံစားလိုက်ရ၏။ သူ၏ ဝိညာဉ်မှာ အပြင်းအထန်တုန်ရီနေရပြီ ဖြစ်သည်။ သူ၏ ဝိညာဉ်အား ဝါးမျိုရန် ကြိုးပမ်းနေသည့် ဝိညာဉ်အဘိုးကြီးမှာလည်း ထိုတုန်ခါမှုများကို ခံစားလိုက်ရ၏။
" ကျုပ်ရဲ့ ခန္ဓာကိုယ်ကို မောင်ပိုင်စီးဖို့ ကြိုးစားနေတယ်ပေါ့ ဟုတ်လား။ ကျုပ်ကလည်း ခဗျားကို အမိဖမ်းပြီး ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်တဲ့နေရာမှာ သုံးဖို့ ကြံနေတာဗျ " ဝမ်ပေါင်လဲ့၏ ဝိညာဉ်မှာ အားကောင်းသော ဝိညာဉ်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေ၏။ ယခုတွင် သူသည် တော်ဝင်သင်္ချိုင်းကုန်းမှာ သူ့အား ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်ရန် ကူညီပေးနိုင်မည့် နေရာကြီးတစ်ခု ဖြစ်နေရသည့် အကြောင်းအရင်းကို နားလည်သွားပြီ ဖြစ်သည်။ အကယ်၍ သူသည် ထို ဝိညာဉ်အဘိုးကြီးအား ပြင်ပကမ္ဘာထဲ၌ ဖမ်းဆီးခဲ့မည်ဆိုပါက ထို ဝိညာဉ်ကြီးမှာ အလွန်အင်မတန်မှ အားအင်ချည့်နဲ့နေမည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အကျိုးကျေးဇူး အမြောက်အမြား ရရှိနိုင်မည်မဟုတ်ပေ။
သို့သော် သင်္ချိုင်းကုန်းထဲတွင်မူ ထို ဝိညာဉ်အဘိုးကြီးမှာ ဝိညာဉ်ပေါင်း မြောက်မြားစွာကို စုပ်ယူခဲ့ပြီးနောက် ကျင့်ကြံခြင်းအဆင့် အများကြီး တိုးတက်သွားခဲ့သည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ ပို၍ အစွမ်းထက်သော ဝိညာဉ်တစ်ကောင်နှင့် ရင်ဆိုင်ရမည်ဖြစ်ပါသော်လည်း အကယ်၍ သူသာ အောင်မြင်သွားမည်ဆိုပါက သူ ပြန်လည်ရရှိနိုင်မည့် အကျိုးအမြတ်များမှာ တိုင်းတာ၍ မရနိုင်လောက်အောင် ကြီးမားနေမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့တွေးတောနေစဉ် သူ၏ ဝိညာဉ်ထဲ၌ အားပြိုင်မှုကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ မလှုပ်မယှက် ရပ်နေရင်း သူ၏ခန္ဓာကိုယ်အား မြူခိုးများအဖြစ် ပြောင်းလဲသွားလိုက်ပြီးနောက် ၎င်းတို့အား သူ၏ အပြင်ခန္ဓာကိုယ်အဖြစ် ပြန်လည်စုစည်းလိုက်၏။ အပေါ်ယံတွင် ထို လုပ်ရပ်များ အားလုံးမှာ ထူးဆန်းနေခြင်း မရှိပါသော်လည်း သူ၏ ဝိညာဉ်ထဲမှ တိုက်ပွဲကြီးမှာမူ အလွန်အင်မတန်မှ ပြင်းထန်ကာ အန္တရာယ်များနေပြီ ဖြစ်သည်။
ဝိညာဉ်တစ်သန်းမှာ ဒူးထောက်နေဆဲဖြစ်ပြီး ခပ်လှမ်းလှမ်းရှိ နန်းတော်ကြီးထဲမှ ဧကရာဇ်ဆယ့်နှစ်ပါးမှာလည်း ထိုနည်းတူပင်။ အမြင့်ဆုံး ပလ္လင်ပေါ်တွင် မှုန်ဝါးဝါး လူရိပ်ကြီးတစ်ခုအဖြစ် ထိုင်နေသည့် မျက်နှာမဲ့ဧကရာဇ်ကြီးမှာမူ မလှုပ်မယှက် ရှိနေဆဲပင်။
သို့သော် သေသေချာချာ အကဲခတ် ကြည့်ရှုလိုက်မည်ဆိုပါက ထို ပထမဧကရာဇ်ကြီးမှာ အခြားဝိညာဉ်များနှင့် မတူဘဲ ကွဲပြားနေသည်ကို သိလိုက်ရမည်ဖြစ်သည်။ သူသည် အခြား ဧကရာဇ်များကဲ့သို့ ရုပ်အလောင်းတစ်ခု မဟုတ်ဘဲ သူ၏ သခင် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည့် လူသားပုံစံ ချပ်ဝတ်တန်ဆာကြီးတစ်ခုသာ ဖြစ်သည်။
နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် အလွန်အင်မတန်မှ ဝေးကွာသော စကြဝဠာကြီးထဲရှိ ဝမ်ပေါင်လဲ့ သွားခဲ့ဖူးသည့် ဈေးထဲ၌ ရှဲ့မိသားစု၏ ဈေးဆိုင်တစ်ဆိုင် ရှိနေ၏။ ရှဲ့ဟေးရန်မှာ မှုန်ကုပ်ကုပ် မျက်နှာအမူအရာဖြင့် ထိုဈေးဆိုင်ထဲ၌ ထိုင်နေရင်း စားပွဲပေါ်ရှိ ကျောက်စိမ်းပေလွှာတစ်ခုမှ ထုတ်လွှတ်နေသော အနက်ရောင် ပုံရိပ်ကြီးတစ်ခုကို စိုက်ကြည့်ကာ နှုတ်ဆိတ်နေသည်။
သူသည် ဝမ်ပေါင်လဲ့ တော်ဝင်သင်္ချိုင်းကုန်း၏ အတွင်းပိုင်းထဲသို့ ရောက်ရှိသွားခဲ့ပြီးနောက် မည်သည့် ထုတ်လွှင့်မှုကိုမှ မမြင်ရတော့ပေ။ ရှဲ့မိသားစုမှာ တန်ခိုးအာဏာ ကြီးမားသည့်တိုင်အောင် စကြာဝဠာကြီးထဲ၌ သူတို့ ဖောက်ထွက်နိုင်စွမ်းမရှိသော အရာများ ရှိနေဆဲပင်။
နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ ပထမဆုံးဧကရာဇ်ကြီး၏ ရုပ်တုမှာလဲ ထိုအရာများထဲ၌ ပါ၏။
လျှို့ဝှက်ဆန်းကြယ် နတ်မျက်လုံးလူမှုအဖွဲ့အစည်းမှာ ထို ရုပ်တုကြီးကြောင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းနှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့သလို ရှဲ့ဟေးရန်၏ အာရုံကိုလည်း ဖမ်းစားနိုင်ခဲ့ခြင်း ဖြစ်သည်။
" နတ်မျက်လုံး လူမှုအဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်က တကယ်ပဲ အဲဒီ ဒဏ္ဍာရီလာ နေရာကြီးနဲ့ ဆက်နွယ်နေတာလား။ ဝမ်ပေါင်လဲ့ရာ။ မင်း ဘာလို့ ဒီလောက်အထိ ခေါင်းမာရတာလဲ။ ငါ ရှင်းရှင်းလင်းလင်း ကြည့်ခွင့်ရအောင် ငါ့ဆီကနေ အကူအညီ လှမ်းတောင်းလိုက်စမ်းပါကွ... " ရှဲ့ဟေးရန်မှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ရှုပ်ထွေးနေရပြီ ဖြစ်သည်။ သူ၏ရှေ့တွင်ထိုင်နေသည့် အဘိုးကြီးမှာမူ သက်ပြင်းချလိုက်၏။ သူသည် ထိုကျောက်စိမ်းပေလွှာကို ကောက်ယူလိုက်ပြီးနောက် ခေါင်းမော့လာပြီး ရှဲ့ဟေးရန်အား စိုက်ကြည့်နေလိုက်တော့သည်။
" သခင်လေး။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက စပြီးတော့ လှုပ်ရှားနေပြီနော်။ နတ်မျက်လုံးလူမှုအဖွဲ့အစည်းရဲ့ တော်ဝင်မျိုးနွယ်စုက ယဇ်ပူဇော်ပွဲတစ်ပွဲ ကျင်းပတော့မှာ။ နောက်နာရီဝက်နေရင် နတ်မျက်လုံးလူမှုအဖွဲ့အစည်းရဲ့ ထာဝရကြယ်မျက်လုံးထဲကနေ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲက ကျင့်ကြံသူတွေရဲ့ ပထမဆုံးအသုတ် ရောက်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီအချိန်ကျရင် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှာ စစ်ဖြစ်သွားမှာပဲ။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲက ကျင့်ကြံသူတွေရဲ့ ပထမဆုံး အသုတ်ထဲမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူသုံးယောက် ပါလာမှာ "