← Chapters

နတ်ဘုရားသင်္ချိုင်းဂူမှ ထွက်လာကာ မဟာဖျက်စီးရေး ပညာရပ်အား ထုတ်သုံးခြင်း

Vol. 79 Ch. 1093

နတ်ဘုရားသင်္ချိုင်းဂူမှ ထွက်လာကာ မဟာဖျက်စီးရေး ပညာရပ်အား ထုတ်သုံးခြင်း

Vol. 79 Ch. 1093

ဝိဇ္ဇာသူတော်စင် သခင်မက ရုတ်တရက် စကားပြောလက်စကို ရပ်တန့်လိုက်သည်။ သူမ မျက်ဝန်းများ၌ မယုံကြည်နိုင်များ ပြည့်နှက်နေလေ၏။ သူမ ပြောနေသည့် ပုရွက်ဆိတ်က သူမ မျက်စိရှေ့တွင် ပျောက်ကွယ်သွားလေပြီ။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ” ဝိဇ္ဇာသူတော်စင် သခင်မက သူမဘာသာ ရေရွတ်လိုက်၏။

သူမ စွမ်းရည်ဖြင့် မိုဝူကျိ၏ ဖုံးကွယ်ရေး နည်းစနစ်များက မည်မျှ အားကောင်းစေကာမူ ပြဿနာ မဟုတ်ပေ။ မိုဝူကျိသာ နတ်ဘုရားသင်္ချိုင်းဂူထဲ ရှိနေသရွေ့ သူမက သူ့ကို ရှာတွေ့နိုင်ပေသည်။

သို့သော် ယခုတွင် မိုဝူကျိက အရိပ်အယောင်မကျန် ပျောက်ကွယ်သွားလေပြီ။

…………….…

မိုဝူကျိက အချိန်အတော်ကြာ ထွက်ပြေးလာပြီးနောက် သူမက လေရွေ့ပြောင်းစွမ်းရည်ကို အကြိမ်များစွာ ထုတ်သုံးပြီးနောက် သဲကန္တာရထဲက ကျောက်အပိုင်းအစလေးအဖြစ် ပြောင်းလဲထားလိုက်သည်။

ဤကျယ်ပြောလှသည့် ကန္တာရကြီးထဲ၌ သူ့လိုမျိုး ကျောက်တုံးမျိုး သန်းပေါင်းများစွာ ရှိပေသည်။ သူ့သန္ဓေ ပြောင်းလဲရေး ပညာရပ်နှင့်အတူ လူသားတာအိုဖြင့် သူ့အငွေ့အသက်တို့မှာ အခြားသော ကျောက်တုံးများနှင့် အတူတူ ဖြစ်သွားသည်။ သက်ရှိနေသည့် လက္ခဏာရပ်လည်း မရှိတော့ချေ။

ဝိဇ္ဇာသူတော်စင် သခင်မက သူ ကျောက်တုံးအဖြစ် ပြောင်းလိုက်သည်ကို သိပြီး  သူမ စိတ်စွမ်းအားဖြင့် ကျောက်တုံးတိုင်းကို သေချာစစ်ဆေးမကြည့်သရွေ့ သူမအနေနှင့် မိုဝူကျိကို ရှာတွေ့နိုင်မည် မဟုတ်ချေ။

ဝိဇ္ဇာသူတော်စင် သခင်မကဲ့သို့ ပညာရှင်မျိုးကို ရင်ဆိုင်ရာ၌ မိုဝူကျိက သူ အားကောင်းမလာမချင်း ဒုတိယအကြိမ် ပြန်လည် မတွေ့လိုပေ။ သူက ဝိဇ္ဇာသူတော်စင် သခင်မ၏ ရှာဖွေမှုများကို ရှောင်ရှားခဲ့သော်လည်း ချက်ချင်း မထွက်သွားသေးပေ။

နောက်တစ်ကြိမ် သူက ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေးကို ထုတ်ကာ မြေကျုံ့ ပညာရပ်ဖြစ်သည့် နောက်ထပ် တစ်မျိုးကို စတင် လေ့လာကြည့်လိုက်သည်။

မြေကျုံ့ပညာရပ်သည် လွတ်မြောက်ရေး နည်းစနစ်လိုမျိုး ဖြစ်၏။ သူ့လေလွတ်မြောက်ရေး နည်းစနစ်က မြေကျုံ့ပညာရပ်ထက် နိမ့်ကျနေသည်ဟု ပြော၍ မရပေ။ သူ့လေလွတ်မြောက်ရေး နည်းစနစ်က သူဘာသာ ဖန်တီးထားခြင်း မဟုတ်ပါလော။ ယခု သူက လေလွတ်မြောက်ရေး နည်းစနစ်၌ အတော်လေး အောင်မြင်မှု ရရှိနေလေပြီ။

သို့သော်လည်း မြေကျုံ့ပညာရပ်သည် လေလွတ်မြောက်ရေး နည်းစနစ်ထက် အားသာချက် ရှိပေသည်။ ဤသည်က သူ့အား ရုတ်ချည်း ပျောက်ကွယ်သွားနိုင်ဖို့ ခွင့်ပြုနိုင်သည် မဟုတ်ပါလော။ အကယ်၍ သူက မြေကျုံ့ပညာရပ်နှင့် လေလွတ်မြောက်ရေး နည်းစနစ်တို့ကို ပေါင်းသုံးလိုက်လျှင် သူ့လွတ်မြောက်ရေး ပညာရပ်က အစအနကောက်ဖို့ပင် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

လများစွာ ကုန်ဆုံးသွားလေ၏။ နောက်ဆုံးတွင် မိုဝူကျိက မြေကျုံ့ပညာရပ်ကို အပေါ်ယံ နားလည်လာပြီ ဖြစ်ရာ စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းဖြင့် ဖြည်းဖြည်းချင်း ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။

ဘေးပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေပြီး မိုဝူကျိက မည်သည့်အန္တရာယ်မှ မခံစားမိပေ။

အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် မိုဝူကျိက လူသားအသွင် ပြန်ပြောင်းကာ နတ်ဘုရားသင်္ချိုင်းဂူ ဝင်ပေါက်ဘက် ဦးတည်လိုက်သည်။

သူ လျို့ဝှက်ပညာရပ်များ သင်ယူတတ်မြောက်ထားသည်က အရေးမကြီးပေ။ သူ့ကျင့်ကြံဆင့်သာ မမြင့်တက်လာလျှင် အသုံးမဝင်ချေ။ နတ်ဘုရားသင်္ချိုင်းဂူက သူ ကျင့်ကြံနိုင်သည့် နေရာ မဟုတ်တော့ပေ။ ယခု သူ သွားနိုင်သည့် နေရာနှစ်ခုသာ ရှိတော့သည်။ နံပါတ်တစ် နတ်ဘုရားနားခိုရာ နယ်မြေ၊ နံပါတ်နှစ် နတ်ဘုရား သင်္ချိုင်းဂူမှ ထွက်ကာ နတ်ဘုရားကမ္ဘာဆီ ပြန်ဖို့ ဖြစ်၏။

ယီရှန်း ပြောထားသလောက် ဝိဇ္ဇာသူတော်စင် သခင်မသည် နတ်ဘုရား နားခိုရာနယ်မြေအနား စောင့်ကြပ်နေသည် ဖြစ်ရာ သူသာ သွားပါက ကိုယ့်သေတွင်းကို တူးနေသလို ဖြစ်နေပေမည်။ ထို့ကြောင့် မိုဝူကျိက နတ်ဘုရားကမ္ဘာဆီ ပြန်ဖို့ရာ လုံလုံလောက်လောက် အားကောင်းစေဖို့သာ မျှော်လင့်ထားတော့၏။

ခွန်းယွင် လိုအပ်သည့် အကူအညီကိုတော့ သူ့ကျင့်ကြံဆင့် မြင့်သည့်အထိ စောင့်ခိုင်းရပေတော့မည်။ ယခု သူက သူ့ဘာသာပင် မကာကွယ်နိုင်သေးပေ။ ထို့အပြင် ဝိဇ္ဇာသူတော်စင် သခင်မက နတ်ဘုရားနားခိုရာနယ်မြေထဲ မဝင်နိုင်သရွေ့ ခွန်းယွင်လည်း ဘေးကင်းနေမည် ဖြစ်၏။

ဝိဇ္ဇာသူတော်စင် သခင်မက မိုဝူကျိလိုမျိုး ငတိကို စိတ်ထဲ မထားပေ။ မိုဝူကျိက သူမမျက်စိရှေ့မှ လစ်ထွက်နိုင်ခဲ့သော်လည်း သူမက သိပ်ဂရုမစိုက်ပေ။ စကြဝဠာကြီးက အကျယ်ကြီး ဖြစ်၍ နည်းလမ်းများစွာ ရှိနေနိုင်သည်။ အကယ်၍ သူမသာ မိုဝူကျိအပေါ် စိတ်ဝိညာဉ် အမှတ်အသား မှတ်သားခဲ့လျှင် သူက မည်သည့်နည်းလမ်းကို အသုံးပြုစေကာမူ သေချာ‌ပေါက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ယခု ဝိဇ္ဇာသူတော်စင် သခင်မအတွက် အရေးကြီးဆုံးအရာမှာ နတ်ဘုရား နားခိုရာနယ်မြေကို ဖွင့်ဖို့ရာ ဖြစ်၏။ ထိုနှစ်များဆီက ဝိဇ္ဇာတု မင်ယွမ်က သူတော်ကောင်းယောင်ဆောင်ကာ များစွာသော အရိုက်အရာခံ နတ်ဘုရားတို့၏ ယုံကြည်မှုကို ရယူခဲ့သည်။ ကပ်ဘေးမတိုင်ခင် အရိုက်အရာခံ နတ်ဘုရားတို့က သူတို့ရတနများအား မင်ယွမ်ထံ အပ်နှံ့ထားခဲ့ကြသည်။ ပြောကြမည်ဆိုလျှင် မင်ယွမ်က ဝိဇ္ဇာတစ်ယောက်ထက်ပင် ချမ်းသာသေး၏။

မိုးမြေ မီးပြင်းဖို၊ အချိန်စက်ဝန်းပြားနှင့် ထောင်ထျဲ့အိုးတို့သည်လည်း နတ်ဘုရားနားခိုရာနယ်မြေထဲ၌ ရှိကြသည်။ သူမသာ နတ်ဘုရား နားခိုရာနယ်မြေဆီ ဝင်နိုင်ပြီး မင်ယွမ်ကို ရှာတွေ့သရွေ့ ကမ္ဘာ့ပျက်ကပ်ကြီးက သူမကို ဘာလုပ်နိုင်ဦးမည်နည်း။

………………

မိုဝူကျိလည်း သတိကြီးကြီးထားထားသည်။ သူက မြေကျုံ့ပညာရပ်ကို ဆက်လက် လေ့ကျင့်ရင်း ထွက်လာခဲ့သည်။ လများစွာ ကြာမြင့်ပြီးနောက် သူက နတ်ဘုရားသင်္ချိုင်းဂူအဝသို့ ရောက်ရှိလာလေသည်။

အနက်ရောင် တွင်းပေါက်ကြီးက ရှိနေသေး၏။ အရင် ရောက်လာခါစကဲ့သို့ မိုဝူကျိက သူ့စိတ်စွမ်းအားဖြင့် ထိုလှိုဏ်ခေါင်းအား စစ်ဆေးကြည့်၍ မရပေ။

မိုဝူကျိက လေရွေ့ပြောင်းစွမ်းရည်ကို ထုတ်သုံးလိုက်သည်။ သူက ဤလမ်းကြောင်း၌ အသိစိတ်ပင်လယ်၏ စိတ်စွမ်းအားကို မသုံးနိုင်ကြောင်း သိထားသည်။ ကံကောင်းစွာဖြင့် သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိနေသည် မဟုတ်ပါလော။

မိုဝူကျိက သူ့လေလွတ်မြောက်ရေး နည်းစနစ်ကို ဆက်မသုံးနိုင်တော့သည့်အထိ ဆက်တိုက် သုံးလိုက်သည်။ အကယ်၍ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကြောင့်သာ မဟုတ်လျှင် သူက နတ်ဘုရားသင်္ချိုင်းဂူမှ အပေါ်သို့ ပြန်တက်နိုင်မည် မဟုတ်ချေ။

အကယ်၍ သူသာ နတ်ဘုရားသင်္ချိုင်းဂူမှ ထွက်မသွားလျှင် ဝိဇ္ဇာသူတော်စင် သခင်မလက်ထဲ အဆုံးသတ်သွားနိုင်၏။ ထိုစဉ် မိုဝူကျိက ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ သူက မိုးမြေ မီးပြင်းဖိုကို ထုတ်ယူလိုက်၏။ မီးပြင်းဖိုက မိုဝူကျိ၏ ခေါင်းအထက်တွင် ရှိနေသည့်အခါ သူက သူ့ဘေးပတ်လည်ရှိ အာကာပြင်စည်းမျည်းတို့က အားပျော့သွားကြောင်း ခံစားမိလိုက်၏။

ကြည့်ရသည်မှာ ခွန်းယွင်က ညာနေသည့်ပုံ မပေါ်ပေ။ သူက နတ်ဘုရားဘုရင် အဆင့် ၃ သာ ဖြစ်နေသေးလျှင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် ကံကြမ္မာ ထိပ်သီးရတနာ ပိုင်ဆိုင်ထားလျှင်ပင် နတ်ဘုရားသင်္ချိုင်းဂူမှ ထွက်သွားနိုင်မည် မဟုတ်ပေ။

မိုဝူကျိက နတ်ဘုရားသင်္ချိုုင်းဂူ လမ်းကြောင်းသည် အတော်လေး ရှည်လျားကြောင်း သိထား၏။ သူ့စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းကို မြန်မြန် လှည့်ပတ်လိုက်ပြီး အမြန်နှုန်းကို တိုးမြင့်လိုက်သည်။

မိုဝူကျိအား စိတ်သက်သာရာ ရသွားစေသည်က ဝိဇ္ဇာသူတော်စင် သခင်မ၏ အရိပ်အယောင်ကို မမြင်မိခြင်းကြောင့် ဖြစ်၏။ ပထမလအတွင်း မိုဝူကျိက သတိကြီးကြီး ထားနေသော်လည်း ပထမလကုန်ပြီးနောက် မိုဝူကျိက ခွန်းဝူဓားကို သန့်စင်ဖို့ လုပ်လိုက်သည်။

ကံမကောင်းသည့် တစ်ခုတည်းသောအရာမှာ သူက ဤလမ်းကြောင်းကို ဖြတ်နေစဉ် အချိန်စက်ဝန်းပြားကို အသုံးပြု၍ မရခြင်းသာ ဖြစ်ပေသည်။ မဟုတ်လျှင် မိုဝူကျိက ခွန်းဝူဓားနှင့် ပညာရှိတာအိုအဆောင် နှစ်ခုလုံးကို သန့်စင်ပစ်မိလိမ့်မည်။

မိုဝူကျိက ခွန်းဝူဓားကို သန့်စင်ဖို့ရာအတွက် လိုအပ်သည်များ ပြင်ဆင်ထားပြီးလေပြီ။ ယခင် ခွန်းဝူဓားကို သန့်စင်စဉ်က သူ့အသိစိတ်ပင်လယ်သည် ခမ်းခြောက်လုမတတ် ဖြစ်သွားခဲ့ပြီး သူက ခွန်းဝူဓား၏ ဓားအသိ တစ်ခုကိုသာ သန့်စင်နိုင်ခဲ့သည်။

ဒုတိယအကြိမ် ကြိုးစားမှု၌ မိုဝူကျိက စိတ်စွမ်းအားများကို ချန်မထားဘဲ ခွန်းဝူဓားကို လွှမ်းခြုံထားလိုက်သည်။ သူ့ပထမကြိုးစားမှုနှင့် အတူတူပင် ဖြစ်၏။ မိုဝူကျိ၏ စိတ်စွမ်းအားက ခွန်းဝူဓားရှိ အတားအဆီးနှင့် ထိတွေ့သွားသည်နှင့် ရေကာတာကြီး ပွင့်သွားသလို ခံစားလိုက်ရသည်။ ထိုအပေါက်ကြီးအတွင်းမှ အားတစ်ခုက မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်းမှ စိတ်စွမ်းအားတစ်ဝက်လောက်ကို စုပ်ယူသွားလေသည်။

ပထမတစ်ကြိမ်နှင့် ယှဉ်လိုက်လျှင် ဒုတိယအကြိမ် ကြိုးစားမှုက အန္တရာယ် မရှိပေ။ သို့သော်လည်း ပို၍ ခက်ခဲပေသည်။

ခွန်းဝူက အဆုံးမရှိသည့် ချောက်နက်ကြီး သဖွယ် မိုဝူကျိ၏ စိတ်စွမ်းအားများကို ဆက်တိုက် စုပ်ယူနေသည်။ မိုဝူကျိက နတ်ဘုရားဘုရင်အဆင့် ၆  ရောက်ပြီး အသိစိတ်ပင်လယ် မကျယ်ပြန့်နေလျှင် သေချာပေါက် ခမ်းခြောက်သည့်အထိ စုပ်ယူခံရမည် ဖြစ်ကြောင်း သေချာသိလိုက်သည်။

ဤစုပ်ယူခြင်း ဖြစ်စဉ်က သုံးလကြာမြင့်သွားလေ၏။ မိုဝူကျိက ဆက်လက် တောင့်မခံနိုင်တော့သည့်အချိန် ခွန်းဝူဓားမှ ပျော်ရွှင်သည့် ဟစ်ကြွေးမှုတစ်ခု ထွက်ပေါ်လာလေ၏။ ထို့‌နောက် မီးခိုးရောင် ခွန်းဝူဓားက မိုဝူကျိရှေ့ လွှင့်မျှောနေလေသည်။ ယခင် ပထမအကြိမ် သန့်စင်စဉ်နှင့် ယှဉ်ကြည့်လျှင် ခွန်းဝူဓားက ပို၍ သာမာန် ဖြစ်လာကာ ထက်ရှမှုများပင် ပျောက်ကွယ်သွားဟန် ပေါ်၏။

မိုဝူကျိကို မျက်လုံးကို မှိတ်ထားရင်း ခွန်းဝူဓားမှ ထွက်ပေါ်လာသော စွမ်းအားတို့ကို ခံစားကြည့်လိုက်သည်။ ထိုစွမ်းအားက မိုးမြေကိုပင် ဖျက်စီးပစ်နိုင်စွမ်း ရှိဟန် ပေါ်လေ၏။ မိုဝူကျိက ဤဓားကို အသုံးပြုမည်ဆိုလျှင် နတ်ဘုရားကမ္ဘာကိုပင် ထက်ခြမ်း ခြမ်းပစ်နိုင်လိမ့်မည်ဟု ခံစားနေမိသည်။ အကယ်၍ ဤဓားကို ဝိဇ္ဇာသူတော်စင် သခင်မဆီ ချိန်ရွယ်ထားခဲ့လျှင် မည်သို့ ဖြစ်သွားမည်ကို သိချင်လာမိ၏။

မိုဝူကျိက ခေါင်းခါလိုက်သည်။ မည်သို့ ဖြစ်လာလာ ကိစ္စမရှိပေ။ အကယ်၍ သူသာ ဝိဇ္ဇာသူတော်စင် သခင်မနှင့် နောက်တစ်ကြိမ် ထပ်မံ ရင်ဆိုင်ရလျှင် တစ်ချက်တော့ ထိအောင် တိုက်နိင်ကောင်း၏။ သို့သော်လည်း တစ်ချက်မှ မတိုက်နိုင်ခြေကား ပို၍ များပေသည်။

ခွန်းဝူဓားထဲ၌ ဓားအသိမည်မျှ ရှိနေသည်ကို မသိရသေးပေ။ ယခု သူက နှစ်ခုကို သန့်စင်ထားပြီးပြီ ဖြစ်၍ ဆက်တိုက် သန့်စင်လိုပါက သူ့ကျင့်ကြံဆင့် မြင့်သည့်အထိ စောင့်ဆိုင်းဖို့ လိုအပ်ပေသည်။

ခွန်းဝူဓားကို သိမ်းကာ မိုဝူကျိက အရှိန်မြင့်လိုက်၏။ နောက်ထပ် တစ်နှစ်တာ ကုန်ဆုံးသွားပြီးနောက် မိုဝူကျိက မျက်လုံး ဖွင့်ကြည့်လိုက်သည်။ နောက်ဆုံးတော့ နတ်ဘုရားသင်္ချိုင်းဂူ အပြင်ဘက်သို့ ရောက်ရှိလာလေပြီ။

ဤသည်မှာ နတ်ဘုရားဂူသင်္ချိုင်းတောင်ကြား ဖြစ်၏။ မိုဝူကျိက ဘေးပတ်လည်ကို စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် နတ်ဘုရားကမ္ဘာသို့ ပြန်ရောက်လာကြောင်း သိလိုက်သည်။

နတ်ဘုရားကမ္ဘာ၏ စည်းမျည်းများက ပျက်စီးသွားဟန် မပေါ်သေးပေ။ ထိုအခါမှ မိုဝူကျိက သက်ပြင်းချလိုက်နိုင်၏။ မည်သို့ပင် ဖြစ်ပျက်စေခဲ့ကာမူ နတ်ဘုရားကမ္ဘာမှာ သူ အရွယ်ရောက်လာသည့် နေရာတစ်ခုလို ဖြစ်နေသည် မဟုတ်ပါလော။

အကယ်၍ နတ်ဘုရားကမ္ဘာသာ ဖျက်စီးခံလိုက်ရလျင်  သူက အင်မော်တယ်လောကဆီ ပြန်သွားရပေမည်။ သို့သော်လည်း အင်မော်တယ်လောက၏ မိုးမြေစည်းမျည်းများက သူ့အတွက် ကျင့်ကြံဖို့ရာ မလုံလောက်ပေ။

သူက ဂူအဝင်ဝကို ပြန်ကြည့်လိုက်ပြီးနောက် ဝိဇ္ဇာသူတော်စင် သခင်မ ပြန်မထွက်လာနိုင်စေရန် အတားအဆီး ထားထားချင်စိတ် ပေါ်လာသည်။ သို့သော်လည်း သူက ထိုမျှအထိ အားမကောင်းသေးကြောင်း သိပေသည်။

ထိုအမျိုးသမီး နတ်ဘုရားကမ္ဘာဆီ ပြန်ရောက်လာမည်ကို မတားဆီးနိင်သော်လည်း မိုဝူကျိက တစ်ခုခုတော့ လုပ်သင့်ကြောင်း ဆုံးဖြတ်လိုက်သည်။

ဘေးပတ်ဝန်းကျင်တွင် တစ်ယောက်မှ မရှိသည်ကို အတည်ပြုပြီးနောက် မိုဝူကျိက သဘာဝစွမ်းအားများ အားလုံးကို စုစည်းလိုက်ပြီး လက်ဟန်များကို ထုတ်ဖော်လိုက်သည်။ မကြာခင် ဧရာမ လက်ဟန်ကြီးတစ်ခု ဖြစ်တည်လာလေ၏။

ကြောက်မက်ဖွယ် အဖျက်စွမ်းအား အငွေ့အသက်တို့က ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့သွားသည်။ မိုဝူကျိပင် အနည်းငယ် အံ့အားသင့်သွားလေသည်။ သူက မဟာဖျက်စီးရေး ပညာရပ်ဖြင့် နတ်ဘုရားသင်္ချိုင်းဂူ အဝင်ဝကို ဖျက်စီးပစ်လိုသည်။ သူက အပြည့်အဝ မဖျက်စီးပစ်နိုင်လျှင်ပင် ထိုအမျိုးသမီးအား အချိန်ဆွဲထားနိုင်မည်ဆိုလျှင် ကျေနပ်ပြီ ဖြစ်၏။

သို့သော်လည်း အဖျက်စွမ်းအားကို ခံစားပြီးနောက် သူက အရမ်းကို လျော့တွက်မိကြောင်း သိလိုက်တော့သည်။

မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ ကန့်သတ်ချက် ရှိသည့်အတွက် မဟာဖျက်စီးရေး ပညာရပ်ကို ထုတ်သုံးလိုက်သည့်အခါ ပြန်ထိန်းနိုင်ဖို့အတွက် အားမကောင်းသေးပေ။ သူက  မဟာဖျက်စီးရေး ပညာရပ်၏ အကျိုးသက်ရောက်မှုကို နည်းပါးသွားရန် အလို့ဌာ စိတ်စွမ်းအားနှင့် သဘာဝစွမ်းအားကို လျော့ချလိုက်ရသည်။

“ ဝုန်း ”‌ မြေကြီး တုန်ခါသည့် အသံများပင် ပဲ့တင်ထွက်ပေါ်လာသည်။ မိုဝူကျိ၏ မဟာဖျက်စီးရေး ပညာရပ်အပေါ် နားလည်ထားမှုမှာ နည်းပါးနေသေးသော်လည်း ဤစွမ်းအားက ပြန့်နှံ့သွားလေ၏။

“ ဝုန်း ဝုန်း  ”

တည်နေရာတစ်ခုလုံး ပြိုကျကာ စည်းမျည်းများလည်း မတည်မငြိမ် ဖြစ်လာသည်။

ပြိုကျပျက်စီးသံများမှာလည်း ဆက်တိုက် ထွက်ပေါ်နေလေ၏။ နတ်ဘုရားသင်္ချိုင်းတောင်ကြားကို တို့ဖူးကဲသို့ လှီးဖြတ်လိုက်သလိုမျိုး ဒါမှမဟုတ် ဧရာမတူကြီးနှင့် ထုရိုက်ပစ်လိုက်သည့်အလား အားလုံးက ပျက်စီးသွားလေသည်။

မိုဝူကျိလည်း မြန်မြန် နောက်ဆုတ်လိုက်သည်။ သူသာ နောက်မဆုတ်လျှင် ထိုပျက်စီးမှုအတွင်း ဆွဲသွင်းခံရလိမ့်မည်ဟု ခံစားနေမိ၏။

ဤသည်က မိုဝူကျိကို ထိတ်လန့်သွားစေသည်။ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းအပေါ်တွင် ထားရှိခဲ့သည့်  လျူရှင်း၏ အသိစိတ်အမျှင်လေးက သူ့အား အံ့အားသင့်စေခဲ့သည်ဆိုလျှင် ဤထိန်းချုပ်မရနိုင်သည့် အဖျက်စွမ်းအားကား သူ့အား ကြောက်လန့်သွားစေသည်။

ကံကောင်းစွာဖြင့် နတ်ဘုရားကမ္ဘာ၏ စည်းမျည်းတို့က ပြန်ကောင်းလာပြီ ဖြစ်၍ မိုးမြေကလည်း တည်ငြိမ်နေသည်။ သူ့ကျင့်ကြံဆင့်မှာလည်း နတ်ဘုရားဘုရင် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေလေပြီ။ မဟုတ်လျှင် သူ့တိုက်ခိုက်မှုက မည်မျှသာ အဖျက်စွမ်းအား ဖြစ်ပေါ်စေမည်နည်း။

မိုဝူကျိက နတ်ဘုရားသင်္ချိုင်းဂူတောင်ကြားရှိ အာကာပြင် စည်းမျည်းများမှာ ပျက်စီးသွားကာ ပျောက်ကွယ်သွားသောကြောင့် ငေးကြည့်လိုက်မိသည်။

“ အရမ်းအားကောင်းလိုက်တာ ” မိုဝူကျိက သူ့ဘာသာ ရေရွတ်လိုက်မိသည်။

ယခင် နတ်ဘုရားသင်္ချိုင်းဂူ လမ်းကြောင်းတွင် ရှိနေစဉ်အခါက မဟာဖျက်စီးရေး ပညာရပ်ကို ထုတ်သုံးခဲ့ဖူး၏။ သို့သော်လည်း သူ့ကျင့်ကြံဆင့်မှာ နိမ့်ကျနေသေးသည့်အပြင် မဟာဖျက်စီးရေး ပညာရပ်အပေါ် နားလည်နိုင်စွမ်းမှာလည်း နိမ့်ကျနေသေး၏။

ထို့အပြင် သူက လမ်းကြောင်းထဲ ရောက်နေသည့်အတွက် အဖျက်စွမ်းအားမှာ ယခုလောက် ကြောက်ဖို့ မကောင်းခဲ့ပေ။

All Chapters