← Chapters

ကျွန်မကို ထားပြီး ထွက်မသွားပါနဲ့တော့

Vol. 79 Ch. 1090

ကျွန်မကို ထားပြီး ထွက်မသွားပါနဲ့တော့

Vol. 79 Ch. 1090

မျက်စိတစ်မှိတ်အတွင်း ပိအန်းပန်း အနားရှိ လူစုလူဝေးကြီးမှာ အမျိုးသမီး ဆယ်ယောက်သာ ကျန်တော့သည့်အထိ လျော့နည်းသွားလေ၏။  ထိုကျင့်ကြံသူတို့မှာ ထွက်ပြေးလျှင်ပြေး သို့မဟုတ် သွေးမြူအဖြစ် ပြောင်းသွားပြီ ဖြစ်၏။

ဝတ်ရုံစိမ်းနှင့် အမျိုးသမီးက ထွက်ပြေးသွားသည့် သဟဇာတ နတ်ဘုရားများနောက် လိုက်မသွားပေ။ သူမ အမြင်၌ သဟဇာတ နတ်ဘုရားများပင် ပုရွက်ဆိတ်များ ဖြစ်ကြ၏။

သူမက ပိအန်းပန်းကိုသာ စိုက်ကြည့်လိုက်သည်။ အနီရောင် ပိအန်းပန်းက ယခုအခါ သုံးမီတာလောက်သာ ရှိတော့သည့်အထိ ကျုံ့သွားလေပြီ။

“ နှမြောစရာပဲ .. ပိအန်းပန်းကောင်းလေး တစ်ပွင့် ဖြစ်ရက်သားနဲ့ ဦးနှောက်မရှိတဲ့ အရူးတွေကြောင့် ပျက်စီးသွားပြီ ” အချိန်ကြာပြီးနောက် ကျက်သရေရှိသည့် ဝတ်ရုံစိမ်း အမျိုးသမီးက သက်ပြင်းချကာ ရေရွတ်လိုက်သည်။

“ ဝိဇ္ဇာ သူတော်စင် သခင်မ … ဒီကိစ္စကလည်း ကောင်းသွားတာပါပဲ။ လောဘကြီးတဲ့ ဟိုလူတွေ ဒီပြီးပြည့်စုံတဲ့ နတ်ဘုရားကမ္ဘာဆီ မလာနိုင်တော့တာပေါ့။ ဝိဇ္ဇာသူတော်စင် သခင်မက ဒီပန်းကို သိမ်းဆည်းထားလိုက်ရုံနဲ့ ဒီနေရာမှာ ရှိနေတဲ့ အရာအားလုံး သခင်မရဲ့ ထိန်းချုပ်မှုအောက် ကျရောက်လာမှာပါ ” အဝါဖျော့ ဝတ်စုံလေးနှင့် မိန်းမပျိုလေးက ပြောလိုက်သည်။

ဤမိန်းမပျိုလေး၏ အသားအရေမှာ နှင်းပွင့်လေးလို ဖြူဆွတ်နေပြီး မျက်ဝန်းတောက်တောက် တစ်စုံ ပိုင်ဆိုင်ထားကာ မည်းနက်နေသော ကေသာဆံနွယ်တို့က ပခုံးထက် ဖြာကျနေလေ၏။ သူမ ရုပ်ရည်မှာ ဝိဇ္ဇာသူတော်စင် သခင်မထက် နိမ့်ကျနေခြင်း မရှိပေ။

ဝတ်ရုံစိမ်း မိန်းကလေးက ခပ်တိုးတိုး ရယ်မောလိုက်ကာ

“ ယီရှန်း မင်း ပြောတာ မှန်တယ်။ အနည်းဆုံးတော့ ဒီပိအန်းပန်းကို ငါနဲ့ လုယူနိုင်တဲ့သူ မရှိတော့တာပေါ့ … တကယ်လို့ ငါသာ ပိအန်းပန်းကို ဒီနေရာကို ရောက်မလာဘူးဆိုရင် ဒီနေရာက လော့ရှုအပိုင် ဖြစ်သွားတော့မှာ အသေအချာပဲ။

ငါ ပိအန်းပန်းကို သိမ်းဆည်းပြီးတာနဲ့ ငါတို့တွေ အလျှင်လိုနေဖို့ မလိုတော့ဘူး။ အဲဒီနောက်ကျ ငါတို့တွေ ဟိုနေရာကို သွားဖို့ပဲ လိုတော့တယ် ”

“ ဝိဇ္ဇာသူတော်စင် သခင်မ ပြောတာ နတ်ဘုရားသင်္ချိုင်းဂူကိုလား။ ကျွန်မတို့တွေ ဒီကမ္ဘာကို‌ ရောက်လာတုန်းက နတ်ဘုရားသင်္ချိုင်းဂူ အငွေ့အသက်ကို ခံစားမိလိုက်တယ် ” အလှလေး ယီရှန်းက နာခံစွာ ပြန်ဖြေလိုက်သည်။

ဝတ်ရုံစိမ်း အမျိုးသမီးက ခေါင်းညိတ်ကာ

“ ဟုတ်တယ် … နတ်ဘုရားသင်္ချိုင်းဂူပဲ။ နတ်ဘုရားသင်္ချိုင်းဂူထဲမှာ အနည်းဆုံး ကံကြမ္မာ ထိပ်သီးရတနာ သုံးမျိုးလောက် ရှိလိမ့်မယ်။ အဲဒါတင် မကသေးဘူး တခြားရတနာတွေလည်း ရှိဦးမှာပဲ … ဂူက ဒီကမ္ဘာမှာ ပေါ်လာလိမ့်မယ်လို့ ထင်မထားမိဘူး။

တကယ်လို့ ဟိုလူတွေသာ ဒီနေရာမှာ ဂူပေါ်လာတာကို သိရင်တော့ သူတို့တွေ နောင်တရလို့ နံရံနဲ့ခေါင်းကို ပြေးဆောင့်ချင်စိတ် ပေါ်လာလောက်တယ် ”

ဝတ်ရုံစိမ်း အမျိုးသမီးက ထိုစကားပြောပြီးနောက် သူမနောက်ရှိ အလှလေးဆယ်ယောက်ဘက် လှည့်ကာ

“ မင်းတို့အားလုံးက ငါ့တပည့်တွေပဲ။ တကယ်လို့ နတ်ဘုရားသင်္ချိုင်းဂူထဲမှာ ရတနာတစ်ခုခု တွေ့ခဲ့ရင် မင်းတို့အပိုင်ပဲ … မင်းတို့ ကိုယ်ပိုင် ပစ္စည်း ဖြစ်လာလိမ့်မယ်”

“ သခင်မကို ကျေးဇူးတင်ပါတယ်ရှင့် ” အလှလေး ဆယ်ယောက်တို့က တစ်ပြိုင်နက် ပြောလိုက်ကြသည်။

ဝတ်ရုံစိမ်း အမျိုးသမီးက ပြုံးကာ ဆက်ပြောလိုက်လေ၏   “ နတ်ဘုရားသင်္ချိုင်းဂူကိုယ်တိုင်ကိုက အံ့ဩဖွယ် ရတနာတစ်ခုပဲ … ကံကြမ္မာ ထိပ်သီးရတနာ မဟုတ်ပေမဲ့ အဆင့်တော့ မနိမ့်ဘူး။ မင်ယွမ်ကြောင့် စကြဝဠာကြီးထဲကနေ ပျောက်ကွယ်နေတာ … တကယ်လို့ မင်းတို့ နတ်ဘုရားသင်္ချိုင်းဂူအတွင်း မင်ယွမ်နဲ့ တွေ့ခဲ့ရင် သတိထားကြဦး … အဲဒီလူက မရိုးရှင်းဘူး  ”

“ သူက ဝိဇ္ဇာတုတစ်ယောက်ပဲလေ ” ဝတ်ရုံစိမ်း အမျိုးသမီး၏ အလေးပေးခြင်းကို ခံရသည့် ယီရှန်းက တည့်တိုး ပြောလိုက်သည်။

……………

အချိန်စက်ဝန်းပြားအတွင်း မိုဝူကျိက ပြင်ပကမ္ဘာ၌ မည်သို့ ဖြစ်ပျက်နေသည်ကို မသိပေ။ သူက စန်းကျန့်ရှင်းနှင့် ရှင်းမူတို့ ပူးပေါင်း၍ ပိအန်းပန်းကို ဖျက်စီးဖို့ ကြိုးစားခဲ့သည်ကိုလည်း မသိသလို အရိုက်အရာခံ နတ်ဘုရားများ နတ်ဘုရားကမ္ဘာအတွင်းသို့ ဝင်ရောက်လာသည့်ကိစ္စကို မတားဆီးနိုင်ကြောင်းလည်း မသိတော့ပေ။

ထိုစဉ် သူက ကျင့်ကြံရေး၌သာ အာရုံနှစ်မြှပ်နေလေ၏။

မိုဝူကျိက အချိန်စက်ဝန်းပြားရှိ အချိန်စည်းမျည်းများက ပို၍ မြန်မြန် လှည့်ပတ်လာသည်ကိုပင် သတိမထားမိပေ။ အကယ်၍ သူ ရပ်လိုက်လျှင် အချိန်စက်ဝန်းပြား၏ နှုန်းက သူ့ကျင့်ကြံဆင့်နှင့်သာ သက်ဆိုင်နေခြင်း မဟုတ်ဘဲ နတ်ဝိညာဉ်သွေးကြောများ ကုန်ဆုံးလာနှုန်းနှင့်လည်း သက်ဆိုင်နေကြောင်း သိပေလိမ့်သည်။

နတ်ဘုရားဘုရင် အဆင့် ၄၊ နတ်ဘုရားဘုရင် အဆင့် ၅ …

အချိန်များက ဖြည်းဖြည်းချင်း ကုန်လွန်သွားလေ၏။ မိုဝူကျိက နတ်ဘုရားဘုရင် အဆင့် ၆ သို့ ရောက်စဉ် သူ့ဘေးပတ်လည်ရှိ အာကာပြင်မှာ လေးလံသွားကြောင်း ခံစားလိုက်မိ၍ ရပ်တန့်လိုက်ပြီး အပြင်ဘက်သို့  စိတ်စွမ်းအားကို ပို့လွှတ်ကာ စစ်ဆေးကြည့်လိုက်သည်။

အချိန်စက်ဝန်းပြားရှိ အချိန်စီးဆင်းမှုမှာလည်း ပြောင်းလဲသွားဟန် ပေါ်၏။ ဒီပစ္စည်းရဲ့ အချိန်ပြောင်းလဲမှုနှုန်းက ကျင့်ကြံဆင့်ပေါ် မူတည်နေတာလား …. မိုဝူကျိက မျက်မှောင်ကျုတ်လိုက်သည်။ သူ မလေ့ကျင့်ခင် အာရုံခြောက်ပါးကို ပိတ်ဆို့ထားခဲ့၏။ အကယ်၍ သူ့ဘေးပတ်လည် အာကာပြင် လေးလံလာခြင်းကြောင့်သာ မဟုတ်လျှင် သူက ဆက်လက် ကျင့်ကြံနေဦးမည် ဖြစ်၏။

သူ့ခန့်မှန်းချက်အရ အချိန်စက်ဝန်းပြား၌ အနည်းဆုံး နှစ်တစ်သောင်းလောက် ကုန်ဆုံးခဲ့ပြီးလေပြီ။

မဟုတ်သေးဘူး .. အခု ဒါကို တွေးနေရမဲ့အချိန် မဟုတ်သေးဘူး …

ဘာလို့ လေးလံလာရတာလဲ ….

ပညာရှင်တစ်ယောက်ရဲ့ စိတ်စွမ်းအားက သူ့အစီအရင်ကို ထိုးဖောက်လာလို့လား …. မဟုတ်ရင် သူ့ကျင့်ကြံနေတုန်း ဘာလို့ ထွက်လာရမှာလဲ ….

ပြင်ပ စိတ်စွမ်းအားတစ်ခု ဝင်ရောက်လာတာလား ….

မိုဝူကျိက ထိုအကြောင်း တွေးမိလိုက်သည့်အခါ ဆက်လက် မကျင့်ကြံရဲတော့ပေ။ သူက အချိန်စက်ဝန်းပြားမှ ချက်ချင်း ထွက်လာလိုက်၏။

သူ တွေးထားသလောက် နတ်ဘုရားသင်္ချိုင်းဂူ၌  သူ့အစီအရင်ကို ထိုးဖော်ကာ အချိန်စက်ဝန်းပြားနှင့် ဆက်သွယ်နိုင်လောက်သည့်အထိ အားကောင်းသည့်သူ မရှိပေ။

ယခု အချိန်စက်ဝန်းပြား၌ တစ်ခုခု ဖြစ်လာလေရာ ထိုလူက သေချာပေါက် သူ့ထက် အားကောင်းပေလိမ့်မည်။

မည်သို့ပင် ဖြစ်စေကာမူ သူက ဆက်လက် ကျင့်ကြံ၍ မရတော့ပေ။

အချိန်စက်ဝန်းပြားမှ ထွက်လိုက်ပြီးနောက် မိုဝူကျိက သူ့စိတ်စွမ်းအားထဲ အဝါရောင်ပုံရိပ်လေး  ပေါ်လာသောကြောင့် သူ့အချိန်စက်ဝန်းပြားကိုပင် သိမ်းဆည်းချိန် မရလိုက်ပေ။

ဤလူက အာကာပြင်ကို ဖြတ်ဝင်လာနိုင်ဟန် ပေါ်သောကြောင့် မိုဝူကျိ၏ စိတ်နှလုံးသားမှာ အေးစက်သွားလေသည်။ ဤအမြန်နှုန်းဖြင့် သူ့နတ်ဘုရားဘုရင် အဆင့် ၆ လေရွေ့ပြောင်းစွမ်းရည်ဖြင့်ပင် လွတ်မြောက်အောင် ပြေးနိုင်မည် မဟုတ်လောက်ပေ။

မိုဝူကျိက သူ့ဘာသာ အတင်းစိတ်ထိန်းလိုက်ကာ အချိန်စက်ဝန်းပြားကို လူသားကမ္ဘာထဲ ပြန်ထည့်ထားလိုက်၏။ တစ်ချိန်တည်းတွင် သူ့ နတ်ဝိညာဉ်သွေးကြော ၈၁ ခုကိုလည်း သိုလှောင်လက်စွပ်ထဲ ထည့်ထားလိုက်သည်။

နှစ်တစ်သောင်းကြာ ကျင့်ကြံပြီးနောက် နတ်ဝိညာဉ်သွေးကြော ၈၁ ခုတို့မှာ တစ်ဝက်လောက် ကျုံ့သွားလေပြီ။

မိုဝူကျိကို စိတ်အေးသွားစေသည်က ရောက်ရှိလာသည့် ကျင့်ကြံသူသည် သူ့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိပုံ မပေါ်ပေ။

မိုဝူကျိက သူ့အစီအရင်အလံကို ဖယ်လိုက်တော့မည့်အချိန် အဝါဖျော့ ဝတ်စုံလေးနှင့် ကျင့်ကြံသူက သူ့အစီအရင်အတွင်း၌  ရုတ်တရက်  ပေါ်လာသည်။

အားကောင်းလိုက်တဲ့ ကျင့်ကြံဆင့် …

မိုဝူကျိက နှလုံးခုန်နှုန်းပင် မြန်မိသွား၏။

မိုဝူကျိအား အလန့်တကြား ဖြစ်သွားစေသည်က သူ့ကျင့်ကြံရေးကို နှောင့်ယှက်၍ သူ့ကာကွယ်ရေး အစီအရင်အတွင်း ဝင်လာသည့်သူသည် အမျိုးသမီး တစ်ဦး ဖြစ်နေလေ၏။ အတိအကျ ပြောရလျှင် အလှပဂေးတစ်ယောက် ဖြစ်နေသည်။ မိုဝူကျိက အနည်းဆုံးတော့ ရုပ်ရည်နှင့် သွင်ပြင်အရ ဤကမ္ဘာရှိ မိန်းကလေးအနည်းငယ်သာ သူမနှင့် ယှဉ်နိုင်မည် ဖြစ်ကြောင်း ယုံကြည်မိသည်။

ပန်းချီရေးဆွဲထားသလိုမျိုး သွင်ပြင် ရှိနေသည့်အပြင် ထိုမိန်းကလေးတွင် အခြားကမ္ဘာမှ အငွေ့အသက်လိုမျိုး ပိုင်ဆိုင်ထား၏။

သူ့လက်ရှိ နတ်ဘုရားဘုရင် အဆင့် ၆ နှင့်ပင် မိုဝူကျိက ထိုမိန်းကလေး၏ ကျင့်ကြံဆင့်ကို မမြင်ရချေ။ ထို့အပြင် ထိုမိန်းကလေးက သူ့ကာကွယ်ရေး အစီအရင်အတွင်း ဝင်လာသော်လည်း တိုက်ခိုက်မည့် အရိပ်အယောင် မရှိချေ။ ထိုသည်က မိုဝူကျိအား နှလုံးခုန်မြန်လာစေ၏။

မိုဝူကျိက ချက်ချင်း ထွက်ပြေးဖို့ မကြိုးစားပေ။ သူက လက်နှစ်ဖက် ယှက်ကာ

“ တာအိုရောင်းရင်း … ကျုပ် ကျင့်ကြံနေတာကို နှောင့်ယှက်ပြီးတော့ ကျုပ်နေရာထဲ ဘာလို့ ဝင်လာတာလဲဆိုတာ မေးပါရစေ ”

မိုဝူကျိက ပြောနေရင်း မည်သို့ ထွက်ပြေးရမည်ကို စဉ်းစားနေလေ၏။

အဝါဖျော့ ဝတ်စုံလေးနှင့် မိန်းကလေးက စကားမပြောပေ။ သူမက မိုဝူကျိအား တအံ့တဩဖြင့်သာ ကြည့်နေလေသည်။ သူမ မျက်ဝန်းများက အနည်းငယ် အနီသမ်းနေလေ၏။ သူမက မသိမသာ ရှေ့တစ်လှမ်းတိုးလိုက်သည်။

အမျိုးသမီးတစ်ယောက်၏ ခပ်ဖျော့ဖျော့ ရနံ့တို့ ပျံ့နှံ့လာလေ၏။ မိုဝူကျိက မြန်မြန် နောက်တစ်လှမ်းဆုတ်ကာ ထိုမိန်းမလှလေးအား သတိထားကြည့်လိုက်သည်။

“ လျူရှင်း … ရှင် ကျွန်မကို မေ့သွားပြီလား။ ကျွန်မက ယီရှန်းလေ … ရှင့်ရဲ့ ယီရှန်း … ” အဝါဖျော့ ဝတ်စုံနှင့် မိန်းကလေးက ငိုရှိုက်တော့မည့်ဟန်ဖြင့်

“ ရှင် ဘာလို့ ဒီလောက်အထိ ဖြစ်သွားရတာလဲ။ ရှင် အရင်ထွက်သွားတုန်းက ကျွန်မကို ဘာလို့ မပြောသွားရတာလဲ … အဟင့်ဟင့်  ကျွန်မစကားကို နားမထောင်ဘဲနဲ့ ဝိဇ္ဇာအရှင်နဲ့ ရင်ဆိုင်ဖို့ ဘာလို့ လုပ်ရတာတုန်း …..

ရှင့်ရဲ့ နှလုံးသားမှာ ကျွန်မက နေရာသေးသေးလေးတောင် မယူထားနိုင်ဘူးလား။ ရှင့်ရဲ့ ကတိတွေကရော … ရှင် ကတိပေးထားရက်သားနဲ့ ဘာလို့များ … ဘာလို့များ  … ”

ယီရှန်းဟု ခေါ်သည့် အဝါဖျော့ ဝတ်စုံလေးနှင့် မိန်းကလေးက ရှေ့တိုးလာပြီးပြီ ဖြစ်၏။ သူမက ပြောနေရင်း မျက်ဝန်းမှ မျက်ရည်များ သွန်းဖြိုးလာလေသည်။

လျူရှင်းလား ….

မိုဝူကျိက ချက်ချင်း နားလည်သွားလေ၏။

ဒီမိန်းကလေးက သူ့အား လျူရှင်းဟု အထင်မှားနေခြင်းသာ ဖြစ်၏။

“ တာအိုရောင်းရင်း ယီရှန်း ခဏလေးနေပါဦး …” မိုဝူကျိက အနည်းငယ် စိုးရိမ်လာမိသည်။ အကယ်၍ ဤမိန်းကလေးသာ ရှေ့တစ်လှမ်း ထပ်တိုးလာလျှင် သူ့အား တန်းဖက်လိမ့်မည်ဟု ခံစားနေရသည်။

ယီရှန်းက ရပ်တန့်လိုက်သော်လည်း မိုဝူကျိအား  သူနှင့် တစ်သားတည်း ဖြစ်လိုသည့် ဆန္ဒများဖြင့် စိုက်ကြည့်နေသည်။

မိုဝူကျိက အသက်ပြင်းပြင်း ရှုထုတ်လိုက်၏။ သူက တည်ငြိမ်ဖို့ ကြိုးစားလိုက်ရင်း  “ တာအိုရောင်းရင်း ယီရှန်း  … ကျုပ်က လျူရှင်း မဟုတ်ပါဘူး။ လူမှားနေတာ နေမှာပါ … ”

“ မဟုတ်ဘူး  …” ယီရှန်း အသံက ဝမ်းနည်းသည့် အရိပ်အယောင်စွက်နေကာ

“ ကျွန်မကိုပါ ညာနေဖို့ မလိုပါဘူး။ ရှင်က လျူရှင်းပဲ … ရှင် ဘယ်နှကြိမ် ပြန်လည် ဝင်စားလာလာ ရှင့်မျက်ဝန်းတွေက အမြဲတမ်း အတူတူပဲ။  ပြီးတော့ ရှင့်ရဲ့ တာအိုကလည်း အတူတူပဲ။ ဒီလောကကြီးတစ်ခုလုံးမှာ လူသားတာအိုကို ကျင့်ကြံတာ ရှင် တစ်ယောက်တည်းပဲ ရှိလိမ့်မယ်။

ရှင့်လောက် ရူးတဲ့သူ ဒုတိယလူ ရှိမှာ မဟုတ်ဘူး။ လျူရှင်း  … ကျွန်မကို ထားမသွားပါနဲ့တော့နော် … ကျွန်မကို ကတိပေးပါ .. ”

မိုဝူကျိက အနည်းငယ် မူးနောက်နောက် ဖြစ်လာသည်။ သူက လျူရှင်းနှင့် အမုန်းတရားတချို့ ရှိထား၏။ ယခင် သူက လျူရှင်း၏ အသိစိတ်အမျှင်လေးအား ဖယ်ထုတ်ပစ်ဖို့ရာအတွက် နှစ်တစ်သောင်းကျော်လောက် အချိန်ပေးခဲ့ရသည်။ ထိုအကြောင်းအရင်းကြောင့် သူက လျူရှင်းနှင့် တွေ့ဖူးကြောင်း မပြောရဲပေ။ သူသာ ထုတ်ပြောလိုက်လျှင် ဤယီရှန်းက သူ့အား သတ်ကာ သူ့မှတ်ဉာဏ်များကို မြင်ရအောင် ဝိညာဉ်ရှာဖွေ နည်းလမ်းအား  အသုံးပြုလောက်၏။

မိုဝူကျိက နွေးနွေးထွေးထွေး ပျူပျူဌာဌာသာ ဆက်ပြောနေရုံသာ တတ်နိုင်တော့သည်  “ တာအိုရောင်းရင်း ယီရှန်း … ကျုပ်က လျူရှင်း မဟုတ်ပါဘူး။ ကျုပ်က လူသားတာအိုကို ကျင့်ကြံပေမဲ့  … ”

“ ကျွန်မကို ထပ်ထားမသွားပါနဲ့တော .. ထပ်ပြီးတော့လည်း မညာပါနဲ့တော့  …” မိုဝူကျိ စကားမဆုံးခင် အဝါဖျော့ ဝတ်စုံနှင့် မိန်းကလေးက ရှေ့တိုးလာကာ မိုဝူကျိအား ဆွဲဖက်ပစ်လိုက်သည်။

မိုဝူကျိက သူမ၏ နူးညံ့မှုကိုလည်း မခံစားမိသလို သူမရနံ့သင်းသင်းလေးကိုလည်း မရပေ။ သူ့နှလုံးသားက ရေခဲတမျှ အေးစက်နေလေ၏။ ယခု ယီရှန်း သူ့အား ဖက်လိုက်စဉ် သူက ခုခံဖို့ အခွင့်အရေး မရှိသလို ထွက်ပြေးဖို့လည်း မတတ်နိုင်ခဲ့ပေ။ ထိုစဉ် သူ့ဘေးပတ်လည်ရှိ အာကာပြင်မှာ သူ့အပိုင် မဟုတ်တော့သကဲ့သို့ ပြောင်းလဲသွားလေ၏။

ဆိုလိုသည်မှာ သူ့အနေနှင့် ထိုမိန်းကလေးအား ဆန့်ကျင်နိုင်ခွင့် မရှိပေ။

သူမ ကျင့်ကြံဆင့်က ဘယ်လောက်များလဲ …

ဝိဇ္ဇာတပိုင်းအဆင့် ….

ထိုမိန်းကလေးက သေချာပေါက် ဝိဇ္ဇာတပိုင်းအဆင့်သာ ဖြစ်ရမည်။ မိုဝူကျိ၏ စိတ်နှလုံးသားမှာ အပြင်းထန်ကို ခုန်ပေါက်နေလေ၏။ သူက ရုန်းပင် မရုန်းရဲတော့ချေ။

***

All Chapters