← Chapters

ပိအန်းပန်း အပိုင်းအစ

Vol. 79 Ch. 1094

ပိအန်းပန်း အပိုင်းအစ

Vol. 79 Ch. 1094

“ မိုဝူကျိလား  ….” အဝေးတစ်နေရာမှ ရင်းနှီးပြီးသား အသံတစ်သံ ထွက်ပေါ်လာလေ၏။ သူ့တိုက်ကွက်သူ ပြန်လန့်နေသည့် မိုဝူကျိက စိတ်စွမ်းအား ပို့လွှတ်ကာ  ထိုလူအား စစ်ဆေးကြည့်လိုက်သည့်အခါ အတော်လေး အံ့အားသင့်သွားလေ၏။

“ စီနီယာစန်း ….” မိုဝူကျိက မြန်မြန် နှုတ်ဆက်လိုက်သည်။

မိုဝူကျိက စန်းကျန့်ရှင်းကို တော်တော် လေးစားမိ၏။ သူက စန်းကျန့်ရှင်းဆီမှ များစွာ သင်ယူခဲ့ရရုံသာမက စန်းကျန့်ရှင်းလိုမျိုး ပညာရှင်တစ်ယောက်၏ ရှိသင့်သည့် စိတ်နေစိတ်ထားကိုလည်း တွေ့ခဲ့ရသည်။

စန်းကျန့်ရှင်းက မိုဝူကျိကို မြင်လိုက်ရသည့်အတွက် ပျော်နေသည်မှာ သိသာလှသည်။ သူက ပြိုကျပျက်စီးနေသော နေရာကြီးကို မေးခွန်းထုတ်လိုဟန် ကြည့်လိုက်ပြီးနောက် မေးလိုက်သည်

“ ဘာတွေ ဖြစ်နေတာလဲ ”

မိုဝူကျိက နေရခက်စွာ ပြောလိုက်သည်

“ ကျွန်တော် ပညာရပ်တစ်ခုအပေါ် ဉာဏ်အလင်းပွင့်လာလို့  စမ်းကြည့်လိုက်တာ … အဲဒီပညာရပ်က နတ်ဘုရားသင်္ချိုင်းနယ်မြေတစ်ခုလုံးကို  ဖျက်စီးပစ်နိုင်လောက်အောင်အထိ ကြမ်းလိမ့်မယ်လို့ ထင်မထားမိဘူး… ”

ဟိုးယခင် နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားမှာ တောင်ကြား တစ်ခု ဖြစ်ခဲ့သည်။ မိုဝူကျိက မဟာဖျက်စီးရေး ပညာရပ်ကို ထုတ်မသုံးခင်အခါက မြေပြန့်တစ်ခုလို ဖြစ်နှင့်နေလေပြီ။ သို့သော ယခုတွင်ကား မြေပြန့်ပင် မဟုတ်တော့ပေ။

“ မင်းရဲ့ တိုက်ကွက်တစ်ခုက နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားကို ဖျက်စီးပစ်လိုက်တာလား ” စန်းကျန့်ရှင်း တအံ့တဩ ရေရွတ်ကာ မိုဝူကျိအား ကြည့်လိုက်၏။ သူက နတ်ဘုရားကမ္ဘာ ပြန်လည်ကောင်းမွန်လာစဉ်အတွင်း သဟဇာတ နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်အထိ ရောက်စေသည့် ကံကောင်းချမ်းသာမှုများ ရထားသော်လည်း  တိုက်ကွက်ဆယ်မျိုး ထုတ်သုံးလျှင်ပင် နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားအား မဖျက်စီးပစ်နိုင်သေးလောက်ပေ။

မိုဝူကျိ၏ အဖြေကိုပင် မစောင့်ဘဲ စန်းကျန့်ရှင်းက မေးလိုက်၏  “ ဘယ်လိုပညာရပ်မျိုးလဲ  ”

မိုဝူကျိက စန်းကျန့်ရှင်းဆီမှ ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိသည့်အတွက်

“ မဟာဖျက်စီးရေး ပညာရပ်ပါ။ အရင် နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာတုန်းက စည်းမျည်းအက်ကြောင်းကနေ ရလာတာ  ”

စန်းကျန့်ရှင်းက နည်းနည်း ကြောင်အမ်းသွားပြီးနောက် ခဏအကြာမှ စကားပြန်ပြောနိုင်လေသည်

“ မင်း ရသွားတာ ကံကောင်းလို့…. တကယ်လို့ နတ်ဘုရားမျိုးနွယ်စုသာ ဒီလိုမျိုး ရသွားခဲ့ရင် နတ်ဘုရားကမ္ဘာရဲ့ ကျန်တဲ့ မျိုးနွယ်တွေတော့ ဒုက္ခတွေ့ကြတော့မှာ။ အရင်တစ်ခေါက်တုန်းကလည်း နတ်ဘုရားမျိုးနွယ်စု အသေးစား ကျိန်စာပညာရပ်နဲ့ လူသန်းချီ သတ်ပစ်ခဲ့သေးတယ်  … ”

စန်းကျန့်ရှင်းက စကားပြော ရပ်တန့်လိုက်သည်။ မဟာဖျက်စီးရေး ပညာရပ်မှာ နတ်ဘုရားမျိုးနွယ်လက်ထဲ ရှိမနေသော်လည်း နတ်ဘုရားကမ္ဘာက ကပ်ဘေးအတွင်း ကျရောက်နေသေးသည် မဟုတ်ပါလော။

“ စီနီယာစန်း … တစ်ခုခုများ ဖြစ်လို့လား ” မိုဝူကျိက တစ်ချက်ကြည့်ရုံဖြင့် စန်းကျန့်ရှင်း၏ စိတ်ပျက်လက်ပျက် ဖြစ်နေသည့်ပုံကို သတိပြုမိလိုက်ပေသည်။ စန်းကျန့်ရှင်းတွင် တစ်ခုခု ပြောစရာ ရှိနေမှန်း ခံစားလိုက်ရ၏။

စန်းကျန့်ရှင်းက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်ရင်း

“ မင်းကို တွေ့တာ တကယ် ကောင်းတယ်။ နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာစ ဆိုပေမဲ့ ပြန်ပျက်စီးသွားတော့မယ် … ဟူး   တကယ်လို့ ဒီလိုဖြစ်မယ်မှန်း သိခဲ့ရင် နတ်ဘုရားကမ္ဘာ ပြန်ကောင်းမလာတာကမှ ကောင်းဦးမယ် ”

မိုဝူကျိနှင့် ယှဉ်လျှင် စန်းကျန့်ရှင်း၊ လီထန်း၊ ဟုန်ချီတို့က နတ်ဘုရားကမ္ဘာကို ပို၍ အလေးအနက် ထားကြပေသည်။ သူတို့က ဤနေရာတွင် နေလာသည်မှာ နှစ်သောင်းချီ ကြာမြင့်နေပြီ ဖြစ်၍ အိမ်ဟုပင် သတ်မှတ်ထား၍ ရပေသည်။

“ စီနီယာက ဝတ်ရုံစိမ်းနဲ့ ဝိဇ္ဇာသူတော်စင် သခင်မ နတ်ဘုရားကမ္ဘာဆီ ရောက်လာတဲ့အကြောင်းကို ပြောတာလား ”

“ ဟုတ်တယ် … နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ ပိအန်းပန်းက ရုတ်တရက်ကြီး အရွယ်ရောက်လာတယ်။ ပိအန်းပန်းရဲ့ စည်းမျည်းတွေနဲ့ အရိုက်အရာခံ နတ်ဘုရားတွေက နတ်ဘုရားကမ္ဘာဆီ လာလို့ ရတယ်လေ။ အာ  … ဒါနဲ့ ဝူကျိ မင်း အဲဒီအကြောင်းကို ဘယ်လိုလုပ် သိတာလဲ ” စန်းကျန့်ရှင်းက နတ်ဘုရားကမ္ဘာအပေါ် ပူပင်မှုများကြောင့် မိုဝူကျီ စကားများကို ယခုအခါမှ သတိပြုမိလိုက်သည်။

မိုဝူကျိက ဘာကိုမှ သိုဝှက်မထားတော့ဘဲ နတ်ဘုရားသင်္ချိုင်းဂူမှ လွတ်မြောက်လာပုံတို့အား ပြန်ပြောပြလိုက်သည်။ ထိုမျှတင် မကသေးဘဲ သူက စန်းကျန့်ရှင်းအား မဟာဖျက်စီးရေး ပညာရပ်ကို သုံးကာ  ဝိဇ္ဇာသူတော်စင် သခင်မတို့အား  နတ်ဘုရားသင်္ချိုင်းဂူအတွင်း  ပိတ်လှောင်ထားသည့်အကြောင်းကိုလည်း ပြောပြလိုက်သည်။

“ အာ …” စန်းကျန့်ရှင်းဆီမှ တအံ့တဩ ရေရွတ်သံ ထွက်ပေါ်လာသော်လည်း သူ့အနေနှင့် မတုံ့ပြန်နိုင်သေးပေ။ အသက်ရှိုက်စာအနည်းငယ်ခန့်ကြာပြီးနောက် သူက မိုဝူကျိအား လက်ဆွဲကာ စိတ်လှုပ်ရှားစွာ ပြောလိုက်၏

“ မင်း လုပ်တာ ကောင်းတယ် … ကောင်းတယ် ”

ထို့နောက် သူက မိုဝူကျိ အမေးကိုပင် စောင့်မနေတော့ဘဲ ပိအန်းပန်း ဖျက်စီးပစ်သည့် အကြောင်းကို ပြန်လည် ပြောပြလိုက်သည်။ တစ်ချိန်တည်းမှာ သူက မိုဝူကျိအား ဝိဇ္ဇာသူတော်စင် သခင်မသည် လက်တစ်ချက် ဝှေ့ရုံဖြင့် ကျင့်ကြံသူ တစ်သိန်းလောက်အား သတ်ပစ်နိုင်သည့်အကြောင်းကိုလည်း ပြောပြလိုက်၏။

“ အဲဒီ အမျိုးသမီးက တော်တော် ရက်စက်တာပဲ ”  မိုဝူကျိက အကြောက်တရားတချို့ ကိန်းအောင်းလာလေ၏။ အကယ်၍ ထိုအမျိုးသမီးသာ သတိလက်လွှတ် မဖြစ်ပါက သူ့အနေနှင့် ထိုရက်စက်တတ်သည့် အမျိုးသမီးထံမှ ထွက်ပြေးလာရန် မည်သို့ အခွင့်အရေး ရှိမည်နည်း။

စန်းကျန့်ရှင်း၏ လေသံက ပို၍ သက်တောင့်သက်သာ ဖြစ်လာကာ

“ မင်း သူမကို နတ်ဘုရားသင်္ချိုင်းဂူထဲ အချိန်ဆွဲထားနိုင်တာ ကံကောင်းသွားတာပဲ … မဟုတ်ရင် အဲဒီမိန်းမက နတ်ဘုရားကမ္ဘာရဲ့ ကံကြမ္မာကို ဆွဲနှုတ်ပြီးတော့ လောကလမ်းကြောင်းကိုလည်း ဖယ်ရှားပစ်လောက်ပြီးပြီ … ”

မိုဝူကျိက ခေါင်းခါကာ

“ စီနီယာစန်း … ကျွန်တော်က နတ်ဘုရားသင်္ချိုင်းဂူကို ဖျက်စီးလိုက်တာတော့ မှန်ပါတယ်။ သာမာန်လူတွေက လွတ်မြောက်လာမှာ မဟုတ်ဘူးဆိုပေမဲ့ အဲဒီ မိန်းမက သာမာန် မဟုတ်ဘူး။ သူမက ဝိဇ္ဇာတစ်ယောက်လေ … သူမ ထွက်မလာသေးတဲ့ အကြောင်းက နတ်ဘုရား နားခိုရာနယ်မြေကြောင့်ပဲ ဖြစ်လိမ့်မယ်  ”

မိုဝူကျိက ပြောလိုက်ရင်း နတ်ဘုရား နားခိုရာနယ်မြေရှိ အခြေအနေများနှင့် အရိုက်အရာခံ နတ်ဘုရားများအကြောင်းကို စန်းကျန့်ရှင်းအား ရှင်းပြလိုက်သည်။ စန်းကျန့်ရှင်းက အရိုက်အရာခံ နတ်ဘုရားများအကြောင်း သိထားသော်လည်း မိုဝူကျိလောက် အသေးစိတ် မသိသေးပေ။

စန်းကျန့်ရှင်းက မိုဝူကျိ စကားများကို ကြားသည့်အခါ နတ်ဘုရားကမ္ဘာသည် အရိုက်အရာခံ နတ်ဘုရားများ  နင်းခြေမည့် နောက်ထပ် ရွံ့မြေတစ်ခုလိုသာ ဖြစ်နေကြောင်း သတိပြုမိလိုက်သည်။

“ ကြည့်ရတာ ဝိဇ္ဇာတပိုင်းအဆင့်ရောက်မှ နတ်ဘုရားကမ္ဘာ ပျက်စီးခြင်းကနေ ကာကွယ်ဖို့ လုံလောက်မယ် ထင်တယ် ” စန်းကျန့်ရှင်းက သက်ပြင်းချလိုက်၏။

မိုဝူကျိက ခေါင်းခါကာ  “ စီနီယာစန်း တကယ်လို့ ဝိဇ္ဇာတပိုင်းအဆင့် ရောက်ရင်တောင် နတ်ဘုရားကမ္ဘာက ဖျက်စီးခံရဦးမှာပဲ …. အဲဒီ မိန်းမက ဝိဇ္ဇာတပိုင်းအဆင့် ကိုင်တွယ်နိုင်မဲ့သူမျိုး မဟုတ်ဘူး ”

“ အဲဆို မင်းမှာ တခြားနည်းလမ်း ရှိသေးလား ” စန်းကျန့်ရှင်းက မိုဝူကျိသည် ရိုးရှင်းသည့်သူ မဟုတ်ကြောင်း သိပေသည်။ ထို့အပြင် မိုဝူကျိတွင် နတ်ဘုရားသင်္ချိုင်းဂူ အဝင်ဝကို ဖျက်စီးပစ်နိုင်သည့် မဟာဖျက်စီးရေး ပညာရပ်လည်း ရှိထားသေး၏။ ဤသည်က စန်းကျန့်ရှင်းအား မိုဝူကျိအပေါ် မျှော်လင့်ချက် ထားမိစေသည်။

မိုဝူကျိက နတ်ဘုရားကမ္ဘာကို ကယ်တင်နိုင်မည့် နေ့ရက် ရောက်လာနိုင်ကောင်းပေ၏။

မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ   “ စိနီယာစန်း … ကျွန်တော် တွေးမိထားတဲ့ နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ ဒါပေမဲ့ စီနီယာရဲ့ အကူအညီကို လိုအပ်နေတယ် ”

စန်းကျန့်ရှင်း တုံ့ဆိုင်းမနေဘဲ   “ ပြောလိုက် … ငါသာ လုပ်ပေးနိုင်တယ်ဆိုရင် အားလုံးကို လုပ်ပေးမယ် ”

မိုဝူကျိက ပြောလိုက်၏

“ အရင် ကျွန်တော်တို့ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်မှာ ရှိနေတုန်း အရင်းအမြစ်တိုက်ပွဲ ကျင်းခဲ့တယ်လေ။ အဲဒီပြိုင်ပွဲရဲ့ နေရာက ပိုင်သူမဲ့ ဂြိုလ်တစ်လုံးဆိုတော့ စီနီယာများ အဲဒီနေရာကို ပြောပြပေးလို့ ရမလားလို့ပါ …. ကျွန်တော် အဲဒီဂြိုလ်ဆီ သွားပြီး အချိန်တစ်ခုလောက်အထိ ကျင့်ကြံချင်ပါတယ် …. ”

မိုဝူကျိက ကျင့်ကြံဖို့ နေရာရှာရန် စီစဉ်ထားပြီးလေပြီ။ အကယ်၍ သူသာ စန်းကျန့်ရှင်းနှင့် မတွေ့လျှင် တခြားနေရာတစ်ခုကို ရွေးချယ်မည် ဖြစ်၏။ သို့သော် သူက တိုက်တိုက်ဆိုင်ဆိုင် စန်းကျန့်ရှင်းနှင့် တွေ့လာသည့်အတွက်  ထိုပိုင်သူမဲ့ ဂြိုလ်အကြောင်းကို ထုတ်မေးလိုက်ခြင်း ဖြစ်သည်။

ထိုဂြိုလ်ပေါ်တွင် ကမ္ဘာဦး စွမ်းအား အမြောက်အမြား ရှိလေသည်။ သူ့ကျင့်ကြံဆင့်သာ တိုးတက်လာစေရုံသာမက  ပင်းထန်းဝါးကိုလည်း ရရှိလိုက်သေးသည်။ သို့သော်လည်း သူက အချိန်စက်ဝန်းပြားအတွက် ပင်းထန်းဝါးနှင့် လဲလှယ်ခဲ့ရသည်။

ပို၍ အရေးကြီးသည်က ခွန်းယွင်သည် ထိုဂြိုလ်ပေါ်တွင် အားကောင်းသည့် ရတနာများရှိကြောင်း  သိထားသည်။ ဤရတနာက ခွန်းယွင်ပင် ပင်းထန်းဝါးကို လျစ်လျူရှုစေနိုင်လောက်သည့်အထိ အရမ်းအားကောင်းပေရမည်။ သူ့ကျင့်ကြံဆင့်ကို သဟဇာတ နတ်ဘုရားအဆင့်အထိ တိုးတက်လိုသည့်အပြင် သူက ထိုရတနာကို ရှာဖွေလိုမိ၏။

စန်းကျန့်ရှင်းက မိုဝူကျိ စကားများကို ကြားလိုက်သောအခါ တွေဝေမနေဘဲ သလင်းကျောက်တစ်ခုကို တန်းထုတ်ပေးလိုက်သည်

“ ဝူကျိ … ဒီသလင်းကျောက်ထဲမှာ ပိုင်သူမဲ့ ဂြိုလ်ရဲ့ တည်နေရာ ပါတယ်။ ပြီးတော့ မင်း ရှင်းမူကိုလည်း သတိထားဦး … အဲဒီလူက မင်းကို အကောက်ကြံလို့ တစ်ခါ သေမလို ဖြစ်ခဲ့သေးတယ်လေ။ ဒါပေမဲ့ လတ်တလောလေးက  ငါ့ကို ကယ်ထားပေးပြီးတော့ ပိအန်းပန်းကိုလည်း အတူတူ ဖျက်စီးပေးခဲ့တယ်။ အဲဒါကြောင့်မလို့  ငါ သူနဲ့ ပတ်သတ်လို့ သိပ်မကောင်းဘူးလေ ”

“ စီနီယာစန်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် နားလည်ပါတယ် ” မိုဝူကျိက ကျေးဇူးတင်ကြောင်း ပြောလိုက်ပြီးနောက် သလင်းကျောက်ကို လက်ခံယူလိုက်သည်။

စန်းကျန့်ရှင်းက ခပ်ယဲ့ယဲ့ ရယ်ကာ ကျောက်စိမ်းသေတ္တာတစ်ခု ထုတ်လိုက်ရင်း ပေးလိုက်ပြန်သည်   “ ဒါက မင်းအတွက် … ”

မိုဝူကျိက ကျောက်စိမ်းသေတ္တာကို လက်ခံယူလိုက်ပြီးနောက် စန်းကျန့်ရှင်းအား  နားမလည်စွာ ကြည့်လိုက်သည်။ သူက စန်းကျန့်ရှင်း ရှင်းပြချက်ကို စောင့်ဆိုင်းနေလေ၏။

စန်းကျန့်ရှင်းက ကျောက်စိမ်းသေတ္တာအား လက်ညိုးထိုးပြကာ

“ အထဲမှာ ပိအန်းပန်း အပိုင်းအစလေးတချို့ ရှိတယ်။ အရင် ရှင်းမူနဲ့ ငါ ပိအန်းပန်း ဝတ်လွှာတစ်ခုကို ဖျက်စီးခဲ့တုန်းက အဲဒီအပိုင်းအစလေးတွေကို သိမ်းထားလိုက်တာ။ အဲဒီနောက်ကျ ဝတ်ရုံစိမ်း အမျိုးသမီးက တခြားနေရာကို လောလော လောလောနဲ့ ထွက်သွားတယ်ဆိုလားပဲ ….

သူမက ဒီကိစ္စကို သိပ်အာရုံမရှိခဲ့ဘူး။ ဒါပေမဲ့ ဒီအပိုင်းအစတွေက အသုံးဝင်မယ်ဆိုတာ သေချာတယ်။ အဲဒီမိန်းမ သူ့ကိစ္စတွေ ပြီးတာနဲ့ ဒီအကြောင်းကို ပြန်အမှတ်ရလာလိမ့်မယ် ”

ဝိဇ္ဇာသူတော်စင် သခင်မက ကြာပန်းနီမှ မွေးဖွားလာခြင်း ဖြစ်၏။ သူမ ကျင့်ကြံဆင့်မှာ ပြိုင်ဖက်ကင်းပြီး သူမတာအိုအသိအမြင်တို့မှာ နက်နဲလှသော်လည်း ဉာဏ်ပညာအရ စန်းကျန့်ရှင်းတို့လိုမျိုး လူအိုကြီးများနှင့် ယှဉ်၍ မရပေ။ သူမ ကံကောင်းမှုအပြင် ဝိဇ္ဇာ ဖြစ်လာနိုင်သည်မှာ ပြင်ပအကြောင်းအရင်းများကြောင့်လည်း ဖြစ်ပေသည်။ ပြောကြသည်က ဝိဇ္ဇာရှစ်ပါးအနက် သူမက ကောက်ကျစ်မှု အနည်းဆုံး ဖြစ်ပေသည်။ ထို့အပြင် သူမက အတော်လေး ဘဝင်မြင့်ပေသည်။

မိုဝူကျိက ကျောက်စိမ်းသေတ္တာကို လက်ခံလိုက်ပြီးနောက်   “ ကျေးဇူးတင်ပါတယ် စီနီယာ … ဒီပစ္စည်းက အသုံးဝင်လာမှာပါ ”

ဤပစ္စည်းက မိုဝူကျိအတွက် အတော်လေး အသုံးဝင်ပေသည်။ ပိအန်းပန်း အပိုင်းအစများဖြင့် သူက ချူယို့နှင့် စုယင်တို့၏ တည်နေရာကို အာရုံခံနိုင်ရုံသာမက ဝိဇ္ဇာသူတော်စင် သခင်မ၏ တည်နေရာကိုလည်း ခံစားနိုင်ပေလိမ့်မည်။

“ ကောင်းတယ် ” စန်းကျန့်ရှင်းက ရယ်မောလိုက်သည်။ သူက မိုဝူကျိ တစ်ယောက် ဝိဇ္ဇာသူတော်စင် သခင်မ ထွက်ပေါက်ကို ဖျက်စီးပစ်လိုက်ကြောင်း ကြားလိုက်ကတည်းက သူ့စိတ်အခြေအနေမှာ အတော်လေး တိုးတက်လာလေ၏။

မိုဝူကျိက သိုလှောင်လက်စွပ် တစ်ကွင်းနှင့် ကျောက်စိမ်းသေတ္တာတစ်ခု ထုတ်ကာ စန်းကျန့်အား ပေးလိုက်သည်

“ စီနီယာစန်း …. ကျွန်တော်ဆီမှာ ပစ္စည်းများများစားစားတော့ မရှိဘူး။ ဒီနတ်ဝိညာဉ်သွေးကြောတွေနဲ့ ဟုန်မုန့်စွမ်းအင် တစ်ပုလင်းတို့နဲ့ဆိုရင် ဝိဇ္ဇာတပိုင်းအဆင့် ရောက်အောင် ကူညီပေးနိုင်ပါ့မလား ”

“ ဟုန်မုန့်စွမ်းအင်လား … အသုံးဝင်တယ်။ အသုံးဝင်တာပေါ့  … မြန်မြန် သိမ်းထားလိုက်။ တခြားသူတွေ အာရုံခံမိလိမ့်မယ်။ မင်းဘာသာ သိမ်းထားလိုက်တာ အကောင်းဆုံးပဲ ” စန်းကျန့်ရှင်းက ဟုန်မုန့်စွမ်းအင် အငွေ့အသက်ကို ခံစားမိလိုက်သည်နှင့် စိုးရိမ်တကြီး ပြောလိုက်သည်။

မိုဝူကျိက ရယ်မောကာ

“ ကျွန်တော်ဆီမှာ အများကြီး ရှိပါသေးတယ်။ ကျွန်တော်ရဲ့လက်ရှိ အနေအထားနဲ့ဆိုရင် အဲဒီမိန်းမအပြင် တခြားဘယ်သူကမှ ကျွန်တော်ကို ဘာမှ မလုပ်နိုင်ပါဘူး ”

“ ဟုတ်ပြီ ဟုတ်ပြီ  …” စန်းကျန့်ရှင်းက ဤအချိန်မှာ မိုဝူကျိကို အားနာနေရမည့် အချိန်မဟုတ်ကြောင်း သိ၍ ဟုန်မုန့်စွမ်းအင်ကို မြန်မြန် ဆွဲယူကာ  သူ့ကမ္ဘာထဲ ပစ်ထည့်ထားလိုက်သည်။

***

All Chapters