← Chapters

အစစ်အမှန် ဝိဇ္ဇာနှင့် တွေ့ဆုံခြင်း

Vol. 79 Ch. 1095

အစစ်အမှန် ဝိဇ္ဇာနှင့် တွေ့ဆုံခြင်း

Vol. 79 Ch. 1095

ယီရှန်း ပြောစကားများအရ မိုဝူကျိသည် ဝိဇ္ဇာသူတော်စင် သခင်မသည် အလွန်အားကောင်းကြောင်း သိလိုက်၏။

“ ယီရှန်း … ဒီရောက်နေတာ ဘယ်လောက်ကြာပြီလဲ ” သူက ယီရှန်းကို မဖယ်ထုတ်နိုင်သည့်အတွက် ယီရှန်းတို့ နတ်ဘုရားကမ္ဘာဆီ မည်သို့ ရောက်လာသည်ကို မေးချင်မိသည်။ သူက ခွန်းယွင် ပြောခဲ့သည့် ပိအန်းပန်းကြောင့်လားဟု သိချင်နေမိသည်။

“ ဆယ်စုနှစ်တချို့လောက်တော့ ကြာပြီ။ ဝိဇ္ဇာသူတော်စင် သခင်မက နတ်ဘုရား နားခိုရာနယ်မြေဆီ ဝင်ချင်ပေမဲ့ အဲဒီနေရာကို မိုးမြေစည်းမျည်းတွေနဲ့ ကာကွယ်ထားတော့ ဝိဇ္ဇာသူတော်စင် သခင်မတောင် ဝင်ဖို့ နည်းလမ်း ရှာမတွေ့ဘူး …” ယီရှန်းက မိုဝူကျိသည် သူမနှင့် ဝေးဝေးနေဖို့ ရည်ရွယ်ချက် မရှိတော့ကြောင်း သိလိုက်၍ စိတ်အခြေအနေ ပိုကောင်းလာကာ နူးနူးညံ့ညံ့ ညင်ညင်သာသာ လေသံလေး ဖြစ်လာသည်။

“ အဲဆို ဒီကို ဘယ်လို ရောက်လာတာလဲ ” ဤသည်က မိုဝူကျိ အမှန်တကယ် သိချင်နေသည့်အရာ ဖြစ်၏။

“ ပိအန်းပန်းကြောင့်လေ …. ပိအန်းပန်း ဖျက်စီးမခံရခင် ဝိဇ္ဇာသူတော်စင် သခင်မက အဲဒီစည်းမျည်းကို သုံးပြီး နတ်ဘုရားကမ္ဘာဆီ ရောက်လာတာ  ….” ယီရှန်းက ထိုအထိ ပြောလိုက်ပြီးနောက် တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် ဆက်ပြောလိုက်သည်

“ တကယ်တော့ ပိအန်းပန်းက စုံလိုက် ရှိတယ်လေ။ ဝိဇ္ဇာသူတော်စင် သခင်မက အနီရောင် ပိအန်းပန်းကို ယူသွားပြီးပြီဆိုပေမဲ့  ဒီမှာ အဖြူရောင် တစ်ပွင့် ကျန်နေသေးတယ် … ”

“ အဲဆို ရှာတွေ့ပြီးပြီလား ” မိုဝူကျိက အနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။ သူက ပိအန်းပန်း၏ တန်ဖိုးကို ကောင်းကောင်း သိပေသည်။ ထို့အပြင် ချူယို့တွင် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ရှိ၏။ အကယ်၍ ချူယို့သာ နတ်ဘုရားသင်္ချိုင်းဂူထဲ ရောက်လာခဲ့လျှင် သူမအနေနှင့် ပိအန်းပန်းကို သေချာပေါက် အာရုံခံမိပေလိမ့်မည်။

ယီရှန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် ခေါင်းခါလိုက်ပြန်သည်။ မိုဝူကျိက ဘာမှမမေးခင် သူမက ရှင်းပြလိုက်လေ၏

“ ပိအန်းပန်း တစ်ပွင့်ကို ရထားတယ်ဆိုရင် နောက်တစ်ပွင့်ကို ရှာနိုင်လိမ့်မယ်။ ဒါပေမဲ့ ဝိဇ္ဇာသူတော်စင် သခင်မ  အဖြူရောင်ပန်း ရှိရမဲ့ နေရာဆီ ရောက်တော့ ကောင်မလေးနှစ်ဦးက ယူသွားနှင့်ပြီးပြီ … ”

“ ကောင်မလေး နှစ်ယောက် ယူသွားနှင့်ပြီးပြီဆိုတာ ဘယ်လိုသိတာလဲ ” မိုဝူကျိက အထိတ်တလန့် မေးလိုက်သည်။

ယီရှန်းက ခပ်ယဲ့ယဲ့ ရယ်မောလိုက်ပြီးနောက် သလင်းကျောက်တစ်ခုကို ထုတ်ကာ အသက်သွင်းလိုက်၏

“ ဒီမှာ ဝိဇ္ဇာသူတော်စင် သခင်မ ရေးဆွဲထားတဲ့ ပုံရိပ်တွေလေ။ နတ်ဘုရားသင်္ချိုင်းဂူထဲမှာ တခြားလူ အရိပ်အယောင် မရှိဘူး။ အဲဒါကြောင့် ဒီနှစ်ယောက်က ထွက်သွားတာ အတော်ကြာနေပြီဆိုပေမဲ့ ဝိဇ္ဇာသူတော်စင် သခင်မက သူတို့ပုံရိပ်တွေကို ရေးဆွဲနိုင်သေးတယ်လေ ”

စုယင်နဲ့ ချူယို့လား ….

မိုဝူကျိက ဝေဝါးဝါး ပုံရိပ်နှစ်ခုကို မြင်လိုက်ပြီးနောက် အလန့်တကြား ထအော်လုမတတ် ဖြစ်သွားလေသည်။ ကံကောင်းစွာဖြင့် သူ့ကိုယ်သူ အချိန်မီ ထိန်းလိုက်နိုင်၏။ ထိုစဉ် သူ့စိတ်ထဲ၌ စိတ်လှုပ်ရှားမှုအတိ ဖြစ်နေသည်။ ချိန်စုယင်နှင့် ချူယို့တိုက ဤနေရာသို့ အမှန်တကယ် ရောက်လာကြလေသည်။ ထို့အပြင် သူတို့က ပိအန်းပန်းကို တွေ့ပြီး လွတ်မြောက်သွားကြသည်။

မိုဝူကျိ၏ စိတ်လှုပ်ရှားမှုကို အာရုံခံမိကာ ယီရှန်းက မေးကြည့်ချင်စိတ် ပေါ်လာလေ၏။ ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာသည်

“ ယီရှန်း … အဲဒါက ဘယ်သူလဲ ”

မိုဝူကျိက မသိမသာ တုန်တက်သွားလေ၏။ သူက ထိုလူ သူ့ရှေ့ရောက်လာသည့်အခါ၌ပင် မည်သည့် အာကာပြင် လှိုင်းမှ မခံစားလိုက်မိပေ။ ယီရှန်း ပေါ်လာစဉ်ကပင် သူက သူ့အစီအရင်အတွင်း ထိုးဖောက်ဝင်ရောက်လာသည့် သူမ စိတ်စွမ်းအားကို သတိထားမိလိုက်သေး၏။ သို့သော် ယခုတွင် ဤလူက သူ့ရှေ့၌ မည်သည့် သတိပေးချက်မှ မရှိဘဲ ပေါ်လာလေ၏။

ဒီလူက ဘယ်လောက်တောင် အားကောင်းနေတာလဲ ….

ရောက်ရှိလာသည့်သူမှာ အမျိုးသမီး တစ်ဦး ဖြစ်နေ၏။ သူမက ဝတ်ရုံစိမ်းကို ဝတ်ဆင်ထားကာ သူမ အလှတရားတို့မှာလည်း ယီရှန်းထက် မနိမ့်ကျပေ။ တခြားအမြင်မှ ဆိုရလျှင် သူမက ယီရှန်းထက်ပင် ပိုမို ကြော့ရှင်းနေသေး၏။

“ ဝိဇ္ဇာသူတော်စင် သခင်မ ….” ယီရှန်းက ထိုဝတ်ရုံစိမ်း အမျိုးသမီးကို မြင်လိုက်သည့်အခါ အနည်းငယ် အံ့အားသင့်မိသွားသည်။

မိုဝူကျိလည်း ရုတ်တရက် အသိပြန်ကပ်လာလေ၏။

 ဤသည်က ဝိဇ္ဇာသူတော်စင် သခင်မကိုး ….

မိုဝူကျိက သူ့စိတ်စွမ်းအားဖြင့် ဝတ်ရုံစိမ်း အမျိုးသမီး၏ ကျင့်ကြံဆင့်ကို မစစ်ဆေးကြည့်ရဲပေ။ ဤအမျိုးသမီးက ယီရှန်းထက် အားပိုကောင်းသည့် ခံစားချက်မျိုး ထုတ်လွှင့်နေပေသည်။

ဝတ်ရုံစိမ်း အမျိုးသမီးက သူ့ရှေ့မှာရပ်နေစဉ် သူမနှင့် ဘေးပတ်လည်ရှိ အာကာပြင်မှာ တစ်သားတည်း ဖြစ်နေသည့်အလား ထင်မှတ်ရပြီး ကွဲထွက်နေခြင်း မရှိပေ။ သူ့လူသားတာအိုကသာ  အခြားသော ပစ္စည်းများနှင့် တစ်သားတည်း ဖြစ်နိုင်စွမ်း ရှိပေသည်။

ဤဝတ်ရုံစိမ်း အမျိုးသမီးကလည်း လူသားကျင့်စဉ်ကို ကျင့်ကြံတာလား …

မဖြစ်နိုင်ဘူး ….

သူက မဖြစ်နိုင်ကြောင်း တွေးမိလိုက်သည်နှင့် မိုဝူကျိ စိတ်ထဲ လျှပ်စီးတစ်ချက် ဖြတ်ပြေးသွားလေသည်။ နောက်ဆုံးတွင် သူက သဘောပေါက်သွားလေ။ ဤအမျိုးသမီးက လူသားကျင့်စဉ်ကို ကျင့်ကြံခြင်း မဟုတ်ဘဲ ဘေးပတ်ဝန်းကျင်ရှိ အရာများနှင့် တစ်သားတည်းဖြစ်နေသည်မှာ သူမ ကျင့်ကြံဆင့်က အလွန်မြင့်နေ၍ ဖြစ်၏။

ဘယ်အဆင့်လဲ …

ဖြစ်နိုင်တာက ဝိဇ္ဇာအဆင့်  … ဤဝတ်ရုံစိမ်း အမျိုးသမီးက သေချာပေါက် ဝိဇ္ဇာအဆင့် ဖြစ်ရမည်။

မိုဝူကျိက လေအေးများ မှုတ်ထုတ်လိုက်မိသည်။ သူက နတ်ဘုရားကမ္ဘာသည် ဤအမျိုးသမီးလက်ချက်ဖြင့် ပျက်စီးမသွားဖို့ရာ မျှော်လင့်မိနေသည်။

“ သူက လျူရှင်းပါ … ဝိဇ္ဇာသူတော်စင် သခင်မ ခွှင့်လွှတ်ပေးပါ … ကျွန်မက သူ့ကို ရှာခဲ့တာပါ  ” ယီရှန်း အသံတွင် အကြောက်တရားတချို့ ပါဝင်နေလေ၏။

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင် သခင်မက ပြောလိုက်သည်

“ ယီရှန်း … မင်းက ငါသဘောအကျဆုံး တပည့်လေ။ ငါနဲ့ အတူတူ ရှိနေပေးတဲ့ အချိန်တွေကလည်း နည်းတော့တာ မဟုတ်ဘူး။ ငါ အဲဒီလျူရှင်းအကြောင်းကို ကြားဖူးပါတယ်။ သူက မင်ယွမ်လို လူစားမျိုးပဲ … သူတို့နှစ်ယောက်လုံးက ကိုယ့်ဘာသာ လောကထိပ်သီးမှာ ရှိနေတယ်ထင်ပြီး အောက်ခြေလွှတ်နေကြတာ  …. ”

ဝိဇ္ဇာသူတော်စင် သခင်မက ထိုအထိ ပြောလိုက်ပြီးနောက် ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်

“ မင်း အခုထိ နားမလည်သေးတာလား။ ကပ်ဘေးကြီးက ပြီးသွားပြီဆိုပေမဲ့ နောက်ထပ် ကမ္ဘာပျက်ကပ်ကြီး ဖြစ်လာဦးမှာလေ။ အဲလိုကပ်ဘေးအောက်မှာ ဝိဇ္ဇာအဆင့်အောက်က အားလုံးက ပုရွက်ဆိတ်လိုမျိုးပဲဆိုတာကို မင်းလည်း သိမှာပါ …

အခု ရောက်လာမဲ့ ကပ်ဘေးကြီးက မင်းအတွက် အခွင့်အရေးပဲ … ကမ္ဘာပျက်ကပ်အတွင်း ဝိဇ္ဇာအဆင့်နဲ့ အခြားအရိုက်အရာခံ နတ်ဘုရားတွေကြားမှာ ကွဲပြားနေတာမျိုး မရှိဘူး။ ဝိဇ္ဇာတွေလည်း ကမ္ဘာပျက်ကပ်ကြီးထဲမှာ အသတ်ခံရနိုင်တာပဲ ….

ဝိဇ္ဇာတွေအားလုံး အသက်ရှင်ရင်တောင် ကပ်ဘေးကြီးက  ကောင်းကင်စည်းမျည်းတွေကို ပြောင်းပြန် လှန်ပစ်လိမ့်မယ်။ ပြောရမယ်ဆိုရင် ကိုးယောက်မြောက် ဝိဇ္ဇာ ရှိလာနိုင်တယ်။ မင်းက အရမ်းကံကောင်းတယ်။ မင်းက ဝိဇ္ဇာတာအိုအသီးကိုလည်း ရထားပြီတော့ ယင်ယန်တာအိုကိုလည်း ကျင့်ကြံထားတယ်။

တကယ်လို့ ဝိဇ္ဇာတစ်ပါး သေဆုံးသွားရင် ဒါမှမဟုတ် မိုးမြေစည်းမျည်းတွေက ပြောင်းလဲသွားရင်  မင်း အဲဒီတာအိုအသီးကို သုံးပြီး ဝိဇ္ဇာ ဖြစ်လာနိုင်တယ်။ မကောင်းတဲ့လူတစ်ယောက်အတွက် မင်း ဘာလို့ ရူးရူးမိုက်မိုက်တွေ လုပ်နေရတာလဲကွယ် …. မင်းအနာဂတ်ကို မင်းဘာသာ ဖျက်စီးနေတာလား ”

“ ဝိဇ္ဇာသူတော်စင် သခင်မက ကျွန်မရဲ့ တာအိုအသီးကို သိထား …” ယီရှန်း မျက်နှာပေါ်မှ အကြောက်တရားတို့က ပိုကြီးလာသည်။

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင် သခင်မက ကောင်းကင်ကို မော့ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်လေ၏

“ တကယ်လို့ မင်းဆီမှာ ဝိဇ္ဇာတာအိုအသီး ရထားတာကိုတောင် မသိရင် ငါ ဘယ်လိုလုပ် ဝိဇ္ဇာ ဖြစ်လာပါ့မလဲ … ”

သူမ အသံတွင် စိတ်ပျက်မှုနှင့်အတူ အထီးကျန်မှုများလည်း ပါဝင်နေ၏။ သူမက ယီရှန်းအနေနှင့် သူမအား ကျန်ရှိနေသည့် ဝိဇ္ဇာတာအိုအသီး ပေးမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။ ထိုအခါမှ သူမက ယီရှန်းကို ပြန်ပေးမည် ဖြစ်၏။ သူမ လိုချင်သည်က ယီရှန်း၏ တာအိုအသီး မဟုတ်ဘဲ ယီရှန်း၏ သစ္စာရှိမှုနှင့် ယုံကြည်မှုတို့ ဖြစ်ပေသည်။ သို့သော် ယနေ့တွင် ယီရှန်းက သူမအစား မကောင်းသည့် အမျိုးသားတစ်ယောက်အား ပေးဖို့ ရွေးချယ်ခဲ့သည်။ ဤသည်က သူမကို အရမ်းစိတ်ပျက်သွားစေ၏။

“ ကျွန်မ တောင်းပန်ပါတယ် …. ” ယီရှန်းက ခေါင်းငုံ့ထားလိုက်သည်။ သူမ စိတ်ထဲမှ မချိတင့်ကဲ ဖြစ်နေမှုကို သူမသာ သိ၏။

အကယ်၍ သူမသာ သူမအတွက် ဝိဇ္ဇာတာအိုအသီး တစ်လုံးကို အသုံးမပြုခဲ့လျှင် ဝိဇ္ဇာသူတော်စင် သခင်မအား တစ်လုံးပေးကာ လျူရှင်းအား တစ်လုံးပေးမည် ဖြစ်၏။

“ မင်းက လျူရှင်းလား ” ဝိဇ္ဇာသူတော်စင် သခင်မက မိုဝူကျိအား ကြည့်ကာ မေးလိုက်သည်။

တုန်လှုပ်ကာ အထိတ်တလန့် ဖြစ်နေခဲ့သည့် မိုဝူကျိက တည်ငြိမ်သွားပြီ ဖြစ်၏။ ဘဝ၌ တိုက်ဆိုင်မှုများနှင့် မတော်တဆ ဖြစ်ရပ်များမှာ အဆုံးမရှိပေ။  လူသားတာအိုဖြင့် နတ်ဘုရားဘုရင်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ခြင်းက ကမ္ဘာမြေတွင် ရှိစဉ်အခါကထက် ဘဝကြီး က ပိုမို အသက်ဝင်ခဲ့သည်။ အကယ်၍ သူသာ ကမ္ဘာမြေတွင် ရှိနေသေးလျှင် အမှုန့် ဖြစ်နေလောက်လေပြီ။

ဤသို့ဆိုမှတော့ ဘာကိုများ ကြောက်နေရဦးမည်နည်း။ ထို့အပြင် သူက ဤဝိဇ္ဇာသူတော်စင် သခင်မကို သဘောမကျပေ။

ဘာမကောင်းတဲ့ အမျိုးသားလဲ …. ခင်ဗျားလည်း အမျိုုးသားတစ်ယောက်ရဲ့ ကလေး မဟုတ်ဘူးလား ….

မိုဝူကျိ မသိသည်က ထိုသူတော်စင် သခင်မသည် အမျိုးသားတစ်ယောက်၏ ကလေး မဟုတ်ခဲ့ခြင်း ဖြစ်၏။

မိုဝူကျိက ခေါင်းမော့ကာ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်

“ ကျုပ်က လျူရှင်း မဟုတ်ပါဘူး။ တာအိုရောင်းရင်း ယီရှန်းက လူမှားနေတာပါ ”

ဝိဇ္ဇာသူတော်စင် သခင်မက မိုဝူကျိ စကားကြောင့် အနည်းငယ် အံ့အားသင့်သွားသည်မှာ သိသာလှသည်။ လက်တွေ့၌ သူမက ယီရှန်းတစ်‌ယောက် မိုဝူကျိအား ဝိဇ္ဇာတာအိုအသီး ပေးနေကတည်းက ရောက်ရှိနေခြင်း ဖြစ်၏။

သူမက မိုဝူကျိသည် အခွှင့်အလမ်း ကောင်းကောင်း ရဖို့အတွက် နောက်တစ်လှမ်း ဆုတ်ခဲ့ခြင်းသာ ဖြစ်ရမည်ဟု ယုံကြည်ထားလေသည်။ မိုဝူကျိက ယီရှန်း၏ ဝိဇ္ဇာတာအိုအသီးကို လိုချင်နေသော်လည်း တစ်ချိန်တည်းတွင် သူက  ယောကျ်ားကောင်းတစ်ယောက်အဖြစ် ပြုမူနေလေသည်။

သူမက မိုဝူကျိသည် လျူရှင်း မဟုတ်ကြောင်း တကယ်ငြင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက နောက်တစ်လှမ်းဆုတ်လျှင်ပင်  ဤသည်က အနည်းငယ် များမသွားပေဘူးလား။

“ အစ်ကိုကြီး လျူရှင်း …” ယီရှန်းက နောက်တစ်ဖန် စတင် ငိုကြွေးလာလေသည်။

“ မင်းက လျူရှင်း မဟုတ်မှတော့ ထွက်သွားတော့ ” ဝိဇ္ဇာသူတော်စင် သခင်မက ပြောလိုက်သည်။

မိုဝူကျိက စိတ်လှုပ်ရှားလာမိသည်။ သူက ဝတ်ရုံစိမ်း အမျိုးသမီးအား မယုံကြည်နိုင်စွာ ကြည့်လိုက်၏။ သူမက သူ့ကို လွယ်လွယ်ကူကူ လွတ်ပေးသည်လား။

ဒီလိုမျိုးအရာ လောကကြီးထဲမှာ ရှိနေဦးမှာလား ….

“ မလုပ်ပါနဲ့  ….” ယီရှန်းက ထိုစကားတစ်ခွန်းသာ ရေရွတ်လိုက်နိုင်သည်။ သူမက ဘာမှဆက်မပြောနိုင်တော့ဘဲ ဝိဇ္ဇာသူတော်စင် သခင်မရှေ့၌ ဒူးထောက်လိုက်လေ၏။

“ မင်းက ထွက်မသွားချင်ဘူးလား ” ဝိဇ္ဇာသူတော်စင် သခင်မ၏ လေသံမှာ တည်ငြိမ်နေသော်လည်း မိုဝူကျိက အန္တရာယ်ကို ခံစားမိပေသည်။

သူက ဝိဇ္ဇာသူတော်စင် သခင်မဘက် လက်နှစ်ဖက် ယှက်လိုက်ရင်း

“ ယီရှန်းက မိန်းမကောင်းလေးပါ။ သူ့မကို အပြင်းအထန် အပြစ်မပေးဖို့ မျှော်လင့်ပါတယ် ”

ထိုစဉ် မိုဝူကျိက တည်ငြိမ်သွားပြီ ဖြစ်၏။ သူက ဝိဇ္ဇာသူတော်စင် သခင်မဆီမှ သတ်ဖြတ်ငွေ့ကို ခံစားမိလိုက်၍ သူမသည် သူ့အား အမှန်တကယ် လွှတ်ပေးမည် မဟုတ်ကြောင်း သေချာသိလိုက်သည်။ သူမက သူ့အား ကစားနေခြင်းသာ ဖြစ်၏။ သူ လက်နှစ်ဖက် ယှက်ကာ နှုတ်ဆက်ပြီးနောက် သူမက အလွယ်‌လေး ဖမ်းလိုက်နိုင်သည်။ သို့သော်လည်း သူ့ကို လွှတ်ပေးသည့်အတွက် ဝိဇ္ဇာဖြစ်နေလျှင်ပင် သူ့အား  နောက်တစ်ခေါက် ပြန်ဖမ်းနိုင်ဖို့ မမျှော်လင့်သင့်တော့ပေ။

“ ဘာလဲ … ငါက မင်းဆီကနေ ဘာလုပ်ဆိုပြီး သင်ယူဖို့ လိုတယ် ထင်နေတာလား။ ငါ ဝိဇ္ဇာသူတော်စင် သခင်မက ဒီနေရာမှာ ရှိနေတာ မင်း မကျေနပ်တာ ရှိရင် တည့်တိုးသာ ပြောလိုက် ” ဝိဇ္ဇာသူတော်စင် သခင်မ၏ အသံမှာ ရေခဲတမျှ အေးစက်နေလေ၏။

“ ကောင်းပြီလေ … တကယ်လို့ ကျုပ်ကို နောက်တစ်ခေါက် ဒေါသထွက်စေရင်တော့ နောင်ကျ သေချာပေါက် သင်ခန်းစာ ပေးရမှာပေါ့ ” မိုဝူကျိက ပြောလိုက်ပြီးနောက် သူ့ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျိက သူ့လေရွေ့ပြောင်းစွမ်းရည်ကို ထုတ်သုံးလိုက်သည်။ သူက ထွက်ပြေးရာ၌ အတွေ့အကြုံ ကြွယ်ဝနေပြီ ဖြစ်၍ ဤသည်မှာ သူ့၏ တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း သိလိုက်၏။

“ ဝိဇ္ဇာသူတော်စင် သခင်မ … လျူရှင်းကို ထွက်မသွားခိုင်းပါနဲ့  ..” ယီရှန်းက တောင်းဆိုလိုက်သည်။ သူမအတွက် လျူရှင်းနှင့် ခွဲထားလိုက်ခြင်းက သူမကို သတ်လိုက်ခြင်းနှင့် မခြားပေ။

မိုဝူကျိ စကားများကြောင့် ဖြူဖတ်ဖြူရော် ဖြစ်သွားသည့် ဝိဇ္ဇာသူတော်စင် သခင်မက ယီရှန်းအား ဆွဲထူလိုက်သည်။ သူမက သက်ပြင်းချကာ

“ ယီရှန်း … သူက သူ့ရဲ့ ကျင့်ကြံဆင့် ပိစိလေးနဲ့ ငါ့မျက်စိရှေ့ကနေ ထွက်ပြေးနိုင်မယ်လို့ ထင်နေလား။ ငါက မင်းကို သူ မင်းအပေါ် တကယ်ဂရုစိုက်ဘူးဆိုတာကို သိစေချင်ရုံလေးပဲ …. တကယ်လို့ ငါ့ကြောင့်သာ မဟုတ်ရင် သူက မင်းရဲ့ ဝိဇ္ဇာတာအိုအသီးကို ယူပြီး ထွက်ပြေးသွားလောက်ပြီ … ”

“ ဝိဇ္ဇာသူတော်စင် သခင်မ ကျေးဇူးပြုပြီးတော့  ….” ယီရှန်းက တောင်းဆိုရုံသာ တတ်နိုင်မှန်း သိလိုက်သည်။

ဝိဇ္ဇာသူတော်စင် သခင်က မျက်မှောင်ကျုတ်လိုက်၏။ သူမအသံမှာ အလျှင်လိုနေပြီး  “ ယီရှန်း တကယ်လို့ ငါ့ကို မယုံရင် သူ့ကို ဖမ်းပြီးတော့ ဝိညာဉ်ကို ရှာပြမယ်။ အဲဆို မင်း သိလာလိမ့်မယ် …. ”

“ မလုပ်ပါနဲ့  ….” ယီရှန်းက ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။

***

All Chapters