လမ်းပေါ်က အလှလေး
Vol. 7 Ch. Chapter 2
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 2 - လမ်းပေါ်က အလှလေး
နေ့လယ်ပိုင်း။
မက်ဒါနာက သူ့ရှေ့က စားပွဲပေါ်မှာချထားတဲ့ ပြင်သစ် ဆန်းဝှစ်မုန့်ကို ကြည့်လိုက်တယ်။ ဆန်းဝှစ်မုန့်ဆိုပေမဲ့ အပြင်အဆင်က အတော်လေးထူးဆန်းတယ်။ ပေါင်မုန့်နှစ်ချပ်ကြားမှာ ဝက်ပေါက်ခြောက်ညှပ်ထားပြီး ဆလတ်ရွက်နဲ့တခြားအစာတွေလည်းပါတယ်။ ပေါင်မုန့်အထက်မှာတော့ လှလှပပကြော်ထားတဲ့ ကြက်ဥဟက်ပွိုင့်ကြော်လေးက နေရာယူထားပြီး သံလွင်ဆီနဲ့ချေ့စ်နံက မွှေးပျံနေပါတယ်။
"ပြင်သစ်နေ့လယ်စာ Croque Monsieur ဖြစ်ပါတယ်ရှင့်။ ကောင်းကောင်းသုံးဆောင်ပါ သခင်မလေးရှင့်။" ယနေ့ရဲ့အဓိကစားဖိုမှူးအေမီက ဟန်ပါပါနဲ့ မက်ဒါနာကို ဟင်းပွဲအကြောင်း မိတ်ဆက်ပေးတယ်။
မက်ဒါနာက ခက်ရင်းနဲ့သေးသေးလေးထိုးခွဲပြီး ပါးစပ်ထဲ ထည့်ကြည့်လိုက်တယ်။ နောက်တော့ သဘောတကျနဲ့ ခေါင်းညိတ်ပြီး အေမီကိုကြည့်ပြီး ချီးကျူးလိုက်လေရဲ့။
"မဆိုးဘူးပဲ၊ ဘယ်သူ့အကူအညီမှမပါဘဲ ကိုယ်တိုင်လုပ်လာတာလား။"
အေမီက ခါတိုင်းလိုပဲ ဂါဝန်အနားစလေးကိုမြှောက်ပြီး ဦးညွှတ်လိုက်တယ်။ အခုအေမီက အိမ်စေတစ်ယောက်အနေနဲ့ မက်ဒါနာရဲ့ဝေရာဝစ္စတိုင်းကို လိုလေသေးမရှိ ဖြည့်ဆည်းပေးနိုင်အောင် လေ့ကျင့်နေပါပြီ။ တစ်နေ့ထက်တစ်နေ့ လုပ်ဆောင်နိုင်တဲ့ ဖန်ရှင်တွေက ပိုများလာတယ်။ ပြီးတော့ အရင်ကလိုမျိုး အရသာမရှိတဲ့ပြဿနာမျိုးလည်း ရှိမနေတော့ဘူး။
"မင်းသမီးလေးခင်ဗျ... ကျွန်တော်ဝင်လာခဲ့မယ်နော်။"
ကော်ဖီနဲ့ကိတ်မုန့်ကို ဇိမ်ခံပြီး စားသောက်နေတုန်း ဖရက်က ရေးကြီးခွင်ကျယ်လုပ် ခွင့်တောင်းပြီး မက်ဒါနာအနားယူနေတဲ့ လသာဆောင်ထဲ လှမ်းဝင်လာပါတယ်။
မက်ဒါနာလည်း သက်ပြင်းချပြီး ဝန်ထမ်းအဆောင်မျက်နှာကျက်ခေါင်မိုးကို မော့ကြည့်လိုက်မိတယ်။ အနားကလူတွေက သူ့ကို တကယ်ကြီးမင်းသမီးလေးလိုမျိုး ဆက်ဆံနေကြတော့ နေရထိုင်ရကြပ်လာပြီ။
ကျောင်းစဖွင့်တဲ့ရက်ကနေ စပြီးရေရင် ဧပြီလ ပထမပတ်ကုန်သွားပြီ။ ပြောရရင် ကျောင်းဖွင့်မိန့်ခွန်းပြောတုန်းက ဖြစ်ခဲ့တဲ့ မတော်တဆပြီးတဲ့နောက်မှာ ဖရက်က သူ့ကို လူရှေ့သိပ်မထွက်ခိုင်းချင်တဲ့အတွက် မက်ဒါနာဟာ နည်းပညာနဲ့ပတ်သက်တဲ့ အတန်းတွေမှာ စာဝင်သင်တာကလွဲလို့ ဘာဆိုဘာမှမလုပ်ရဘူးရယ်။ နယူးယောက်မြို့ကို ကင်းလှည့်တာကလည်း အေမီပဲလုပ်တော့တာလေ။ အခုဆိုရင် အဝတ်အစားတွေ မပေမကျံဘဲ နေ့လယ်စာစားချိန်အမီ ပြန်ရောက်လာနိုင်တာကိုပဲကြည့်။
"ဘာလို့သုတ်သုတ်ပျာပျာပြေးလာရတာလဲ၊ ခနနေရင် နင်အခန်းBမှာ စာသွားသင်ရတော့မှာမလား။"
မက်ဒါနာက ဖုန်းပေါ်က အချိန်ကိုကြည့်ပြီး ဖရက်ကိုပြောလိုက်တယ်။ အခုက နေ့လယ်စာစားချိန်ဆိုပေမဲ့ မကြာခင် ကျောင်းချိန်ပြန်စတော့မှာ။ ဖရက်လည်း ဆရာတစ်ယောက်မလို့ မက်ဒါနာက သူ့ကိုအချောင်ခိုခွင့်ပေးမှာမဟုတ်ဘူးလေ။
"စိတ်မရှိပါနဲ့၊ မင်းသမီးလေးဆီကို ဧည့်သည်ရောက်လာလို့ပါ။ သူ့ကိုယ်သူတော့ ကွင်းနယ်မြေရဲစခန်းမှူးလို့ ပြောတာပါပဲ။"
"လင်ဒါလား..." မက်ဒါနာ မျက်ခုံးပင့်လိုက်တယ်။ လင်ဒါနဲ့သူရုပ်ရှင်သွားကြည့်ပြီးကတည်းက သိပ်မတွေ့ဖြစ်သေးဘူး။ ကျောင်းအထိလိုက်လာတယ်ဆိုတော့ အရေးကြီးကိစ္စတစ်ခုခုရှိရင်ရှိနေမှာ။
"ကောင်းပြီ၊ သူ့ကို ဝင်ခွင့်ပေးလိုက်။" မက်ဒါနာအမိန့်ပေးပြီးတာနဲ့ ဖရက်က ပြန်ထွက်သွားပြီး ရဲမေဝတ်စုံနဲ့ရင်းနှီးတဲ့မိန်းကလေးတစ်ယောက်ကိုခေါ်ကာ ပြန်ရောက်လာတယ်။
"မက်ဒါနာရေ၊ နင်ကတော့ တကယ့်ဆွေကြီးမျိုးကြီးသခင်မလေးလို ဖြစ်နေပါလား။"
ဘေးနားမှာ အခြွေအရံအပြည့်နဲ့ဖြစ်နေတဲ့ မက်ဒါနာကိုတွေ့တော့ လင်ဒါက လက်ပိုက်ပြီးပြောလိုက်လေရဲ့။ ခါတိုင်းလိုပဲ လင်ဒါရဲ့မက်မွန်သီးလုံးလုံးလေးတွေက လက်ပိုက်လိုက်တာကြောင့် အထက်ကိုမြင့်တက်လာပြီး ယူနီဖောင်းက ကြယ်သီးတွေ အချိန်မရွေးပြုတ်ထွက်လာတော့မလိုထင်ရတယ်။
"ဟူး... သူတို့က ငါ့ကိုအလိုက်လိုက်နေကြတာကိုး။"
မက်ဒါနာက သက်ပြင်းချပြီး စိတ်ပျက်ပျက်နဲ့ပြောလိုက်တယ်။ ဒါတောင်မှ ဟိုပိုးဟပ်သုံးကောင်ကို ကျောင်းလုံခြုံရေးအကြောင်းပြပြီး ကျောင်းနားမှာ ကင်းလှည့်ခိုင်းထားလို့ သူ့အနားမှာ ဘဏ္ဍာစိုးဝတ်စုံနဲ့ငကြောင်တွေ တစ်သီတစ်တန်းကြီးရှိမနေတာ။
"နင်ကလည်းနော်၊ တစ်နေ့တစ်နေ့ ကောင်လေးတွေရော ကောင်မလေးတွေပါ ဝိုင်းကြိုက်တာခံနေရတာ အတော်ပင်ပန်းနေမှာပဲ။" လင်ဒါက ပြောပြောဆိုဆိုနဲ့ မက်ဒါနာရဲ့ဘေးခုံမှာ ဝင်ထိုင်လိုက်ပြီး တမင်မက်ဒါနာရဲ့ကိုယ်ပေါ်ကို ပခုံးမှီးလိုက်တယ်။ အေမီရဲ့မျက်လုံးတွေက ရုတ်တရက်အန္တရာယ်အရိပ်အယောင်ဖြတ်ပြေးသွားပေမဲ့ သခင်မလေးအမိန့်မရသေးလို့ ဘာမှမလုပ်သေးဘူး။
အဲဒီအချိန်မှာပဲ အီဗန်တို့ကျောင်းသားတစ်သိုက်က ကန့်တင်းကနေပြန်လာရင်း ဝန်ထမ်းအိမ်ရာကို ဖြတ်သွားမိကြတယ်။ အီဗန်က နျူရေနဲ့ပခုံးချင်းယှဥ်လမ်းလျှောက်ရင်း သွေးအိတ်ကို အချိုရည်အိတ်လိုသောက်နေရင်းကနေ မက်ဒါနာနဲ့လင်ဒါရဲ့မြင်ကွင်းကိုတွေ့ပြီး အကုန်သီးကုန်တယ်။
"ဖူး..." သူဘာတွေမြင်လိုက်ရတာလဲ။ ဗိုလ်ကြီးမမဝတ်စုံဝတ်ထားတဲ့ သူတို့ကျောင်းအုပ်က ရဲမေမမဝတ်စုံဝတ်ထားတဲ့ တခြားမိန်းမလှလေးတစ်ယောက်နဲ့ အတူရှိနေတာလား။ ပြီးတော့ အတူနီးနီးကပ်ကပ်ထိုင်နေသေးတယ်။ နောက်ပြီး ထရိုက်သတ်တော့မယ့်မျက်နှာနဲ့ သူတို့ကိုကြည့်နေတဲ့ အိမ်စေတစ်ယောက်။
"နျူရေရေ... ငါစိတ်ထင်လို့လားမသိပေမဲ့ အဲဒီအိမ်စေCosplayနဲ့တစ်ယောက်က ငါတို့ကိုလာရိုက်တော့မလို ကြည့်နေသလိုပဲနော်။"
မက်ဒါနာကတော့ တပည့်စုံတွဲ သူတို့နားက ဖြတ်သွားတာကို သတိမထားမိသေးဘဲ အသားယူဖို့ကြိုးစားနေတဲ့ လင်ဒါကို ဖယ်ထုတ်လိုက်ရတယ်။ အေမီကတော့ သူတို့ကိုဦးညွှတ်လိုက်ရင်း...
"မမလေးရှင့်၊ အနားမှာ ယင်ကောင်နှစ်ကောင် လာရှုပ်နေလို့ သွားဖယ်ရှားလိုက်ပါဦးမယ်။"
မက်ဒါနာကတော့ အေမီဘာပြောလို့ပြောမှန်း နားမလည်တဲ့အတွက် ခေါင်းညိတ်ပြီး ခွင့်ပြုလိုက်တယ်။ အေမီက ဝန်ထမ်းအိမ်ရာအဆောင်ကနေ အိမ်စေသိက္ခာအပြည့်နဲ့ လမ်းလျှောက်သွားလာပြီး သခင်မလေး သတိမထားမိလောက်မယ့် အကွာအဝေးရောက်မှ ကလေးနှစ်ယောက်ဆီကို ပြေးသွားပြီး ရှေ့ကနေ ပိတ်ရပ်လိုက်တယ်။
နျူရေ: ....
အီဗန်: .....
"အတန်း Aက ကျောင်းသူတစ်ယောက်နဲ့ အတန်း D က ကျောင်းသား။ နေ့လယ်စာစားချိန်ကျော်သွားတာ တစ်မိနစ်နဲ့နှစ်ဆယ့်လေးစက္ကန့်ရှိသွားပြီ။ ကျောင်းစည်းကမ်းအရ ကျောင်းချိန်မှာ အပြင်လျှောက်သွားခွင့် တားမြစ်ထားတဲ့အတွက် မင်းတို့ကို အင်အားသုံးပြီး အခန်းပြန်ပို့ရပါလိမ့်မယ်။"
အီဗန်က အင်အားသုံးဆိုတဲ့စကားကိုကြားတာနဲ့ လှည့်ပြေးဖို့ကြိုးစားပေမဲ့ မျက်နှာသေနဲ့အရုပ်မက သူ့အင်္ကျီလည်ဂုတ်ကို ဖမ်းဆွဲထားပြီးပြီ။ တစ်ဖက်မှာတော့ နျူရေက အေမီကို ပြုံးပြပြီး ခပ်ခွာခွာနောက်ဆုတ်လိုက်တယ်။
"ကျွန်မဘာသာကျွန်မပဲ အခန်းပြန်လိုက်တော့မယ်နော်။" နောက်တော့ နျူရေက အီဗန်ကိုလှည့်မကြည့်ဘဲ တစ်ချိုးတည်းလှည့်ပြေးသွားတယ်။ အီဗန်ကတော့ အိမ်စေအရုပ်မလက်ထဲမှာ ခြေချုပ်မိနေတုန်းပဲ။
"ကျွန်တော်ရော ကိုယ့်ဘာသာ အခန်းပြန်လို့မရဘူးလား။"
"မရဘူး..." အေမီဆီကနေ ခံစားချက်မဲ့တဲ့အသံထွက်လာတယ်။ နောက်တော့ အေမီက အီဗန်ကို ဂုတ်ကနေဆွဲပြီး ကျောင်းဆောင်တွေဆီ ခပ်သွက်သွက်ခေါ်သွားတယ်။ မက်ဒါနာကတော့ လင်ဒါနဲ့ဆက်ရှိနေပြီး သူ့မျက်စိရှေ့ကကိစ္စကို လစ်လျူရှုထားလိုက်တယ်။ အဲဒီအစား သူက လင်ဒါကိုမေးတယ်။
"ဒါနဲ့လင်ဒါရေ နင်ဒီကိုလာတာ ငါ့ကိုအသားယူဖို့သက်သက်ပဲတော့ မဟုတ်ဘူးမလား။"
လင်ဒါလည်း သူ့ကိုမျက်နှာသေကြီးနဲ့ကြည့်နေတဲ့ မက်ဒါနာကြောင့် ရှက်သွားပြီး ခပ်ခွာခွာပြန်ထိုင်လိုက်တယ်။ ဘာကြောင့်မှန်းမသိ အရင်ကအပြစ်ကင်းစင်တဲ့ မက်ဒါနာလေးမျက်နှာက ဒါမျိုးတွေရိုးနေပြီဆိုတဲ့ ပုံစံမျိုးဖြစ်နေလို့ သူ့စိတ်ထဲ သိပ်ပြီး သက်သောင့်သက်သာမခံစားရဘူးရယ်။
"ဒါဟိုကောင်မတွေကြောင့်နေမှာ။" အနားမှာအမြဲရှိနေပြီး မက်ဒါနာကို အမျိုးမျိုးအသားယူနေကြတဲ့ ပြိုင်ဖက်တွေအကြောင်းတွေးမိတော့ လင်ဒါဒေါသထွက်လာတယ်။ သူတို့တွေလုပ်လို့ သူ့ရဲ့အင်နိုးစန့်လေး မိန်းမတစ်ယောက်ရဲ့အလှတရားကို ခံနိုင်ရည်ရှိသွားတာနေမှာ။
"ဘာပြောလိုက်တာ..." တခြားစိတ်ရောက်နေလို့ သေချာမကြားလိုက်တဲ့ မက်ဒါနာက ပြန်မေးတော့ လင်ဒါပိုရှက်သွားပြီး မျက်နှာပါ နီရဲသွားလေရဲ့။
"ဘာ... ဘာမှမဟုတ်ပါဘူး။"
နှစ်ယောက်ကြားက ကသိကအောင့်အခြေအနေ ပြီးဆုံးသွားပြီးတဲ့နောက်မှ တကယ့်အလုပ်ကိစ္စကိုပြောဖြစ်တော့တယ်။ လင်ဒါက သူပါဝင်ခဲ့ရတဲ့ လူပျောက်မှုတွေအကြောင်းကို မက်ဒါနာကိုပြောပြလိုက်တယ်။
"ဒီတော့ နယူးယောက်မှာလည်း ပိုးကောင်သိုက်တစ်ခုရှိနေပြီပေါ့။" မက်ဒါနာက သေချာနားထောင်ပြီးတဲ့နောက် လေးနက်တဲ့မျက်နှာနဲ့ ပြန်အဖြေထုတ်လိုက်တယ်။ လင်ဒါကလည်း ခေါင်းညိတ်လိုက်ပြီး သူယူလာတဲ့ ရဲကွန်ယက်နဲ့ချိတ်ထားတဲ့ တက်ပလက်ကို ထုတ်လိုက်တယ်။ နောက်တော့ နယူးယောက်ရဲစခန်းတွေဆီက ရလာတဲ့အချက်အလက်တွေကို ထုတ်ပြတယ်။ နယ်မြေအသီးသီးက လူပျောက်မှုတွေကို အမှတ်အသားလုပ်ထားတဲ့ နယူးယောက်မြေပုံပါ။
"အစကတော့ မြူတန့်ဌာနစိတ်က ငြင်းဆန်ခဲ့ပေမဲ့ ရဲမှူးကြီးက နယ်မြေပေါင်းစုံ လူပျောက်မှုစုံစမ်းရေးကောင်မရှင်ဖွဲ့ခွင့်ပေးလိုက်တယ်လေ။ နယူးယောက် တခြားရဲစခန်းနယ်မြေတွေက ဒေတာတွေအရဆိုရင် လူပျောက်မှုတွေက တစ်မြို့လုံးမှာဖြစ်နေတာ။"
မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး မြေပုံတွေကို တစ်ချက်ကြည့်ကြည့်ပြီး တစ်နေရာကို လက်ထောက်ပြလိုက်တယ်။ အဲဲဒီနေရာမှာ ကြက်ခြေခတ်အကြီးကြီးခတ်ထားလို့လေ။
"ဒီနေရာက..."
"အဲဒါက ငါတို့အဖွဲ့ဝင်စစ်ဆေးခဲ့တဲ့ ရေဆိုးမြောင်းဆုံပဲ။ ပထမတစ်ခါဆင်းတုန်းက ပိုးကောင်တွေကြောင့် ပြန်ဆုတ်လာရပေမဲ့ နောက်တော့ မြူတန့်ဌာနစိတ်က အင်အားအပြည့်အစုံနဲ့လာပြီး ဖောက်ခွဲပစ်လိုက်တယ်။"
နောက်တော့ လင်ဒါက ရေဆိုးမြောင်းထဲမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို မက်ဒါနာကို အသေးစိတ်ရှင်းပြတယ်။ မက်ဒါနာက နားထောင်ရင်း ခေါင်းညိတ်လိုက်ပေမဲ့
"နင်ပြောသလောက်ဆိုရင် အဲဒီနေရာက အသိုက်အစစ်မဟုတ်လောက်သေးဘူး။ သာမန်စုဝေးရာနေရာပဲဖြစ်လိမ့်မယ်။ အသိုက်အစစ်သာဆိုရင် နင်တို့တွေ ပြန်ထွက်လာနိုင်စရာ အကြောင်းမရှိဘူး။"
မက်ဒါနာပြောတာက လင်ဒါကို အထင်သေးသလိုမျိုး လေသံပေါက်နေပေမဲ့ လင်ဒါက စောဒကမတက်ဘဲ ခေါင်းညိတ်လိုက်တယ်။ လင်ဒါထက်စာရင် မက်ဒါနာက အခုလိုကိစ္စတွေမှာ ပိုပြီးအတွေ့အကြုံရှိတယ်မဟုတ်လား။
"ဖရာလီတာတို့အုပ်စု ရုရှားမှာ ပိုးကောင်သိုက်တစ်ခုတွေ့လာတယ်။ S rankနှစ်ယောက် ဆုံးရှုံးလိုက်ရပြီး သူကိုယ်တိုင်လည်း ဒဏ်ရာအကြီးအကျယ်ရထားတယ်။ ကိုင်းတိုနဲ့တခြားအထူးအဆင့်တစ်ယောက်ကြောင့်သာမဟုတ်ရင် သူတို့ပြန်မထွက်လာနိုင်လောက်ဘူး။"
"အဲဒီလောက်တောင်ပဲလား။"
မက်ဒါနာရှင်းပြတဲ့စကားကြောင့် လင်ဒါမယုံနိုင်လောက်အောင်ဖြစ်သွားတယ်။ ဖရာလီတာရဲ့အဖွဲ့က ငြိမ်းချမ်းရေးမဟာမိတ်ရဲ့အင်အားအကြီးဆုံးသူတွေ ပါဝင်တဲ့အဖွဲ့ပါ။ မက်ဒါနာက လင်ဒါကို ရှင်းပြတဲ့နေရာမှာ အချက်တချို့ကိုလည်း ချန်ထားရစ်ခဲ့သေးတယ်။ အိခဲဒက ဘာရွန်ဖြစ်သွားပြီး ဥစာကီက ဘုရင်မအဖြစ် ရွေးချယ်ခံထားရတဲ့အကြောင်းပေါ့။
"ပြဿနာက မြူတန့်ဌာနစိတ်က အဲဲဒီနေရာကို ရှင်းပြီးတာတောင် လူပျောက်မှုတွေက ဆက်ဖြစ်နေတုန်းပဲဟ။ နင်ပြောသလိုမျိုး တကယ့်အသိုက်မဟုတ်လို့ဖြစ်လိမ့်မယ်။"
မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး ဆက်လုပ်ရမယ့်အစီအစဥ်တစ်ခုကို စဥ်းစားကြည့်တယ်။ "ငါတော့ နယူးယောက်မြို့မြေအောက်ထဲမှာ ပိုးကောင်တွေရှိနေတာကို သဘောမကျဘူး။ လူတွေကို ဖမ်းစားရုံထက် ပိုတဲ့ အကြံတစ်ခုခုရှိနေနိုင်သေးတယ်။"
ဒီအထိဆွေးနွေးလာပြီးတဲ့နောက်တော့ မက်ဒါနာရော လင်ဒါပါ ဒီကိစ္စနဲ့ပတ်သက်ပြီး အတွေးအမြင်တူတဲ့ပုံပဲ။ မက်ဒါနာက ရေဆိုးမြောင်းပိုးကောင်တွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုခုများရှိနေမလားဆိုတဲ့ပုံစံနဲ့ သူ့မေးကိုသူပွတ်ပြီး ပြောလိုက်တယ်။
"ရေဆိုးမြောင်းတွေထဲ အေမီကိုလွှတ်ပြီး စုံစမ်းခိုင်းရင်ကောင်းမလား။ ဒါပေမဲ့ ကွင်းမဟုတ်ဘဲ နယူးယောက်မြို့တော်ကြီးတစ်ခုလုံးကို တစ်ကိုယ်တော်စုံစမ်းဖို့ မလုံလောက်ဘူးမလား။"
နယူးယောက်မြို့ကြီးကို အရှေ့မြောက်အရပ်ကနေ အနောက်တောင်အရပ်အထိ တိုင်းတာမယ်ဆိုရင် သုံးဆယ့်ငါးမိုင်အလျားရှိတယ်။ စတုရန်းမိုင်အနေနဲ့ဆိုရင် မိုင်ပေါင်းသုံးရာ့နှစ်ဆယ်ပတ်လည်ကို သူတို့ရှာဖွေရေးလုပ်ရမှာပါ။ ငွေရောင်စစ်သည်ဝတ်စုံနဲ့ဆိုရင်တောင် သူတို့ဘယ်လောက်ပဲ အစွမ်းထက်ထက် တစ်မြို့လုံးကို အချိန်တိုအတွင်း ရှာဖွေဖို့မဖြစ်နိုင်ပါဘူး။
"နယူးယောက်ဟီးရိုးအစည်းအရုံးကို အကူအညီတောင်းရင်ရော..." လင်ဒါက အကြံတစ်ခုရလာပြီး ပြောလိုက်တယ်။ မက်ဒါနာကတော့ ခေါင်းကိုစောင်းပြီး လင်ဒါကိုကြည့်တယ်။ လင်ဒါလည်း ဒီတော့မှ သဘောပေါက်သွားပြီး ပြောလိုက်လေရဲ့။
"ငါပြောတာက တကယ့်နယူးယောက်အစည်းအရုံး။"
ဒီတော့မှ မက်ဒါနာလည်း ဖားလေးတို့ပါတဲ့ ဝဲလ်ဆင်လက်က ထွက်ပြေးနေရတဲ့ နယူးယောက်ဟီးရိုးတွေကို ပြန်သတိရလာတယ်။ "ဒါပေမဲ့ သူတို့အင်အားက အကန့်အသတ်ရှိတယ်မဟုတ်လား။"
"ငါသိသလောက်တော့ သူတို့မှာ အဖွဲ့ဝင်သစ်တွေရှိနေပြီတဲ့။ သူတို့ထဲကတစ်ယောက်က မြေအောက်မှာဆိုရင် ပိုစွမ်းအားကြီးလာတယ်ဆိုလား။"
မက်ဒါနာသိသလောက်တော့ နယူးယောက်ဟီးရိုးတွေထဲမှာ အဲဒီလိုစွမ်းအားမျိုးရှိတဲ့သူ ရှိမနေဘူး။ ဒီတော့ လင်ဒါပြောသလို အသင်းသားသစ်ပဲနေမှာ။ ပြဿနာက ဒီလောက်တောင် အသည်းအသန်ထွက်ပြေးနေရတဲ့အဖွဲ့က ဘယ်လိုလုပ်ပြီး အဖွဲ့ဝင်သစ်တွေ ရလာတာလဲ။
"အင်း၊ နင့်အကြံက မဆိုးဘူး။ ဘာပဲဖြစ်ဖြစ် နှစ်ဖွဲ့ပေါင်းလိုက်ရင် ငါတို့ကို ကူပြီးကင်းထောက်ပေးမယ့်သူတွေ ပိုများလာမှာပဲ။"
လောလောဆယ် မက်ဒါနာဘက်မှာ S အဆင့်စွမ်းအားရှိတဲ့ အေမီနဲ့ဖရက်နှစ်ယောက်အပြင် ပိုးဟပ်သုံးကောင်ရှိတယ်။ ဟီးရိုးဆရာတွေလည်းရှိပေမဲ့ ထွက်ပြေးနေရတဲ့ နယူးယောက်ဟီးရိုးတွေနဲ့ ပူးတွဲအလုပ်လုပ်ခိုင်းလို့ အဆင်ပြေမပြေ သူမသိဘူး။ ပိုးဟပ်တွေက သူတို့အမျိုးအဆွေတွေဖြစ်တဲ့ ပိုးကောင်တွေကို ခြေရာခံနိုင်စွမ်းရှိရင်ရှိမှာလို့ မက်ဒါနာတွေးကြည့်မိတယ်။ ပြောရရင် တချို့ပိုးကောင်တွေက ပိုးဟပ်တွေကို ခြေရာခံပြီး လိုက်တိုက်ဖူးတယ်လေ။ ဒီတော့ သူတို့လည်း လုပ်နိုင်ရင်လုပ်နိုင်မှာ။
"သူတို့ခြေရာမခံနိုင်ဘူးဆိုရင်လည်း ရေဆိုးမြောင်းထဲ ပစ်ချလိုက်ရင် တခြားပိုးကောင်တွေ သူတို့ကို သတိထားမိပြီး လာလောက်တယ်မဟုတ်လား။"
ဘဏ္ဍာစိုးသုံးကောင်ကို ငါးစာအဖြစ်သုံးမယ့်အကြံဆိုးကြီးကို မက်ဒါနာတွေးမိပြီးတဲ့နောက် ရုပ်ဆိုးဆိုးအပြုံးကြီးကိုပြုံးပြီး အသံထွက်ပြောလိုက်မိတဲ့အတွက် လင်ဒါတောင် ကျောချမ်းသွားတယ်။
"နင်ဘယ်သူ့ကို ငါးစာအဖြစ်သုံးဖို့ ကြိုးစားနေမှန်းမသိပေမဲ့ ငါတော့ကျောချမ်းလာပြီ။" လင်ဒါက တကယ်ကြီး ကြောက်သွားတဲ့ပုံစံနဲ့ မက်ဒါနာနဲ့ နည်းနည်းခပ်ခွာခွာမှာ သွားထိုင်လိုက်တယ်။
"ဘာမှမဟုတ်ပါဘူး၊ နင်သူတို့နဲ့ ဆက်သွယ်နိုင်မယ့်နည်းလမ်းသိလား။"
မက်ဒါနာမေးလိုက်တော့ လင်ဒါက ခေါင်းညိတ်ပြတယ်။ ကွင်းမြို့ရဲ့ရဲစခန်းမှူးက နိုင်ငံတော်အဆင့် အလိုရှိသူတွေကို ရှာဖွေနိုင်စွမ်းရှိနေမယ်လို့ မက်ဒါနာထင်ကိုမထားတာ။ တစ်ချိန်တည်းမှာပဲ မက်ဒါနာက ဝဲလ်ဆင်အတွက် မျက်ရည်နှစ်စက်ကျပေးချင်စိတ်ပေါက်သွားတယ်။ နယူးယောက်ဟီးရိုးအစည်းအရုံးကို သူဖျက်ဆီးချင်ပေမဲ့ ရှိသမျှတရားစီရင်ရေးအဖွဲ့တွေအကုန်လုံးက ဟီးရိုးတွေဘက်မှာ။
...
ဆက်လုပ်မယ့်ကိစ္စကို တိုင်ပင်ပြီးတဲ့နောက် မက်ဒါနာနဲ့လင်ဒါက ကားနောက်ခန်းမှာ အတူတူထိုင်လိုက်တယ်။ တကယ်တော့ အေမီက မက်ဒါနာကို နောက်ခန်းမှာ ထိုင်နိုင်အောင် ကူညီပေးပြီး ဝှီးချဲကိုနောက်သယ်သွားတာ။
"သခင်မလေးရှင့်၊ အဲဒီရဲဝတ်စုံတစ်ယောက် တစ်ခုခုလုပ်ဖို့ကြံတာနဲ့ အော်လိုက်ပါ။ ကျွန်မသူ့ကို ကားပေါ်က ကန်ချပေးပါ့မယ်။" အေမီကလည်း မက်ဒါနာ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး ခံစားချက်မဲ့တဲ့လေသံနဲ့ ပြောလိုက်တယ်။
"ငါတော့ နင်အဲဲဒီအစားတွေကို ဘယ်ကတတ်လာလဲ ငါနားမလည်တော့ဘူး။" မက်ဒါနာက အသက်ကို ပြင်းပြင်းရှုရင်း သူ့နဖူးကိုသူ လက်ဝါးနဲ့အုပ်ထားလိုက်မိတယ်။ လင်ဒါကတော့ မက်ဒါနာနဲ့တစ်ခုံတည်းထိုင်ရလို့ ပေါ်နေတဲ့မျက်နှာနဲ့။
ပိုးဟပ်သုံးကောင်ထဲ မက်က ကားဒရိုက်ဘာခုံမှာ ဝင်ထိုင်လိုက်ပြီး ပြောလိုက်တယ်။ "ဘယ်ကိုမောင်းရမှာလဲ။" ဖရက်က စာသွားသင်နေပြီမလို့ သူတို့ကို ကားမောင်းပို့ပေးမယ့်သူက မက်ဖြစ်နေတာ။ ပြီးတော့ သူတို့ထိုင်နေတာက လင်ဒါယူလာတဲ့ ရဲကားပေါ်မှာပါ။
"၇၃လမ်းအတိုင်းမောင်း၊ လူသာရန်ချက်ကျောင်းနားက ဆိုင်ခန်းတွေနားမှာရပ်လိုက်။"
"ဟုတ်ကဲ့။" မက်က လင်ဒါပြောတဲ့အတိုင်း ကားကိုစမောင်းတယ်။ မက်ဒါနာက ရဲကားကိုမောင်းနေတဲ့ ပိုးဟပ်ဘဏ္ဍာစိုးကို စိတ်ပျက်ပျက်နဲ့ကြည့်လိုက်ပြီး လင်ဒါကိုပြန်လှည့်ကြည့်တယ်။
"နေပါဦး၊ ဒီကားက နင်တို့ဌာနသုံးကားမဟုတ်လား။
တခြားတစ်ယောက်ယောက်ကို မောင်းခိုင်းလို့ အဆင်ပြေပါ့မလား။"
လင်ဒါက မက်ဒါနာရဲ့စကားကိုကြားတော့ ပခုံးတွန့်ပြလိုက်တယ်။ "နင့်မှာ ကားဒရိုက်ဘာတွေ ဒီလောက်ပေါနေတာကို ဘာကိစ္စကိုယ်တိုင်မောင်းရမှာလဲ။ နင့်အနားမှာပဲထိုင်မှာပေါ့။"
"....." မက်ဒါနာလည်း လင်ဒါကို ပြန်ပြောဖို့ စကားရှာမရတာနဲ့ သက်ပြင်းသာ ချလိုက်မိတော့တယ်။
အလုပ်တက်ရက်ဖြစ်တာကြောင့် မနက်ခင်းတွေမှာ ကားအတော်ကြပ်ပေမဲ့ မက်ဒါနာတို့ထွက်လာချိန်က နေ့လယ်ကျော်ပြီဖြစ်တာကြောင့် ကားအတော်ချောင်တယ်။ လမ်းပေါ်မှာ ကားတွေအများကြီးရှိနေပေမဲ့ သွားလို့မရအောင်တော့မဟုတ်ဘူး။ မိနစ်သုံးဆယ်လောက် ကားပေါ်မှာ အချိန်ဖြုန်းပြီးတဲ့နောက်တော့ ကွင်းမြို့စံနှုန်းနဲ့ဆိုရင် သိပ်မကြီးတဲ့ လူသာရန်ချက်ကျောင်းနားကို သူတို့ရောက်လာပြီး ဆိုင်ခန်းတွဲတွေဖွင့်ထားတဲ့ အဆောက်အဦးတွဲတစ်ခုရှေ့က ကားပါကင်မှာ ရပ်လိုက်တယ်။
နောက်တော့ ထုံးစံအတိုင်းမှာ အေမီက ကားထဲက အရင်ထွက်ပြီး မက်ဒါနာကို ဝှီးချဲပေါ်တင်ပေးတယ်။ လင်ဒါကတော့ မက်ဆီက ကားသော့ယူလိုက်ပြီး ရဲကားကို သော့ခတ်လိုက်တယ်။ နောက်တော့ မက်ဒါနာအသင့်ဖြစ်တဲ့အထိစောင့်ပြီး ရှေ့ကနေ ဦးဆောင်လျှောက်တယ်။
ခနနေတော့ သူတို့ရင်းနှီးနေတဲ့ ကောင်လေး ဒါမှမဟုတ် ကောင်မလေးတစ်ယောက်ကို စတွေ့ရပြီ။
မက်ဒါနာက အဲဒီတစ်ယောက်ကိုမြင်တာနဲ့ မျက်နှာက ချက်ချင်းအေးခဲသွားတယ်။ အဲဒီကောင်မလေးက ဆံပင်စိမ်းစိမ်းလေးနဲ့ဖြစ်ပြီး ချက်ပေါ် ဘေ့ဘောအားပေးအသင်းဝင် (cheerleader)ဝတ်စုံလေးဝတ်ပြီး အားကစားပစ္စည်းဆိုင်အတွက် ပလက်ဖောင်းပေါ်မှာ ပရိုမိုးရှင်းဆင်းပေးနေတာ။
"နေပါဦး၊ အဲဒါ လူးဆီးယပ်မဟုတ်ဘူးလား။"