← Chapters

ပညာစုံသော ဝိညာဉ်အဘိုးကြီး

Vol. 62 Ch. 850

ပညာစုံသော ဝိညာဉ်အဘိုးကြီး

Vol. 62 Ch. 850

ထို ကိုက်ချက်ကြီးကြောင့် ဝိညာဉ်အဘိုးကြီး၏ ဝိညာဉ်အစိတ်အပိုင်း အများစု ပဲ့ပါသွားသဖြင့် ထိုအဘိုးကြီးမှာ မချိတင်ကဲ ဝေဒနာများကို ခံစားလိုက်ရ၏။ သူသည် ထိုနာကျင်မှုများကို ချက်ချင်း ဖိနှိပ်ချုပ်တည်းလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ ဝိညာဉ်အား ဝါးမျိုနိုင်ရန် ကြိုးစားလိုက်သည်။

ထို အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့ ဆင့်ခေါ်ခဲ့သည့် ဓားအိမ်လေးနှင့် ဝါးမျိုခြင်းသစ်စေ့တို့မှာ အပြင်းအထန် တုန်ရီလာပြီး ပေါက်ကွဲသွားတော့မည့်ပုံ ပေါက်လာတော့သည်။ ထိုမြင်ကွင်းကြောင့် ဝိညာဉ်အဘိုးကြီးမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြီး သူ၏စွမ်းအင်များထဲမှ အချို့အဝက်အား အသုံးပြုကာ ၎င်းတို့အား ထိန်းချုပ်လိုက်ရ၏။ သူ ထိုကဲ့သို့ ဗျာများနေစဉ် ဝမ်ပေါင်လဲ့၏ ဝိညာဉ်ထဲ၌ အမှောင်မီးတောက်များ တောင်လောင်လာပြီး အပြင်ဘက်သို့ ထိုးထွက်လာကြတော့သည်။

" ဖေဖေကြီးရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ ထင်နေတယ်ပေါ့။ ဆုတောင်းလေ အဘိုးကြီးရ " ထို အမှောင်မီးတောက်များမှာ အပြင်ဘက်သို့ ထိုးထွက်လာပြီးနောက် ဝိညာဉ်များ အားလုံးကို ဖိနှိပ်ချုပ်တည်းလိုက်သဖြင့် ဝိညာဉ်အဘိုးကြီးမှာ ဆီပူနှင့် ပက်ခံလိုက်ရသည့် သာမန် လူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရ၏။ ထို့ကြောင့် သူ၏နှုတ်မှ နာကျင်မှုများဖြင့် ပြည့်နေသည့် အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာပြီး သူ၏ နှလုံးသားထဲရှိ အမျက်ဒေါသမီးတောက်များမှာ ပို၍အားကောင်းလာရတော့သည်။

သူသည် ရှာဖွေတွေ့ရှိခဲ့သမျှ သဲလွန်စများအားလုံးကို လိုက်လံစုံစမ်းစစ်ဆေးကာ ခွဲခြမ်းစိတ်ဖြာလေ့လာမှုများ သေသေချာချာ ပြုလုပ်ခဲ့ပြီးနောက် ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းမှ ဖြစ်သည်ဆိုသည့်အချက်အား သိရှိခဲ့ရ၏။ ထို့ကြောင့်လည်း သူသည် ယခုလို စီစဉ်ထားရခြင်း ဖြစ်ပေသည်။ သူသည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား သူနှင့် သွေးမျိုးဆက်တူသော ဝိညာဉ်များဖြင့် အပြည့်ဖြည့်ရန် ကြံရွယ်ထားခဲ့၏။ ထိုသို့သာဆိုပါက ဝမ်ပေါင်လဲ့မှာ သူ၏ အမှောင်ပညာရပ်ကိုအသုံးပြု၍ သူ့အား ဖိနှိပ်ချုပ်တည်းနိုင်ရန် ကြိုးစားလိုက်မည်ဆိုလျှင်တောင် သူသည် အောင်မြင်စွာ ပြန်လည်ခုခံတိုက်ခိုက်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်နေခဲ့သည်။

သို့သော် သူ၏အစီအစဉ်မှာ ပျက်ပြားသွားရသဖြင့် သူသည် ဝမ်ပေါင်လဲ့အား အတင်းအဓမ္မ ဝါးမျိုနိုင်ရန် ကြိုးပမ်းရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ယခုတွင် ထို ဝိညာဉ်အဘိုးကြီးမှာ အသံကုန် အော်ဟစ်မြည်တမ်းကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကိုသာ အသုံးပြု၍ သူ၏ဝိညာဉ် မီးလောင်တိုက်သွင်းခံနေရသည့် ဝေဒနာများကို ခုခံတွန်းလှန်နိုင်ရန် ကြိုးစားနေရတော့သည်။ နာကျင်မှုများဖြင့် ပြည့်နေသည့် သူ၏ အော်ဟစ်သံများကြားတွင် သူ၏ဝိညာဉ်နှင့် ဝမ်ပေါင်လဲ့၏ ဝိညာဉ်ကြားမှ အားပြိုင်မှုကြီးမှာ ပို၍ပင် ပြင်းထန်လာရတော့သည်။

ထို ဝိညာဉ်အဘိုးကြီး၏ ဝိညာဉ်မှာ မျက်လုံးတစ်လုံးပုံစံ ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ ဝိညာဉ်ပေါ်သို့ နောက်ထပ်တစ်ကြိမ်ထပ်၍ အရှိန်အဟုန်ဖြင့် ကျဆင်းလာပြန်သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့အား ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမရှိဘဲ သူ့အား လွှမ်းခြုံသွား၏။

" နတ်မျက်လုံးပေါင်းစည်းခြင်းပညာရပ် "

ထို ဝိညာဉ်အဘိုးကြီး အော်ဟစ်မြည်တမ်းကာ အသုံးပြုလိုက်သည့် နတ်မျက်လုံးပေါင်းစည်းခြင်းပညာရပ်မှာ သူ သူ၏ နဂိုမူလအစီအစဉ်များ ပျက်ပြားသွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား အတင်းအဓမ္မ သိမ်းပိုက်ရန် လိုအပ်လာပါက အသုံးပြုနိုင်ရန် ပြင်ဆင်ထားခဲ့သည့် နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်ပေသည်။ ထိုပညာရပ်မှာ ဝမ်ပေါင်လဲ့၏ ဝိညာဉ်အား ဝါးမျိုမည် မဟုတ်ဘဲ ၎င်းအား လွှမ်းခြုံကာ လှောင်ပိတ်ပြီးလျှင် သူ၏ခန္ဓာကိုယ်နှင့် သဟဇာတ ဖြစ်သွားအောင် ပေါင်းစည်းပေးမည်ဖြစ်သည်။

ထို နတ်ဘုရားစွမ်းရည်ကြောင့် သူသည် သူ၏ခွန်အားများနှင့် ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို ထုတ်သုံးနိုင်စွမ်းရှိသွား၏။ သူသည် အမှောင်မီးတောက်များကြောင့် ဒဏ်ရာများ ရရှိထားသည့်တိုင်အောင် ထိုနတ်ဘုရားစွမ်းရည်ကြောင့် သူ၏ ခန္ဓာကိုယ်သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်မှာ တစ်ဆင့်တည်းနှင့် ပြီးဆုံးသွားမည်ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား အမှောင်မီးတောက်များ ဆက်လက်ထုတ်လွှတ်ခွင့် ပေးနေမည်ဆိုပါက အချိန်ပိုကြာလာလေလေ သူ့အတွက်ပို၍ အရေးနိမ့်လာလေလေ ဖြစ်နေမည်ကို သိထား၏။

ထို့ကြောင့်လည်း သူသည် ယခုကဲ့သို့ အခြေအနေကြီးနှင့် ကြုံတွေ့လိုက်ရသောအခါ တိုက်ပွဲကြီးအား အလျင်အမြန် အဆုံးသတ်နိုင်ရန် ကြံရွယ်လိုက်ခြင်းဖြစ်သည်။

" ဝါးမျိုခြင်းဆိုတဲ့ လုပ်ငန်းစဉ်က ဝိညာဉ်တစ်ခုကို ချေဖျက်ပြီးတော့ အာဟာရဓာတ်တွေအဖြစ် ပြောင်းလဲပစ်တာမျိုးကို ပြောတာ။ အဲဒီနည်းလမ်းက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်တဲ့နေရာမှာ အသုံးဝင်ပေမဲ့ ဖျက်ဆီးခံလိုက်ရတဲ့ ဝိညာဉ်က အာဟာရဓာတ်တွေပဲ ဖြစ်သွားမှာ။ အဲတာမလို့ ဆေးလုံးတစ်လုံး သောက်တာနဲ့ တူတူပဲ။ ဒီလိုအခြေအနေမျိုးမှာ ပေါင်းစည်းခြင်း နည်းလမ်းက ပိုကောင်းတယ်။ တကယ်လို့ ငါသာ အောင်မြင်သွားမယ်ဆိုရင် ဝမ်ပေါင်လဲ့က ငါ့ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားမှာ။ ကိုယ်ပွားတစ်ခုလိုမျိုးပေါ့။ အဲတာဆိုရင် ငါက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ထူးဆန်းထွေလာ စွမ်းအားကြီးတွေကိုလည်း ပိုင်ဆိုင်သွားမှာပဲ "

ဝိညာဉ်အဘိုးကြီးမှာ ရွေးချယ်စရာမရှိတော့သဖြင့် သူ့ကိုယ်သူ နှစ်သိမ့်နေခြင်းသာ ဖြစ်သည်။ သူသည် နတ်မျက်လုံးပေါင်းစည်းခြင်းပညာရပ်အား ထုတ်သုံးလိုက်သဖြင့် သူ၏ ဝိညာဉ်မှာ အရပ်မျက်နှာအနှံ့သို့ ဆက်လက် ပျံ့နှံ့သွားနေဆဲပင်။ သူ၏ ဝိညာဉ်ကြီး မျက်လုံးတစ်လုံးပုံစံ ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား လွှမ်းခြုံသွားသောအခါ ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံး ထူပူသွားရ၏။ ထို့နောက် သူသည် သူ အနည်းငယ်ခန့် ထိန်းချုပ်နိုင်စွမ်း ရှိနေသေးသည့် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အသုံးပြုကာ သူ၏လက်နှစ်ဖက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပေလွှာနှစ်ခုထဲမှ တစ်ခုခုအား ခြေမွှပစ်ချင်သည့် စိတ်များ အလိုလို ပေါ်ပေါက်လာတော့သည်။

သို့သော် ရှဲ့ဟေးရန်၏ ကျောက်စိမ်းပေလွှာကို ခြေမွှလိုက်ပါက အခကြေးငွေတစ်ခု ပေးချေရမည်ဖြစ်သည်။ မီးတောက်ခေါင်းဆောင်ကြီး၏ ကျောက်စိမ်းပေလွှာကို ခြေမွှလိုက်လျှင်လည်း သူသည် သူ၏ဂိုဏ်းကို ပြောင်းလဲပစ်ရမည် မဟုတ်ပါလော။ သူသည် အမှောင်ဂိုဏ်းမှ အမှောင်ကလေးငယ်တစ်ယောက်ဖြစ်ရာ ထိုသို့ မလုပ်ချင်ပေ။

" ဒါက ငါ့ရဲ့ ကိုယ်ပွားတစ်ခုပဲကို။ ဘာတွေကြောက်နေရမှာလဲ။ ဖြစ်ချင်ရာဖြစ်ကွာ။ ဒီ ဝိညာဉ်အဘိုးကြီးက ဒါ ငါ့ရဲ့ ကိုယ်ပွားဆိုတဲ့အချက်ကို လုံးဝ မသိထားလောက်သေးဘူး။ သူက ကိုယ်ပွားတစ်ခုကို သိမ်းပိုက်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆုံးဖြတ်ချက်ချလိုက်ပြီနောက် ကျောက်စိမ်းပေလွှာများအား ခြေမွှလိုသည့် အတွေးများကို မေ့ပျောက်ထားလိုက်တော့သည်။ ထို့နောက် သူသည် အမှောင်မီးတောက်များကို အစွမ်းကုန် ထုတ်လွှတ်လိုက်သဖြင့် ၎င်းတို့မှာ တဟုန်းဟုန်း တောက်လောင်လာ၏။ သို့သော် ဝိညာဉ်အဘိုးကြီးမှာ ၎င်းတို့အား သူ၏ ကျင့်ကြံခြင်းစွမ်းအားများဖြင့် ထိန်းချုပ်နိုင်စွမ်းရှိနေ၏။ ထိုအချိန်တွင် သူအသုံးပြုခဲ့သည့် ထူးဆန်းသော နတ်မျက်လုံးပေါင်းစည်းခြင်းပညာရပ်၏ စွမ်းအားများ ထွက်ပေါ်လာတော့သည်။

ထို ဝိညာဉ်အဘိုးကြီးမှာ အမှောင်မီးတောက်များကြောင့် မီးလောင်တိုက်သွင်းခံနေရသကဲ့သို့ ခံစားနေရပြီး တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီနေရသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ ဝိညာဉ်အား လွှမ်းခြုံသွားပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် နတ်ဘုရားစွမ်းရည်တို့ကို ထုတ်လွှတ်နိုင်စွမ်းရှိနေဆဲပင်။

ထို့ကြောင့် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ဝိညာဉ်မှာ ပျောက်ကွယ်သွားတော့သည်။ ထို ဝိညာဉ်အဘိုးကြီး သူ၏ နတ်ဘုရားစွမ်းရည်ကို အသုံးပြုကာ အသွင်ပြောင်းလဲသွားခဲ့သည့် ဧရာမမျက်လုံးကြီးမှာမူ ထိုဝိညာဉ်၏နေရာ၌ အစားထိုးဝင်ရောက်လာ၏။ သို့ဖြစ်ရာ ထို မျက်လုံးကြီးမှာ ဝမ်ပေါင်လဲ့၏ ဝိညာဉ်အား ထိန်းချုပ်နိုင်စွမ်း ရှိသွားသည့်ပုံပင်။ ထိုမြင်ကွင်းကြောင့် ဝိညာဉ်အဘိုးကြီးမှာ စိတ်လှုပ်တရှား ဖြစ်သွားရ၏။ ထို့နောက် သူ ဝမ်ပေါင်လဲ့အား သူနှင့် တစ်သားတည်း ပေါင်းစည်းရန် ပြင်လိုက်စဉ်မှာပင်... သူ လုံးဝ မျှော်လင့်မထားသည့် ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

သူ၏ နတ်မျက်လုံးကြီး၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသော ဝမ်ပေါင်လဲ့၏ ဝိညာဉ်မှာ ထိုမျက်လုံးကြီးထဲမှ ရုတ်တရက်ဆိုသလို ‌ဖောက်ထွက်လာ၏။ သို့ဖြစ်ရာ သူ၏ဝိညာဉ်မှာ ဝမ်ပေါင်လဲ့၏ ဝိညာဉ်အား ချုပ်နှောင်ထားနိုင်စွမ်း မရှိတော့သဖြင့် လွှတ်ပေးလိုက်ရသကဲ့သို့ပင်။

" ဘာတွေ ဖြစ်နေတာလဲဟ " ဝိညာဉ်အဘိုးကြီးမှာ ဆွံ့အမှင်တက်သွားရ၏။ သူ၏ အစီအစဉ်ထဲတွင် ဤ ဖြစ်ရပ်ကြီး မပါသောကြောင့် သူသည် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရတော့သည်။ ဝမ်ပေါင်လဲ့မှာမူ သူ၏ ဝိညာဉ် ဝိညာဉ်အဘိုးကြီး၏ အချုပ်အနှောင်ထဲမှ လွတ်မြောက်လာသည်နှင့် ရုပ်လုံးပြန်ပေါ်လာပြီး မျက်ဝန်းများ ဝင်းလက်စွာတောက်ပသွား၏။

" ဒီ ဝိညာဉ်အဘိုးကြီးက ဒါ ငါ့ရဲ့ကိုယ်ပွားဆိုတာကို လုံးဝ မသိထားဘူးပဲကွ။ ဒီ ကိုယ်ပွားတစ်ခုလုံးကို ငါ့ရဲ့ ပုံရိပ်ယောင်ပညာရပ်နဲ့ ဖန်တီးထားတာ။ အဲဒီလို ကိုယ်ပွားမျိုးကို သိမ်းပိုက်ပြီး ဝါးမျိုလို့ရတာ မှန်ပေမဲ့ ဝိညာဉ်အဘိုးကြီးရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်လောက်နဲ့ လုပ်နိုင်ဦးမှာ မဟုတ်ဘူး "

ဝမ်ပေါင်လဲ့မှာ သူသည် အောင်မြင်တော့မည်ဖြစ်ကြောင်း သေချာသွားသဖြင့် စိတ်လှုပ်တရှား ဖြစ်သွားရတော့သည်။ သို့သော် အချက်တစ်ချက်မှာ ထူးဆန်းနေဆဲပင်။ ထို ဝိညာဉ်အဘိုးကြီးမှာ သူ၏ခန္ဓာကိုယ်ထဲ၌ နှစ်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သည် မဟုတ်ပါလော။ သူသည် ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းမှ ဖြစ်သည်ဆိုသည့် လျှို့ဝှက်ချက် အပါအဝင် အခြား လျှို့ဝှက်ချက်ပေါင်း မြောက်မြားစွာကို သိရှိထားပြီးသားဖြစ်သည်။ သို့ဖြစ်ရာ သူသည် ဤ ခန္ဓာကိုယ်ကြီးမှာ သူ၏ ခန္ဓာကိုယ်အစစ် မဟုတ်သည့်အချက်ကို မသိထားစရာအကြောင်း လုံးဝမရှိပေ။ သို့သော်....

" အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ယောက်က ဒီ ဝိညာဉ်အဘိုးကြီးရဲ့ အာရုံခံနိုင်စွမ်းတွေကို အားနည်းသွားအောင် လုပ်ထားတာ ဒါမှမဟုတ် သူ့ရဲ့ အသိစိတ်ကို လှည့်စားထားတာပဲ ဖြစ်ရမယ် "

" ဒီလို နည်းလမ်းမျိုးကို ငါ ရင်းရင်းနှီးနှီး သိပါတယ်။ မီးတောက်ခေါင်းဆောင်ကြီရဲ့ လက်ချက်တော့ မဖြစ်နိုင်ဘူး။ သူ့အနေနဲ့ အဲလောက်အထိ လုပ်စရာအကြောင်းမရှိဘူးလေ။ ဒါ... ဂိုဏ်းတူအစ်ကိုကြီး သုံးတတ်တဲ့ နည်းလမ်းပဲ "

ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး သူ့အား လာရောက်ခေါ်ဆောင်ခဲ့စဉ်တုန်းက သူ့အား ခေါင်းတလားကြီးထဲ၌ အိပ်ခိုင်းခဲ့သည်ကို ပြန်၍ မှတ်မိသွား၏။ အကယ်၍ သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ လက်ချက်သာဆိုပါက သူသည် ထိုစဉ်တုန်းက လုပ်ခဲ့ခြင်း ဖြစ်ရပေမည်။

ထို့ကြောင့်လည်း သူ၏ ပုံရိပ်ယောင်ပညာရပ်ဖြင့် ဖန်တီးထားသော ကိုယ်ပွားမှာ ထို အချိန်ကာလနောက်ပိုင်းမှ ပေါ်ပေါက်လာခဲ့သည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့၏ ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာ၏။ အပေါ်ယံတွင် သူသည် အချိန်အကြာကြီးပေး၍ ထိုသို့ စဉ်းစားတွေးတောခဲ့ရသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ သူသည် မျက်စိတစ်မှိတ်အတွင်း ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် မကြာသေးမီတုန်းက သူ ကိုက်ဖြတ်ကာ ဝါးမျိုခဲ့သည့် ဝိညာဉ်အဘိုးကြီး၏ ဝိညာဉ်အစိတ်အပိုင်းအချို့မှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ သူ၏ဝိညာဉ်နှင့် တစ်သားတည်း ပေါင်းစည်းသွားပြီဖြစ်ကြောင်း သတိထားမိလိုက်၏။

ထို့ကြောင့် သူသည် ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ လောဘမီးတောက်များ တောက်လောင်လာတော့သည်။ သူသည် ထို ဝိညာဉ်အဘိုးကြီးအား ရှားပါးဆေးလုံးတစ်မျိုးကဲ့သို့ စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူ၏ ဝိညာဉ်မှာ ထို ဝိညာဉ်အဘိုးကြီးအား လှမ်း၍ ခုန်အုပ်လိုက်တော့သည်။ ထိုအခါ အမှောင်မီးတောက်များမှာလည်း ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်လာကာ ထို ဝိညာဉ်အဘိုးကြီးအား ချုပ်နှောင်ထားလိုက်ပြီးနောက် သူ့အား မီးလောင်တိုက်သွင်းပစ်လိုက်၏။

ထို အခြင်းအရာများ ဖြစ်ပျက်နေစဉ် ဝမ်ပေါင်လဲ့မှာ သူ၏ ဝါးမျိုခြင်းသစ်စေ့နှင့် ဓားအိမ်လေးတို့ကိုလည်း မမေ့မပျောက် ဝှေ့ယမ်း၍ ထို ဝိညာဉ်အဘိုးကြီးအား ခြောက်လှန့်ကာ အာရုံလွှဲထားသေးသည်။

ထို့ကြောင့် ထို ဝိညာဉ်အဘိုးကြီးမှာ အသိစိတ်ပျောက်လုမတတ် ခံစားနေရ၏။ သူသည် အတွေးထဲ၌ သူ၏ အစီအစဉ်အား ထပ်ခါတလဲလဲ ပုံဖော်ကြည့်ခဲ့ဖူးပြီးသား ဖြစ်ပါသော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးနဲ့ ကြုံတွေ့ရလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။ သူသည် ဒေါသတကြီး အော်ဟစ်မြည်တမ်းနေရင်း မကြာသေးမီတုန်းက အမှားတစ်ခု လုပ်မိသွားရခြင်း ဖြစ်မည်ဟု အရင်ဆုံးတွေးမိလိုက်၏။

" အဲဒီလိုပဲ ဖြစ်ရမယ် " သူသည် အသံကုန်အော်ဟစ်ကာ အမှောင်မီးတောက်များကြောင့် ခံစားနေရသည့် ဝေဒနာများကို အံကြိတ်ခံရင်း ဝမ်ပေါင်လဲ့ သူ့အား လှမ်း၍ ခုန်အုပ်လိုက်သည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူ၏ နတ်ဘုရားစွမ်းရည်အား ထပ်၍ ထုတ်လွှတ်လိုက်ပြန်သည်။ ယခုအကြိမ်တွင် သူသည် မတော်တဆမှုများ မပေါ်ပေါက်လာနိုင်စေရန် နတ်မျက်လုံးပေါင်းစည်းခြင်းပညာရပ်အား သုံးကြိမ်တိတိ အသုံးပြုခဲ့၏။

ထိုအခါ ထို နတ်မျက်လုံးပေါင်းစည်းခြင်းပညာရပ်၏ စွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ်လာပြီး ခဏအကြာတွင် ဝိညာဉ်အဘိုးကြီးမှာ ဝမ်ပေါင်လဲ့၏ ဝိညာဉ်အား ထပ်၍ ချုပ်နှောင်လိုက်ပြန်သည်။ သို့သော် သူ ဝမ်ပေါင်လဲ့၏ ဝိညာဉ်အား သူနှင့် တစ်သားတည်းပေါင်းစည်းရန် ပြင်လိုက်စဉ်မှာပင် ၎င်းမှာ သူ၏လက်ထဲမှ ထပ်၍ လွတ်ထွက်သွား၏။

" မဖြစ်နိုင်တာ " ထို ဝိညာဉ်အဘိုးကြီးမှာ မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်သွားရတော့သည်။ သူသည် နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားရပြီး သူ၏ရှေ့တွင် မြင်နေရသည့်မြင်ကွင်းကြီးကြောင့် ကြက်သီး‌မွေးညင်းများပင် ထလာရ၏။ သို့သော် သူသည် အရှုံးပေးရန် ဆန္ဒမရှိသေးပေ။

" ဘာလို့ ထပ်ပြီးတော့ ကျရှုံးသွားရပြန်တာလဲဟ။ ဝမ်ပေါင်လဲ့ရဲ့ ခန္ဓာကိုယ်ကို လုံးဝ သိမ်းပိုက်လို့မရဘူးလား။ ငါ အသုံးပြုတဲ့ပညာရပ်တွေ မှားနေတာပဲ ဖြစ်ရမယ်။ နောက်ထပ် ပညာရပ်တစ်ခု စမ်းသုံးကြည့်တာပေါ့ " ဝိညာဉ်အဘိုးကြီးမှာ အမျက်ချောင်းချောင်း ထွက်နေရပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ သူ့အား ဝါးမျိုရန် ကြိုးပမ်းနေသောကြောင့် သူ၏ ဝိညာဉ်မှာ အဆက်မပြတ် တုန်ရီနေရဆဲပင်။ ထိုအချိန်တွင် သူသည် နောက်ထပ် ပေါင်းစည်းခြင်းပညာရပ်တစ်ခုကို အသုံးပြုလိုက်ပြန်သည်။

" ခွန်းလွင်ခန္ဓာဝေမျှပညာရပ် "

" တောက်ကွာ။ ဘာလို့ ဒီပညာရပ်ကရော အလုပ်မဖြစ်ရတာလဲ။ မဟာနတ်ဆိုး ကျင့်ကြံခြင်းပေါင်းစည်းခြင်း ပညာရပ် "

" ဘာတွေ ဖြစ်နေတာလဲကွာ။ မိုးနှင့်မြေ ပေါင်းစည်းခြင်း ပညာရပ် "

ဝိညာဉ်အဘိုးကြီးမှာ အသိစိတ်ပျောက်လုမတတ် ရူးသွပ်သွားရပြီဖြစ်သည်။ သူသည် ပညာရပ်ငါးမျိုး၊ ခြောက်မျိုးခန့် ထုတ်သုံးခဲ့သည့်တိုင်အောင် အချည်းနှီးပင်။ ဝမ်ပေါင်လဲ့၏ ဝိညာဉ်မှာ လုံးဝမရှိသည့်အလား ဖြစ်နေ၏။ သူ သူ၏ ခန္ဓာကိုယ်အား သိမ်းပိုက်နိုင်ရန် မည်မျှပင် ကြိုးစားစေကာမူ မအောင်မြင်ဘဲ ဖြစ်နေရသည်။

သူ ထိုကဲ့သို့ ထပ်ခါတစ်လဲလဲ ကြိုးစားနေစဉ် ဝမ်ပေါင်လဲ့၏ အမှောင်မီးတောက်များမှာ အဆက်မပြတ် လောင်ကျွမ်းနေခဲ့၏။ ထို့ကြောင့် သူသည် ဝေဒနာများ ပြင်းပြစွာခံစားနေရပြီး တဖြည်းဖြည်းနှင့် အားအင်ချည့်နဲ့လာရတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ဝါးမျိုခြင်းလုပ်ငန်းစဉ်အား လုံးဝရပ်တန့်ခဲ့ခြင်းမရှိပေ။ သူသည် တစ်ကြိမ်လျှင် ဝိညာဉ်အဘိုးကြီး၏ ဝိညာဉ်အား အနည်းငယ်မျှသာ ကိုက်ဖြတ်နိုင်စွမ်း ရှိပါသော်လည်း အကြိမ်အရေအတွက် များလာသည်နှင့်အမျှ သူ ကိုက်ဖြတ်နိုင်ခဲ့သည့် ပမာဏမှာလည်း တဖြည်းဖြည်းနှင့် ပို၍များလာ၏။ ယခုတွင် ဝိညာဉ်အဘိုးကြီး၏ ဝိညာဉ်ထဲမှ သုံးဆယ်ရာခိုင်နှုန်းခန့်မှာ ဝါးမျိုခံလိုက်ရပြီဖြစ်သည်။

ထို ထိခိုက်နစ်နာဆုံးရှုံးမှုများကြောင့် ဝိညာဉ်အဘိုးကြီးမှာ ပို၍ပင် ဒေါသထွက်လာရ၏။ သို့သော် သူသည် အင်ပါယာတစ်ခုအား တည်ထောင်ခဲ့သည့် ဧကရာဇ်တစ်ပါး ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် အလွန်အင်မတန်မှ ဇွဲကြီးကာ စိတ်ဓာတ်ကြံ့ခိုင်မှုအပြည့် ရှိပေသည်။ သူသည် ကြိမ်ဖန်များစွာ ကျရှုံးခဲ့ရသည့်တိုင်အောင် လက်လျှော့သွားခြင်းမရှိဘဲ အသံကုန်အော်ဟစ်ကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား သိမ်းပိုက်နိုင်ရန် ကြိုးစားနေဆဲပင်။

" ကောင်းကင်ကိုးသွယ် ဝါးမျိုခြင်းပညာရပ် "

" ဝိညာဉ်မဲ့နှိမ်နင်းခြင်းပညာရပ် "

" လနှင့်ကြယ်တာအို "

All Chapters