← Chapters

မင်း သွားနိုင်မလား

Vol. 79 Ch. 1095

မင်း သွားနိုင်မလား

Vol. 79 Ch. 1095

ဟုန်မုန့်စွမ်းအင်ကို သိမ်းလိုက်ပြီးနောက် စန်းကျန့်ရှင်းက စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ သူက မိုဝူကျိထံ သိုလှောင်လက်စွပ်အား ပြန်ပေးလိုက်ပြီး

“ မင်းအတွက်လည်း ကျင့်ကြံရေး အရင်းအမြစ်တွေ လိုအပ်နေသေးတယ်လေ။ ငါ အဲဒီ နတ်ဝိညာဉ်သွေးကြောတွေ မလိုပါဘူး … ”

မိုဝူကျိက မြန်မြန် လက်ကာပြလိုက်ပြီး

“ စီနီယာက ကျွန်တော်အပေါ် အရမ်းကောင်းတယ်လေ။ ဒီနတ်ဝိညာဉ်သွေးကြော ၂၀ က ကျွန်တော်အတွက် ဘာမှမဟုတ်ပါဘူး။ အချိန်က အရေးကြီးဆုံးပဲလေ … အခု ကျွန်တော် သွားလိုက်ပါဦးမယ် ”

သူက ဝိဇ္ဇာသူတော်စင် သခင်မသည် သူ့လူသားဂိုဏ်းကို ဘာမှလုပ်မသွားမှန်း သိသော်လည်း မိုဝူကျိက ဂိုဏ်းဆီ ပြန်သွားဖို့ရာ အလျှင်လိုနေမိသည်။ တစ်ချိန်တည်းတွင် သူက ပိုင်သူမဲ့ဂြိုလ်ဆီ သွားကာ ကျင့်ကြံဖို့လည်း လောကြီးနေမိ၏။

သူ့မဟာဖျက်စီးရေး ပညာရပ်က နတ်ဘုရားသင်္ချိုင်းဂူကို ဖျက်စီးပစ်ခဲ့စဉ်အခါက မိုဝူကျိသည် ဤအရာက ဝိဇ္ဖာသူတော်စင် သခင်ကို ရပ်တန့်ဖို့ရာ မလုံလောက်သေးမည်ကို စိုးရိမ်မိလေ၏။

မိုဝူကျိ ထွက်သွားပြီးနောက် စန်းကျန့်ရှင်းက သိုလှောင်လက်စွပ်အတွင်း စိတ်စွမ်းအား ပို့လွှတ်လိုက်သည်။ သူက ဖန်ဆင်းမှုစွမ်းအားနှင့် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောများကို မြင်တွေ့လိုက်သည့်အခါ  လေအေးများ မှုတ်ထုတ်လိုက်မိသည်။

သူက အက်ကြောင်းမှ နတ်ဝိညာဉ်သွေးကြောများ ထွက်ပေါ်လာသည်ကို သိလိုက်သည်။ သို့သော်လည်း သူက အနီးအနားတွင် ရှိမနေခဲ့ပေ။ သူ့အစီအရင်တာအိုမှာ ပြိုင်ဖက်ကင်း ဖြစ်သော်လည်း ဖန်ဆင်းမှု နတ်ဝိညာဉ်သွေးကြော တစ်ခုမှ မဖမ်းဆုပ်နိင်ခဲ့ပေ။

တစ်ချိန်တည်းတွင် သူက အက်ကြောင်းသည် နတ်ဝိညာဉ်သွေးကြောများကို အရှိန်မြင့်မြင့် ထုတ်လွှင့်လိုက်ပြီး  သာမာန်နည်းလမ်းများဖြင့် ဖမ်းယူဖို့ရာ မလွယ်ကူကြောင်း သိပေသည်။ သို့သော် ယခုတွင် မိုဝူကျိက သူ့အား နတ်ဝိညာဉ်သွေးကြော အခု ၂၀ ပေးလာလေ၏။ ဤသည်မှာ ကောင်းကင်ဘုံ သွေဖယ်နေခြင်းသာ ဖြစ်ပေသည်။

ယနေ့ သူက နတ်ဝိညာဉ်သွေးကြောများနှင့် ဟုန်မုန့်စွမ်းအင်ကို ရရှိလိုက်သည်။ ဤပစ္စည်းများက သူ့အား ဝိဇ္ဇာတပိုင်းအဆင့် ရောက်စေမည့် ပစ္စည်းများသာ ဖြစ်၏။

“ ဝူကျိ ကျေးဇူးပါ ” စန်းကျန့်ရှင်းက မိုဝူကျိ ထွက်သွားသည့် ဦးတည်ဘက်အား လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ ထို့နောက် သူလည်း လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားတော့သည်။

ယခု သူက အဖိုးတန်လှသည့် ကျင့်ကြံရေး အရင်းအမြစ်များစွာ ရရှိထားသည့်အတွက် ဂူပိတ်လေ့ကျင့်ဖို့ နေရာ ရှာသည်မှာ ပုံမှန်ကိစ္စသာ ဖြစ်ပေသည်။

………..…

လူသားဂိုဏ်းက ယခင်ကဲ့သို့ မပြောင်းမလဲ အတူတူ ဖြစ်နေသေး၏။ မိုဝူကျိ လူသားဂိုဏ်းထဲ ဝင်လာလိုက်သည်နှင့် စိတ်စွမ်းအားဖြင့် တာ့ဟွမ်အား အာရုံခံမိလိုက်သည်။ တာ့ဟွမ်က လောကနတ်ဘုရား အဆင့် ၇ သို့ ရောက်ရှိနေပြီး ရွိုက်ကောက လောကနတ်ဘုရား အဆင့် ၃ သို့ ရောက်နေလေပြီ။

အတိုးတက်ဆုံးသူမှာ ဝေရု ဖြစ်၏။ သူက နတ်ဘုရားအုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ အမြင်နှင့်တင် သူ ချန်ထားခဲ့သည့် နတ်ဝိညာဉ်သွေးကြောတို့က တာ့ဟွမ်တို့အတွက် အတော်လေး အသုံးဝင်ဟန် ပေါ်ပေသည်။ လူသားဂိုဏ်းတွင် နတ်ဝိညာဉ်သွေးကြောများ ရှိရုံသာမက ကံကြမ္မာလည်း စုဆောင်းထားပြီးသား ရှိ၏။ ထို့ကြောင့် ဤနေရာတွင် ကျင့်ကြံခြင်းက တာအိုနှင့် ပို၍ ထိတွေ့မှု ရှိလာစေသည်။

မိုဝူကျိက ထိုသုံးယောက်ကို အသိမပေးတော့ပေ။ သုံးယောက်လုံးက အရူးအမူး ကျင့်ကြံနေသည့်အတွက် သူက မနှောင့်ယှက်တော့ပေ။

လူသားဂိုဏ်း ဘေးပတ်လည်ရှိ ကာကွယ်ရေး အစီအရင်ကို ပြန်လည် ပြုပြင်ပြီးနောက် မိုဝူကျိက နိဗာန တိတ်ဆိတ်မှုပင်လယ်အနားရှိ နတ်ဘုရားနယ်မြေ မြို့အသစ်ဆီ ဦးတည်လိုက်သည်။

နတ်ဘုရား ကမ္ဘာ ပြန်လည် ကောင်းမွန်လာခြင်းနှင့်အတူ နိဗာန ကူးသန်းရေး အစီအရင်လည်း ခင်းကျင်းပြီးသွားပြီးပြီ ဖြစ်၍ နတ်ဘုရားနယ်မြေ မြို့အသစ်မှာ စည်ကားနေပေသည်။ ပြောရလျှင် နတ်ဘုရားကုန်းမြေနှင့် နတ်ဘုရားနယ်မြေရှိ ကျင့်ကြံသူတို့အတွက် ကူးသန်းဆက်ဆံရေး ပင်မနေရာတစ်ခု ဖြစ်လာသည်။

သို့သော်လည်း သာမာန်လူများက ကူးသန်းရေး အစီအရင် ရှိနေသည့် အကျိုးကျေးဇူးကို မခံစားနိုင်ကြပေ။ နိဗာန တိတ်ဆိတ်မှုပင်လယ်က ယခင်လောက် အန္တရာယ်မများတော့သော်လည်း ကူးသန်းရေး အစီအရင် အသုံးပြုခမှာ မိုးထိအောင် မြင့်နေသေး၏။ ထို့အပြင် အသုံးပြုဖို့ရာအတွက် မြင့်မားသည့် အဆင့်အတန်း ရှိဖို့လည်း လိုအပ်သေးသည်။

ကံကောင်းစွာဖြင့် နိဗာန တိတ်ဆိတ်မှုပင်လယ်မှာ အန္တရာယ်မရှိတော့သောကြောင့် အဆင့်အတန်းနှင့် ပိုက်ဆံ မရှိသူများသည် သူတို့ဘာသာ ပင်လယပြင် ဖြတ်သွားဖို့ ရွေးချယ်နိုင်ပေသည်။

မိုဝူကျိက နတ်ဘုရားနယ်မြေ မြို့အသစ်ဆီ တစ်ခေါက် ရောက်ဖူး၏။ ဒုတိယအကြိမ် ရောက်လာမှု၌ ကိစ္စများက ပြောင်းလဲသွားကြောင်း သိလိုက်သည်။ နတ်ဘုရားကမ္ဘာ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာပြီးနောက် နတ်ဘုရားနယ်မြေ မြို့အသစ်ကို ပြန်တည်ဆောက်ပြီးပြီ ဖြစ်၏။

မိုဝူကျိက အချိန်သည် အသက်ဖြစ်ကြောင်း သိသောကြောင့် နတ်ဘုရားနယ်မြေ မြို့အသစ်ထဲ ဝင်လိုက်ပြီးနောက် ကူးသန်းရေး အစီအရင်ဆီ ဦးတည်လိုက်သည်။

စန်းကျန့်ရှင်း ပြောထားသည့် ပိုင်ရှင်မဲ့ ဂြိုလ်သည် နတ်ဘုရားကုန်းမြေအနားတွင် ရှိပေသည်။ သူက ထိုနေရာသို့ မသွားခင် နိဗာန တိတ်ဆိတ်မှုပင်လယ်ကို ဖြတ်သန်းသွားဖို့ လိုအပ်လေ၏။

နတ်ဘုရားနယ်မြေ မြို့အသစ်ကို ပြန်လည် တည်ဆောက်ပြီးနောက် ကူးသန်းရေး အစီအရင်က လေယာဉ်ကွင်းလို ဖြစ်လာကာ စုံစည်းရာအရပ် ဖြစ်လာသည်။ ဦးတည်ချက်က မည်သည့်နေရာတွင် ဖြစ်နေစေကာမူ  နတ်ဘုရားနယ်မြေ မြို့အသစ် အလယ်၌ ကူးသန်းရေး အစီအရင်များစွာ စုစည်းထားလေ၏။

နတ်ဘုရားနယ်မြေ မြို့အသစ်၌ အစည်ကားဆုံးနှင့် လူအရှုပ်ဆုံး နေရာတစ်ခု ဖြစ်နေလေသည်။

မိုဝူကျိက စန်းကျန့်ရှင်း၏ အစီအရင် စည်းမျည်း ကျောက်ပြား ရှိထားသည့်အတွက် နတ်ဘုရားကုန်းမြေသို့ ကူးသန်းရေး အစီအရင် အလကားသုံး၍ ရပေသည်။ ယခုတွင် သူက နတ်ဘုရားကမ္ဘာရှိ အစီအရင်အားလုံးကို အလကားနီးပါး သုံးနိုင်လောက်၏။

သို့သော်လည်း မိုဝူကျိတွင် နတ်ဘုရားကျောက် အမြောက်အမြား ရှိနေ၏။ သူက ကူးသန်းရေး အစီအရင်သည်လည်း ပြန်လည် ပြင်ဆင်စရိတ် ကုန်ကျကြောင်း သိပေသည်။ ထို့ကြောင့် သူက ပိုက်ဆံခြွေတာဖို့ စိတ်ကူးမရှိပေ။

ကူးသန်းရေး အစီအရင်အတွက် ရောင်းချသည့် စားပွဲနေရာ သုံးဆယ် ရှိနေသည်။ ထိုသို့ဆိုလျှင်ပင် စားပွဲတိုင်းရှေ့တွင် လူတန်းကြီး ရှိနေသေး၏။ မိုဝူကျိက အလျှင်လိုနေသော်လည်း ထိုအချိန်ကိုတော့ မခြွေတာနိုင်ပေ။

ကံကောင်းစွာဖြင့် လုပ်ကိုင်မှုမှာ မြန်ဆန်ပေသည်။ မိုဝူကျိက သူ့အလှည့် ရောက်လာဖို့ရာ အမွေးတိုင်တစ်ဝက်စာလောက်သာ စောင့်ဆိုင်းလိုက်ရသည်။

“ နိဗာန တိတ်ဆိတ်မှု ပင်လယ်ကို ဖြတ်ပြီး နတ်ဘုရားကုန်းမြေဆီ သွားချင်လို့ပါ။ နတ်ဘုရားကျောက် ဘယ်လောက် ကျမလဲ ” မိုဝူကျိက စားပွဲရှေ့သွားကာ တည့်တိုး မေးလိုက်သည်။

တာဝန်ယူထားသည့်သူက ကောင်းကင်နတ်ဘုရား နောက်ပိုင်းအဆင့်ရှိ လူလတ်အရွယ် အမျိုးသား တစ်ဦး ဖြစ်၏။ သူက ခေါင်းမော့လိုက်ပြီး မိုဝူကျိအား ကြည့်ကာ မထူးမခြားနား ပြောလိုက်သည်

“ တကယ်လို့ နိဗာန တိတ်ဆိတ်မှုပင်လယ်ကို ဖြတ်ချင်တယ်ဆိုရင်  ကူးသန်းရေး လက်မှတ် မဝယ်ခင် နတ်ဘုရားနယ်မြေ မြို့အသစ်ရဲ့ မြို့တော်ခန်းမဆီကနေ ထောက်ခံချက် လိုတယ် ”

“ ဟားဟား … နတ်ဘုရားနယ်မြေ မြို့အသစ် ပြန်လည် တည်ဆောက်ပြီးတဲ့နောက်မှ  တာအိုရောင်းရင်းအနေနဲ့  ပထမဆုံးအကြိမ် ရောက်လာတာမလား ” မိုဝူကျိနောက်မှ အဝါရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက ရယ်မောကာ ပြောလိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ပြကာ

“ ဟုတ်ပါတယ် … ပထမဆုံးအကြိမ်ပါ။ ဒါနဲ့ နိဗာန တိတ်ဆိတ်မှုပင်လယ်ကို ဖြတ်သွားဖို့ ကူးသန်းရေး အစီအရင် အသုံးပြုချင်တဲ့သူတိုင်း မြို့တော်ခန်းမကနေ ထောက်ခံချက်တောင်းရတာလား။ အဲလိုဆို လုပ်ရကိုင်ရတာ မနှေးကုန်ဘူးလား ”

မိုဝူကျိ၏ နောက်ဆုံးစကားမှာ သာမာန်အတိုင်း ထုတ်ပြောလိုက်မိခြင်းသာ ဖြစ်၏။ လက်တွေ့၌ သူက လူတန်းမှ ထွက်သွားဖို့ ပြင်နေလေပြီ။ အစက သူသည် ချမှတ်ထားသည့် နည်းလမ်းများအတိုင်း လိုက်လုပ်ဖို့ ရည်ရွယ်ထားခဲ့သော်လည်း ယခုအခါ တစ်ဖက်လူက ထောက်ခံချက် တောင်းနေလေရာ အစီအရင်စည်းမျည်း အမှတ်အသားပြားကို ထုတ်သုံးရပေတော့မည်။

နောက်တစ်ခါ တန်းစီဖို့ရာ အမွေးတိုင်တစ်တိုင်စာ ထပ်မံ ကြာမြင့်ဦးမည် ဖြစ်ပေသည်။ ထို့အပြင် မြို့တော်ခန်းမဆီ သွား၍ ထောက်ခံချက် သွားယူရပေဦးမည်။ သူက ထိုမျှ အားလပ်မနေပေ။

“ ဒီကူးသန်းရေး အစီအရင်ကို ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်းနဲ့ စီနီယာ ကျဲဟိန်တို့ စီမံနေကြတာလေ။ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းလာပြီးတဲ့နောက် နတ်ဘုရားကုန်းမြေနဲ့ နတ်ဘုရားနယ်မြေက တစ်ဖက် လိုချင်တာတွေ တစ်ဖက်က ရှိနေတာဆိုတော့ ဒီအစီအရင်ကို ထိန်းချုပ်ထားတာက  အင်း …. ခင်ဗျားလည်း သိမှာပါ ” အဝါရောင် ဝတ်ရုံနှင့် ကျင့်ကြံသူက ဘာမှသိုဝှက်မထားဘဲ ပြောလိုက်သည်။

ဤသည်က အားလုံးသိကြသည့် ပွင့်လင့်မြင်သာ လျို့ဝှက်ချက် တစ်ခု ဖြစ်ပေရာ ဘာမှလျို့ဝှက်ထားစရာ မလိုပေ။

မိုဝူကျိက ချက်ချင်း ရပ်လိုက်ကာ

“ နိဗာန တိတ်ဆိတ်မှုပင်လယ် ကူးသန်းရေး အစီအရင်က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ စီနီယာ စန်းကျန့်ရှင်း လုပ်ပေးထားတာ မဟုတ်ဘူးလား ”

အကယ်၍ ဤအစီအရင်ကို စီနီယာ စန်းကျန့်ရှင်း ပြုလုပ်ပေးထားခြင်း မဟုတ်လျှင် ပြဿနာ ရှိလာနိုင်၏။ အကြောင်းမှာ သူ့အစီအရင် စည်းမျည်း အမှတ်အသားပြားက အသုံးမဝင်တော့သလို ဖြစ်သွားပေမည် မဟုတ်ပါလာ။

နောက်ထပ် ကျင့်ကြံသူတစ်ဦးက ထပ်မံ ဝင်ပြောလိုက်ပြန်သည်

“ ဒီကူးသန်းရေး အစီအရင်ကို စီနီယာစန်းကျန့်ရှင်း လုပ်ပေးထားတာပါ။ စီနီယာစန်းကျန့်ရှင်းက အစီအရင်ကို အပြီးသတ်တဲ့နောက် မစီမံခဲ့တော့ကျ ဒီလို ဖြစ်သွားတာပါ … ”

“ ဒီလိုနဲ့ ကျင့်ကြံသူ အစုအရုံးအဖွဲ့အစည်း လက်ထဲ ရောက်သွားတယ်ပေါ့။ ကျဲဟိန်က ဘယ်သူလဲ ”   မိုဝူကျိက မျက်မှောင်ကျုတ်ကာ ပြောလိုက်သည်။ သူက အနည်းငယ် မကျေမနပ် ဖြစ်နေမိသည်။ စန်းကျန့်ရှင်းက သူ လေးစားရသော စီနီယာတစ်ဦး ဖြစ်ပေသည်။ ဤစီနီယာက အစီအရင်ကို ခင်းကျင်းပေးခဲ့သော်လည်း  ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်းလိုမျိုး ခွေးတစ်သိုက်၏ ထိန်းချုပ်မှုကို ကျရောက်သွားလေ၏။ ထို့အပြင် အရင်းအမြစ်များစွာ ရရှိနိုင်ပေရာ သူ ပျော်နေသည်ဆိုမှ ထူးဆန်းနေပေမည်။

သူက စန်းကျန့်ရှင်း အစီအရင်ကို မထိန်းချုပ်ထားသည့် အကြောင်းအရင်းကို  အတွေး မရှုပ်မိပေ။  ထို့အစား သူက နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်က အဘယ်ကြောင့် ဝင်မပါရလဲ ဆိုပြီး အတွေးလွန်နေမိသည်။ စန်းကျန့်ရှင်းက ဤသို့ကိစ္စအသေးအမွှားလေးမျိုးကို ဘယ်တော့မှ မကိုင်တွယ်ပေ။ သို့သော်လည်း နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က ဤအစီအရင်ကို ထိန်းချုပ်ကိုင်တွယ် ပေးရမည် မဟုတ်ပါလော။

ဤတစ်ကြိမ်၌ မိုဝူကျိ၏ မေးခွန်းကို မည်သူကမှ မဖြေကြပေ။ တစ်ချို့အရာများက ထုတ်ပြော၍ ရသော်လည်း တချို့ကိစ္စများက မရပေ။

ထို့အပြင် ကျဲဟိန်ကိစ္စမှာလည်း မရိုးရှင်းလှပေ။ တခြားလူများက ကျဲဟိန်ကို ပြောစဉ်အခါက စီနီယာဟုပင် ထည့်ခေါ်ကြသေး၏။ မိုဝူကျိက ကျဲဟိန် နာမည်ကို အတည့်ခေါ်လိုက်သည့်အတွက် ရန်စရာ အပြုအမူလို ဖြစ်သွားပေသည်။

“ အားနာပါတယ် … ကြားဖြတ်ဝင်ပါရစေ။ ကုန်ကျစရိတ်ကို ပြန်လျော်ပေးပါ့မယ် ” ဤတစ်ကြိမ်၌ ပုံရိပ်မည်းမည်းတစ်ခုက မိုဝူကျိရှေ့ ပြေးဝင်လာသည်။ သူက အဝါရောင် ဝတ်ရုံနှင့် ကျင့်ကြံသူရှေ့ တိုးဝင်လိုက်ရင်း သိုလှောင်လက်စွပ် ထုတ်ကာ ပြောလိုက်သည်   “ ဈေးနှစ်ဆ ပေးမယ်။ နတ်ဘုရားကုန်းမြေ လက်မှတ် ဝယ်ချင်တယ် ”

“ မင်းကို ဘယ်သူက ကြားဝင်ခိုင်းလို့လဲ … နောက်မှာ သွားရပ်စမ်း။ ပြီးတော့ နိဗာန တိတ်ဆိတ်မှု ကူးသန်းရေး အစီအရင်က ရောင်းဖို့ မဟုတ်ဘူး။ မင်းလိုမျိုး နယ်လှည့်ကျင့်ကြံသူတစ်ယောက်က ကူးသန်းရေး လက်မှတ် ဝယ်ဖို့ မပြောနဲ့ … ဈေးနှစ်ဆ ပေးတာက အရမ်း အံ့ဩဖို့ ကောင်းပြီ ထင်နေတာလား။ ငါတို့ ကူးသန်းရေး အစီအရင်က နတ်ဘုရားကျောက် ပြတ်လပ်မနေဘူးကွ ” အနီဝတ် တာဝန်ခံက တိုးဝင်လာသည့် လူကြီးအား ဆွဲကာ ပြောလိုက်သည်။

ထိုလူကြီး၏ ပုံရိပ်မှာ ဖြတ်ခနဲ ပျောက်ကွယ်သွားသောကြောင့် အနီဝတ် တာဝန်ခံက လေထုကိုသာ ဖမ်းဆုပ်မိလိုက်သည်။

“ အစ်ကို ကျန်းရီလား …” မိုဝူကျိက တအံ့တဩ ရေရွတ်လိုက်မိ၏။

သူက ထိုအနက်ဝတ်နှင့် အမျိုးသားသည် ယွမ်ကျန်းရီ ဖြစ်ကြောင်း  ခန့်မှန်းမိလိုက်၏။ ယခု ယွမ်ကျန်းရီ လှုပ်ရှားလိုက်သည့်အခါမှ သူ့မှန်းဆချက်များက မှန်ကန်နေကြောင်း သိလိုက်သည်။ ထိုလူမှာ ယွမ်ကျန်းရီ ဖြစ်နေ၏။ ဤနှစ်တစ်သောင်းကျော်အတွင်း ယွမ်ကျန်းရီက အသက်အရွယ် ရလာဟန် ပေါ်သည်။

ယွမ်ကျန်းရီက မိုဝူကျိ ဤကမ္ဘာသို့ ရောက်လာခါစက အပေါင်းအသင်း ဖွဲ့ခဲ့သော မိတ်ဆွေများအနက် တစ်ယောက် ဖြစ်ပေသည်။ သူက သတ္တိကောင်းကာ တရားမျှတရသည့် အကျင့်စရိုက် ရှိ၏။ သူတို့  ချန်းလော့ အင်မော်တယ်နွေဦး ညီလာခံ သွားရောက်စဉ်က ခြေခြောက်ချောင်း လျှပ်စီးမိကျောင်းများအား အတူတူ တိုက်ခိုက်ခဲ့ဖူးသည်။ ထိုတိုက်ပွဲအတင်း သူတို့က မိတ်ဆွေ ဖြစ်သွားခြင်း ဖြစ်၏။ ဒေါ်လေးဆယ့်တစ်လည်း ပါဝင်ပေသည်။ နောက်ပိုင်းတွင် ဒေါ်လေးဆယ့်တစ်က မိုရှင်းထောင်နှင့် ထွက်သွားလေသည်။ သူ ရရှိထားသည့် သတင်းများအရ ဒေါ်လေးဆယ့်တစ်တို့က ကောင်းကင်ပင်လယ်ထဲ၌ အင်မော်တယ် အမွေအနှစ်နေရာတစ်ခု ရရှိလိုက်ကြောင်း ဖြစ်ပေသည်။ ထိုအချိန်မှစ၍ သူတို့ သတင်းများကို မကြားရတော့ပေ။

ကံဆိုးစွာဖြင့် ယွမ်ကျန်းရီက ဝိညာဉ်ကြော မရှိနေသည့်အတွက် မကျင့်ကြံနိုင်ပေ။ သူတို့နှစ်ယောက်က ချန်းလော့၌ လမ်းခွဲခဲ့ကြပြီးနောက် သူ့ဆီက ဘာသတင်းမှ မကြားမိတော့ပေ။

ယနေ့ မိုဝူကျိက ယွမ်ကျန်းရီကို နတ်ဘုရားနယ်မြေ မြို့အသစ်ထဲ၌ ပြန်လည် တွေ့လိုက်ရသည်။ သူက မည်သို့ မပျော်ဘဲ နေမည်နည်း။

ယွမ်ကျန်းရီက ဝိညာဉ်စွမ်းအား အရှိန်အဝါ မရှိနေသော်လည်း မိုဝူကျိက သူ့ဆီမှ အင်အားတစ်ခုကို ခံစားမိ၏။ ယခု ထိုတာဝန်ခံက အနည်းဆုံး နတ်ဘုရားအုပ်စိုးသူ အဆင့်လောက် ရှိပေသည်။ သို့သော်လည်း ထိုတာဝန်ခံက ယွမ်ကျန်းရီအား မဖမ်းမိခဲ့ပေ။ ဤသည်မှာ ယွမ်ကျန်းရီက နတ်ဘုရားအုပ်စိုးသူထက် အားမနည်းကြောင်း ပြသနေခြင်း ဖြစ်၏။ အမြင်နှင့်တင် ယွမ်ကျန်းရီက သူတို့ လမ်းခွဲသွားပြီးနောက် ကံကောင်းမှုများ ကြုံတွေ့ခဲ့ဟန် ပေါ်ပေသည်။ မဟုတ်လျှင် ဤသို့ ရလဒ်မျိုး ပိုင်ဆိုင်ထားမည် မဟုတ်ပေ။

“ အစ်ကိုမိုလား ….” ယွမ်ကျန်းရီက မိုဝူကျိအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ထိုစကားကို ပြောလိုက်ပြီးနောက် သူ့ရှေ့၌ ရှိနေသူမှာ မိုဝူကျိ အမှန်တကယ် ဖြစ်ကြောင်း သေချာသွားလေ၏။

“ ဟားဟား  …. တကယ်ပဲ ခင်ဗျားကိုး … ကျုပ်က မိုဝူကျိလေ ” မိုဝူကျိက ရယ်မောပြီး လွတ်လွတ်လပ်လပ်  ပြောလိုက်သည်။

မိတ်ဆွေဟောင်းနှင့် တွေ့ဆုံရသည်က အမှန်တကယ် ပျော်ဖို့ ကောင်းလေသည်။ ထို့အပြင် ဤမိတ်ဆွေဟောင်းကြီးက သူနှင့်အတူ သေခြင်းရှင်ခြင်း အတူ ကျော်ဖြတ်ခဲ့သူ မဟုတ်ပါလော။

“ မဟုတ်သေးဘူး … အစ်ကိုမို ကျုပ်တို့ အရင်သွားရအောင် ” ယွမ်ကျန်းရီက ရုတ်ချည်း သူ့အခြေအနေသူ ပြန်အမှတ်ရသွားသည်။

“ မင်း သွားနိုင်မယ် ထင်နေလား ” အုံ့မှိုင်းမှိုင်း အသံတစ်ခု ပျံ့လွှင့်လာလေ၏။

*

All Chapters