အမည်မဲ့ တာအိုအသီး
Vol. 79 Ch. 1091
“ လျူရှင်း …. ရှင့်ရဲ့ နှလုံးခုန်သံကို ကျွန်မ ခံစားမိတယ်။ ရှင်လည်း ကျွန်မ အကြောင်းကို တွေးနေတယ်မလား။ ကျွန်မကို ထားပြီး ထွက်မသွားပါနဲ့တော့ ပြီးတော့ ရှင့်ကိုယ်ရှင်လည်း ဆက်မညာပါနဲ့တော့။ ကျွန်မတို့တွေ ဝိဇ္ဇာ သူတော်စင် သခင်မအောက်မှာ အတူတူ နေလို့ ရပါတယ်။ အဲထက် ကောင်းတာ ဘာရှိဦးမှာလဲ ….
ရှင် ပြန်လည် ဝင်စားလာတာကိုလည်း စိတ်ထဲ မထားပါဘူး။ လျူရှင်း … ရှင်နဲ့ပဲ အတူတူ ရှိနေချင်တယ် … ” အဆုံးသတ်၌ ယီရှန်း စကားတို့က တီးတိုးရေရွှတ်သံအဖြစ် ပြောင်းလဲသွားသည်။
ထိုစဉ် မိုဝူကျိက ထိုမိန်းကလေး၏ လျူရှင်းအပေါ် ထားရှိသည့် အချစ်နှင့် မှီခိုမှုကို ခံစားမိလိုက်သည်။ ဤအဖြစ်အပျက်မှာ တိုက်ဆိုင်လွန်းကြောင်း သိပေသည်။ သူ့မျက်ဝန်းများက လျူရှင်းနှင့် တူနေသည်မှာလည်း အမှန်ဖြစ်၏။ ယခင် ယွီလင်းက ကောင်းကင်လူသားဂိုဏ်း၏ လျူရှင်း ရုပ်တုကို မြင်စဉ်အခါက ယွီလင်းသည်လည်း မိုဝူကျိသည် လျူရှင်းနှင့် တူကြောင်း သတိပြုမိခဲ့သေးသည်။
သို့သော်လည်း ဤသည်က အဓိကအချက် မဟုတ်သေးပေ။ အဓိကအချက်မှာ သူက လူသားတာအိုကို ကျင့်ကြံခြင်း ဖြစ်နေ၏။ လျူရှင်းလည်း လူသားတာအိုကို ကျင့်ကြံပေသည်။ သူ့လူသားတာအိုက လျူရှင်းထက် ပိုမို ပြီးပြည့်စုံသော်လည်း ဤယီရှန်းက ကွာခြားချက်ကို ယုံကြည်မည် မဟုတ်ပေ။
ဒီအမျိုးသမီးဆီက ဘယ်လို ထွက်ပြေးရမလဲ ….
မိုဝူကျိက ထိုမေးခွန်းကို တွေးမိလိုက်စဉ် ယီရှန်းက ရုတ်ချည်း ပိုမို နူးညံ့ပျော့ပျောင်း နွေးထွေးလာလေ၏။
မိုဝူကျိ မတုံ့ပြန်နိုင်လိုက်ခင် ယီရှန်းက ခေါင်းကို မော့လိုက်လေပြီ။ သူမ မျက်ဝန်းတို့တွင် ချစ်မြတ်နိုးမှုနှင့် နူးညံ့မှုတို့ဖြင့် အတိပြည့်နှက်နေပြီး
“ လျူရှင်း … တကယ်လို့ ရှင် ဝိဇ္ဇာသူတော်စင် သခင်မ လက်အောက်မှာ မနေချင်ဘူးဆိုရင်လည်း ကျွန်မ ရှင်နဲ့ အတူတူ ထွက်သွားချင်တယ်။ ရှင်သာ လိုချင်တယ်ဆိုရင် အခု ရှင့်ရဲ့ ကလေးကိုတောင် မွေးပေးနိုင်တယ် …. ကျွန်မကို နမ်းပါဦး … ”
အဝါဖျော့ ဝတ်စုံလေး မြေခသွားကာ အလှပတရားတို့ ထွက်ပေါ်လာလေ၏။
၉၉ ရာခိုင်နှုန်းသော အမျိုးသမီးထုကြီး အားကျရလောက်သည့် ပြီးပြည့်စုံသည့် ခန္ဓာကိုယ်က မိုဝူကျိရှေ့မှောက် ပေါ်လာသည်။
“ နို့နှစ်ရောင် အသားရေ ” ဤဖော်ပြချက်မှာ သူ့ရှေ့ရှိ အမျိုးသမီးအတွက် ဖြစ်ပေါ်လာဟန် ပေါ်၏။
ဓားအကျဉ်းထောင်ထဲမှ မြင်ကွင်းတစ်ခုကို ပြန်လည် မြင်ယောင်လာမိသည်။ သူက အရိုးပြိုင်းပြိုင်း ဖြစ်နေသည့် ဟန်ချင်းရုကို ဖက်ထားခဲ့၏။ ထိုစဉ်အခါက ဒဏ်ရာမရှိသည့် တစ်ခုတည်းသောနေရာမှာ ဟန်ချင်းရု၏ မျက်နှာသာ ဖြစ်၏။
မိုဝူကျိက သာမာန် အမျိုးသားတစ်ယောက် ဖြစ်ပေသည်။ ထို့အပြင် သူက လူသားတာအိုကို ကျင့်ကြံထား၏။ လူသားတာအို၌ သူ့စိတ်ဆန္ဒများကို ဖြတ်တောက်ပစ်ဖို့ မလိုအပ်ခဲ့ပေ။ သူက ရှေးရိုးစွဲတစ်ဦး ဖြစ်သောကြောင့်သာ ဤကိစ္စများကို မပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။
ဟန်ချင်းရုကို တွေးမိသွားသည့်အခါ မိုဝူကျိက နှလုံးတည်ငြိမ် နည်းလမ်းကို အသုံးပြုရန်ပင် မလိုအပ်လိုက်ဘဲ စိတ် ပြန်လည် တည်ငြိမ်သွားလေ၏။ ဟန်ချင်းရုအတွက် သူက မဟာဓားလမ်းစဉ်ဂိုဏ်းကို ဖျက်စီးပစ်ခဲ့သည်။ သို့သော် ဟန်ချင်းရုအတွက်မူ အရေးကြီးဆုံးအရာက မဟာဓားလမ်းစဉ်ဂိုဏ်း ပျက်စီးသွားဖို့ရာ မဟုတ်လောက်ပေ။
သူက သက်ပြင်းချကာ ဟန်ချင်းရု မည်သို့ ဖြစ်နေမည်ကို တွေးလိုက်မိသည်။
စိတ်တည်ငြိမ်လာသော မိုဝူကျိက ပြုတ်ကျနေသော ဝတ်စုံကို ကောက်ကာ ယီရှန်းပေါ် ပြန်လည် ခြုံပေးလိုက်ပြီး
“ ကျုပ်ကို အချိန်နည်းနည်းလောက် ပေးလို့ ရမလား။ အခုလက်ရှိ ကျုပ်ရဲ့ ကျင့်ကြံဆင့်က အရမ်းအားနည်းနေသေးတယ်။ အားကောင်းလာပြီးတော့ မှတ်ဉာဏ်တွေ ပြန်ရလာတဲ့အထိ အချိန်လေး စောင့်ပေးပါ၊ အရင်က ဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးကို တကယ် မေ့သွားပြီ ... ”
ရှားရိုယင်၏ သစ္စာဖောက်မှုကို ခံပြီးကတည်းက အမျိုးသမီးတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ အလှအပကား သူ့အတွက် အရေးမပါတော့ပေ။ သူ့ရှေ့ရှိ အမျိုးသမီးကို ထည့်ပြောနေဖို့ပင် မလိုတော့ပေ။
ယခု သူ လိုအပ်နေသည်က ဤမိန်းကလေးဆီမှ ထွက်ပြေးဖို့ ဖြစ်၏။ နောက်ထပ် နေရာကို ရှာပြီးနောက် သူ့အင်အားကို မြန်မြန် မြင့်တင်ရမည်။
“ အွန်း … ရှင့်စကားကို နားထောင်ပါ့မယ် ” ယီရှန်းက ကြောင်ပေါက်လေးကဲ့သို့ နာခံလွယ်နေ၏။ သူမ မျက်နှာမှာ နှင်းဆီပွင့်ကဲ့သို့ ရှက်သွေးဖြာနေပြီး အဝတ်အစားကို တိတ်တဆိတ် ပြန်ဝတ်ဆင်လိုက်သည်။ သူမအနေနှင့် မိုဝူကျိ တစ်ယောက် သူမ တစ်ကိုယ်လုံး မြင်သွားမည်ကို စိတ်ထဲ မထားပေ။ သူမ အမြင်၌ လျူရှင်းသည် သူမ၏ အရာအားလုံး ဖြစ်ပေသည်။
ပြီးပြည့်စုံတဲ့ ကောက်ကြောင်းလေးပဲ ….
မိုဝူကျိ မနေနိုင်ဘဲ ချီးကျူးမိလိုက်၏။
ယီရှန်းက အဝတ်များကို ပြန်လည် ဝတ်ဆင်ပြီးနောက် မိုဝူကျိအား တဖန် ပြန်လည် ကပ်လာပြန်သည်။ သူမ မျက်ဝန်းရှိ နူးညံ့မှုများက မိုဝူကျိနှင့် အတူရှိနေဖို့ အဆင့်သင့်ဖြစ်နေသည့်နှယ် ပေါ်နေသည်။
“ ယီရှန်း … ”
မိုဝူကျိက ထိုစကားလုံး နှစ်လုံးကို ပြောလိုက်စဉ် ယီရှန်းက ဝင်ဖြတ်ပြောလိုက်သည် “ အစ်ကိုကြီး လျူရှင်းက ကျွန်မကို ရှန်းအာလို့ ခေါ်တာ ပိုကြိုက်တယ် ”
မိုဝူကျိက အမှန်တကယ်ကို ကူကယ်ရာမဲ့ ဖြစ်နေမိသည်
“ ရှန်းအာ …. ငါရဲ့ ကျင့်ကြံဆင့်က အရမ်းနိမ့်နေသေးတယ်လေ။ အဲဆိုတော့ ကျင့်ကြံဖို့ နေရာတစ်ခု ရှာချင်တယ်။ ငါတို့တွေ ယာယီ ခွဲနေလို့ မရဘူးလား … ငါ့ကျင့်ကြံဆင့် ပြန်မြင့်လာတာနဲ့ မင်းကို လာရှာမယ်လေ ”
“ မရဘူး …” ယီရှန်းက ချက်ချင်းဆိုသလို မျက်ရည်များ ဝဲလာကာ “အစ်ကိုကြီး လျူရှင်းနဲ့ နောက်ထပ် မခွဲချင်ဘူး။ ကျွန်မတို့သာ ခဏခွဲနေလိုက်ရင် ရှင့်ကို နောက်ထပ် ဘယ်တော့မှ မတွေ့ရတော့မှာကို ကြောက်တယ် ”
“ အဲလို မဖြစ်ပါဘူးကွာ … ငါ့မှတ်ဉာဏ်တွေက ပြန်မကောင်းလာသေးဘူးဆိုတော့ ကျင့်ကြံဖို့ အချိန်နည်းနည်း လိုအပ်တယ်လေ။ အလွန်ဆုံး နှစ်တစ်သောင်းလောက်ပေါ့ ” မိုဝူကျိက ရှင်းပြလိုက်သည်။
မိုဝူကျိက အချိန်စက်ဝန်းပြားကို စတင် အသုံးပြုပြီးနောက် အချိန်ပြောင်းလဲနှုန်းသည် တစ်အချိုး တစ်ရာ ဖြစ်လာကြောင်း သတိထားမိလိုက်သည်။ ထို့အပြင် ဤသည်က သူ အချိန်စက်ဝန်းပြားကို နားလည်မှု မကျွမ်းကျင်သေးသည့်အချိန်တွင် ဖြစ်၏။ တကယ့်အချိန် နှစ်တစ်သောင်းအတွင်း သူသာ ဝိဇ္ဇာတပိုင်းအဆင့် မဝင်ရောက်နိုင်လျှင်ပင် သဟဇာတ နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်အထိတော့ ရောက်နိုင်ရပေမည်။
သူသာ သဟဇာတ နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် ရောက်သွားသည်နှင့် သူ့အနေနှင့် သူ့ကိုယ်သူ ကာကွယ်ဖို့ ဒုက္ခရှိမည် မဟုတ်တော့ပေ။
ယီရှန်းက ခေါင်းတယမ်းယမ်းဖြင့် မျက်ရည်များ ဆက်ကျနေသည်။ အချိန်အတော်ကြာပြီးနောက် သူမက ရှိုက်လိုက်ကာ ပြောလိုက်၏ “ နှစ်တစ်သောင်းက အရမ်းကြာလွန်းတယ်။ အသက်တစ်ရှိုက်စာလောက်တောင် ရှင်နဲ့ မဝေးနေချင်ဘူး။ အစ်ကိုကြီး လျူရှင်း ကျွန်မ မျက်စိရှေ့ကနေ ထွက်မသွားပါနဲ့ … တစ်ချိန်လုံး ထိုင်ကြည့်နေချင်တယ် … ”
“ ငါအခု ကျင့်ကြံဆင့်ကို မြှင့်ဖို့ တကယ် လိုအပ်နေတာ။ မင်းနဲ့ဆိုရင် ငါ ကျင့်ကြံလို့ မရလောက်ဘူး ” မိုဝူကျိက ငြီးတွားလိုက်သည်။
ယီရှန်း မျက်ဝန်းများက နီရဲနေပြီး မိုဝူကျိအား ငေးကြည့်ကာ
“ ရှင့်ဆီမှာ အချိန်စက်ဝန်းပြား ရှိတယ်လေ။ အဲဒါနဲ့ဆိုရင် ရှင့်ရဲ့ ကျင့်ကြံဆင့် မြန်လာမှာပါ။ ပြီးတော့ ကျွန်မဆီမှာလည်း ပစ္စည်းကောင်းလေး ရှိသေးတယ် …. အဲဒါက ရှင် အချိန်စက်ဝန်းပြားကို သုံးပြီး ကျင့်ကြံဆင့် မြင့်တာထက် ဆယ်ဆမက ပိုကောင်းတယ် ”
မိုဝူကျိက ယီရှန်း ပစ္စည်းကို လက်မခံသင့်ကြောင်း သိသော်လည်း မနေနိုင်ဘဲ ထုတ်မေးလိုက်မိသည် “ ဘာပစ္စည်းလဲ ”
“ ဒီဟာလေးလေ ….” ယီရှန်းက ပြောနေရင်း အကြည်ရောင် အသီးလေး တစ်လုံးကို ထုတ်ယူလိုက်သည်။
ဤအသီးက အနံ့မရှိပေ။ မိုဝူကျိ၏ စိတ်စွမ်းအားက ထိုအသီးပေါ် ကျရောက်သွားသည့်အခါ ကျယ်ပြောလှသည့် ပင်လယ်ကြီးထဲ ရောက်ရှိသွားသလို ခံစားမိလိုက်ပြီး ထိုအငွေ့အသက်ကို ထုတ်ပြောနိုင်စွမ်း မရှိပေ။
“ ဒါက ဘာအသီးလဲ ” ဤနှစ်များ၌ မိုဝူကျိက အရာများစွာ မြင်တွေ့ခဲ့ရသည်။ သို့သော်လည်း သူက ဤသို့အသီးမျိုး မမြင်ဖူးသေးပေ။
ယီရှန်းက နှုတ်ခမ်းစူကာ “ အဟင့် … အစ်ကိုကြီး လျူရှင်းက သူများကို ဂရုမစိုက်ဘူး။ ကျွန်မက အရင်ထက် ပိုအားကောင်းလာတာကို သတိမထားမိဘူးလား ”
“ အာ …” မိုဝူကျိက ဘာမှမပြောနိုင်တော့ပေ။
သူက သူမရဲ့ ယခင်ကျင့်ကြံဆင့်ကို ဘယ်လိုလုပ် သိမှာလဲ …
ယီရှန်းက အလိုလိုက်ခံရသည့် ကလေးဆိုးလိုမျိုး ပြုမူနေသော်လည်း သူမ၏ အစ်ကိုကြီးလျူရှင်းကိုတော့ အပြစ်မတင်ပေ။ မိုဝူကျိ၏ အံ့အားသင့်နေသည့် ပုံစံကို ကြည့်ကာ အလျှင်စလို ပြောလိုက်၏
“ ဒါက အခွင့်ကောင်းနဲ့ ကြုံပြီး တွေ့လာတဲ့ အသီးလေ။ သစ်ပင် နှစ်ပင် ရှိနေတာ။ တစ်ပင်မှာ ဒီတာအိုအသီး တစ်လုံးစီပဲ ရှိတယ်။ ကျွန်မက အသီးတစ်လုံးကို သုံးပြီးသွားပြီ …..
အဲဒီတုန်းက ကျွန်မ နောက်ပိုင်း သဟဇာတ နတ်ဘုရားအဆင့်ပဲ ရှိသေးတယ်။ ဒီတာအိုအသီးနဲ့ ကျင့်ကြံပြီးတော့ ကျွန်မရဲ့ အသိစိတ်ပင်လယ်နဲ့ စိတ်စွမ်းအားတို့က အရင်ကထက် ပိုအားကောင်းလာတယ်။ ကျင့်ကြံနှုန်းလည်း အရင်ထက် ပိုမြန်လာတယ်။
ဒီအသီးက မိုးမြေ ပထမဆုံး ပွင့်လာတုန်းက အသီးများလားတောင် ထင်မိတယ်။ ကျွန်မ တွေ့တဲ့ အသီးနှစ်လုံးထဲမှာ တစ်လုံးကို သုံးလိုက်ပြီးပြီ … ဒီတစ်လုံးကို သုံးဖို့ ဝန်လေးနေတာ … ဝိဇ္ဇာသူတော်စင် သခင်မကိုလည်း မပေးနိုင်ဘူး။ အဲဒါနဲ့ ရှင့်ကို ပေးရအောင်လို့ တိတ်တဆိတ် သိမ်းထားလိုက်တာ ”
မိုဝူကျိက ထိုအရာကို ကြားလိုက်သည့်အခါ သူ့စိတ်ထဲ အံ့ဩတုန်လှုပ်မိသွားသည်။ သူက ယီရှန်းနှင့် အတူတူ ဖြစ်ကာ ဤတာအိုအသီးကို မသိပေ။ သို့သော် အကယ်၍ ယီရှန်း ပြောဆိုချက်များအရ ဤတာအိုအသီးက တာအိုအသီးများအနက် သေချာပေါက် အဖိုးတန်ဆုံး ဖြစ်ပေမည်။
သူက လျူရှင်း မဟုတ်သောကြောင့် ယီရှန်းနှင့် ပတ်သတ်မှု မရှိပေ။ ဤတာအိုအသီးက သူ့အား ဝိဇ္ဇာအဆင့် ရောက်ရှိစေမည်ဆိုလျှင်ပင် သူက လက်ခံမည် မဟုတ်ပေ။
“ ယီရှန်း .. အဟမ်း ရှန်းအာ ကိုယ့်ဘာသာ လေးစားမှုလေး ထားပါဦး။ ငါက ကိုယ့်စွမ်းရည်နဲ့ကို အထက်ရောက်ချင်တာ … တခြားသူရဲ့ အကူအညီပေါ် မမှီခိုချင်ဘူး ” မိုဝူကျိက ပြောလိုက်ရင်း လျူရှင်းလို လူမျိုးက သူ့ကို အရမ်းချစ်မြတ်နိုးသည့် အမျိုးသမီးတစ်ယောက် မည်သို့ ပိုင်ဆိုင်ထားကြောင်း တွေးနေမိ၏။
“ ကျွန်မကို တခြားလူလို့ သတ်မှတ်ထားတာလား …. ကျွန်မ … ကျွန်မ …” ယီရှန်း၏ မျက်ရည်များက မိုးများသဖွယ် ရွာသွန်းဖြိုးလာပြန်သောကြောင့် မိုဝူကျိက ဘာမှဆက်မပြောနိုင်တော့ပေ။ ဤမိန်းကလေးက ရေနှင့် ပြုလုပ်ထားသည့်အလားပင် ထင်မှတ်ရသည်။ သူမက ပြိုင်ဖက်ကင်း လှပရုံသာမက ငိုကြွေးရသည်ကို အတော်အတန် သဘောကျဟန် ပေါ်၏။
သူက သူမကို မရိုက်နိုင်သလို ဝေးဝေးလည်း မပြေးနိုင်ပေ။ မိုဝူကျိက ထောင်ချောက်အတွင်း ကျရောက်သွားသလို ခံစားနေရ၏။ ထို့အပြင် သူက ယီရှန်းကိုလည်း သူက လျူရှင်း မဟုတ်သည့်အကြောင်း မပြောရဲပေ။ သူမ ခန္ဓာကိုယ်ကို မြင်ထားဖူးသည့် အချက်နှင့်ပင် သူ့အား အခါတစ်ထောင်ပြန်လောက် သတ်ရန် လုံလောက်နေပေသည်။
“ ကောင်းပြီလေ .. အဲဆို အချိန်နည်းနည်း ပေးလို့ ရမလား ” မိုဝူကျိက သက်ပြင်းချကာ ပြောလိုက်သည်။
ယီရှန်းက မျက်နှာပေါ်တွင် မျက်ရည်စက်များ ရှိနေဆဲ ဖြစ်ကာ မိုဝူကျိအား ရိုးသားစွာ စိုက်ကြည့်လိုက်သည်
“ အစ်ကိုကြီး လျူရှင်းကို မနှောင့်ယှက်ပါဘူး။ ရှင့်အနားပဲ နေချင်ရုံလေးပါ။ ကျွန်မရှေ့ကနေ ပျောက်ကွယ်မသွားပါနဲ့လား …. ”
အကယ်၍ ဤမိန်းကလေးသည် သူ့ထက် အဆများစွာ အသက်ကြီးကြောင်း သိနေ၍သာ မဟုတ်လျှင် သူမအား မှီခိုတတ်သည့် မိန်းမပျိုလေးဟု ထင်မှတ်မိလောက်၏။
“ အဲဆို ကူညီပေးနိုင်တယ်မလား ” မိုဝူကျိက ဤကိစ္စကို မြန်မြန် မဖြေရှင်းပါက သူ့အနေနှင့် ထိုမိန်းကလေးကို ခွာချဖို့ရာ မဖြစ်နိုင်ကြောင်း သိလိုက်သည်။
“ ရတာပေါ့ ” မိုဝူကျိက သူမ အကူအညီ လိုကြောင်း ကြားလိုက်ရသည့်အခါ ယီရှန်း၏ မျက်နှာထက်၌ ပျော်ရွှင်မှုများ လွှမ်းခြုံသွားလေသည်။
မိုဝူကျိက ယီရှန်းအား ကျောက်စိမ်းပေလွှာတစ်ခု ပေးကာ
“ ဒီနေရာမှာ အစီအရင်ဂိတ်ပေါက်တစ်ခု ရှိတယ်။ အဲဒီအစီအရင်ကို ဖြတ်ပြီးရင် မင်ယွမ်လို့ ခေါ်တဲ့သူ ရှိတယ်။ အဲဒီလူကြောင့် ငါ သေမလို့ ဖြစ်လာတာ … သူ့ကို သင်ခန်းစာ သွားပေးလို့ ရမလား။ ဒါနဲ့ အဲဒီ အစီအရင်ဂိတ်ပေါက်ကို ဖြတ်လို့ မရဘူး။
အက်ကြောင်း ဖန်တီးပြီးတော့ ဝင်ရမှာ … ”
“ ကျွန်မအတွက် စိုးရိမ်ပေးနေတာလား ” သူမက မိုဝူကျိ၏ နောက်ဆုံးစကားကို ကြားလိုက်ရသည့်အခါ ယီရှန်းက အတော်လေး ပျော်ရွှင်မိသွားသည်။ မိုဝူကျိက ပြန်မဖြေနိုင်ခင် သူမက အရင်ဖြေလိုက်၏
“ ကျွန်မတို့တွေ ဒီနေရာကို တွေ့ထားပြီးပြီလေ။ ဒီနေရာက နတ်ဘုရားနားခိုရာ နယ်မြေတဲ့ ….
ဝိဇ္ဇာသူတော်စင် သခင်မက ဒီနေရာကို ဘယ်လို ဝင်ရမလဲ စဉ်းစားနေတာ။ နတ်ဘုရားနားခိုရာနယ်မြေက သာမာန်နည်းလမ်းနဲ့ ဖြတ်ဝင်လို့ မရဘူးလေ။ ဝိဇ္ဇာသူတော်စင် သခင်မတောင် အဲဒီနေရာဆီ သွားဖို့ နည်းလမ်း မရှိဘူး …. ”
“ ဒီလိုဆိုမှတော့ ငါ ကျင့်ကြံလိုက်တော့မယ်။ ငါ ကျင့်ကြံနေတုန်း မနှောင့်ယှက်ဘူးမလား ” မိုဝူကျိက ယီရှန်း စကားများကို ကြားလိုက်သောအခါ သူမကို ခွာချဖို့ မဖြစ်နိုင်ကြောင်း သိလိုက်တော့သည်။
“ အွန်း … အေးအေးဆေးဆေးသာ ကျင့်ကြံလိုက် .. ဘေးကနေ စောင့်ရှောက်ပေးမယ်လေနော် ” မိုဝူကျိက သူမ တာအိုအသီးကို မယူကြောင်း တွေ့ပြီးနောက် သူမက အတင်းကျပ် မပေးတော့ပေ။ သူမက မိုဝူကျိ ကျင့်ကြံနေတုန်း တာအိုအသီးအား မိုဝူကျိ၏ ဝိညာဉ်ကြောများဆီ ပေါင်းစပ်ပစ်နိုင်သေးသည် မဟုတ်ပါလော။
သူမ အမြင်အရ လျူရှင်းသည် သူမက သူ့ထက် ကျင့်ကြံဆင့် ပိုမြင့်နေသည့်အချက်ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်ဟု ထင်နေမိသည်။ သူမက အစ်ကိုကြီး လျူရှင်းအား အချိန်တိုအတွင်း ဝိဇ္ဇာတပိုင်းအဆင့် မြန်မြန် ရောက်နိုင်အောင် ကူညီပေးဖို့ လိုအပ်နေလေပြီ။
***