ပိအန်းပန်း ပျက်စီးသွားမှုနှင့်အတူ ပညာရှင်တစ်ဦး ရောက်ရှိလာခြင်း
Vol. 78 Ch. 1089
မိုဝူကျိက ကူရှင်းရန်အား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး အတင်းအကျပ် အပေးအယူ လုပ်ဖို့ မကြိုးစားပေ။ တစ်ဖက်လူက အပေးအယူကို သေချာပေါက် သဘောတူမည် ဖြစ်ကြောင်း သိနေ၍ ဖြစ်သည်။ ကူရှင်းရန်လို ပညာရှင်မျိုးက ဤနေရာတွင် ငုတ်တုတ်ထိုင်စောင့်ကာ အချိန်ဖြုန်းနေလိမ့်မည်ဟု မထင်ပေ။
ကူရှင်းရန်က နောက်ဆုံးတော့ သူ့ဆုံးဖြတ်ချက် ခိုင်မာသွားတော့သည်။ သူက အချိန်စက်ဝန်းပြားကို ရှေ့တိုးလိုက်သည်နှင့် မိုဝူကျိဆီမှ ပင်းထန်းဝါးကိုလည်း တစ်ခါတည်း ဆွဲယူလိုက်သည်။
မိုဝူကျိလည်း အချိန်စက်ဝန်းပြားကို ဆွဲယူလိုက်သည်။ ထို့နောက် သူက ချက်ချင်းဆိုသလို အချိန်စက်ဝန်းပြားကို လူသားကမ္ဘာထဲ ထည့်သိမ်းထားလိုက်သည်။ သူက ကူရှင်းရန်၏ သတ်ဖြတ်ငွေ့များကို မည်သို့ မခံစားမိဘဲ နေမည်နည်း။ သို့သော်လည်း သူက ဤနေရာအထိပင် ရောက်လာရဲသည့်အတွက် ကူရှင်းရန်ကို ကြောက်ရွံ့နေဖို့ အကြောင်းပြချက် မရှိပေ။
အကယ်၍ ကူရှင်းရန်သာ သူ့ကို တိုက်ခိုက်ရဲလျှင် သူက မျက်နှာသာမပေးသည့်အတွက် အပြစ်မတင်သင့်ပေ။
တာအိုအုပ်စိုးသူ အရှင် အမှောင်ထု ကူရှင်းရန်က တာအိုအုပ်စိုးသူ ဖြစ်ပေ၏။ မိုဝူကျိအား အချိန်စက်ဝန်းပြားကို ပေးပြီးနောက် သက်ပြင်းအရှည်ကြီး ချလိုက်သည်။ ဤနှစ်တစ်လျှောက်လုံး အချိန်စက်ဝန်းပြားက သူ့ကို ဂုဏ်ယူမှုလည်း ပေးသလို ခက်ခဲမှုလည်း ပေးခဲ့သည်။ အချိန်စက်ဝန်းပြားကြောင့်သာ မဟုတ်ပါက ဤအခြေအနေအထိ မည်သို့ ကျရောက်သွားမည်နည်း။
“ ကျုပ်တို့ နှစ်ယောက်လုံး အပေးအယူ အဆင်ပြေသွားပြီဆိုတော့ ကျုပ် သွားတော့မယ် ” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ ဝါးအိမ်လေးမှ လှည့်ထွက်လိုက်သည်။
ကူရှင်းရန်က ခေါင်းညိတ်ကာ ပြောလိုက်၏
“ မင်းရဲ့ ကျင့်ကြံဆင့်က အစောပိုင်း နတ်ဘုရားဘုရင်အဆင့်ပဲ ရှိသေးတာ မလား။ မင်းလိုမျိုး အစောပိုင်း နတ်ဘုရားဘုရင်အဆင့်က ဒီလိုရတနာတွေကို ယူလာပြီးတော့ ငါနဲ့ အပေးအယူ လုပ်ရဲတယ်ပေါ့။ သတ္တိရှိသားပဲ … ငါ မင်းရဲ့ ရတနာတွေကို လုယူမှာကို မကြောက်ဘူးလား ”
မိုဝူကျိက ရယ်မောကာ “ ခင်ဗျား မလှုပ်ရှားမိတာကိုပဲ ကိုယ့်ဘာသာ ကျေးဇူးတင်လိုက် … မဟုတ်ရင် ဒီလောကကြီးမှာ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုဆိုတာ ရှိတော့မှာ မဟုတ်ဘူး ”
မိုဝူကျိက သူ့စကားအဆုံးတွင် ပုံရိပ်က ဖြတ်ခနဲ ပျောက်ကွယ်သွားကာ အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။ တစ်ချိန်တည်းဆိုသလို တာအိုအုပ်စိုးသူ အရှင်အမှောင်ထု၏ ဘေးပတ်လည်ရှိ အာကာပြင်မှာ ရုတ်ချည်း ပြောင်းလဲလာသည်။
ကူရှင်းရန်၏ အမူအယာမှာ ပြောင်းလဲသွားလေ၏။ သူက ထရပ်တော့မည့်ဆဲဆဲတွင် အစီအရင် သင်္ကေတများဖြင့် ပိတ်လှောင်ခံထားရကြောင်း သတိပြုမိလိုက်သည်။
သူက အစီအရင်ကို ချိုးဖျက်တော့မည့်အချိန် မိုဝူကျိ၏ အသံမှာ ထွက်ပေါ်လာသည်
“ စီနီယာ ကူရှင်းရန် … မိတ်ဆွေကြီးကို ထောက်ထားပြီးတော့ ဒီထက် ဘာမှမလုပ်တော့ဘူး။ ကျုပ်ရဲ့ အချိန်စက်ဝန်းပြားကို ခိုးဖို့ မကြိုးစားတာ ကောင်းလိမ့်မယ်နော်။ ကျုပ်က သိပ်စိတ်ရှည်တတ်တာ မဟုတ်ဘူး ”
ကူရှင်းရန်က မိုဝူကျိ ပျောက်ကွယ်သွားသည့် ဦးတည်ရာအတိုင်း လိုက်ကြည့်ကာ တုန်လှုပ်နေမိပြီး ချွေးအေးများပင် စီးကျနေမိ၏။ သူက မိုဝူကျိ၏ စိတ်စွမ်းအားကို စောင့်ကြည့်နေခဲ့သော်လည်း မိုဝူကျိက သူ့ဘေးပတ်လည်၌ အာကာပြင် အစီအရင် ခင်းကျင်းလိုက်သည်ကို မည်သို့ သတိမထားမိဘဲ ဖြစ်သွားခဲ့ရသနည်း။
သူက ထိုအစီအရင်ကို ချက်ချင်း ဖျက်စီးပစ်လိုက်နိုင်သည်က အမှန်ဖြစ်သော်လည်း ပညာရှင်များအတွက် ထိုအခိုက်အတန့်လေးအတွင်း ကိစ္စအများအပြား ဖြစ်သွားနိုင်သည်။
ဒီနေ့ခေတ် လူငယ်လေးတွေက ဒီလောက်တောင် အားကောင်းနေကြပြီလား ….
ကူရှင်းရန်က ထိုအတွေး တွေးမိလိုက်သည်နှင့် ပင်းထန်းဝါးနှင့် ဟုန်မုန့်စွမ်းအင်တို့ ရထားစဉ်က ပျော်ရွှင်မှုလေးတောင် ကြက်ပျောက်ဌက်ပျောက် ပျောက်ဆုံးသွားလေပြီ။ သူ့အင်အား ပြန်ရလာပြီးနောက် အချိန်စက်ဝန်းပြား ပြန်လည်ရယူမည့် သူ့ယုံကြည်ချက်လည်း ပျက်ပြားလာမိသည်။
မိုဝူကျိ၏ ခန့်မှန်းချက်မှာ မှန်ပေသည်။ ကူရှင်းရန်က အင်အား ပြန်ရလာပြီးသည့်နောက်တွင် သူ့အား အနိုင်ယူကာ အချိန်စက်ဝန်းပြားကို ပြန်ယူရန် စိတ်ကူးထားလေ၏။
သို့သော် မိုဝူကျိက မည်သို့ လူစားမျိုးလဲ … မိုဝူကျိက တာအိုအုပ်စိုးသူ အရှင် အမှောင်ထုနှင့် အပေးအယူ လုပ်ရဲသူ တစ်ဦး မဟုတ်ပါလော။
…
မိုဝူကျိက ကူရှင်းရန်သည် သူ့အား အချိန်စက်ဝန်းပြား ပိုင်ဆိုင်ခွင့် ပေးမည် မဟုတ်ကြောင်း သေချာသိထား၏။ ယခု မိုဝူကျိက ထိုဘိုးတော်များထဲ၌ သူတော်စင် မပါရှိကြောင်းလည်း ကောင်းကောင်း သိထားသည်။ ထို့ကြောင့် သူက ထွက်မလာခင် ကူရှင်းရန်အတွက် စကားချန်ထားခဲ့ခြင်း ဖြစ်၏။ သူက ကူရှင်းရန်အား သူ့အပေါ် နားလည်ထားစေသည်။ ထိုအခါမှ ကူရှင်းရန်သည် သူ့အင်အား ပြန်မရမချင်း သူ့နောက် လိုက်ရဲတော့မည် မဟုတ်ပေ။ ကူရှင်းရန် အင်အားအပြည့်အဝ ပြန်လည် ရရှိလာသည့်အခါတွင်လည်း မိုဝူကျိက ကူရှင်းရန်အား ကြောက်ရွံ့နေဖို့ မလိုလောက်တော့ချေ။
မိုဝူကျိက အချိန်စက်ဝန်းပြား ရရှိပြီးနောက် နတ်ဘုရား နားခိုရာနယ်မြေ၌ ဆက်နေရန် ရည်ရွယ်ချက် မရှိတော့ပေ။ သူက အစီအရင်ဂိတ်ပေါက်ဆီ ဦးတည်လိုက်လေ၏။
နတ်ဘုရား နားခိုရာနယ်မြေသည် အတော်လေး ကြီးမားသော်လည်း ကူရှင်းရန်လို ပညာရှင်မျိုးပင် မဟာဝိဇ္ဇာ မင်ယွမ်ကြောင့် ထောင့်တစ်နေရာအထိ ရောက်သွားအောင် ဖိအားပေးခံခဲ့ရသည်။ ထို့ကြောင့် မိုဝူကျိက ဤနေရာ၌ ဆက်လက် မကျင့်ကြံရဲပေ။ မင်ယွမ် အင်အားက မည်မျှ ကျဆင်းသွားစေကာမူ ထိုလူက ဝိဇ္ဇာနှင့်ပင် ယှဉ်ပြိုင်ရဲပြီး ဝိဇ္ဇာအရိုက်အရာကို လုယူဖို့ ကြိုးစားခဲ့သူ မဟုတ်ပါလော။ ဆိုလိုသည်မှာ သူက သူတော်စင် မဟုတ်သလို ရိုးရှင်းသည့်သူလည်း သေချာပေါက် မဟုတ်ပေ။
တစ်လကြာပြီးနောက် မိုဝူကျိက နတ်ဘုရားနားခိုရာနယ်မြေ အစီအရင်ဂိတ်ပေါက်သို့ ပြန်လည် ရောက်ရှိလာသည်။
လူများစွာက အစီအရင်ဂိတ်ပေါက်ကို စောင့်ကြပ်နေကြသော်လည်း မိုဝူကျိက မကြောက်ပေ။
သူ ခွန်းယွင်နှင့် ဝင်လာစဉ်အခါက အင်အားအပြည့် ထုတ်မပြခဲ့ပေ။
အစီအရင်ဂိတ်နှင့် ခပ်လှမ်းလှမ်းတွင် မိုဝူကျိက သစ်တုံးခြောက် တစ်တုံးပုံစံ ပြောင်းလဲလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း၏ စိတ်စွမ်းအားက ကာကွယ်ရေး အစီအရင်သင်္ကေတများကို ရေးထွင်းနေလေ၏။
တစ်ရက်ကြာပြီးနောက် မိုဝူကျိက ရှေ့သို့ တိုးလာလိုက်ပြီး ခွန်းဝူဓားမှ အလင်းတန်းများ ထွက်ပေါ်လာကာ အစီအရင်ဂိတ်ပေါက်ဆီ တိုးဝင်သွားလေသည်။
တစ်ချိန်တည်းဆိုသလို ပညာရှင်ဆယ်ယောက်ကျော်က မိုဝူကျိဆီ ဦးတည်လာကြသည်။ တစ်ပြိုင်နက်တည်း မိုဝူကျိ ဖြတ်သွားရမည့် အာကာပြင်မှာလည်း ပိတ်ဆို့သွားလေ၏။
သူတို့က မိုဝူကျိအား ပိတ်လှောင်ကာ နတ်ဘုရား နားခိုရာနယ်မြေမှ ထွက်သွားဖို့ တားဆီးထားနိုင်သရွေ့ မိုဝူကျိက မည်သည့်နေရာမှ သွားစရာ ရှိမည် မဟုတ်ပေ။ သို့သော်လည်း သူတို့က ဉာဏ်ကောင်းသလို မိုဝူကျိကလည်း မတုံးအပေ။
မိုဝူကျိ၏ ကာကွယ်ရေး အစီအရင်က ချက်ချင်းဆိုသလို သူ့ဆီ ဦးတည်လာနေသည့် ပညာရှင်ဆယ်ယောက်ကျော်ကို ကာဆီးပေးထားလိုက်သည်။ ထိုအခိုက်အတန့်လေး၌ ခွန်းဝူဓား၏ အလင်းတန်းမှာလည်း အစီအရင်ဂိတ်ပေါ် ကျရောက်ကာ အက်ကြောင်း ဖြစ်ပေါ်လာစေသည်။
မိုဝူကျိ၏ ကာကွယ်ရေး အစီအရင်က ပျက်စီးတော့မည့်အချိန် သူက အက်ကြောင်းထဲ ဝင်သွားကာ အစအနမကျန် ပျောက်ကွယ်သွားလေသည်။
မိုဝူကျိ ပျောက်ကွယ်သွားသည့်နေရာကို ကြည့်ကာ ခရမ်းဝတ်စုံနှင့် လူ၏ မျက်ဝန်း၌ ဒေါသတရားများ ပြည့်နှက်လာသည်။ သူက နတ်ဘုရား နားခိုရာနယ်မြေ၌ နေလာသည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း မိုဝူကျိက အေးအေးဆေးဆေး ဝင်နိုင်ထွက်နိုင်သည့် ပထမဆုံးသူ ဖြစ်ပေသည်။
အကယ်၍ သူသာ ဤသို့ လုပ်နိုင်လျှင် ဝိဇ္ဇာတု တစ်ယောက်အောက်၌ အဘယ်ကြောင့် တာဝန်ထမ်းဆောင်နေရမည်နည်း။
……………
မိုဝူကျိက နတ်ဘုရား နားခိုရာနယ်မြေမှ ထွက်လာသည်နှင့် ကျရှုံးမှုအငွေ့အသက်များကို တဖန် ခံစားမိလိုက်ပြန်သည်။
ဤတစ်ကြိမ်၌ မိုဝူကျိက များများစားစား မတွေးတော့ပေ။ သူက ဆက်တိုက် ပြေးလွှားရင်း ရက်အနည်းငယ် ကြာပြီးမှ ရပ်တန့်လိုက်သည်။ ထို့နောက် သူက မြေကြီးထဲ ဝင်လိုက်၏။
ဖုံးကွယ်ရေး အစီအရင်နှင့် ထောင်ချောက် အစီအရင်များစွာ အချိန်ယူ ခင်းကျင်းပြီးနောက် မိုဝူကျိက သူ့လူသားကမ္ဘာထဲ ဝင်ရောက်လိုက်သည်။
သူ ပထမဆုံး လုပ်သည့်အရာမှာ အချိန်စက်ဝန်းပြားကို ထုတ်ယူလိုက်ခြင်း ဖြစ်၏။
မိုဝူကျိ၏ ယခင်အစီအစဉ်အရ သူက အချိန်စက်ဝန်းပြားကို သန့်စင်ကာ သူ့အပိုင် လုပ်လိုသော်လည်း တစ်ရက်ကြာပြီးနောက် ထိုအကြံကို လက်လျော့လိုက်တော့သည်။
အချိန်စက်ဝန်းပြားက ယခုအချိန် သူ သန့်စင်နိုင်သည့်အရာ မဟုတ်ပေ။ သူ့လက်ရှိစွမ်းရည်ဖြင့် အချိန်စက်ဝန်းပြားကို အသုံးပြုရုံသာ တတ်နိုင်သည်။
သို့သော်လည်း မိုဝူကျိက အချိန်စက်ဝန်းပြားကို တန်းအသုံးမပြုသေးပေ။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် အချိန်စက်ဝန်းပြား မျက်နှာပြင်ကို စစ်ဆေးကြည့်လိုက်သည်။ သူက အချိန်စက်ဝန်းပြားကို မသန့်စင်နိုင်လျှင် ကူရှင်းရန်သည်လည်း မလုပ်နိုင်လောက်ကြောင်း ယုံကြည်မိသည်။ ထိုသို့ဆိုလျှင်ပင် သူက ကူရှင်းရန်ကို မယုံပေ။ ထိုဘိုးတော်က သူ့အပေါ် အခွင့်အရေး ယူမည်ကို လွှတ်ထားမည် မဟုတ်ပေ။
သုံးလတာ အသေးစိတ် စစ်ဆေးပြီးနောက် မိုဝူကျိက အချိန်စက်ဝန်းပြားပေါ်၌ စိတ်ဝိညာဉ် အမှတ်အသား ၁၂ ခုကို တွေ့ရှိခဲ့သည်။ သူက စိတ်ဝိညာဉ် အမှတ်အသား ကျန်ရှိသေးလား မသိသော်လည်း သူ့လက်ရှိအင်အားဖြင့် ဤသည်မှာ သူ ရှာနိုင်သမျှ ဖြစ်ပေသည်။ အကယ်၍ အချိန်စက်ဝန်းပြားပေါ်၌ စိတ်ဝိညာဉ်အမှတ်အသားတချို့ ရှိနေဦးမည်ဆိုလျှင် သူ့စွမ်းဆောင်ရည် လိုအပ်ချက်သာ အပြစ်တင်ရပေမည်။ သူ့ကျင့်ကြံဆင့် မြင့်လာသည့်အခါမှ ဆက်လက် ရှာဖွေနိုင်လိမ့်မည်။
ထိုအမှတ်အသားများကို ဆွဲနှုတ်ကာ ပိတ်လှောင်လိုက်ပြီးနောက် မိုဝူကျိက နေရာ၌ နတ်ဝိညာဉ်သွေးကြောများ ချထားကာ ကျင့်ကြံဖို့ ပြင်ဆင်လိုက်သည်။
ဤကျင့်ကြံရေး ပထမအခေါက်၌ မိုဝူကျိက နတ်ဝိညာဉ်သွေးကြော ၈၁ ခုကို သုံးထား၏။ သူက နတ်ဘုရားဘုရင် ပြီးပြည့်စုံခြင်းအဆင့်အထိ တက်လှမ်းနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။ သူက နတ်ဘုရားဘုရင်အဆင့် ကျော်လွန်သွားပြီး သဟဇာတ နတ်ဘုရားအဆင့် ရောက်သွားလျှင် အကောင်းဆုံး ဖြစ်၏။
ခွန်းယွင် ပြောခဲ့သည့် ပိအန်းပန်းနှင့် ပတ်သတ်၍ မသက်မသာ ဖြစ်နေမိသည်။ သူ သဟဇာတ နတ်ဘုရား ဖြစ်မလာခင်အထိ အနားယူနိုင်မည် မဟုတ်ပေ။
အချိန်စက်ဝန်းပြားပေါ် တက်လှမ်းလိုက်ပြီးနောက် ကျရှုံးမှု အငွေ့အသက်တို့မှာ အရိပ်အယောင်မကျန် ပျောက်ကွယ်သွားလေသည်။ ထို့အပြင် မိုဝူကျိက မိုးမြေ စည်းမျည်းများကိုလည်း ရှင်းရှင်းလင်းလင်း ခံစားမိ၏။ သူက အပြင်ဘက်ကမ္ဘာရှိ အစီအစဉ်မကျမှုများကိုလည်း မခံစားရပေ။ ခွန်းယွင် ပြောထားသည့်အတိုင်း အချိန်စက်ဝန်းပြားက ကျင့်ကြံရေး ထိပ်တန်းရတနာ ဖြစ်ပေသည်။
မိုဝူကျိအား စိတ်ပျက်စေသည့် တစ်ချက်မှာ အချိန်ပြောင်းလဲမှုအချိုးက သိပ်မမြင့်မားနေခြင်း ဖြစ်၏။ သူက အချိန်စက်ဝန်းပြားကို မည်သို့ အသုံးပြုရမည်ကို မသိသည့်အတွက်ကြောင့်လေလား သို့မဟုတ် တချို့အကြောင်းအရင်းကြောင့်လေလားတော့ မသိပေ။ အချိန်အချိုးမှာ ဆယ်ချိုး တစ်ချိုး ဖြစ်နေ၏။
ဆိုလိုသည်မှာ အချိန်စက်ဝန်းပြားရှိ ဆယ်နှစ်တာမှာ အပြင်ဘက် တစ်နှစ်တာနှင့် ညီမျှပေသည်။
သူ့အင်မော်တယ် မော်တယ် ကျင့်စဉ်ကို လှည့်ပတ်လိုက်ပြီးနောက် မကြာခင် အဓိက လှည့်ပတ်လမ်းကြောင်း ဖြစ်ပေါ်လာသည်။ နတ်ဝိညာဉ်သွေးကြောတို့မှ နတ်ဝိညာဉ်စွမ်းအားတို့မှာလည်း စတင် ထွက်ပေါ်လာကာ မိုဝူကျိအား လွှမ်းခြုံထားလေ၏။ မကြာခင် စွမ်းအား ဝဲကတော့တစ်ခု ဖြစ်တည်လာသည်။
မိုဝူကျိက အချိန်စက်ဝန်းပြားကို အသုံးပြုထားသောကြောင့် အပြင်ဘက်ရှိ စိတ်စွမ်းအားများက သူ့အပြုအမူများကို စစ်ဆေးအာရုံခံမည်ကို စိုးရိမ်စရာ မလိုပေ။ အကယ်၍ လူတစ်ယောက်၏ စိတ်စွမ်းအားသာ အချိန်စက်ဝန်းကို ဖြတ်၍ ဝင်ရောက်လာနိုင်သည်ဆိုလျှင် ထိုလူက ဝိဇ္ဇာထက်ပင် အဆင့်မြင့်ပေလိမ့်မည်။
***
နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် ကောင်းကင်ယံ၌
“ ဝုန်း ” နောက်ဆုံးတွင် စန်းကျန့်ရှင်းနှင့် ရှင်းမူတို့က ပိအန်းပန်း၏ ပွင့်ချပ်တစ်လွှာကို ဖျက်စီးနိုင်လိုက်၏။ ပွင့်ချပ်တစ်လွှာ ပျက်စီးသွားပြီးနောက် ပိအန်းပန်းသည် ဆက်လက် မကျယ်ပြန့်တော့ဘဲ ရပ်တန့်သွားလေသည်။ ထိုမျှတင် မကဘဲ ပန်းက ဖြည်းဖြည်းချင်း ကျုံ့လာလေ၏။
ထိုကြောင့် စည်းမျည်းများမှာလည်း ဝေဝါးလာကာ သဘာဝစွမ်းအားများလည်း ကမောက်ကမ ဖြစ်ကုန်သည်။ တချို့ကျင့်ကြံသူများက စည်းမျည်းများကို အာရုံမခံမိတော့သည့်အတွက် ဆက်လက် မကျင့်ကြံနိုင်ကြတော့ပေ။
ယန်အာလည်း မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူမက အဖြစ်အပျက်ကို ချက်ချင်း နားလည်သွားလေ၏။ အချိန်တိုလေးအတွင်း သူမ၏ ကျင့်ကြံဆင့်မှာ နတ်ဘုရား အုပ်စိုးသူ အဆင့် ၇ သို့ ရောက်ရှိသွားလေပြီ။ သူမက ပိအန်းပန်းလိုမျိုး တိုက်ပွဲ၌ မပါဝင်သင့်ကြောင်း ကောင်းကောင်း သိပေသည်။ ထို့ကြောင့် သူမက မကျင့်ကြံတော့သည်နှင့် သင်္ဘောပျံကို ထိန်းကာ ထွက်ခွာသွားလိုက်သည်။ သူမ အတွေ့အကြုံအရ ဤနေရာသည် သွေးသံရဲရဲ တိုက်ပွဲမြေပြင် ဖြစ်လာပေလိမ့်မည်။ ယန်အာလိုမျိုး တွေးသည့်သူ အများအပြား ရှိကြ၏။ မကြာခင် ကျင့်ကြံသူများက အုပ်စုနှစ်ခု ကွဲသွားသည်။ တစ်ဖွဲ့မှ ထွက်သွားကြပြီး နောက်တစ်ဖွဲ့မှာ ပိအန်းပန်းဆီ ချီတက်ကြလေ၏။
စန်းကျန့်ရှင်းက အလန့်တကြား အော်ပြောလိုက်သည် “ အားလုံး နောက်ဆုတ်ကြ …. မကြာခင် ငါတို့တွေ ပိအန်းပန်းကို ချိတ်ပိတ်နိုင်တော့မယ် ”
“ သေချင်နေတာပဲ ” ကျယ်ကျယ်လောင်လောင် အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ကျောက်စိမ်းဖြူ လက်ဝါးသဏ္ဍာန်တစ်ခု လေဟာနယ်မှ ကျဆင်းလာလေ၏။ စန်းကျန့်ရှင်းနှင့် ရှင်းမူလိုမျိုး နောက်ပိုင်းအဆင့် သဟဇာတ နတ်ဘုရားနှစ်ယောက်ပင် သူတို့ဘေးပတ်လည်ရှိ အာကာပြင်မှာ ထူပိတ်လာသလို ခံစားလိုက်ရသည်။
“ မကောင်းတော့ဘူး … သူတို့ ဆင်းလာပြီ ” စန်းကျန့်ရှင်းက သူ့ဘေးကင်းမှုကိုပင် ဂရုမစိုက်ဘဲ မှော်ရတနာကို ဆွဲထုတ်ကာ ပိအန်းပန်းကို ချိန်ရွယ်လိုက်သည်။
“ ငါနဲ့ အတူတူ မြန်မြန် ထွက်သွားရအောင် ” ရှင်းမူက ထိုသို့ မလုပ်ရဲပေ။ သူက သူ့ကိုယ်သူ ဖောက်ခွဲရန် အသင့်ဖြစ်နေသည့် စန်းကျန့်ရှင်းအား ဆွဲခေါ်လိုက်လေ၏။ ထို့နောက် သူတို့နှစ်ယောက်က အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။
“ ဝုန်း ” ရှင်းမူက စန်းကျန့်ရှင်းကို ဆွဲခေါ်လိုက်သည်နှင့် စန်းကျန့်ရှင်း၏ မှော်ရတနာမှာ ပေါက်ကွဲထွက်သွားသည်။ ပိအန်းပန်းပေါ်ရှိ လေးကိုင်းသဏ္ဍာန် သက်တန့်လည်း ပေါက်ကွဲသွားကာ ပျောက်ကွယ်သွားလေသည်။
လေဟာနယ်ထဲမှ ကြာပန်းနီတစ်ပွင့် ဆင်းသက်လာလေ၏။ ထိုကြာပန်းထိပ်တွင် အင်မတန် ကျက်သရေ ရှိသည့် ဝတ်ရုံစိမ်းနှင့် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမ မျက်နှာထားကား ရေခဲတမျှ အေးစက်နေလေ၏။ သူမ ဘေးတွင် အလှချင်းပြိုင်နိုင်သည့် မိန်းမလှလေး ဆယ်ယောက် ပါရှိနေသေးသည်။
ကြာပန်းထိပ်ရှိ ဝတ်ရုံစိမ်းနှင့် အမျိုးသမီးက အေးစက်စက် သရော်လိုက်သည်။ သူမ လက်တစ်ချက် အဝှေ့တွင် ပန်းအနီးရှိ ကျင့်ကြံသူတို့မှာ သွေးမြူအဖြစ် ပြောင်းလဲသွားလေသည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ထွက်ပြေးနေသော ကျင့်ကြံသူများက သွေးရူးသွေးတမ်းဖြင့် ထွက်ပြေးသွားကြတော့သည်။
***