အချိန်စက်ဝန်းပြား
Vol. 78 Ch. 1088
“ စီနီယာ … တကယ်လို့ ကျုပ် ပင်းထန်းဝါးကို ရှာတွေ့ခဲ့ရင် စီနီယာက ဘာပေးမှာလဲ ” မိုဝူကျိက ကူရှင်းရန်နှင့် ပင်းထန်းဝါး တန်ဖိုးနှင့် ပတ်သတ်၍ အချင်းမများနိုင်ကြောင်း သိထားသည်။ ပြောရလျှင် သူက ထိုအကြောင်း များများစားစားလည်း မသိထားချေ။
မိုဝူကျိက ထိုစကားများ ပြောလိုက်စဉ် သူ့တစ်ကိုယ်လုံးကို ပွတ်တိုက်သွားသည့် ခံစားချက် တစ်မျိုးကို ရရှိလိုက်သည်။
ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ စိတ်စွမ်းအားလဲ ….
မိုဝူကျိက စိတ်ထဲ တုန်လှုပ်မိသွားပြီး တစ်ချိန်တည်းဆိုသလို တိုက်ပွဲအတွက် အဆင်သင့် ပြင်ထားလိုက်သည်။
ကူရှင်းရန်က မိုဝူကျိအား စစ်ဆေးကြည့်လိုက်သော်လည်း ပင်းထန်းဝါး၏ အငွေ့အသက်ကို အာရုံမခံမိပေ။ သူက သက်ပြင်းချ၍ “ တကယ်လို့ မင်းက ငါ့ကို ပင်းထန်းဝါး ရဖို့ ကူညီပေးနိုင်မယ်ဆိုရင် မင်းကို အချိန်စက်ဝန်းပြား နှစ်တစ်သောင်း ဌားမယ် ”
သူက မိုဝူကျိတွင် ပင်းထန်းဝါး ရှိနေလျှင် သေချာပေါက် အငွေ့အသက်ကို အာရုံခံမိမည်မှန်း ယုံကြည်ထားသည်။ မိုဝူကျိသာ ပင်းထန်းဝါး ရှာပေးပါက အချိန်စက်ဝန်းပြား ဌားမည်ဆိုသော စကားမှာ ယုတ္တိမရှိသော စကားများသာ ဖြစ်ပေ၏။
နတ်ဘုရား နားခိုရာနယ်မြေမှ ထွက်သွားဖို့ လွယ်ကူမည်လား။ အကယ်၍ လူတစ်ယောက် နတ်ဘုရား နားခိုရာနယ်မြေမှ ထွက်သွားနိုင်လျှင် သူ ကူရှင်းရန်က ဤစုတ်ပြတ်နေသည့် နေရာ၌ နှစ်များစွာ နေနေမည် မဟုတ်ပေ။
မိုဝူကျိက မပြောင်းမလဲ ပြောလိုက်သည် “ ခွန်းယွင်ဆီက ကြားထားတာတော့ ခင်ဗျားနာမည်လွဲက တာအိုအုပ်စိုးသူ အရှင်အမှောင်ထုဆို …. တကယ်လို့ ကျုပ် ခန့်မှန်းတာသာ မမှားရင် ခင်ဗျားက ဝိဇ္ဇာရှစ်ပါးအောက်က တာအိုအုပ်စိုးသူအရှင်လေးယောက်ထဲက မလား ”
ကူရှင်းရန်က မကျေမနပ် ပြောလိုက်သည် “ တာအိုအုပ်စိုးသူလေးယောက်က ဝိဇ္ဇာရှစ်ပါးလက်အောက် ဘယ်တုန်းက ရောက်သွားတာလဲ။ ငါ ကူရှင်းရန်က တာအိုအုပ်စိုးသူ အရှင်အမှောင်ထုပဲ …. အားလုံးလည်း သိပြီးသား။ မင်း ငါ့ကို ပြန်သတိပေးနေစရာ မလိုဘူး ”
မိုဝူကျိက ရယ်မောကာ
“ ခင်ဗျားက တာအိုအုပ်စိုးသူအရှင်လေ။ ဒါပေမဲ့ ဝိဇ္ဇာတုတစ်ယောက်အောက်မှာ ရုန်းကန်နေရရှာတယ်။ ဘဝကြီးက ခင်ဗျားအတွက် ခက်ခဲမှာပဲ …. တကယ်လို့ ကျုပ်သာ ခင်ဗျားဆိုရင် ခင်ဗျားရဲ့ အင်အား ထိပ်ဆုံးအဆင့်ကို ပြန်ရောက်နိုင်တဲ့ ပင်းထန်းဝါး ပေးတဲ့သူကို အချိန်စက်ဝန်းပြား လိုလိုလားလား ပေးလိုက်မှာ။
မဟုတ်ရင် ပင်းထန်းဝါးကို အချိန်စက်ဝန်းပြား နှစ်တစ်သောင်းလေး ဌားဖို့အတွက် ဘယ်သူက အပေးအယူ လုပ်မယ်များ ထင်နေတုန်း။ အရူးပဲ လုပ်လိမ့်မယ် … ”
မိုဝူကျိက ထိုစကားများ ပြောလိုက်သော်လည်း သူ့ကိုယ်သူ အရူးအဖြစ်ခံဖို့ ပြင်ဆင်ထားလေ၏။ အချိန်စက်ဝန်းပြားက သူ လိုအပ်နေသည့်အရာ ကွက်တိ ဖြစ်နေသည်။
မျှော်လင့်ထားသည်နှင့် ကွဲလွဲစွာ ကူရှင်းရန်က ဒေါသထွက်မသွားပေ။ ထို့အစား သူက တိတ်ဆိတ်သွားလေ၏။ အချိန်တချို့ကြာပြီးနောက် သူက ပြောလိုက်သည် “ မင်းက ပင်းထန်းဝါးရဲ့ နေရာကို သိနေရင်တောင် နတ်ဘုရားသင်္ချိုင်းဂူကို မပြောနဲ့ … ဒီနတ်ဘုရား နားခိုရာနယ်မြေကနေ ထွက်သွားနိုင်မဲ့ နည်းလမ်းတောင် မရှိဘူး ”
မိုဝူကျိက လက်ဝေ့ကာ “ ဒါက ကျုပ်ကိစ္စပါ။ ခင်ဗျား အပေးအယူ လုပ်မှာလားသာ ပြောလိုက် … ခင်ဗျား ကျုပ်နဲ့ အပေးအယူ လုပ်သရွေ့ ကျန်တာ ကျုပ်ဆီ အပ်ထားလိုက်ရုံပဲ ”
အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် ကူရှင်းရန်က ပြောလိုက်သည်
“ ပင်းထန်းဝါးနဲ့ အချိန်စက်ဝန်းပြားကြားက တန်ဖိုးက အတော်လေး ကွာဟတယ်။ တကယ်လို့ မင်းဆိုရင်ရော အပေးအယူ လုပ်ပါ့မလား ”
“ မှားတယ် ..” မိုဝူကျိက ပြန်ချေပလိုက်သည် “ စီနီယာ စကားတွေက မှားနေပြီ။ စီနီယာက သေမျိုးတစ်ယောက်ကနေ ပြီးတော့ ကျင့်ကြံရေးကို စတင်ခဲ့တာမှ ဟုတ်ရဲ့လားဗျာ ”
ကူရှင်းရန်က မိုဝူကျိအား တစ်ချက်ကြည့်ကာ “ မင်း ငါ့ကို ပြန်အသိပေးနေဖို့ မလိုပါဘူး။ မင်းက လူသားတာအိုကို ကျင့်ကြံတယ်ဆိုတာကို သိပြီးသား … မဟုတ်ရင် မင်းဆီမှာ လူသားတစ်ယောက်ရဲ့ အငွေ့အသက်တွေ ရှိနေမှာ မဟုတ်ဘူး။ မင်းစကားတွေက မှန်တယ်။ ငါလည်း သေမျိုးတစ်ယောက်အနေနဲ့ ကျင့်ကြံခြင်းကို စတင်ခဲ့တာပဲ ”
မိုဝူကျိက မျက်မှောင်ကျုတ်ကာ
“ ခင်ဗျားက သေမျိုးတစ်ယောက်လို့ပဲ ထားလိုက်ပါတော့ …. ခင်ဗျားက ကန္တာရတစ်ခုကို ဖြတ်သွားနေတုန်း ရွှေတုံးကြီးကို သယ်လာတယ်။ မကြာခင် ရေဆာလွန်းလို့ သေဆုံးတော့မဲ့ အခြေအနေလည်း ကျရောက်နေပြီ။ အခု ရွေးချယ်မှုက ခင်ဗျားရှေ့မှာ ရှိနေတာလေ။ ခင်ဗျားက ရွှေတုံးကြီးနဲ့ ရေတစ်ဗူး လဲဖို့ လိုအပ်နေပြီ။ ခင်ဗျား ဘယ်လိုလုပ်မှာလဲ … ”
ကူရှင်းရန်က တဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ သူက မိုဝူကျိ စကားကို မည်သို့ နားမလည်ဘဲ နေမည်နည်း။
ကန္တာရထဲ ရွှေတုံးသယ်ဆောင်သွားရခြင်းက ဝန်ထုပ်ဝန်ပိုး ဖြစ်နေလေပြီ။ အကယ်၍ သူက ရေဆာလွန်း၍ သေဆုံးသွားမည့်အချိန် ထိုဝန်ထုပ်ကြီးကို ရေတစ်ဗူးအဖြစ် ပြောင်းလဲလို့ ရမည်ဆိုလျှင် မည်သူမဆို သဘောတူမည် မဟုတ်ပါလော။
သူ့အတွက်လည်း အတူတူ ဖြစ်၏။ သူ့တွင် အချိန်စက်ဝန်းပြား ရှိသော်လည်း ဝန်ထုပ်တစ်ခု ဖြစ်မနေဘူးလား။ လူမြောက်များစွာက သူ့အချိန်စက်ဝန်းပြားကို မျက်စိကျနေကြပြီး သူ့အား ဤနေရာအထိ လာပုန်းအောင်းနေရလောက်အောင်အထိ ဖိအားပေးခဲ့ကြသည်။ အချိန်စက်ဝန်းပြား၏ တန်ဖိုးမှာ ပင်းထန်းဝါးထက် များစွာ ကျော်လွန်နေသော်လည်း သူ့အတွက် ပင်းထန်းဝါးက ရေတစ်ဗူး ဖြစ်ကာ အချိန်စက်ဝန်းပြားက ဝန်ထုပ်ဝန်ပိုး ရွှေတုံးကြီး ဖြစ်နေသည်။
“ မင်းက စကားပြော ကောင်းသားပဲ … ဒါပေမဲ့ ပင်းထန်းဝါး တစ်ခုတည်းနဲ့တော့ အချိန်စက်ဝန်းပြားကို အပေးအယူ လုပ်ဖို့ မလုံလောက်သေးဘူး။ တကယ်လို့ ငါ ရေဆာသေရမယ်ဆိုရင်တောင် ဒီလောက် အရှုံးထွက်မဲ့ အပေးအယူတော့ မလုပ်ဘူး ” ကူရှင်းရန်ကလည်း မပြောင်းမလဲ ပြောလိုက်သည်။
“ အဲဆို တခြားဘာလိုချင်သေးလဲ ” မိုဝူကျိက အေးအေးဆေးဆေး မေးလိုက်သည်။ တကယ်တော့ သူ့စိတ်ထဲ၌ အတော်လေး စိတ်လှုပ်ရှားနေမိသည်။ တစ်ဖက်လူက ဈေးနှုန်း ပြောလိုက်သည်နှင့် ကိစ္စများက ပိုမို ရိုးရှင်းလာမည် ဖြစ်၏။
“ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ဆယ်ခု … ထိပ်တန်းအဆင့်နော် ” ကူရှင်းရန်က ထပ်ပြောလိုက်သည် “ အဲဒါအပြင် ခန္ဓာကိုယ်ကို အားဖြည့်လို့ ရမဲ့ မင်းရဲ့ အကောင်းဆုံး ရတနာကိုလည်း ပေးရမယ်။ ရှန်းထျန်း ရတနာအဆင့်လောက်ပေါ့ ”
မိုဝူကျိက ကူရှင်းရန် စကားကို ကြားလိုက်သည့်အခါ အလန့်တကြား ဖြစ်သွားလေ၏။
ကူရှင်းရန်က ထိုအရာကို သတိပြုမိကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည် “ ဘာလဲ … တောင်းဆိုတာ များနေလို့လား ”
မိုဝူကျိက အသက်ပြင်းပြင်းရှုကာ တုံ့ဆိုင်းမနေတော့ဘဲ ပြောလိုက်သည် “ ကောင်းပြီလေ … အပေးအယူ ဖြစ်တယ် ”
သူက ဈေးနှုန်းအရမ်းများနေသည်ဟု မထင်မိပေ။ တကယ်တော့ ဈေးနည်းနေသည်ဟုပင် ထင်မိနေသေး၏။ သူ့တွင် နတ်ဝိညာဉ်သွေးကြော ၇၀၀ ရှိပေသည်။ ကူရှင်းရန်က တစ်ရာတောင်းဆိုလျှင်ပင် စိတ်ထဲ ထားမည် မဟုတ်ပေ။ သူက ကူရှင်းရန်သည် ဆယ်ခုသာ တောင်းဆိုလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ခန္ဓာကိုယ် အားဖြည့်ပေးနိုင်သည့် ရှန်းထျန်းရတနာအတွက် သူ့ဆီ ဟုန်မုန့်စွမ်းအင် ရှိနေသည် မဟုတ်ပါလော။ ဤပစ္စည်းမှာ ရှန်းထျန်းရတနာအောက် မလျော့ကျလောက်ပေ။ အလွန်ဆုံး သူက ကူရှင်းရန်အား ဟုန်မုန့်စွမ်းအင် တစ်ပုလင်းလောက် ပေးလိုက်ရုံ ဖြစ်၏။
သို့သော်လည်း မိုဝူကျိက ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော မည်မျှ အံ့ဩဖို့ ကောင်းမှန်း မသိသေးပေ။ သူ့တွင် အများကြီးရှိနေသည့် အကြောင်းအရင်းမှာ နတ်ဘုရားကမ္ဘာ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာစေသည့် အက်ကြောင်းကြောင့် ဖြစ်ပေသည်။ အက်ကြောင်းကြောင့်သာ မဟုတ်လျှင် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောတိုင်းက ကျင့်ကြံသူမြောက်များစွာ တိုက်ခိုက်ကြရမည့် ထိပ်တန်းရတနာမျိုး ဖြစ်ပေသည်။
ခွန်းယွင်က သူ့အား နတ်ဝိညာဉ်သွေးကြော ငါးရာ ပေးခဲ့စဉ်အခါက ထိုနတ်ဝိညာဉ်သွေးကြောများသည် မိုဝူကျိတွင် အဆုံးသတ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့စိတ်ထဲ၌ မိုဝူကျိက သူ့တာအိုကမ္ဘာကို ကူညီ၍ ဖွင့်ပေးနိုင်မည်ဆိုလျှင် တန်ပေသည်။ အကယ်၍ မိုဝူကျိက မလုပ်နိုင်လျှင်လည်း မိုဝူကျိ၏ ခန္ဓာကိုယ်မှာ တာအိုထဲ ပျောက်ကွယ်သွားရမည် ဖြစ်၏။ ထိုအခါကျ ထိုနတ်ဝိညာဉ်သွေးကြောများသည် သူ ခွန်းယွင်ဆီ ပြန်ရောက်လာမည်သာ ဖြစ်၏။
ကူရှင်းရန်က ထိုအကြောင်းကို မသိပေ။ အကယ်၍ သူ သိခဲ့လျှင် အနည်းဆုံး နတ်ဝိညာဉ်သွေးကြော တစ်ထောင်လောက် တောင်းလောက်သည်။
“ ကောင်းပြီလေ … အခု ပစ္စည်းတွေ သွားရှာလို့ ရပြီ။ မင်း ရှာတွေ့ပြီးရင် အပေးအယူ လုပ်ဖို့ ပြန်လာခဲ့ပေါ့ ” ကူရှင်းရန်က လက်ခါပြကာ ပြောလိုက်၏။
“ မလိုပါဘူး … ပစ္စည်းတွေအကုန်လုံး ရှိနေပြီးပြီ ” မိုဝူကျိက ပြောလိုက်ရင် ကျောက်စိမ်းပုလင်း တစ်ပုလင်းနှင့် သိုလှောင်လက်စွပ် တစ်ကွင်းတို့အား ကူရှင်းရန်ဆီ ပစ်ပေးလိုက်သည်။
“ ဟုန်မုန့်စွမ်းအင်လား ” ကူရှင်းရန်က သိုလှောင်လက်စွပ်ထဲ စိတ်စွမ်းအား မပို့လွှတ်ဘဲ ကျောက်စိမ်းပုလင်းကိုသာ ကျစ်နေအောင် ဆုပ်ကိုင်ထားလိုက်ပြီး သူ့ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ယင်နေဟန် ပေါ်၏။
ဟုန်မုန့်စွမ်းအင် …. တကယ်ကြီး ဟုန်မုန့်စွမ်းအင်ပဲ
အတော်လေး အလိုရှိနေသည့် ဟုန်မုန့်စွမ်းအင်သည် သူ့တံခါးရှေ့သို့ ရောက်ရှိလာပြီ ဖြစ်၏။ သူက လက်ထဲ ကိုင်ထားသော်လည်း ပုံရိပ်ယောင်လားဟု သံသယ ဖြစ်နေမိသေးသည်။
“ ဒီပစ္စည်းက ခင်ဗျားရဲ့ ခန္ဓာကိုယ် အားဖြည့်ဖို့အတွက် လုံလောက်တယ် မလား ” မိုဝူကျိက ကျေနပ်စွာ ပြောလိုက်၏။
ကူရှင်းရန်၏ စိတ်စွမ်းအားက သိုလှောင်လက်စွပ်အပေါ် ကျရောက်သွားလေသည်။ အထဲတွင် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောဆယ်ခုက အစီအရီ ရှိနေသည်။ နတ်ဝိညာဉ်သွေးကြော တစ်ခုစီတိုင်းတွင် ဖန်ဆင်းမှုစွမ်းအားများ ကိန်းအောင်းနေသေး၏။ ထိုအရာမှာ ဖန်ဆင်းမှုစွမ်းအား ဖြစ်၍ ဤအရာများမှာ ဖန်ဆင်းမှု နတ်ဝိညာဉ်သွေးကြောများသာ ဖြစ်ရမည်။ သာမာန် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောများနှင့် ယှဉ်လျှင် များစွာ အဆင့်ပိုမြင့်ပေသည်။
“ ပစ္စည်းကောင်းလေးပဲ … ပစ္စည်းကောင်းလေး ” ကူရှင်းရန်က ပြောလိုက်ရင်း သူ့ကမ္ဘာထဲ သိမ်းဆည်းလိုက်သည်။ မိုဝူကျိက ဘာထပ်ပြောပြော သူက ဟုန်မုန့်စွမ်းအင်နှင့် နတ်ဝိညာဉ်သွေးကြောများကို ပြန်ပေးမည် မဟုတ်ပေ။
ထိုပစ္စည်းများကို သိမ်းဆည်းပြီးနောက် မိုဝူကျိအား တခြားအမြင်ဖြင့် ကြည့်လိုက်သည် “ မင်း စိတ်ချနေပါ။ မင်းသာ ပင်းထန်းဝါးကို ယူလာပေးနိုင်တာနဲ့ … ”
“ မလိုဘူး … ပင်းထန်းဝါးလည်း ရှိနေပြီးသား ” မိုဝူကျိက လက်ဝါးဖြန့်လိုက်သည်နှင့် ၃၀ စင်တီမီတာ အရွယ်ရှိ ကြည်လင်နေသည့် ဝါးပင်လေး ပေါ်လာသည်။ ထိုရေခဲဝါးလေးပေါ်ရှိ အရွက်လေးများမှာ နှင်းပွင့်လေးများကဲ့သို့ ဖြစ်နေ၏။ စုစုပေါင်း အရွက် ရှစ်ရွက် ပါရှိ၏။
မူလက ဤပင်းထန်းဝါးတွင် အရွက်ကိုးရွက် ရှိသော်လည်း မိုဝူကျိက တစ်ရွက်ကို ခူးကာ သူ့လူသားကမ္ဘာထဲ ချန်ထားခဲ့၏။
“ ပင်းထန်းဝါးပဲ … တကယ်ကြီး ပင်းထန်းဝါးပဲ ” ကူရှင်းရန်၏ အသံက ရိုးရိုးတမ်းတမ်း တုန်လှုပ်နေခြင်း မကတော့ပေ။ တစ်ချိန်တည်းဆိုသလို သူ့မျက်ဝန်းများက လိုချင်တပ်မက်စိတ်များ ကြီးစိုးနေလေ၏။ ပင်းထန်းဝါးနှင့် သူ့အင်အားကို ပြန်ရနိင်ရုံသာမက ပို၍ အားကြီးလာနိုင်သည်။
မိုဝူကျိက တစ်ချက်ကြည့်ရုံဖြင့် ထိုပစ္စည်းမှာ ကူရှင်းရန်အတွက် ပိုအသုံးဝင်ကြောင်း သိလိုက်သည်။
“ မြန်မြန် ပေးတော့ … ဝါးကို ငါ့ဆီ ပေးလိုက်တော့ ” ကူရှင်းရန်က သဘာဝစွမ်းအား လက်ကြီးထုတ်ကာ ဝါးပင်ကို ဆွဲယူဖို့ ကြိုးစားလိုက်သည်။
မိုဝူကျိက ပင်းထန်းဝါးကို ပြန်သိမ်းလိုက်ပြီး အေးစက်စက် ရယ်မောလိုက်သည်။ သူ့အငွေ့အသက်များက မြင့်တက်လာပြီး ကူရှင်းရန်၏ သဘာဝ စွမ်းအား လက်ကြီးကို ချေဖျက်ပစ်လိုက်သည်။
“ ခင်ဗျားကို လေးစားလို့ စီနီယာလို့ ခေါ်တာပါ။ ဒါပေမဲ့ ဒါက ဘာအဓိပ္ပါယ်လဲ။ ဒီပစ္စည်းသုံးမျိုးမှာ ကျုပ်က ခင်ဗျားကို ဟုန်မုန့်စွမ်းအင်နဲ့ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောလည်း ပေးပြီးသွားပြီ။ ခင်ဗျားက အချိန်စက်ဝန်းပြားတောင် မပြသေးဘဲနဲ့ ကျုပ်ဆီကနေ ပင်းထန်းဝါးကို လိုချင်နေတာလား။ ဒီလိုအပေးအယူ လုပ်တာမျိုး ဘယ်တုန်းက ရှိလို့လဲ … ကျုပ် မိုဝူကျိ ဒီလိုအရာမျိုး မြင်ဖူးတာ ပထမဆုံးပဲ ” မိုဝူကျိ၏ အမူအယာမှာ အနည်းငယ် ပိုပိုသာသာ ဖြစ်နေလေ၏။
သူက ပြောနေရင်း စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းက ဝါးအိမ်တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ပြီ ဖြစ်၏။ အကယ်၍ ကူရှင်းရန်သာ လှည့်စားရဲလျှင် တိုက်ခိုက်သည့်အတွက် သူ့အား အပြစ်မတင်သင့်ပေ။
ကူရှင်းရန်က စိတ်လှုပ်ရှားမှုကို ချိုးနှိမ်ကာ စိုးရိမ်တကြီး ပြောလိုက်သည် “ ငါ့အမှားပါ … ”
ထို့နောက် သူက စက်ဝန်းပြားလေးကို ထုတ်ယူလိုက်သည်။ ထိုအပြားလေးက ရှေးကျသည့် ကြီးကျယ်ခမ်းနားသည့် အငွေ့အသက်မျိုးကို ထုတ်လွှင့်နေကာ အားကောင်းသည့် အချိန်စည်းမျည်းများလည်း ပါဝင်နေ၏။ မိုဝူကျိက ထိပ်တန်းရတနာမျိုးစုံနှင့် ကြုံတွေ့ဖူးသည့်အပြင် မိုးမြေမီးပြင်းဖိုလည်း ပိုင်ဆိုင်ထားပေသည်။ ထို့ကြောင့် သူက တစ်ချက်တည်းကြည့်ရုံဖြင့် ထိုအပြားလေးမှာ အချိန်စက်ဝန်းပြား ဖြစ်ကြောင်း သေချာပေါက် သိလိုက်၏။
မိုဝူကျိက ခေါင်းညိတ်ကာ ပင်းထန်းဝါးကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက ရှေ့တစ်လှမ်းတိုးကာ “ တစ်ပြိုင်နက် ပေးကြတာပေါ့ ”
မိုဝူကျိက ပြောလိုက်ရင်း လက်ကို ဆန့်ထုတ်လိုက်သည်။
မိုဝူကျိ လက်ထဲရှိ ပစ္စည်းမှာ သူ အမှန်တကယ် လိုချင်နေသည့် ပစ္စည်း ဖြစ်နေသော်လည်း အပေးအယူ မလုပ်ခင် အတွေးများနေသေး၏။
အချိန်စက်ဝန်းပြား …
သူ့အချိန်စက်ဝန်းပြား…
ယခင်နှစ်များဆီက သူ အချိန်စက်ဝန်းပြားကို အသုံးပြု၍ အဆင့်များစွာ တက်လှမ်းနိုင်ခဲ့သည်။ ဝိဇ္ဇာများပင် သူ့အား မျက်နှာသာပေးရသေး၏။သူ တာအိုအုပ်စိုးသူအရှင်လေးပါးထဲမှ တစ်ပါး ဖြစ်လာသည့် အကြောင်းအရင်းမှာ သူ့အမှောင်ထု စည်းမျည်းကြောင့် မဟုတ်ဘဲ သူ့အချိန်စက်ဝန်းပြားကြောင့် ဖြစ်၏။
ထိုအချိန်စက်ဝန်းပြားကြောင့် သူက အဆင့် မြန်မြန် တက်လှမ်းကာ ကျင့်ကြံရေး အရင်းအမြစ်များအတွက် တိုက်ခိုက်နိုင်ခဲ့သည်။
ယနေ့ သူက အချိန်စက်ဝန်းပြားကို ပေးလိုက်ရတော့မည် ဖြစ်၏။ သူ့နှလုံးသွေးရှင်ရှင် ထွက်သလောက် ဖြစ်၏။
သူက မိုဝူကျိအား မသိမသာ ကြည့်လိုက်သည်။ မိုဝူကျိ၏ အမူအယာမှာ တည်ငြိမ်နေကာ လှည့်စားမည်ကို မကြောက်ဟန် ပေါ်သောကြောင့် ကူရှင်းရန်က သက်ပြင်းချလိုက်သည်။ သူက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် အချိန်စက်ဝန်းပြားကို ရှေ့ထုတ်ပေးလိုက်သည်။ သူက ဘာဆက်လုပ်ရမည်ကို အပြည့်အဝ မစဉ်းစားရသေးပေ။
အကယ်၍ သူက အားကောင်းနေလျှင် မိုဝူကျိကို သတ်၍ သူ့ရတနာအားလုံးကို အပိုင်သိမ်းပစ်မည် ဖြစ်၏။
သို့သော် ယခုတွင် သူ့အင်အားက သိသိသာသာ လျော့ကျသွားပြီ ဖြစ်ရာ မိုဝူကျိ၏ သဘောတရားအတိုင်း သူက ကန္တာရထဲ ရေဆာကာ သေလုနီးပါး ဖြစ်နေသည့် သေမျိုးတစ်ယောက်လို ဖြစ်နေလေပြီ။