မော့ရှန့်ဟွာ
Vol. 15 Ch. 203
မိစ္ဆာများဖြစ်စေ၊ ကျင့်ကြံသူများဖြစ်စေ ထိုအဆင့်၌ သူတို့သည် ကိုယ်ပိုင်ခွန်အားထက် ကောင်းကင်နှင့် မြေပြင်စွမ်းအားကို ပို၍ မှီခိုအားထားရ၏။
အမြုတေဖွဲ့စည်းခြင်းအဆင့်နှစ်ဦး၏တိုက်ပွဲကို စောင့်ကြည့်ခြင်းဖြင့် ဟန်မူယဲ့သည် အဆင့်မြင့်ကျင့်ကြံသူများ၏တိုက်ခိုက်ရေးပုံစံများအား ပိုမိုနားလညလာခဲ့သည်။
တိုက်ခိုက်သည့်ပုံရိပ်များသည် သူ၏အာရုံထဲတွင် ထင်ရှားပြတ်သားစွာ ပေါ်လာနေခဲ့ကာ နောက်ဆုံး ပြိုပျက်သွားကြသည်။
ဒုတိယနေ့တွင်လည်း တိုက်ပွဲသည် နေဝင်မှ ပြီးဆုံး၏။
စွန်းမူနှင့် ခြင်္သေ့မာန်ဟုန်တို့လည်း အသီးသီး ပြန်သွားကြသည်။
မိစ္ဆာသားရိုင်းများ ပြန်လည်ဆုတ်ခွာသွားသလို ကျင့်ကြံသူများကလည်း တိုက်ပွဲနေရာအား ပြန်လည်ရှင်းလင်းကြရသည်။
“စီနီယာအစ်ကိုဟန်…”
စွန်းမူ ဟန်မူယဲ့ဘေးသို့ သက်ဆင်းလာသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏စည်းမျဉ်းအရ သူသည် ဟန်မူယဲ့ထက် ဝါစဉ်နုပေသည်။
“စီနီယာအစ်ကိုဟန်ဟာ ထူးခြားဆန်းကြယ်တဲ့ အာခီမီပညာရပ်ကို ပိုင်ဆိုင်တယ်လို့ နာမည်ကျော်ကြားတယ်။ မင်းက အင်မော်တယ်ဆေးလုံးတွေကို ဖော်စပ်နိုင်တာပဲ”
စွန်းမူက ခေါင်းငုံ့ကာ အဝေးမှ မိစ္ဆာများ စတည်းချရာနေရာသို့ လှမ်းကြည့်သည်။
“ငါ့ကို စီနီယာအစ်ကိုဟန်အနေနဲ့ အင်မော်တယ်ဆေးလုံးတစ်လုံးလောက် ဖော်စပ်ပေးနိုင်မလား”
သူက တီးတိုးပြောသည်။
“တကယ်လို့ ငါသာ ခြင်္သေ့မာန်ဟုန်ကို အနိုင်တိုက်နိုင်ရင် ငါ့ကျင့်ကြံဆင့် နောက်တစ်အဆင့်သို့ ချိုးဖျက်နိုင်မယ်လို့ ခံစားနေရတယ်”
အဆင့်တက်လှမ်းခြင်းလား…
စွန်းမူ၏ကျင့်ကြံဆင့်သည် ထိုနေရာ၌ ရပ်တန့်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခု သူက အဆင့်တက်ရန် စိတ်ခံစားချက်များ ဖြစ်ပေါ်နေသည်မှာ အံ့ဖွယ်ကောင်းသော ကိစ္စဖြစ်သည်။
ဟန်မူယဲ့က ခေါင်းညိတ်ကာ ပြောသည်။
“ကျုပ် ဆေးလုံးဖော်စပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဆေးအမယ်တွေ မရှိဘူး”
ပိုင်စုကျန်းထံမှ ရရှိခဲ့သော ဆေးအမယ်များမှာ ကုန်ခမ်းသွားပြီ ဖြစ်သည်။
“ငါ့မှာ ရှိတယ်”
စွန်းမူက အဝတ်အိတ်ငယ်တစ်လုံးကို ထုတ်ကာ ဟန်မူယဲ့အား ကမ်းပေးသည်။
“ဒီအထဲမှာ ခရမ်းကျောက်စိမ်းဆေးလုံး ၂လုံးစာ ဆေးအမယ်တွေ ပါတယ်”
“အရင်က ငါအဆင့်တက်တုန်းက ဖြတ်လမ်းနည်းကို သုံးခဲ့တာကြောင့် ဝိညာဉ်စွမ်းအားနည်းသွားလေ”
“အဲဒီတုန်းကသာ အင်မော်တယ်အဆင့် ခရမ်းကျောက်စိမ်းရှိခဲ့ရင်…”
စွန်းမူ၏မျက်လုံးများတွင် ဆာလောင်သော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
တစ်စုံတစ်ခုအား တွေးလိုက်မိပြီးနောက် သူက ဟန်မူယဲ့အား အရှက်ရဟန်ဖြင့် ပြောသည်။
“အဟမ်း… စီနီယာအစ်ကိုဟန်… လောလောဆယ် ငါ့မှာ မင်းကို ပေးစရာ ရတနာမရှိသေးဘူး”
ဟန်မူယဲ့က ဆေးလုံးကို အခမဲ့ ဖော်စပ်ပေးမည်ဟု ပြောရန် ပြင်လိုက်စဉ်မှာပင် စွန်းမူက သေတ္တာငယ်တစ်လုံးအား ထုတ်ယူလိုက်သည်။
“ဒါဟာ အရင်က ငါ ရဖူးတဲ့ ရှေးဟောင်း ဓားဆေးလုံးပဲ။ ခုခေတ်မှာ ဓားဆေးလုံးကို သုံးတဲ့သူ သိပ်မရှိတော့ဘူး။ ဒါကြောင့် ရှေးပစ္စည်းတစ်ခုအနေနဲ့ပဲ သိမ်းဆည်းထားရတယ်။ ဒါက မင်းအတွက် တစ်ခုခုအသုံးဝင်လောက်တယ်”
ဓားဆေးလုံး…
ဟန်မူယဲ့၏မျက်လုံးက သေတ္တာငယ်ထံသို့ ရောက်သွားသည်။
သေတ္တာထဲတွင်ကား အနီရောင်စက်လုံးတစ်လုံး ရှိနေပြီး ဓားအလင်းဖျော့ဖျော့ လက်နေသည်။
စွန်းမူက သေတ္တာငယ်အား ထုတ်လိုက်ကတည်းက ဟန်မူယဲ့၏ဒန်ထျန်ထဲမှ ဓားဆေးလုံး ၂လုံးသည် အဆက်မပြတ် တုန်ခါလာခဲ့သည်။
သေတ္တာထဲမှ ဓားဆေးလုံးမှာ ကောင်းကင်စက်ဝန်းဝင်္ကပါထဲမှ ဓားဆေးလုံး တစ်လုံး ဖြစ်သည်။
အသက်ပြင်းပြင်းရှုလိုက်ကာ ဟန်မူယဲ့က သေတ္တာလေးအား လှမ်းယူလိုက်သည်။
“ကောင်းပြီ။ ကျုပ် ခရမ်းကျောက်စိမ်းဆေးလုံးကို ဖော်စပ်ပေးပါ့မယ်”
ထို့နောက် ဟန်မူယဲ့က ဝင်္ကပါစက်ပြားကို ဆင့်ခေါ်လိုက်၏။ ဝိညာဉ်ကျောက်တုံးအား ၎င်းအထဲသို့ ပစ်ထည့်လိုက်လျှင် အလင်းကွန်ချာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အလင်းကွန်ချာဖြင့် အပြင်လောကကို အဆက်ဖြတ်လိုက်ပြီးသောအခါ ဟန်မူယဲ့က သေတ္တာငယ်ထဲမှ ဓားဆေးလုံးကို ကြည့်သည်။
တတိယမြောက်ဓားဆေးလုံး…
သူက ဓားဆေးလုံး ၃လုံးအထိ လျင်မြန်စွာ စုဆောင်းနိုင်မည်ဟု မထင်ထားပေ။
သူက ကောင်းကင်စက်ဝန်းဝင်္ကပါအား ပြန်လည်အသက်သွင်းကာ အသုံးပြုနိုင်မည်လား မပြောတတ်ပေ။
စိတ်နှလုံးအား တည်ငြိမ်အောင် ပြင်ဆင်ပြီး ဟန်မူယဲ့က သေတ္တာငယ်အား သိမ်းဆည်းလိုက်သည်။
သူက စွန်းမူအား ဆေးဖော်စပ်ရန် ကတိပေးခဲ့ပြီးဖြစ်သည်။
ဝုန်း…
ဆေးပေါင်းဖို လည်ပတ်သွားကာ ဓားချီများ ထွက်ပေါ်လာသည်။ ဆေးအမယ်များ ဆေးပေါင်းဖိုထဲသို့ အဆက်မပြတ် တိုးဝင်သွား၏။
ဟန်မူယဲ့ကား ဆေးလုံးဖော်စပ်ခြင်း၌ အလွန်ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။
တစ်နာရီခန့် ကြာပြီးနောက်တွင် ဆေးပေါင်းဖို တုန်ခါသွားကာ ခရမ်းကျောက်စိမ်းဆေးလုံး သုံးလုံး ခုန်ထွက်လာသည်။
သူက ဆေးလုံး ၂လုံးကို သိမ်းဆည်းလိုက်ပြီး နောက်တစ်လုံးအား ပုလင်းငယ်တစ်လုံးထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဝင်္ကပါစက်ပြားကို ပြန်လည်သိမ်းဆည်းလိုက်သည်။
“ဘယ်လိုလဲ…”
အပြင်တွင် စောင့်နေသော စွန်းမူက လောလောဖြင့် မေးသည်။
ဟန်မူယဲ့က ပြုံးလိုက်၏။
စွန်းမူက သူ၏နဖူးအား သပ်လိုက်ကာ ပြောသည်။
“သေစမ်း… ငါ အရမ်းအရင်လိုနေတာပဲ”
ဟန်မူယဲ့က ပြုံးလိုက်ကာ ကျောက်စိမ်းပုလင်းငယ်အား ကမ်းပေးလိုက်သည်။
“ကျုပ်က ခင်ဗျားကို စိတ်မပျက်စေခဲ့ပါဘူး”
ပြီးသွားပြီလား…
စွန်းမူက ကျောက်စိမ်းပုလင်းငယ်အား တုန်ယင်သော လက်ဖြင့် ယူလိုက်ကာ တင်းတင်းဆုပ်လိုက်သည်။
“ကျေးဇူးပဲ… ကျေးဇူးပဲ…”
စွန်းမူက ဟန်မူယဲ့အား လက်နှစ်ဖက်ဆုပ်ကာ အလျင်အမြန် လှည့်ထွက်သွားသည်။
ဟန်မူယဲ့က ထိုပုံစံအား သူ နောက်ဆုံးအကြိမ်က ခရမ်းကျောက်စိမ်းဆေးလုံး ဖော်စပ်ပေးခဲ့သူ တကိုယ်တော်ကျင့်ကြံသူ ကွမ်းချောင်ရှန့်ထံ၌ မြင်ဖူးသည်။
ရာစုနှစ်တချို့ ကျင့်ကြံဆင့်မတက်နိုင်ဘဲ ရပ်တန့်နေသူတိုင်း ထိုအခိုက်တွင် တည်ငြိမ်အောင် နေနိုင်မည် မဟုတ်ပါ။
စွန်းမူ ထွက်သွားသည်ကို ကြည့်ကာ ဟန်မူယဲ့က ဝင်္ကပါအစီအရင်အား တဖန် အသက်သွင်းလိုက်ပြီး သေတ္တာငယ်အား ထုတ်လိုက်သည်။
သူက လက်လှမ်းကာ ဓားဆေးလုံးကို ဆုပ်ကိုင်လိုက်သည်။
ချီအားများ ဓားဆေးလုံးထံသို့ စီးဆင်းသွား၏။
ဟူး…
ဓားဆေးလုံးသည် အဆက်မပြတ် တုန်ခါသွားကာ အလင်းများ ပိုမိုစူးရှလာသည်။
ဓားဆေးလုံးသည် ယခင် ဓားဆေးလုံး ၂လုံးထက် ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ဓားဆေးလုံးထဲသို့ ဓားချီများ ဝင်သွားလျှင် ဟန်မူယဲ့၏အာရုံ၌ ပုံရိပ်များ ဖြစ်ပေါ်လာသည်။
ဝုန်း…
“မင်းတို့ အပြင်လောကကျင့်ကြံသူတွေ တစ်ယောက်မှ ဒီနေ့ ထွက်သွားနိုင်မှာ မဟုတ်ဘူး”
အစိမ်းရောင်ဝတ်လူငယ်တစ်ဦး ခါးတွင် ကျောက်စိမ်းခါးပတ်တစ်ခုကို ဝတ်ထားကာ ရှေ့ကို ထွက်လာသည်။
လူငယ်က လက်မြှောက်လိုက်လျှင် ပုံရိပ်ယောင်ဓားအလင်းတစ်ခု ဖြစ်ပေါ်လာ၏။
“ဝိညာဉ်လိပ်ပြာဓား… ဓားစံအိမ်နည်းစနစ်…”
ဟန်မူယဲ့ အလိုအလျောက် ရေရွက်မိသည်။
ဝိညာဉ်လိပ်ပြာဓားချီဖြင့် ဓားဆေးလုံးကို ထိန်းချုပ်လျှင် အသွားနှစ်ဖက်ဓားသည် စူးရှလင်းလက်သွား၏။ လျပ်တပြတ် ၎င်းသည် ကြောက်စရာကောင်းသော ထက်ရှမှုကို ပေးသည်။
အစိမ်းရောင်ဝတ်လူငယ်က သူ့လက်ဖြင့် ဓားနည်းစနစ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ဓားပျံသည် ရှေ့ကို ပြေးထွက်သွားလျှင် သူ့ရှေ့မှ မီးခိုးရောင်ဝတ်ကျင့်ကြံသူများသည် ဓားတစ်လက်ဖြင့် ဖိနှိပ်ခံရကာ ခေါင်းမော့နိုင်ခြင်းပင် မရှိပါ။
“ပြေး…”
“ဒါက စွမ်းအားကြီးဓားသမားပဲ… ဒီကမ္ဘာက အရမ်းအစွမ်းကြီးတယ်”
“ဟင်း… တိမ်တိုက်ကောင်းကင်တာအိုမဟာမိတ်အဖွဲ့သို့ သတင်းပြန်ပို့လိုက်။ စစ်တပ်တစ်ခု လွှတ်ပြီး ဒီကမ္ဘာကို သိမ်းရမယ်”
ထိုလူများအားလုံးမှာ အမြုတေဖွဲ့စည်းခြင်းထက် မနိမ့်သော ကျင့်ကြံဆင့်များ ရှိကြသည်။ သို့သော်လည်း ဓားဆေးလုံး၏အစွမ်းအောက်တွင် မည်သူမှ ခုခံတိုက်ခိုက်နိုင်ခြင်း မရှိပါ။
အဆုံးသတ်၌ အလောင်းတချို့ ချန်ထားခဲ့ပြီး ထိုကျင့်ကြံသူများသည် အာကာသထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြသည်။
အစိမ်းရောင်ဝတ်လူငယ်က လက်ဝှေ့ယမ်းကာ ဓားဆေးလုံးကို ပြန်လည်ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူက ကမ္ဘာခြားကျင့်ကြံသူများ ထွက်ပြေးသွားသော အာကာသအက်ကွဲကြောင်းအား လှမ်းကြည့်၏။
“ဒါ လွန်ခဲ့တဲ့နှစ် ၇၀၀၀က စီနီယာယွမ်ထျန်း ချိပ်ပိတ်ထားခဲ့တဲ့ လေဟာနယ်အက်ကြောင်းလား”
“အာကာသအက်ကြောင်း… ပြင်ပကမ္ဘာလောကသားတွေက တကယ် စိတ်လှုပ်ရှားစရာပဲ”
“ကျုပ် မော့ရှန့်ဟွာ ဓားမျိုးစေ့နဲ့ မွေးဖွားလာပြီးတော့ နှလုံးသားဓားကို ပိုင်ဆိုင်တယ်။ ကျုပ်ဟာ အံ့ဖွယ်နေမင်းဓားနည်းစနစ်ကို တစ်နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ကျင့်ကြံနိုင်ခဲ့တယ်။ ဒီကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ ဆက်နေစရာ အကြောင်း မရှိတော့ဘူး”
လူငယ်က အဆက်မပြတ် ပြောင်းလဲနေသော အလင်းနှင့် အရိပ်သဏ္ဍာန်ကို ကြည့်ကာ တီးတိုးရေရွက်သည်။
“အရင်တုန်းက စီနီယာယွမ်ထျန်းဟာ ဒီအာကာသဆက်ကြောင်းကို ချိပ်ပိတ်နိုင်ခဲ့တယ်။ ကျုပ် မော့ရှန့်ဟွာလည်း ဒီအတိုင်း လုပ်နိုင်တယ်”
လူငယ်က မျက်တောင်ပင့်လိုက်သည်။
“ဒါပေမဲ့ ဓားစံအိမ်အမွေအနှစ်ကို အရင်ဆုံး ချန်ထားခဲ့ရမယ်။ စီနီယာယွမ်ထျန်းရဲ့ ဓားဆေးလုံးဟာလည်း ဒီကောင်းကင်အံ့ဖွယ်ကမ္ဘာမှ နေခဲ့သင့်တယ်”
ဟန်မူယဲ့၏အာရုံထဲ၌ လူငယ် နောက်လှည့်ကာ ထွက်သွားသည်။
ထို့နောက် သူက ရင်းနှီးနေပြီးသားဖြစ်သော ဓားစံအိမ်တတိယထပ်ကို မြင်သည်။
မော့ရှန့်ဟွာ မည်သော ထိုလူငယ်သည် အမှန်တကယ်အားဖြင့် လွန်ခဲ့သော နှစ်သုံးထောင်ခန့်က ဓားစံအိမ်ခေါင်းဆောင် ဖြစ်သည်။
“အံ့ဖွယ်နေမင်းဓားနည်းစနစ်ဟာ နားလည်ဖို့ ခက်ခဲလွန်းတယ်။ အဲဒါဟာ အမတ်ချုပ်ပြီးက အာကာသကို ချိပ်ပိတ်ဖို့ တီထွင်ခဲ့တဲ့ နည်းစနစ်ပဲ။ ဓားကို နှလုံးသားနဲ့ ပေါင်းစပ်တဲ့အဆင့်ကို မရောက်တဲ့သူဆိုရင် ဒီနည်းစနစ်ကို ကျင့်ဖို့ နှစ်သုံးရာလောက် ကြာမယ်”
ဓားစံအိမ်တွင် မော့ရှန့်ဟွာက ကျောက်စိမ်းပေလွှာသုံးခုအား စားပွဲပေါ်၌ တင်လိုက်သည်။