ပိအန်းပန်း ပွင့်လာခြင်း
Vol. 78 Ch. 1083
“ ဒါက ကျင့်ကြံရေး ရတနာနယ်မြေရော ဟုတ်ရဲ့လား ” မိုဝူကျိက ခွန်းယွင် စကားများကို သံသယ ဖြစ်လာမိ၏။
ခွန်းယွင်က လက်ခါကာ ဖုန်ရှင်းလင်းရေး မန္တန်ကို ထုတ်သုံးလိုက်သည်။ ထို့နောက် သူက ရယ်မောကာ
“ ဘယ်ဟုတ်ပါ့မလဲ … ဒါက နတ်ဘုရားသင်္ချိုင်းဂူလေ။ ငါတို့ သွားမဲ့နေရာက နတ်ဘုရား နားခိုရာနယ်မြေလို့ ခေါ်တယ်။ ငါတို့ နတ်ဘုရား နားခိုရာနယ်မြေ ရောက်တဲ့အခါ တကယ့် ပါရမီရှင်တွေနဲ့ ပညာရှင်တွေက မင်း ရေတွက်နိုင်တာထက်တောင် ပိုတယ်ဆိုတာကို သိလာလိမ့်မယ်”
မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ခွန်းယွင်ထံ ကျောက်စိမ်းပေလွှာတစ်ခု ပေးလိုက်သည်
“ ဒါက ကျုပ်ရဲ့ မဟာဖျက်စီးရေး ပညာရပ်ရဲ့ အစိတ်အပိုင်းလေး တစ်ခုပဲ။ ခင်ဗျား ပြောသလိုဆိုရင်တော့ အသေးစား ဖျက်စီးရေး ပညာရပ်ပေါ့ … အခု ကျုပ်ကို တာအိုအုပ်စိုးသူ အရှင်အမှောင်ထု ကူရှင်းရန်ဆီ ခေါ်သွားပေးတော့ ”
“ ကိစ္စမရှိဘူး … ငါ့ဆီသာ အပ်ထားလိုက် ” ခွန်းယွင်က ကျောက်စိမ်းပေလွှာကို လက်ခံယူပြီးနောက် ရင်ဘတ်ပုတ်ကာ ပြောလိုက်သည်။ ထို့နောက် သူက အိုးကို ကောက်ကာ ပြေးသွားလိုက်သည်။ မိုဝူကျိနှင့် ယှဉ်လျှင် သူက နတ်ဘုရား နားခိုရာ နယ်မြေသို့ ရောက်ဖို့ ပို၍ စိတ်အားထက်သန်နေသေး၏။
……………
နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်
နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာပြီးနောက် ကြီးကြီးမားမား သက်ရောက်မှု မခံလိုက်ရသည့် တစ်ခုတည်းသော နေရာ ဖြစ်၏။
နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်သည် အမြဲတမ်းလိုလို နတ်ဘုရားကုန်းမြေရှိ တခြားနေရာများနှင့် ယှဉ်လျှင် စည်းမည်းများက ပိုမို ပြည့်စုံခဲ့သည်။ ထို့ကြောင့် နတ်ဘုရားကမ္ဘာ ပြန်လည်ကောင်းမွန်လာစဉ်အခါက စည်းမျည်း အပြောင်းအလဲ အနည်းငယ်မျှသာ ရှိလိုက်ပြီး နေရာတော်တော်များများမှာ ယခင်အတိုင်း ကျန်ရှိနေပေသည်။
သေမျိုးနယ်မြေသည်လည်း အတူတူ ဖြစ်ကာ ပြောင်းလဲမှု များများစားစား မရှိချေ။ ယခင် မိုဝူကျိ ခင်းကျင်းပေးခဲ့သည့် ကာကွယ်ရေး အစီအရင်မှာ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာစဉ်အတွင်း ပျက်စီးသွားခဲ့သော်လည်း ပိုင်ယွဲ့ ရှိနေသည့်အတွက် ချက်ချင်း အသစ်ခင်းကျင်းနိုင်လိုက်သည်။
ယခု နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်ရာ ပိုင်ယွဲ့က အစောပိုင်း လောကနတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ ကျန်လူများနှင့် ယှဉ်လိုက်လျှင် သေးငယ်သော ကျင့်ကြံဆင့် တိုးတက်မှုလေး ဖြစ်သော်လည်း သူတို့နှစ်ယောက် ကောင်းကင်နတ်ဘုရားအဆင့် ရှိစဉ်ထက် အခြေအနေ ပိုကောင်းပေသည်။
ပိုင်ယွဲ့က သူ့နိမ့်ကျသော ကျင့်ကြံဆင့်ကြောင့် သေမျိုးနယ်မြေမှ ထွက်လိုက်လျှင် ဖိနှိပ်ခံရမည်ကို သိထား၏။ ထို့ကြောင့် သူက သေမျိုးနယ်မြေမှ သိပ်ထွက်မသွားဖြစ်ဘဲ တံခါးပိတ် ကျင့်ကြံခြင်းနှင့်သာ အချိန်ကုန်လေ့ ရှိသည်။ ထိုအကြောင်းအရင်းကြောင့် သူက နတ်ဘုရားကမ္ဘာ၌ မိုဝူကျိ၏ လုပ်ဆောင်ချက်များကို မသိထားသေးပေ။
သူ သိထားသည်က မိုဝူကျိက တာဝန်လက်ခံပြီးနောက် ပျောက်ဆုံးသွားခြင်းသာ ဖြစ်၏။ သူ့လက်ရှိ အနေအထားဖြင့် မိုဝူကျိအတွက် လက်စားချေပေးဖို့ရာ မဖြစ်နိုင်သေးသလို သေမျိုးနယ်မြေမှ ထွက်၍ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကိုလည်း မစုံစမ်းနိုင်သေးပေ။ ယခုလက်ရှိ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူ့ကျင့်ကြံဆင့်ကို ဆက်တိုက် တိုးမြင့်နေဖို့သာ ဖြစ်၏။
ထိုစဉ် မီးခိုးရောင် ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦးက နိဗ္ဗာန်တာအိုမြို့ ဂိတ်ပေါက်သို့ ရောက်ရှိလာသည်။ သူမက ခေါင်းမော့ကြည့်လိုက်သည့်အခါ ကြီးကျယ်ခမ်းနားလှသော “ နိဗ္ဗာန်တာအိုမြို့” ဟူသော စာလုံးများကို တွေ့လိုက်ရကာ တိတ်ဆိတ်သွားလေ၏။ ထိုစာလုံးများသည် သူမ နှစ်တစ်သောင်းကျော် ရှာဖွေနေသည့် အရိပ်အယောင် အငွေ့အသက်တို့ ဖြစ်နေသည်။
နိဗ္ဗာန်တာအိုမြို့သည် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကဲ့သို့ ဖြစ်ကာ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာပြီးနောက် ပြောင်းလဲမှု ကြီးကြီးမားမား မရှိပေ။ ထို့အပြင် နတ်ဘုရားကုန်းမြေ၌ အကြီးမားဆုံး မြို့တော် ဖြစ်နေသေး၏။
ထို မီးခိုးရောင် ဖျော့ဖျော့ ဝတ်စုံနှင့် မိန်းမပျိုလေးက ထိုစာလုံးများကို အမွေးတိုင်ဝက်စာခန့်လောက် ငေးကြည့်နေပြီးနောက် မြို့ထဲ လမ်းလျှောက်ကာ ဝင်သွားလိုက်သည်။
နိဗ္ဗာန်တာအိုမြို့ထဲ ဝင်လာပြီးနောက် သူမက တာဝန်ရေးရာ အဖွဲ့အစည်းဆီ အရင်ဆုံး သွားလိုက်သည်။
“ ဒီက စီနီယာအစ်မက အလုပ်လာအပ်တာလားရှင့် ” ဧည့်ကြိုကောင်တာတွင် အတော်လေး ငယ်ရွယ်ဟန် ပေါ်သည့် ဝတ်စုံနီနှင့် အမျိုးသမီးတစ်ဦး ရှိနေသည်။ ထိုမိန်းကလေးက မီးခိုးရောင် ဖျော့ဖျော့ ဝတ်စုံနှင့် မိန်းမပျိုလေး၏ ကျင့်ကြံဆင့်သည် သူမထက် မြင့်မားကြောင်း အာရုံခံမိလိုက်သည်။ သူမက နောက်ပိုင်း ကောင်းကင်နတ်ဘုရားအဆင့် ဖြစ်လောက်၏။
မီးခိုးဖျော့ ဝတ်စုံနှင့် မိန်းမပျိုလေးက မြန်မြန် ဦးညွှတ်ကာ
“ မိုဝူကျိလို့ ခေါ်တဲ့ လူတစ်ယောက် သတင်းအကြောင်း စုံစမ်းချင်လို့ပါ။ ကျွန်မ ကြားတာတော့ သူက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် စစ်ဆေးမှုမှာ ဝင်ဖြေခဲ့ပြီးတော့ ဝင်ခွင့် ရသွားခဲ့တယ်ဆို … ”
“ အာ …” ဝတ်စုံနီနှင့် မိန်းကလေးက တအံ့တဩ ရေရွတ်လိုက်ပြီးနောက် မြန်မြန် ပြောပြလိုက်သည်
“ စီနီယာအစ်ကိုမိုကို သိတာပေါ့။ သူက စစ်ဆေးမှုမှာ ဝင်ဖြေပြီးတော့ အောင်သွားခဲ့တယ်လေ။ ပြီးတော့ သူက အဆင့် ၂၂ တောင် ရသွားသေးတာ … အစ်မရဲ့ အချက်အလက်တွေက မှန်ပါတယ်။ သူက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲ ဝင်ခွင့် ရသွားတယ်လေ။
ဒါပေမဲ့ သူက သေမျိုးနယ်မြေကို ရွေးချယ်သွားပြီးတဲ့နောက် သူ့သတင်း သိပ်မကြားရတော့ဘူး။ ဒါနဲ့ သူ့ဆီမှာ နောက်ထပ် နာမည်လွဲတစ်ခု ရှိသေးတယ် … နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ တဲ့။ အဲဒါက စစ်ဆေးမှုတုန်းက သူ သုံးတဲ့ နာမည်လေ ”
ဝတ်စုံနီနှင့် မိန်းကလေးက ထိုအချက်အလက်များ တစ်ခါတည်း ဆက်တိုက် ပြောပြလိုက်သည်။ ထိုအချက်အလက်များမှာ နတ်ဘုရားကုန်းမြေရှိ အများစု သိကြသော သတင်းများသာ ဖြစ်၏။
“ ဟုတ်တယ် … ဟုတ်တယ် အဲဒါ သူပဲ … အခုရော သူ ဘယ်မှာလဲ။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲမှာ ရှိသေးလား ” မီးခိုးဖျော့ ဝတ်စုံနှင့် မိန်းမပျိုလေးက ဝတ်စုံနီ မိန်ကလေး၏ လက်ကို စိတ်လှုပ်ရှားစွာ ဆွဲလိုက်ပြီး မေးလိုက်သည်။ သူမအသံမှာ အနည်းငယ် အက်နေပြီး မျက်ဝန်းမှလည်း မျက်ရည်များ သွန်းဖြိုးလာလေ၏။
ဘယ်လောက်တောင် ကြာသွားပြီလဲ ….
သူမက သခင်လေးဖြစ်သူကို အမြဲတမ်း လိုက်ရှာနေခဲ့သည်။
ကျန်းရှင်းမှ အင်မော်တယ်လောကအထိ၊ အင်မော်တယ်လောကမှ နတ်ဘုရားနယ်မြေအထိ ….
ဤတစ်လျှောက်လုံး သူမက သခင်လေး၏ သတင်းအစအနသာ ကြားခဲ့ရသည်။ ထိုသတင်းအစအနလေးဖြင့် သူမက နိဗ္ဗာန်တာအိုမြို့အထိ ရောက်ရှိလာခြင်း ဖြစ်ပေသည်။
ဝတ်စုံနီနှင့် မိန်းကလေးပင် သူမဆီမှ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို ခံစားမိလိုက်၏။
“ အစ်မက သူ့ရဲ့ တာအိုလက်တွဲဖော်လား ” ဝတ်စုံနီနှင့် မိန်းကလေးက ကျင့်ဝတ်မရှိသည့် မေးခွန်းကို မမေးဘဲ မနေနိုင်တော့ချေ။ သူမက မီးခိုးဖျော့ ဝတ်စုံလေးနှင့် မိန်းမပျို၏ စိတ်ဆန္ဒများကြောင့် ရင်ထဲ ထိမိသွားသည်။
ထိုမီးခိုးဖျော့ ဝတ်စုံနှင့် မိန်းမပျိုက ရှက်ရွံ့စွာ ပြုံးလိုက်ရင်း ချက်ချင်း ခေါင်းခါကာ “ မဟုတ်ပါဘူး … သူက ကျွန်မရဲ့ သခင်လေးပါ ”
“ ဘယ်လို …” ထိုဝတ်စုံနီနှင့် မိန်းကလေးက မိန်းမပျိုလေးအား မယုံနိုင်ဖွယ် ကြည့်လိုက်သည်။ ထိုမီးခိုးဖျော့ ဝတ်စုံနှင့် မိန်းမပျိုလေးသည် အမှန်အတိုင်း ပြောနေမှန်း သိသာလှသည်။ သို့သော်လည်း နောက်ပိုင်း ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက် အစေခံ မိန်းကလေး တစ်ဦး ဖြစ်ကြောင်း ပြောနေသည်လား။
ဘယ်လောက်တောင် သစ္စာရှိတာပါ့လိမ့် ….
မီးခိုးဖျော့ ဝတ်စုံနှင့် မိန်းမပျိုလေးက ယန်အာ ဖြစ်၏။ ဤနှစ်ပေါင်းတစ်သောင်းကြာပြီးနောက် သူမက နေရာမျိုးစုံ ရောက်ကာ သေခြင်းရှင်ခြင်း နယ်နမိတ်ကိုလည်း အကြိမ်ကြိမ် ဖြတ်ကျော်ခဲ့ရသည်။ မပြောင်းလဲသည့် တစ်ခုတည်းသော စိတ်ဆန္ဒမှာ သူမ၏ သခင်လေး မိုဝူကျိကို ရှာဖို့ ဖြစ်၏။
ယခင် သူမ၏ ထိပ်တန်းအဆင့် သစ်သားဝိညာဉ်ကြော ဖျက်စီးခံခဲ့ရစဉ်အခါက သူမ သခင်လေးက သူမကို ကယ်ဖို့ရာအတွက် သူ့အသက်ကို စတေး၍ သဘာဝငါးမျိုး ကင်းမဲ့နယ်မြေထဲ ဝင်သွားခဲ့သည်။ ထိုအရာက သူမအသက်ကို ကယ်တင်ပေးခဲ့ရုံသာမက သူမဝိညာဉ်ကြောများပင် တိုးတက်ပြောင်းလဲကာ သာလွန်ဝိညာဉ်ကြော ဖြစ်လာခဲ့သည်။
သို့သော်လည်း ထိုအဖြစ်အပျက်ကြောင့် သူမ၏ သခင်လေးအား မေ့လျော့သွားခဲ့၏။
ထိုသို့ဆိုလျှင်ပင် သူမ သခင်လေးတွင် ဘာနောင်တမှ မရှိသလို မကျေနပ်ချက်များလည်း မရှိပေ။ ယခင် မိုးကြိုးမြူတောအုပ်အတွင်း သူက သူမကို နောက်တစ်ကြိမ် ထပ်ကယ်ပေးခဲ့ပြန်သည်။ သူ့စကားများက ယခုအချိန်အထိ သူမ နားထဲ ကြားယောင်နေဆဲ ဖြစ်၏ “ ကြိုးကြိုးစားစား အသက်ရှင်ပါ ”
စကြဝဠာကြီးထဲ၌ ဤသို့သော သခင်လေးမျိုးက သူတစ်ယောက်တည်းသာ ဖြစ်လိမ့်မည်။
မည်သိုပင် ဖြစ်စေကာမူ သူမက သခင်လေးအား ရအောင် ရှာမည်။ မဟုတ်သေးဘူး သူမက သခင်လေးကို မတွေ့တွေ့အောင် ရှာမည်။ ထို့နောက် သူမက သူ့စကားများကို နားထောင်ခဲ့ပြီး ယနေ့အထိ ကြိုးကြိုးစားစား အသက်ရှင်ခဲ့ကြောင်း ပြောပြမည်။
“ သခင်လေး ဘယ်မှာရှိနေလဲဆိုတာ ပြောပြလို့ ရမလား။ သူက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲမှာ ရှိနေတုန်းလား ” ယန်အာအသံက အနည်းငယ် တုန်ယင်နေလေ၏။
ထိုဝတ်စုံနီနှင့် မိန်းကလေးက ယန်အာ၏ သခင်လေးဖြစ်သူအပေါ် ထားရှိသည့် နက်ရှိုင်းမှုတို့ကို ခံစားမိပေသည်။ ထို့ကြောင့် သူမက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်
“ စီနီယာအစ်ကိုကြီးမိုက အရမ်းကို ထူးချွန်တဲ့သူပါ။ ဒါပေမဲ့ သေမျိုးနယ်မြေကို ရွေးချယ်ခဲ့တယ်။ သေမျိုးနယ်မြေက အနာဂတ်မရှိတဲ့ ကျတ်တီးမြေလေ။ ပြောကြတာတော့ စီနီယာအစ်ကိုကြီးမိုက သေမျိုးနယ်မြေထဲ ဝင်သွားပြီးတဲ့နောက် သတင်းမကြားရတော့ဘူးတဲ့ …
ဒါပေမဲ့ တစ်ချို့လူတွေက စီနီယာအစ်ကိုကြီးမိုက တာဝန်တစ်ခု လုပ်နေရင်း ပျောက်ကွယ်သွားခဲ့တယ်တဲ့ …. ”
“ မဖြစ်နိုင်တာ ” ယန်အာက ကျယ်ကျယ်လောင်လောင် ပြောမိသည်ကို သတိမထားမိတော့ပေ။ သူမ စကားများက လူအုပ်၏ အာရုံကို ဖမ်းစားသွားလေ၏။
ယန်အာက ထိုအရာကို သတိပြုမိပြီး မြန်မြန် တောင်းပန်လိုက်သည် “ တောင်းပန်ပါတယ် … ဒါနဲ ကျွန်မက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲ ဘယ်လို ဝင်လို့ ရမလဲ သိခွင့် ရှိမလား ”
ဝတ်စုံနီနှင့် မိန်းကလေးက ယန်အာကို မဆူရက်ပေ။ သူမက ခေါင်းသာ ခါလိုက်ပြီး စိတ်ထဲ၌သာ တွေးလိုက်မိသည်။
နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲ ဝင်ဖို့ ဘာလို့ အဲလောက် လွယ်နေမှာလဲ …
သူမက ယန်အာကို မည်သို့ ဆက်ပြောရမှန်း တွေးတောနေစဉ် အဖွဲ့အစည်း အဆောက်အဦး အပြင်ဘက်မှ စူးရှရှအော်သံကို ကြားလိုက်ရသည်။ အဆောက်အဦးအတွင်းရှိ ကျင့်ကြံသူအားလုံးက အပြေးအလွှား ထွက်လာကြရာ ယန်အာရှေ့တွင် ရှိနေသော ဝတ်စုံနီနှင့် မိန်းကလေးပင် အရာအားလုံးကို လျစ်လျူရှုကာ ပြေးထွက်သွားလေ၏။
ယန်အာလည်း လူအုပ်ကြီးနောက်မှ လိုက်သွားကာ လမ်းမပေါ်သို့ ရောက်သွားသည်။ အားလုံးက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကိုသာ ကြည့်နေကြသည်။
ကျောင်းတော်အထက်၌ မီတာသုံးရာ နီးပါးရှိသည့် အနီရောင်ပန်းတစ်ပွင့် ရှိနေသည်။ ထိုပန်းအနီမှ ရွှေရောင်အလင်းများ ဆက်တိုက် ထွက်ပေါ်နေရာ နိဗ္ဗာန်တာအိုမြို့မှာ အနည်းငယ် ကွာဝေးသော်လည်း အားလုံးက ထိုပန်းပွင့်ဆီမှ ကြည်လင်ပြတ်သားသော တာအိုစွမ်းအားများကို ခံစားမိကြ၏။
အဝေးရှိ ကျင့်ကြံသူတချို့ပင် သူတို့ကျင့်ကြံဆင့် ချိုးဖျက်တက်လှမ်းသွားကြသည်။
ထိုပန်းအနီက ဆက်တိုက် ကျယ်ပြန့်လာလေ၏။ မကြာခင် မီတာသုံးထောင်နီးပါးအထိ ရောက်ရှိလာသော်လည်း ကန့်သတ်ချက် မရောက်သေးပေ။
“ အဲဒါ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ နိဗာနပန်းပွင့်ပဲ … ”
“ မဟုတ်ဘူး … နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကြောင် အဲဒီ နာမည် တွင်နေတာ … တကယ့်နာမည်က ပိအန်းပန်းတဲ့ ”
ခဏတာ ဆွေးနွေးပြီးနောက် ကျင့်ကြံသူအများစုက အဖြစ်အပျက်ကို နားလည်သွားကြသည်။ ယခင် နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာစဉ်အခါက မြောက်များစွာသော ကျင့်ကြံသူတို့သည် အခွင့်အရေးကောင်းများစွာ ရရှိခဲ့ကြ၏။ ယခု နောက်ထပ် အခွင့်အရေးတစ်ခုက သူတို့ရှေ့ ရောက်လာပြန်ပြီ မဟုတ်ပါလော။
ပိအန်းပန်းက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် အထက်တွင် ရှိနေသော်လည်း ကျင့်ကြံသူအများအပြား ရောက်လာကြသေးသည်။ ပိအန်းပန်းက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်မှ ဝေးဝေးသို့ ရွေ့လျားနေသည့် အကြောင်းကို ထည့်မပြောလျှင်ပင် ကျောင်းတော်အပေါ်၌ တည်မြဲနေလျှင်ပင် မည်သူကမှ ထိုအခွင့်အရေးအား လက်လွှတ်ခံမည် မဟုတ်ကြပေ။
ယန်အာလည်း အပြေးအလွှား သွားလိုက်သည်။
သူမ တစ်ယောက်တည်း ကြာရှည်စွာ သွားလာပြီးနောက် အင်အားက မည်မျှ အရေးပါကြောင်း ကောင်းကောင်း သိလာသည်။ သူမက ကောင်းကင်နတ်ဘုရား အဆင့် ၉ မျှသာ ရှိနေသေး၏။ သူမအတွက် အင်အား မြင့်တင်ဖို့ရာကာ အလွန်အရေးပါပေသည်။
ယန်အာက နိဗ္ဗာန်တာအိုမြို့မှ ထွက်လိုက်ပြီးနောက် ရုတ်ချည်း ရပ်တန့်လိုက်သည်။ အကြောင်းမှာ ပုံရိပ်တစ်ခုက အလွန်မြန်သည့် အလျှင်နှုန်းတစ်ခုဖြင့် အားလုံးကို ဖြတ်ကျော်သွား၍ ဖြစ်သည်။
သူမက ထိုလူအား မှတ်မိပေသည်။ သူက လိန်ဟုန်ကျီ ဖြစ်၏။ သူမက လိန်ဟုန်ကျီသည် သခင်လေး၏ ရန်သူ ဖြစ်ကြောင်းလည်း သိထားသည်။ လိန်ဟုန်ကျီ ပြသွားသည့် အမြန်နှုန်းအရ သူမထက် များစွာ အားကောင်းသည်မှာ သိသာလှသည်။
ယန်အာက ခဏတာ တွေဝေနေပြီးနောက် သူမ မျက်နှာကို ပုဝါပါးလေးနှင့် ကာထားလိုက်သည်။ ထို့နောက် သူမလည်း လူအုပ်ကြီးနှင့်အတူ ပန်းပွင့်ဆီသို့ ဦးတည်လိုက်၏။
လိန်ဟုန်ကျီက အလွန်အားကောင်းလာပြီ ဖြစ်၏။ အကယ်၍ သူမသာ ကျင့်ကြံဆင့်ကို မမြင့်တင်လျှင် သခင်လေးအား မည်သို့ ကူညီပေးနိုင်မည်နည်း။
***