မဟာဝိဇ္ဇာအရှင်နှင့် ပထမဆုံး ထိပ်တိုက် တွေ့ဆုံမှု
Vol. 78 Ch. 1086
“ တက်လာခဲ့လေ ” နွေးထွေးညင်သာသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အထက်မှ ရွှေရောင်လမ်းတစ်ခု ကျဆင်းလာကာ မိုဝူကျိနှင့် ခွန်းယွင်ရှေ့မှောက် ရောက်ရှိလာသည်။
မိုဝူကျိက မိုးမြေတာအိုစည်းမျည်းများအပေါ် အာရုံခံစားမှု ကောင်းလွန်းပေသည်။ ထိုရွှေရောင်လမ်း ပေါ်လာသည်နှင့် သူက ယခင် တစ်ခါမှ မကြုံတွေ့ဖူးသည့် တာအိုစည်းမျည်းဖြစ်ကြောင်း တန်းသတိထားမိလိုက်သည်။ မူလက သူသည် ခွန်းယွင်ကို မေးကြည့်ချင်သော်လည်း ခွန်းယွင်သည် စကားပြောလိုစိတ် မရှိဘဲ ထိုလမ်းကြောင်းအပေါ် ခေါင်းငုံလျက် တက်သွားသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် မိုဝူကျိက မတတ်နိုင်တော့ပေ။
မဟုတ်သေးဘူး …. မိုဝူကျိက ရွှေရောင်လမ်းပေါ် ခြေချလိုက်သည်နှင့် အန္တရာယ်ရှိသည့် ခံစားချက်တစ်ခု ကြီးစိုးလာသည်။
မိုဝူကျိက နောက်ပြန်ဆုတ်ဖို့ တုံ့ဆိုင်းမနေပေ။ နှစ်များစွာ ကြုံတွေ့ခံစားပြီးနောက် သူက အာရုံခြောက်ပါး၌ ပြင်းထန်သော ယုံကြည်ချက် ရှိလာသည်။
တစ်ချိန်တည်းတွင် ခွန်းယွင်လည်း ရွှေရောင်လမ်းပေါ်မှ ဆင်းလိုက်သည်။ သူက ဦးညွှတ်၍ ပြောလိုက်၏
“ မဟာဝိဇ္ဇာအရှင် … ခွန်းယွင်ရဲ့ လက်ရှိ ကျင့်ကြံဆင့်က အရမ်းနိမ့်နေပါသေးတယ်။ တကယ်လို့ ကျုပ် ဝိဇ္ဇာတောင်ဆီ ဒီလို ဝင်လာလိုက်ရင် မဟာဝိဇ္ဇာအရှင်ကို မလေးမစားသလို ဖြစ်သွားပါလိမ့်မယ်။ မဟာဝိဇ္ဇာအရှင်ဆီကနေ ကျုပ် အပ်နှံ့ခဲ့တဲ့ ပစ္စည်းလေးတွေ ပြန်တောင်းဆိုချင်လို့ပါ … ခွန်းယွင် ကျင့်ကြံဆင့် ပြန်ကောင်းလာတာနဲ့ မဟာဝိဇ္ဇာအရှင်အတွက် ပြန်လာပြီး အလုပ်လုပ်ပေးပါ့မယ် ”
ခွန်းယွင်က မည်သို့ လူစားမျိုး ဖြစ်သနည်း။ သူက ထိုရွှေရောင်လမ်းကား တစ်ခုခု မှားယွင်းနေကြောင်း သတိမပြုမိပေ။ သို့သော်လည်း မိုဝူကျိက လူသားတာအိုကို ကျင့်ကြ့သည့်အတွက် မိုဝူကျိသာ တစ်ခုခုကို သတိပြုမိလျှင် တစ်စုံတစ်ခု မှားယွင်းနေသည်မှာ ဖြစ်လာနိုင်ခြေ ရှိ၏။ သူ့တွင် ထောင်ထျဲ့အိုးရှိနေပြီး မဟာဝိဇ္ဇာအရှင် သူ့အား တစ်ခုခု လုပ်မည်ကို မကြောက်သော်လည်း မိုဝူကျိ စကားများကိုတော့ ယုံကြည်မိသည်။ ဘေးကင်းဖို့က ပို၍ အရေးကြီးပေသည်။
မဟာဝိဇ္ဇာအရှင်က သဘောထားကြီးကာ မျှတသည်မှာ အမှန်ဖြစ်သော်လည်း နှစ်များစွာ ကြာမြင့်ပြီးပြီ ဖြစ်၍ မဟာဝိဇ္ဇာအရှင် မည်သို့ ပြောင်းလဲသွားမည်ကို မည်သူက သိမည်နည်း။ မဟာဝိဇ္ဇာအရှင်ကို ထည့်ပြောနေဖို့ မလိုပေ။ သူ ခွန်းယွင်ပင် ပြောင်းလဲသွားသည် မဟုတ်ပါလော။ အကယ်၍ တစ်ယောက်ယောက်သာ မိုဝူကျိလိုမျိုး သူ့အား ဆက်ဆံလာလျှင် ထိုလူ၏ ဝိညာဉ်ကို ဆွဲနှုတ်ကာ မီးအိမ် လုပ်ပစ်လိုက်မည် ဖြစ်၏။ မိုဝူကျိလို လူမျိုးနှင့် အဘယ်ကြောင့် အလုပ်တွဲလုပ်မည်နည်း။ ထို့အပြင် သူက မိုဝူကျိထံ ကျင့်ကြံရေးအရင်းအမြစ်များစွာကို အဘယ်ကြောင့် ပေးမည်နည်း။
“ ကောင်းပြီလေ .. ဒီမှာ မင်းပစ္စည်းတွေ။ မင်း သွားပြီးတော့ ကျင့်ကြံချည်တော့ ….. တကယ်လို့ တစ်ခုခု လိုအပ်တာရှိရင် ငါ့ကို လာရှာလို့ ရတယ် ” မဟာဝိဇ္ဇာအရှင်က ပြောလိုက်ရင်း ကောင်းကင်ယံမှ သိုလှောင်လက်စွပ်တစ်ကွင်းက ပေါ်လာကာ ခွန်းယွင်ရှေ့ လွှင့်မျှောလာသည်။
ခွန်းယွင်က လက်စွပ်ကို လက်ခံထားလိုက်၏။ သူက အထဲကို စစ်ဆေးမကြည့်ဘဲ ကျေးဇူးတင်စွာ အရိုအသေ ပေးလိုက်ပြီးနောက်
“ ခွန်းယွင်ရဲ့ ရတနာတွေကို လုံလုံခြုံခြုံ သိမ်းဆည်းပေးထားတဲ့အတွက် မဟာဝိဇ္ဇာအရှင်ကို ကျေးဇူးတင်ပါတယ်။ ခွန်းယွင် ဒီကျေးဇူးကြွေးကို သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်။ ခွန်းယွင် အခု သွားလိုက်ပါဦးမယ်။ မဟာဝိဇ္ဇာအရှင် အဆုံးမဲ့ကြွယ်ဝမှုတို့ကို ပိုင်ဆိုင်ပါစေသား … ”
“ မင်း သွားပြီးတော့ ကျင့်ကြံတော့လေ။ နတ်ဘုရားသင်္ချိုင်းဂူကနေ ထွက်သွားပြီးတော့ မင်းနဲ့ သင့်တော်တဲ့ ခန္ဓာကိုယ် ရလာတာက မင်းရဲ့ ကံကောင်းမှုပဲ … မင်းနဲ့ အတူတူလာတဲ့ ဒီ မိုဝူကျိကတော့ နေရစ်ခဲ့ရမယ် ”
ခွန်းယွင်က နှလုံးခုန်နှုန်းပင် မြန်လာမိကာ မြန်မြန် ပြောလိုက်သည်
“ မိုဝူကျိက ငယ်သေးလို့ အပြုအမူတွေကို မသိသေးတာပါ။ မဟာဝိဇ္ဇာအရှင် သဘောထားကြီးကြီးနဲ့ သူ့ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ် ”
မိုဝူကျိက သူ့အရေးကြီးဆုံး အသက်ကယ်ပေါက် ဖြစ်၏။ အကယ်၍ မိုဝူကျိသာ တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင် သူ့အနေနှင့် ဤနေရာတွင် ဆက်လက် နေဖို့ အဓိပ္ပါယ်မရှိတော့ပေ။ အကယ်၍ မဟာဝိဇ္ဇာအရှင်က သူ နတ်ဘုရာ နားခိုရာနယ်မြေ ရောက်နေသည့်အချက်ကို သိနေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ဤနေရာသို့ သေချာပေါက် လာမည် မဟုတ်ပေ။
“ သူ ယဉ်ကျေးမှု မရှိတာကို အပြစ်မတင်ပါဘူး။ သူ ပိုင်းခုတ်လိုက်တဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်က ငါ့တပည့်တစ်ယောက်ပဲ … နတ်ဘုရား နားခိုရာနယ်မြေက အုပ်စိုးသူမဲ့ နေရာ မဟုတ်ဘူး။ သူ့ကို လူသူကင်းမဲ့တဲ့နေရာမှာ နံရံကို မျက်နှာမူပြီးတော့ နှစ်တစ်သိန်း အပြစ်ဆင်ခြင်ခိုင်းဖို့ လိုတယ်။ အဲဒီနှစ်တစ်သိန်း ပြီးသွားရင်တော့ သူ စိတ်ကြိုက် ထွက်သွားလို့ ရတယ် ” ထိုအသံမှာ တည်ငြိမ်နေလေ၏။
ခွန်းယွင် စိတ်မှာ လေးလံလာပြီး မိုဝူကျိအား မသိမသာ ကြည့်လိုက်မိသည်။
မိုဝူကျိက ခွန်းယွင်၏ အဓိပ္ပါယ်ကို မည်သို့ မသိဘဲ နေမည်နည်း။
သူက ရွှေရောင်လမ်းပေါ် မတက်ရုံသာမက နောက်ပြန်ဆုတ်ကာ မောက်မာခြင်းမရှိ၊ နှိမ့်ချခြင်းမရှိသည့် လေသံမျိုးဖြင့် ပြန်ပြောလိုက်သည် “ ဒီသခင်ကြီးက ကိစ္စကို သေချာမစုံစမ်းဘဲနဲ့ အပြစ်တောင် ချမှတ်ထားပြီးပြီပဲ … ကြည့်ရတာ ဒါ ခင်ဗျား လိုက်နေတဲ့ ဝိဇ္ဇာတာအို လမ်းစဉ်လား ”
အဆုံးသတ်သွားပြီ ….
ခွန်းယွင်က မိုဝူကျိ စကားများကို ကြားလိုက်ရသည့်အခါ စိတ်ထဲ လေးလံသွားတော့သည်။ သူက ကိစ္စများက ထိန်းမရတော့ကြောင်း သိလိုက်၏။ မင်ယွမ်က ရဲရဲတမံ စွမ်းဆောင်ရည် ကောင်းပေသည်။ မဟုတ်လျှင် သူက ဝိဇ္ဇာတပိုင်းအဆင့်နှင့် ဝိဇ္ဇာအရှင်များအား သွား၍ တိုက်ခိုက်မည် မဟုတ်သလို သူ့နတ်ဘုရား အရိုက်အရာကိုလည်း မဟာဝိဇ္ဇာဟု ပေးမည် မဟုတ်ပေ။
အားလုံးက မင်ယွမ်၏ တရားမျှတမှုကို သိကြပေသည်။ သို့သော်လည်း ပြဿနာ တစ်ခု ရှိနေ၏။ သူက ထိပ်ဆုံးရှိနေပြီး အားလုံး၏ လေးစားမှု ခံယူရသည်ကို သဘောကျ နှစ်သက်မိသည်။ တစ်ချိန်တည်းဆိုသလို လူအများက သူ့အခွင့်အာဏာနှင့် ပတ်သတ်၍ မေးခွန်းထုတ်သည်ကို မကြိုက်ပေ။
မိုဝူကျိက နတ်ဘုရား နားခိုရာနယ်မြေသို့ ရောက်လာစ ဖြစ်ကာ မဟာဝိဇ္ဇာအရှင်၏ ဆူပူမှုကို ခံရပြီးလေပြီ။ ဤကိစ္စမှာ ရိုးရှင်းသည့် ကိစ္စရပ် မဟုတ်ပေ။
ခွန်းယွင်က ဤအခြေအနေကို ပြန်မပြောင်းနိုင်ခင် ရွှေရောင် လက် တံဆိပ်တော်ကြီးက ကျဆင်းလာသည်။
ထိုလက်က မိုဝူကျိအား ဆုပ်ကိုင်ထားလိုက်၏။ ထိုရွှေရောင်လက်ကြီး၏ အင်အားအောက်တွင် အာကာပြင် အားလုံးက ပိတ်လှောင်ခံထားလိုက်ရပြီး ခွန်းယွင်ပင် လှုပ်ရှားဖို့ ခက်ခဲလာသည်။
ခွန်းယွင်က သက်ပြင်းချလိုက်၏။ သူက အမှန်တကယ် ခုခံ၍ မိုဝူကျိနှင့်အတူ ထွက်ပြေးလိုမိသည်။ အကယ်၍ သူ့တွင် ယခင်ကလို စွမ်းအားမျိုး ရှိနေပါက ဖြစ်နိုင်သေး၏။ သို့သော်လည်း သူ့တွင် ယခင်အင်အား၏ ၀.၁ ရာခိုင်နှုန်းပင် မရှိချေ။ သူ့ကိုယ်သူ ကာကွယ်ဖို့ရာ ထောင်ထျဲ့အိုးကို ဌားခဲ့နိုင်သည်ကပင် အတော်လေး အံ့ဩဖို့ ကောင်းနေလေပြီ။
သူက ထောင်ထျဲ့အိုး စွမ်းအားဖြင့် ထွက်ပြေးသွားခဲ့လျှင်ပင် မိုဝူကျိအား ကယ်တင်နိုင်မည် မဟုတ်ပေ။
မိုဝူကျိက သူ့ဘေးပတ်လည်ရှိ အာကာပြင် စည်းမျည်းများ ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည်။ အာကာပြင် ပိတ်ဆို့ထားသော စည်းမျည်းများကို မိုဝူကျိ၏ လူသားတာအို စည်းမျည်းများက တားဆီးပိတ်ဆို့ထားသောကြောင့် မိုဝူကျိက ချက်ချင်း လွှတ်သွားလေသည်။ သူက လက်ချောင်းဖြင့် ပြန်ချိန်ရွယ်ထားလိုက်၏။
သတ္တကမ္ဘာ လက်ချောင်း ပညာရပ် - မိုးမြေ တိုက်ကွက်
ထိုလက်ချောင်းအောက်တွင် မိုဝူကျိက မိုးမြေ၏ ပဲ့ကိုင်ရှင် ဖြစ်လာ၏။ ဤမိုးမြေအသစ်အောက်တွင် တခြားသော စည်းမျည်းများနှင့် တာအိုစည်းမျည်း အားလုံးမှာ ဘေးဖယ်ခံထားလိုက်ရသည်။ သူ့တာအိုစည်းမျည်းကို ဆန့်ကျင်သည့်အရာမှန်သမျှ ကြေမွပျက်စီးသွားလေ၏။
“ ဝုန်း ” တာအိုစည်းမျည်းများ ပေါက်ကွဲထွက်သွားသည်။ မိုဝူကျိလည်း လွှင့်စင်သွားသည်။ သို့သော် တစ်ချိန်တည်းဆိုသလို ဧရာမ လက်ကြီးလည်း ပျောက်ကွယ်သွားလေ၏။
“ ခွန်းယွင် … ကျုပ် သွားနှင့်ပြီ။ ကံဆုံရင် ပြန်ဆုံကြတာပေါ့ ” မိုဝူကျိက ထိုသို့ ပြောပြီးနောက် ပုံရိပ်လေးမှာ လေပြေအလား ပြောင်းလဲသွားကာ အစအနမရှိ ကွယ်ပျောက်သွားသည်။
မဟာဝိဇ္ဇာအရှင် မင်ယွမ်က နတ်ဘုရား နားခိုရာနယ်မြေ၌ နေလာသည်မှာ နှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ယခုလက်ရှိတွင် မိုဝူကျိအား အာရုံမခံမိတော့ပေ။
ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေးကို သင်ယူပြီးနောက် မိုဝူကျိက တကယ့် လေပြေအလား ပြောင်းလဲနိုင်ပြီ ဖြစ်၏။ မဟာဝိဇ္ဇာအရှင်က ပိုအားကောင်းနေလျှင်ပင် မိုဝူကျိ၏ ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေးလိုမျိုး ပညာရပ်ကို မြင်နိုင်မည် မဟုတ်ပေ။
“ ခွန်းယွင် …. အဲဒီလူက ဘယ်နေရာက ရောက်လာတာလဲ။ သူက ဘယ်လိုတာအိုကို ကျင့်ကြံတာလဲ။ သူက ငါ့တာအိုစည်းမျည်းကနေ ဖြစ်လာတဲ့ တံဆိပ်တော်ကိုတောင် ပယ်ဖျက်သွားနိုင်တယ်လား ” မဟာဝိဇ္ဇာအရှင်၏ အသံမှာ ဘာမှမဖြစ်ပျက်ခဲ့သည့်အလား တည်ငြိမ်လှသည်။
ခွန်းယွင်က မဟာဝိဇ္ဇာအရှင်၏ အင်အားသည် သိသိသာသာ ကျဆင်းသွားကြောင်း သိလိုက်၏။ ထိုသို့ဆိုလျှင်ပင် ခွန်းယွင်က မိုဝူကျိလောက် သတ္တိမကောင်းပေ။ သူက လေးလေးစားစား မြန်မြန်ဆန်ဆန် ပြောလိုက်သည်
“ သူ့နာမည်က မိုဝူကျိဆိုတာကိုပဲ သိထားတာပါ။ သူက လူသားတာအိုကို ကျင့်ကြံတာ ဖြစ်လောက်မယ် … ဒါနဲ့ အဲဒါက ဟိုးတုန်းက လျူရှင်း ဖန်တီးခဲ့တဲ့ ကျင့်စဉ်နဲ့ တူတယ်။ ကျုပ် ခန္ဓာကိုယ် ပြန်ကောင်းလာပြီးတဲ့နောက် ဒီကို သူနဲ့ အတူတူ လာဖြစ်သွားတာပါ။ တကယ်လို့ သူသာ မဟာဝိဇ္ဇာအရှင်ကို မလေးမစား ပြုမူမယ်မှန်း သိခဲ့ရင် သူ့ကို ကောင်းကောင်း မဆက်ဆံခဲ့ပါဘူး ”
ခွန်းယွင် စိတ်ထဲ၌ မိုဝူကျိ၏ လူသားတာအိုသည် လျူရှင်းထက် များစွာ အားကောင်းကြောင်း သိပေသည်။ သို့သော်လည်း သူ့အတွက် မိုဝူကျိ၏ အရေးပါမှုက မဟာဝိဇ္ဇာအရှင် မင်ယွမ်ထက် ပို၏။ သူက မိုဝူကျိ၏ ဇာစ်မြစ်အမှန်ကို မဖော်ထုတ်ပေ။ မိုဝူကျိက အစစ်အမှန် လူသားတာအိုကို ကျင့်ကြံသည့်အချက်အား မင်ယွမ်ကို သေချာပေါက် ပြောပြမည် မဟုတ်ပေ။
အချိန်တချို့ကြာပြီးနောက် မင်ယွမ်က ပြောလိုက်သည်
“ ငါ သိပြီ … မင်း သွားလို့ ရပြီ။ တကယ်လို့ မင်း မိုဝူကျိနဲ့ တွေ့ဖြစ်ရင် သူ့အမှားကို ဝန်ခံခိုင်းပြီး ပြစ်ဒဏ်လာခံယူဖို့ ပြောလိုက်ပါ။ သူ့အသက်ငယ်ရွယ်မှုကို ထောက်ထားပြီးတော့ ပြစ်ဒဏ်ကို လျော့ပေါ့ပေးမယ် ”
“ ဟုတ်ကဲ့ ” ခွန်းယွင် စိတ်ထဲ မထီမဲ့မြင်မှုများနှင့် ပြည့်နှက်နေသော်လည်း လေးလေးစားစား ဦးညွှတ်လိုက်သေး၏။
ထိုဝိဇ္ဇာအတု မင်ယွမ်အကြောင်း ထည့်ပြောနေဖို့ပင် မလိုပေ။ မိုဝူကျိလို လုပ်ရဲကိုင်ရဲသည့်သူက တကယ့် ဝိဇ္ဇာလော့ရှုပင် မကြောက်ပေ။ မင်ယွမ်က မိုဝူကျိ သူ့အမှားများကို ဝန်ခံဖို့ ရွေးချယ်လိမ့်မည်ဟု ထင်နေလျှင် အိပ်မက်မက်နေခြင်းသာ ဖြစ်လိမ့်မည်။
မင်ယွမ်၏ အင်အားက သိသိသာသာ ကျဆင်းသွားသော်လည်း ခွန်းယွင်က မိုဝူကျိသည် မင်ယွမ်၏ ရွှေရောင် တံဆိပ်တော်ကြီးကို ဖယ်ရှားကာ လွတ်မြောက်သွားသည်ကို အံ့အားသင့်မိနေဆဲ ဖြစ်၏။ မိုဝူကျိက နတ်ဘုရားသင်္ချုင်းဂူအတွင်း သူ့ဘာသာ ထိန်းချုပ်နိုင်ကြေင်း ပြန်တွေးမိလိုက်သည့်အခါ ခွန်းယွင်က မိုဝူကျိအပေါ် ၁၀ ရာခိုင်နှုန်းပင် နားမလည်ထားကြောင်း သိလိုက်၏။
…………….…
ခွန်းယွင်က မိုဝူကျိကို မည်သို့ ရှာသင့်ကြောင်း တွေးတောနေစဉ် ရုတ်ချည်း သတင်းစကားကို လက်ခံလိုက်ရ၏ “ ခွန်းယွင် … ခင်ဗျား ကျုပ်ကို ညာတာ မဟာဝိဇ္ဇာအရှင်ကြောင့် ကျုပ် ပြဿနာတက်တော့မလို့ … ကျုပ်သာ နည်းလမ်းတွေ မရှိထားရင် မဟာဝိဇ္ဇာလက်ထဲ သေနေလောက်ပြီ ”
“ မင်းက ဘယ်မှာလဲ ” ခွန်းယွင်က အလန့်တကြား အော်လိုက်ပြီး စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။
သို့သော်လည်း မကြာခင် ခွန်းယွင်က ချွေးအေးများ စီးကျလာကာ မိုဝူကျိ၏ တည်နေရာအား မရှာနိုင်ခဲ့ပေ။
အကယ်၍ မိုဝူကျိသာ သူ့ကို ရုတ်တရက် တိုက်ခိုက်လာလျှင် သူ ခွန်းယွင်က ….
ခွန်းယွင်က ဆက်မတွေးရဲတော့ချေ။
မိုဝူကျိ အသံ နောက်တစ်ဖန် ထွက်ပေါ်လာပြန်သည် “ အစ်ကိုခွန်းယွင် … ဒီနေရာက အဆင်မပြေဘူး။ ကျုပ်ကို ကူရှင်းရန်ရဲ့ နေရာပြော … ကိုယ့်ဘာသာ သွားရှာလိုက်မယ် ”
ထိုစဉ် မိုဝူကျိက သူ့ဘာသာ မထုတ်ဖော်ရဲပေ။ သူသာ ထွက်လာပါက မဟာဝိဇ္ဇာအရှင်၏ ဖမ်းဆီးမှုကို ခံရလိမ့်မည်ဟု သံသယ ဖြစ်မိနေသည်။ သူက နတ်ဘုရား နားခိုရာနယ်မြေ၌လည်း မကျင့်ကြံရဲပေ။
မဟာဝိဇ္ဇာအရှင်က နတ်ဘုရား နားခိုရာနယ်မြေ၌ နေနေသည်မှာ မည်မျှ ကြာမြင့်သွားပြီနည်း။ သူက ဤနေရာကို လက်ခုပ်ထဲက ရေလို အကုန်သိနေမည် ဖြစ်ရာ သူ မိုဝူကျိက ဤနေရာတွင် ကျင့်ကြံရဲလျှင် မင်ယွမ်က သူ့အား ရုတ်တရက် လုပ်မကြံနိုင်ပေဘူးလား။
ခွန်းယွင်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး တည်ငြိမ်ဖို့ ကြိုးစားကာ
“ ဒီကျောက်စိမ်းပေလွှာထဲမှာ ရှိတယ်။ မင်းဘာသာ သွားလို့ ရတာပေါ့။ ပြီးတော့ ငါတို့ ဝင်လာတဲ့ အစီအရင်ဂိတ်ပေါက်ကနေ ပြန်မထွက်သွားမိဖို့ မှတ်ထားဦး … မဟာဝိဇ္ဇာအရှင်က မင်း အက်ကြောင်း မဖွင့်နိုင်ခင် ပြန်ဖမ်းသွားလိမ့်မယ် ”
ထိုသို့ပြောပြီးနောက် ခွန်းယွင်က ချက်ချင်း ပျောက်ကွယ်သွားလေသည်။ သူက မိုဝူကျိ စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို သိပေသည်။ အကယ်၍ မိုဝူကျိက သူ့ကျင့်ကြံဆင့်ကို မမြှင့်လျှင် သူ ခွန်းယွင်က မိုဝူကျိနှင့် ပူးပေါင်းဖို့ ရှာတွေ့နိုင်မည် မဟုတ်ပေ။ လက်တွေ့၌ သူလည်း မိုဝူကျိ မဟာဝိဇ္ဇာလက်ထဲ အဖမ်းမခံဖို့သာ မျှော်လင့်မိသည်။
ခွန်းယွင် ထွက်သွားသည်နှင့် ကျောက်စိမ်းပေလွှာလေးက ရုတ်ချည်း ပျောက်ကွယ်သွားလေ၏။ ထို့နောက် လေပြေလေး ဖြတ်သွားကာ သဲလွန်စမကျန် ပျောက်ဆုံးသွားသည်။ အကယ်၍ သတိကြီးသူ တစ်ဦးဦး ရောက်နေလျှင် မထင်မရှား မြက်ပင်လေး တစ်ပင် ပျောက်ကွယ်သွားသည်ကို သတိထားမိပေလိမ့်မည်။
***