← Chapters

ရူးမိုက်တာတွေ လုပ်မိပြီ

Vol. 79 Ch. 1096

ရူးမိုက်တာတွေ လုပ်မိပြီ

Vol. 79 Ch. 1096

ထို့နောက် ခရမ်းဝတ်စုံနှင့် အမျိုးသားတစ်ဦး ပြေးလာသည်။ နောက်ဆုံးတွင် မိုဝူကျိက ယွမ်ကျန်းရီသည် နောက်ခံ အလိုက်ခံနေရကြောင်း သဘောပေါက်သွားလေ၏။ သူက ကူးသန်းရေး အစီအရင် အလျှင်စလို အသုံးပြုလိုသည်မှာ မထူးဆန်းတော့ပေ။

“ ကျန်းရီ … ခင်ဗျားနောက်ကို သူ လိုက်လာတာလား ” မိုဝူကျိက ရောက်လာသူအား ကြည့်ကာ မေးလိုက်သည်။

ယွမ်ကျန်းရီက လက်နက်ကို ဆွဲကိုင်ထားပြီးပြီ ဖြစ်၏။ သူက ခရမ်းဝတ်စုံနှင့် အမျိုးသားအား စိုက်ကြည့်ရင်း မိုဝူကျိအား ပြောလိုက်သည်

“ ဝူကျိ … ငါတို့ တွေ့တွေ့ချင်း မင်းကိုပါ ဒီလိုဆွဲသွင်းမိလိမ့်မယ်လို့ ထင်မထားမိဘူး။ ဒီလူက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကတဲ့  … ငါက သူ့ညီမကို သတ်ပစ်ခဲ့တာ ”

ယွမ်ကျန်းရီက မိုဝူကျိအား နှစ်တစ်သောင်းကျော်လောက် မတွေ့တာ ကြာမြင့်နေသော်လည်း မိုဝူကျိနှင့် အတူတူ သေခြင်းရှင်ခြင်း ကျော်ဖြတ်ခဲ့ဖူးသူ ဖြစ်၏။ ထို့ကြောင့် အားနာသည့် စကားများက မလိုအပ်ပေ။

“ သူ့ညီမကို သတ်ပစ်ခဲ့တာလား ” မိုဝူကျိက ယွမ်ကျန်းရီအား တအံ့တဩ မေးလိုက်၏။ ယွမ်ကျန်းရီက လူများကို စိတ်ကြိုက် သတ်ဖြတ်နေတတ်သည့်သူ မဟုတ်ပေ။ အချုပ်အားဖြင့်ဆိုရလျှင် ယွမ်ကျန်းရီက ရက်ရောကာ သဘောထားကြီးသူ တစ်ဦး ဖြစ်ပေသည်။

“ ဟုတ်တယ် .. ငါ အသက်ရှင်နေတာက ကွေ့ထုံရဲ့ ကျေးဇူးကြောင့်ပဲ … ဒီလူရဲ့ ညီမက  ပျံကျဈေးကနေ ကွေ့ထုံ ဝယ်ထားတဲ့ ကျင့်စဉ်ကို လုချင်နေတာလေ။ သူမက ကွေ့ထုံကို သတ်ပစ်ရုံတင် မကဘူး။ ကွေ့ထုံရဲ့ ဝိညာဉ်ကိုတောင် ဆွဲနှုတ်ခဲ့သေးတယ် … ”

ယွမ်ကျန်းရီ စကားကို ကြားပြီးနောက် မိုဝူကျိက အခြေအနေကို နားလည်သွားလေသည်။ ကွေ့ထုံက ယွမ်ကျန်းရီ၏ တာအိုလက်တွဲဖော် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း သူ့တာအိုလက်တွဲဖော်က အသတ်ခံရရုံတင်မက ဝိညာဉ်ကိုပင် ဆွဲနှုတ်ကာ သန့်စင်ခံလိုက်ရသေး၏။ ယွမ်ကျန်းရီက သူ့တာအိုလက်တွဲဖော်အတွက် လက်စားချေပေးလိုသည်မှာ ပုံမှန်သာ ဖြစ်၏။ ထို့ကြောင့် သူက ဤခရမ်းဝတ် လူ၏ ညီမအား သတ်ပစ်လိုက်ခြင်း ဖြစ်ရမည်။ အပြန်အလှန်အနေဖြင့် သူက ထိုခရမ်းဝတ် အမျိုးသားအား ရန်စမိခဲ့သလို ဖြစ်ခဲ့သည်။

အကယ်၍ ဤအခြေအနေသာ သူ့ဆီ ဖြစ်လာပါက သူက လူပိုသတ်မိလောက်၏။

ယွမ်ကျန်းရီက ဆက်မပြောတော့ပေ။ အကြောင်းမှာ ဤခရမ်းဝတ် အမျိုးသားက သူတို့ရှေ့ ရောက်လာပြီ ဖြစ်၏။ သူ့ကို အံ့ဩသွားစေသည်က ထိုခရမ်းဝတ် အမျိုးသားက ဘာမှမလှုပ်ရှားသေးခြင်း ဖြစ်၏။

“ ခင်ဗျားက မိုဝူကျိလား ” မိုဝူကျိရှေ့ ခဏရပ်နေပြီးနောက် ထိုခရမ်းဝတ် အမျိုးသားက မိုဝူကျိကို မှတ်မိသွားလေသည်။ ယွမ်ကျန်းရီ မျှော်လင့်ထားသည်နှင့် ကွဲလွဲစွာ သူက မိုဝူကျိအား လက်နှစ်ဖက် ယှက်၍ နှုတ်ဆက်လိုက်သည်။ သူ့အမူအယာမှာလည်း မဆိုစလောက် ပြောင်းလဲသွားပေသည်။

မိုဝူကျိက ဘာမှမပြောဘဲ ခရမ်းဝတ် အမျိုးသားကိုသာ ကြည့်နေလိုက်သည်။ အကယ်၍ သူသာ ဤနေရာ၌ ရှိမနေလျှင် ယွမ်ကျန်းရီ သေဖို့ရာ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းကြား ရှိကြောင်း အသေအချာ သိနေ၏။ သူက ယွမ်ကျန်းရီ၏ ကျင့်ကြံဆင့်ကို မပြောနိုင်သော်လည်း ယွမ်ကျန်းရီသည် နတ်ဘုရားအုပ်စိုးသူ နောက်ပိုင်းအဆင့်မျှသာ ရှိသေးကြောင်း အကြမ်းဖျင်း ခန့်မှန်းမိပေသည်။ တစ်ဖက်တွင် ဤခရမ်းဝတ် အမျိုးသားကား လောကနတ်ဘုရား အဆင့် ၉ ဖြစ်နေ၏။

ယခု မိုဝူကျိ နာမည်ကို ထုတ်ပြောလိုက်သည့်အခါ လူများစွာက သူ့အား မှတ်မိသွားကြသည်။ တန်းစီနေကြသည့် လူတန်းကြီးကလည်း လမ်းဖယ်ပေးလိုက်ကြ၏။ တချို့လူများက မိုဝူကျိအား လာရောက်ဂါရဝ ပြုကြသေး၏။

မိုဝူကျိအား ကူးသန်းရေး အစီအရင် လက်မှတ် မရောင်းချခဲ့သော ကောင်းကင်နတ်ဘုရားအဆင့် တာဝန်ခံမှာလည်း ချက်ချင်းဆိုသလို မျက်နှာ ဖြူဖျော့သွားလေသည်။

နတ်ဘုရားနယ်မြေ၌ မိုဝူကျိ မျက်နှာကို သိသည့်သူမှာ များများစားစား မရှိပေ။ သို့သော်လည်း မိုဝူကျိ၏ နာမည်ကို မသိသူမှာ မရှိသလောက် ရှားပါးလှသည်။

ယခင် သူ ကနဦး နတ်ဘုရားအဆင့် ရှိစဉ်အခါက မိုဝူကျိ တစ်ယောက်တည်းဖြင့် သူ့အား ဝိုင်းထားသည့် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ ၄၉ ယောက်ကို သတ်ပစ်ခဲ့သည်။ ထို့နောက် နတ်ဘုရားဘုရင်များစွာက သူ့နောက် လိုက်ကြသော်လည်း သူက လွတ်မြောက်ခဲ့သေးသည်။

သို့သော်လည်း ထိုအရာက မိုဝူကျိသည် ထွက်ပြေးရာ၌ ကျွမ်းကျင်လွန်းကြောင်း ဖော်ပြသလို ဖြစ်သွားသည်။ သို့သော် နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာစဉ်အခါ မိုဝူကျိက နတ်ဘုရားမျိုးနွယ်ဝင် သဟဇာတ နတ်ဘုရား နှစ်ယောက်နှင့် နတ်ဘုရားဘုရင်များကို သတ်ပစ်ခဲ့လေသည်။ နတ်ဘုရားမျိုးနွယ်ဝင် နံပါတ်တစ် ပါရမီရှင် ပိုင်သိုက်သည်လည်း မိုဝူကျိ လက်ချက်ဖြင့် ဇီဝိန်ချုပ်သွားခဲ့ရသည်။

အကယ်၍ ထိုအရာသာ မလုံလောက်သေးပါက မိုဝူကျိက နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းဆီ တစ်ယောက်တည်း သွား၍ အမြစ်မှ လှန်ကာ အကုန်အပြတ်ရှင်းထုတ်ပစ်ခဲ့သေးသည် မဟုတ်ပါလော။

ထိုအကြောင်းအရာများက ကျင့်ကြံသူများ၏ စိတ်နှလုံးသားကို အေးခဲသွားစေဖို့ လုံလောက်နေပေပြီ။

ယနေ့ မိုဝူကျိက ဤနေရာ၌ ထွက်ပေါ်လာခဲ့၏။ လူများစွာက မိုဝူကျိသာ ဒေါသထွက်လာလျှင် ဤနေရာ၌ အမြစ်ဖြတ်သုတ်သင်ပွဲ ဖြစ်သွားနိုင်သည်ဟု တွေးထင်နေကြသည်။ ထိုအကြောင်းအရင်းကြောင့် လူများစွာ၏ အမြင်၌ မိုဝူကျိက သွေးဆာရက်စက်သူ တစ်ဦး ဖြစ်နေသည်။

“ မင်းက အရမ်း ကျော်ကြားနေပြီလား ”  သူ့အသက်ကို စတေးကာ မိုဝူကျိနှင့်အတူ ထွက်ပြေးဖို့ စီစဉ်နေသည့် ယွမ်ကျန်းရီက မိုဝူကျိအား နားမလည်နိုင်စွာ ကြည့်လိုက်သည်။

မိုဝူကျိက ခပ်ယဲ့ယဲ့ ရယ်လိုက်ပြီး

“ နည်းနည်းလေး နာမည်ကြီးတာပါဗျာ …. ကျုပ်တို့အသက်တွေ ထိန်းထားနိုင်ရုံလောက်ပေါ့ ”

မိုဝူကျိက နတ်ဘုရားကုန်းမြေ၌ ဤသို့ ပြောရဲမည် မဟုတ်သော်လည်း ဤသည်က နတ်ဘုရားကုန်းမြေ မဟုတ််ပေ။ သူတို့က နိဗာန တိတ်ဆိတ်မှုပင်လယ်အဖျားတွင် ရှိနေသော်ငြား နတ်ဘုရားနယ်မြေ၏ နယ်နမိတ်အတွင်း ရှိနေသေး၏။ ယခင် သူ အစောပိုင်း နတ်ဘုရားဘုရင်အဆင့် ရောက်စဉ်အခါက နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းကို အပြတ်ရှင်းထုတ်ခဲ့သည်။ နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်း၏ ထျဲလန်ရှန်းကိုပင် သတ်ပစ်ခဲ့သည်။ ထို့ကြောင့် မိုဝူကျိအမြင်၌ ဤပါးမွှား လောကနတ်ဘုရားလေးက ဘာမှမဟုတ်ပေ။

“ စီနီယာမို … ခင်ဗျားက စီနီယာတစ်ယောက်ပါ။ ဒါက ကျုပ်နဲ့ သူ့ကြားက ပြဿနာလေးပါ။

ကျုပ်တို့နှစ်ယောက်လုံးက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က တပည့်တွေပဲလေ။ ကျုပ်က ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်းကပါ။ စီနီယာကျဲဟိန်ကလည်း ကျုပ်တို့ အဖွဲ့နဲ့ မိတ်ဆွေကောင်းပဲ … အဲဒါကြောင့်မလို့ ဒီကိစ္စမှာ စီနီယာ ဝင်မပါဖို့ တောင်းဆိုပါရစေ ….” ခရမ်းဝတ် အမျိုးသားက မိုဝူကျိရှေ့တွင် ယွမ်ကျန်းရီအား တန်းမတိုက်ခိုက်ပေ။

သူက ပြောနေရင်း  သတင်းများလည်း လှမ်းပို့ထားလေ၏။

မိုဝူကျိက သူ့လှမ်းအကြောင်းကြားနေမှန်း သိသော်လည်း မတားပေ။ ဤခရမ်းဝတ် အမျိုးသား ပြီးစီးသွားသည့်နောက် သူက အေးစက်စက် ပြောလိုက်သည်

“ ကျင့်ကြံသူအစုအရုံးက အဲလောက်တောင် အံ့ဩဖို့ ကောင်းတယ်လား … အဲဒီကျဲဟိန်က ဘယ်လိုဟာမျိုးမလို့လဲ ”

“ ဟားဟား ….  ငါ့ရဲ့ ကျင့်ကြံသူအစုအရုံးအဖွဲ့အစည်းက အံ့ဩဖို့ ကောင်းနေတဲ့ အရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မိုဝူကျိ မင်း တစ်ယောက်တည်းကို ရင်ဆိုင်ဖို့တော့ လုံလောက်တာထက်တောင် ပိုသေးတယ်  ..” အင်မတန် မောက်မာသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူတို့ဘေးပတ်လည်မှ အက်သံများ ထွက်ပေါ်လာသည်။

ယွမ်ကျန်းရီ အပါအဝင် ကျင့်ကြံသူအားလုံး၏ မျက်နှာထားတို့မှာ ပြောင်းလဲကုန်ကြသည်။ ဤသည်မှာ နတ်ဘုရားနယ်မြေ မြို့အသစ်၏ ပင်မနေရာတစ်ခု ဖြစ်ကာ အားလုံးက ဤနေရာတွင် ထိပ်တန်းအဆင့် သတ်ဖြတ်ရေး အစီအရင်ရှိကြောင်း သိထားကြသည်။ သတ်ဖြတ်ရေး အစီအရင်မှာ အဆင့် ၇ အစီအရင် ဖြစ်ပြီး စန်းကျန့်ရှင်း ကိုယ်တိုင် ခင်းကျင်းထားခဲ့ခြင်း ဖြစ်ပေသည်။

ဤအက်သံများက အဆင့် ၇ သတ်ဖြတ်ရေး အစီအရင် အသက်ဝင်လာခြင်းကြောင့် ထွက်ပေါ်လာခြင်း ဖြစ်၏။

အာကာပြင် စည်းမျည်းတို့မှာလည်း စတင် ပြောင်းလဲလာကာ နေရာတစ်ခုလုံး၌ ပြင်းထန်သော ဖိအားများ ကျရောက်လာသည်။

တချို့သော ကျင့်ကြံသူများက အစီအရင်မှ ထွက်ဖို့ ကြိုးစားရင်း အစီအရင်၏ တိုက်ခိုက်မှုကြောင့် တစစီ ဖြစ်သွားကြရသည်။

“စီနီယာမို … အဲဒီလူက ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်းက  ရှုရှာတဲ့  ….” မိုဝူကျိ၏ အဆင့်အတန်းကို သိပြီးနောက် ကျင့်ကြံသူများစွာက သူ့ဆီ ချည်းကပ်လာကြသည်။ ပြောလိုက်သူမှာ ယခင် သူ့နောက်တွင် ရပ်နေခဲ့သည့် အဝါရောင်ဝတ်စုံနှင့် ကျင့်ကြံသူ ဖြစ်၏။

ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်းမှာ အားကောင်းလွန်းသော်လည်း နတ်ဘုရားနယ်မြေရှိ ကျင့်ကြံသူအများစု အမြင်၌ မိုဝူကျိက ပိုမို အားကောင်းပေသည်။ လူသားဂိုဏ်းက နတ်ဘုရားနယ်မြေ၏ အကောင်းဆုံး နယ်မြေတွက် တည်ရှိသော်လည်း ယခုအချိန်အထိ မည်သူကမှ လူသားဂိုဏ်းနေရာအား လာမလုရဲကြပေ။

ဤနှစ်များတုန်းက နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်း၏ ထျဲ့လန်ရှန်းသည် ဝမ်ချွမ်းတာအိုကျောင်းတော်၏ ချူယို့နှင့် အတင်းအကျပ် နားဖောက်ဖို့ ကြိုးစားခဲ့သည်။ ယခုအခါ နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်း မည်သို့ ဖြစ်သွားပြီနည်း။

ရှုရှာလား ….

မိုဝူကျိ မျက်ဝန်းတို့မှာ အေးစက်သွားလေ၏။

  “ ငန်းသား စားချင်တဲ့ ဖားပြုတ် ” ဆိုသည့်အတိုင်း 

“ ရှုရှာက ချူယို့ကို အတင်းအကျပ် စေ့စပ်ကြောင်းလမ်းခဲ့သူ တစ်ယောက် မဟုတ်ဘူးလား ….”

“ ဟုတ်ပါတယ် ” အဝါရောင် ဝတ်စုံနှင့် ကျင့်ကြံသူက မတုံ့ဆိုင်းနေဘဲ ဖြေလိုက်သည်။ ယခု ရှုရှာက အဆင့် ၇ သတ်ဖြတ်ရေး အစီအရင် အသက်သွင်းလိုက်ပြီ ဖြစ်၍ အားလုံး အသတ်ခံရနိုင်သည်။ ပြန်လည် စဉ်းစားနေရမည့် အချိန် မဟုတ်ပေ။

“ မင်းအဖေရော ကောင်းကောင်း ရှိရဲ့လား ” မိုဝူကျိက ရှုရှာအား ကြည့်ကာ မဆီမဆိုင် မေးခွန်းကို မေးလိုက်သည်။

ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်းက သူ ဖျက်စီးပစ်ချင်သော နေရာတစ်ခု ဖြစ်ပေသည်။ ယခုအထိ အကောင်အထည် မဖော်ရသေးသည်မှာ ဝေးလွန်းနေ၍ ဖြစ်၏။

“ သွားသေလိုက်တော့ ” ရှုရှာက မိုဝူကျိ၏ မေးခွန်းကိုပင် ဖြေမနေဘဲ အစီအရင်အလံတစ်ခုကို ပစ်လွှတ်လိုက်သည်။

မိုဝူကျိက လက်ကို မြှောက်လိုက်ပြီး လက်ဝါးအရွယ်ရှိ ကျောက်စိမ်းပြားလေး ပစ်လွှတ်လိုက်သည်။

သတ်ဖြတ်ရေး အစီအရင်မှာ ချက်ချင်း ရပ်တန့်သွားပြီး သတ်ဖြတ်ငွေ့များအားလုံးလည်း ပျောက်ကွယ်သွားလေသည်။ ထိုစဉ် မိုဝူကျိက အစီအရင် ဗဟိုချက်နှင့် အုတ်မြစ်ကို ကောင်းကောင်း အာရုံခံလိုက်မိ၏။

မိုဝူကျိက သက်ပြင်းချလိုက်သည်။ ဤအစီအရင် စည်းမျည်း အမှတ်အသားပြားက အတော်လေး အံ့ဩဖို့ ကောင်းလေသည်။ သူက ကူးသန်းရေး အစီအရင်ကို အလကား သုံးနိုင်ရုံသာမက အစီအရင်ကနေလည်း လွတ်မြောက်နိုင်သေး၏။ အကြောင်းမှာ နတ်ဘုရားကမ္ဘာတွင် ရှိနေသော အဆင့် ၇ အစီအရင်တိုင်းမှာ စန်းကျန့်ရှင်း ခင်းကျင်းပေးထားသောကြောင့် ဖြစ်ပေသည်။ ထို့အပြင် အဆင့် ၇ အစီအရင်အောက်ရှိ အစီအရင်များကိုလည်း သူ့ကျောက်စိမ်းပြားဖြင့် ချိုးဖောက်နိုင်လေ၏။

ရှုရှာက လောကနတ်ဘုရား နောက်ပိုင်းအဆင့် ဖြစ်ရာ အရူး တစ်ယောက် မဟုတ်ပေ။ သူက သူ့အစီအရင်အလံမှာ အသုံးမဝင်တော့ကြောင်း သိလိုက်သည်နှင့် ကမူးရူးထိုး ဖြစ်လာသည်။ သူက အစီအရင်အတွင်းရှိ သတ်ဖြတ်ငွေ့တို့မှာ သူ့ဆီ ဝန်းရံထားကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။ အကယ်၍ သူ လှုပ်ရှားလိုက်ပါက ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားပေမည်။

“ မိုဝူကျိ  …. မင်း ငါ့ကို ထိလို့ မရဘူး။ မင်း ငါ့ကို ထိရင် စီနီယာ ကျဲဟိန်က မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး ”

ရှုရှာ စကားမဆုံးခင် ရင်းနှီးပြီးသား အသံတစ်သံက အစီအရင်အပြင်ဘက်မှ ပျံ့လွှင့်လာသည်   “ မိုဝူကျိ မတွေ့ရတာ ကြာပြီ … မင်းရဲ့ ကျင့်ကြံဆင့်က တော်တော်လေး တိုးတက်လာသားပဲ။ တကယ်ကို ဂုဏ်ပြုထိုက်ပါပေတယ် ”

ထို့နောက် စိုးရိမ်တကြီး အသံတစ်သံ ထွက်ပေါ်လာပြန်သည်  “ တာအိုရောင်းရင်းမို  … ဒီဟာက ကျုပ်သားရဲ့ အမှားပါ။ ကျေးဇူးပြုပြီး ညှာတာပေးပါ။ ကျုပ် ကျင့်ကြံသူအစုအရုံး အဖွဲ့သခင်ရှုဖျင်က ပြန် ပေးဆပ်ပါ့မယ် ”

ရှုဖျင်က မိုဝူကျိအား မျက်စိထဲ ထည့်မထားပေ။ သို့သော်လည်း သူ့သား၏ အသက်မှာ မိုဝူကျိ လက်အတွင်း ရှိနေသည့်အတွက် မစိုးရိမ်ဘဲ မနေနိုင်ချေ။ ရှုရှာ၏ ပါရမီက ပထမတန်းစား ဖြစ်ပြီး သူ့သားအတွက် ကျင့်ကြံရေး အရင်းအမြစ် အမြောက်အမြား သုံးစွဲပေးခဲ့သည်။ အကယ်၍ မိုဝူကျိသာ ရှုရှာကို သတ်လိုက်လျှင် မိုဝူကျိကို ပြန်သတ်လိုက်လျှင်ပင် သူ့သားကို ပြန်ရလာမည် မဟုတ်တော့ပေ။

လူနှစ်ယောက်ကို သတိပြုလိုက်မိပြီးနောက် ရှုရှာကို သက်ပြင်းချလိုက်သည်။ သူက မိုဝူကျိသည် အံ့ဩဖို့ ကောင်းကြောင်း သိထား၏။ မဟုတ်လျှင် မိုဝူကျိက အဆင့် ၇ သတ်ဖြတ်ရေး အစီအရင်အား မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲနိင်မည် မဟုတ်ပေ။ သို့သော် မိုဝူကျိက မည်မျှ အံ့ဩဖို့ ကောင်းနေစေကာမူ စီနီယာကျဲဟိန်နှင့် မည်သို့ ယှဉ်နိုင်မည်နည်း။ ထို့အပြင် သူ့အဖေလည်း ရှိနေသေး၏။

မိုဝူကျိက ထိုစကားများကို စိတ်ထဲ မထားပေ။ သူက အတွေးတစ်ချက်ဖြင့် ခရမ်းဝတ် အမျိုးသားနှင့် ရှုရှာဆီ သတ်ဖြတ်ရေး အလင်းတန်းများ ပို့လွှတ်လိုက်သည်။

ထိုနှစ်ယောက်က နတ်ဘုရားဘုရင်အဆင့်ပင် မရောက်ကြသေးပေ။ အဆင့် ၇ သတ်ဖြတ်ရေး အစီအရင်နှင့် ရင်ဆိုင်ရသည့်အခါ သူတို့က မည်သို့ ခုခံနိုင်မည်နည်း။ ရှုရှာက သတ်ဖြတ်ငွေ့များ လွမ်းခြုံမလာခင်အထိ အကူအညီပင် တောင်းခွင့် မရလိုက်ပေ။ သွေးမြူနှစ်ခု ထွက်ပေါ်လာပြီးနောက် သူတို့၏ ကမ္ဘာဦး စိတ်ဝိညာဉ်ပင် မကျန်ရှိခဲ့ပေ။

“ မိုဝူကျိ  … မင်းကို သတ်ပစ်မယ် ” ရှုဖျင်က အမုန်းတရားများ ပြည့်နှက်နေလေ၏။ သူက မှော်ရတနာဖြင့် ချိန်ရွယ်ထားလိုက်သည်။

“ မိုဝူကျိ  … မင်းတော့ ရူးမိုက်တာ လုပ်လိုက်မိပြီ ” ရှုဖျင်နှင့် အတူတူ ရောက်လာသည့် အမျိုးသားက မထူးမခြားနား ဝင်ပြောလိုက်၏။

***

All Chapters