← Chapters

ကျောက်လိပ်

Vol. 79 Ch. 1097

ကျောက်လိပ်

Vol. 79 Ch. 1097

မိုဝူကျိက ရှုဖျင်၏ တိုက်ခိုက်မှုကို ဂရုမစိုက်ပေ။ ထို့အစား သူက တခြားအမျိုးသားကို ကြည့်ကာ ပြောလိုက်လေ၏

“ ခင်ဗျားကို သိပါတယ် … ခင်ဗျားက ကျောက်လိပ် မလား။ အဲတုန်းက နိဗာန တိတ်ဆိတ်မှုပင်လယ်ထဲမှာ ပုန်းနေခဲ့တာလေ။ အခုတော့ နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာပြီဆိုတော့ လေကောင်းလေသန့် ထွက်ရှုနိုင်သွားပြီပေါ့ …

ကျောက်လိပ်  ခင်ဗျား ကျုပ်ကို ပြဿနာ လာမရှာတာ ကောင်းလိမ့်မယ်။ ခင်ဗျား နောက်ထပ် နှစ်နည်းနည်း ဆက်နေနိုင်ရင် ခင်ဗျားပစ္စည်းတွေကို ပြန်ယူနိုင်ရင် ယူနိုင်ဦးမယ်။ ဒါပေမဲ့  ကျုပ်ကို ရန်လာစရင်တော့  ခင်ဗျား ကိုယ့်သေတွင်းကို တူးနေတာနဲ့ အတူတူပဲ ”

မိုဝူကျိက ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်း၏ ရှုဖျင်ဘေးရှိ အမျိုးသားကို သတိပြုမိလိုက်သည်။ သူက နိဗာန တိတ်ဆိတ်မှုပင်လယ်ရှိ လိပ်ကျွန်းတွင် တွေ့ခဲ့ရသော ကျောက်တုံး ကမ္ဘာဦးစိတ်ဝိညာဉ် ဖြစ်နေ၏။ ယခင် ထိုကမ္ဘာဦး စိတ်ဝိညာဉ်က သူ့အား လုယက်ဖို့ ကြိုးစားခဲ့သေးသော်လည်း အဖြစ်အပျက်က ပြောင်းပြန်ဖြစ်သွားကာ မိုဝူကျိက သူ့ဆီမှ ပြန်လုယူခဲ့သည်။

“ ငါ့ပစ္စည်းတွေ ပြန်လိုချင်နေတယ်ဆိုတာ မင်း သိတယ်လား ”

“ ဝုန်း ” မိုဝူကျိ ပြန်မဖြေနိုင်ခင် ရှုဖျင်၏ တိုက်ခိုက်မှုက အဆင့် ၇ သတ်ဖြတ်ရေး အစီအရင်ပေါ် ကျရောက်လာလေ၏။

မိုဝူကျိက ယွမ်ကျန်းရီသည် ဤအဆင့် တိုက်ပွဲမျိုးတွင် ဝင်မပါနိုင်ကြောင်း သိ၍ အနည်းငယ် မူးနောက်နောက် ဖြစ်နေသည့် ယွမ်ကျန်းရီအား ခေါ်ကာ အစီအရင်အလံတချို့ ပစ်လွှတ်လိုက်သည်။

ဒေါသတကြီး ဖြစ်နေသည့် ရှုဖျင်က မိုဝူကျိအား သတ်ဖို့ မစောင့်နိုင်တော့ပေ။ သို့သော်လည်း ကျဲဟိန်က ပို၍ သွက်လက်နေသေး၏။ ရှုဖျင်က မိုဝူကျိကို တိုက်ခိုက်လိုက်သည့်အခါ သူက ရှုဖျင်အား ခေါ်ပြီး လှည့်ထွက်သွားလေသည်။

ရှုဖျင် သတိပြန်ကပ်လာသည့်အချိန်ကျ နောက်ကျနေပြီ ဖြစ်၏။

နောက်ဆုံးတွင် သူက အစီအရင်အတွင်း ဆွဲသွင်းခံရကြောင်း သတိပြုမိလိုက်သည့်အခါ မိုဝူကျိ၏ လခြမ်းကွေး ပုဆိန်လှံရှည်မှ ငွေရောင်အလင်းတန်း ကျရောက်လာလေပြီ။

ရှုဖျင်က သူ့ဘေးပတ်လည်ရှိ အာကာပြင် စည်းမျညးတို့မှာ ဖရိုဖရဲ ဖြစ်သွားပြီး နှေးကွေးလာလေ၏။ ထိုစဉ် သူက ပြန်လည် တည်ငြိမ်လာ၏။ မကြာခင် သူက တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။

 မဟုတ်သေးဘူး ….

တကယ်‌တော့ မိုဝူကျိက သူ့ဘေးပတ်လည်ရှိ အာကာပြင်ကို ထိန်းချုပ်နေခြင်း မဟုတ်ဘဲ ကျဲဟိန်က သူ့အား လာရောက်မကူခြင်းသာ ဖြစ်ကြောင်း သတိထားမိလိုက်တော့သည်။

သူက ကျဲဟိန် အင်အားအကြောင်း ကောင်းကောင်း သိထား၏။ မိုဝူကျိက အားပိုကောင်းနေလျှင်ပင် ကျဲဟိန်နှင့် လက်ရည်တူ မဖြစ်သေးပေ။ ကျဲဟိန်သာ ဝင်ပါလိုက်လျှင် မိုဝူကျိ၏ အဆင့် ၇ သတ်ဖြတ်ရေး အစီအရင်မှာ အသုံးဝင်တော့မည် မဟုတ်ပေ။ သို့သော်လည်း ဤအခိုက်အတန့်လေး၌ ကျဲဟိန်က နောက်ဆုတ်နေကြောင်း သတိပြုမိလိုက်သည်။

ရှုဖျင်က ကျဲဟိန်၏ အကူအညီကို လိုအပ်နေသည့်အချိန် ကျဲဟိန်က နောက်ဆုတ်ခွာသွားလိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ပေ။

နောက်ဆုံးတွင် အကြောက်တရားတို့ ကိန်းအောင်းလာလေ၏။ သူက ကျဲဟိန်၏ ထောက်ပံ့မှု ရှိနေကြောင်း တွေးကာ မိုဝူကျိအား မျက်လုံးထဲပင် မထည့်ခဲ့ပေ။ သို့သော် ယခုတွင် ကျဲဟိန်က ဝင်မပါတော့သည် ဖြစ်၍ သူက အဆုံးသတ်တော့မည့် ခံစားချက်များ ကြီးစိုးလာလေသည်။

အဖြူရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ရှုဖျင် နဖူးထက်၌ သွေးမြူများ ပေါက်ကွဲထွက်သွားသည်။ ရှုဖျင် မျက်ဝန်းရှိ အလင်းရောင်မှာ မှေးမှိန်သွားလေ၏။ မိုဝူကျိက အံ့ဩဖို့ ကောင်းမှန်း သိထားသော်လည်း ဤမျှအထိ အံ့ဩဖို့ ကောင်းလိမ့်မည်ဟု မထင်ထားပေ။

သူက မိုဝူကျိ၏ သတ်ဖြတ်ရေး အစီအရင်မှာ သူ့အပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိကြောင်း သိသည့်အခါ မိုဝူကျိ၏ စွမ်းအားစက်ကွင်းနှင့် လျို့ဝှက်ပညာရပ်ကြောင့် အသတ်ခံလိုက်ရသည်။

မိုဝူကျိက  ယခု သတ်ဖြတ်ရေး အစီအရင်အပြင်ဘက်၌ ရပ်နေသော ကျဲဟိန်ကို ကြည့်ကာ သရော်လိုက်သည်။ ယခု သူက သတ်ဖြတ်ရေး အစီအရင် အသက်သွင်းလိုက်သည်မှာ ရှုဖျင်ကြောင့် မဟုတ်ဘဲ ကျဲဟိန်ကြောင့် ဖြစ်၏။

ယခင် သူ နတ်ဘုရားဘုရင် အစောပိုင်းအဆင့် ရှိစဉ်အခါက သဟဇာတ နတ်ဘုရား ထျဲ့လန်ရှန်းအား အလွယ်လေး သတ်နိုင်ခဲ့သည်။ ယခု သူက နတ်ဘုရားဘုရင် အဆင့် ၆ ရောက်နေပြီ ဖြစ်၍ သဟဇာတ နတ်ဘုရား အဆင့် ၁ သာရှိသေးသည့် ရှုဖျင်အား သတ်ဖို့ရာ အဘယ်ကြောင့် အစီအရင်ကို လိုအပ်မည်နည်း။

ကံဆိုးစွာဖြင့် ထိုလိပ်အိုကြီးက အလွန်ဉာဏ်များပြီး သူ့အစီအရင်အား အလကား ဖြစ်သွားစေခဲ့သည်။

ကျဲဟိန်က မိုဝူကျိ၏ အားကောင်းလှသည့် စွမ်းအားစက်ကွင်းကို အာရုံခံမိလိုက်သည်နှင့် မိုဝူကျိသည် သူ တွေးထားသည်ထက် ပို၍ အားကောင်းလာကြောင်း တန်းသိလိုက်သည်။ သူက နတ်ဘုရားကမ္ဘာ၏ နိဗာန တိတ်ဆိတ်မှုပင်လယ်ထဲ နှစ်များစွာ ပိတ်လှောင်ခံခဲ့ရသူ ဖြစ်ရာ သူ့အသက်ကို အခြားသူများထက် ပို၍ တန်ဖိုးထားပေသည်။

သူက မိုဝူကျိ၏ အစီအရင်အတွင်း ပိတ်မိနေလျှင်ပင် အသတ်ခံရလိမ့်မည်ဟု မယုံကြည်သော်လည်း နောက်ဆုတ်ဖို့သာ ရွေးချယ်လိုက်သည်။ ယခု သူက သူ့ရွေးချယ်မှုမှာ မှန်ကန်ကြောင်း နားလည်သွားလေ၏။ အကယ်၍ သူသာ အဆင့် ၇ အစီအရင်အတွင်း ပိတ်မိနေခဲ့လျှင် သေချာပေါက် ထွက်သွားနိုင်မည် မဟုတ်လောက်ပေ။ သူ ထွက်သွားနိုင်လျှင်ပင် ဒဏ်ရာတချို့ ရရှိပေလိမ့်မည်။

“  အစ်ကို ဝူကျိက ဘယ်လိုလုပ် ဒီလောက်တောင် အားကောင်းလာတာလဲ ” တအံ့တဩ ဖြစ်နေသည့် ယွမ်ကျန်းရီက မိုဝူကျိဘေး ရောက်ရှိလာသည်။

မိုဝူကျိက အစီအရင်စည်းမျည်း အမှတ်အသားပြားကို ပြန်သိမ်းကာ သတ်ဖြတ်ရေး  အစီအရင်ကို ဖယ်ရှားကာ ယွမ်ကျန်းရီအား ပြုံးပြရင်း  “ ငါတို့တွေ ဖြည်းဖြည်းချင်း ပြောကြတာပေါ့ ”

ထို့နောက် မိုဝူကျိက နေရာရှိ တခြားသော ကျင့်ကြံသူများကို ပြောလိုက်သည်

“ အားလုံး ဒီကူးသန်းရေး အစီအရင် ရင်ပြင်ကနေ ထွက်သွားပေးကြပါ။ နတ်ဘုရားနယ်မြေ မြို့အသစ်ရဲ့ ကူးသန်းရေး အစီအရင်များကို နောက်သုံးရက်ကြာမှ ပြန်ဖွင့်ပါ့မယ်။ ကူးသန်းရေး အစီအရင် ထိန်းချုပ်မှုကို နတ်ဘုရားနယ်မြေက ကိုင်တွယ်ပါလိမ့်မယ် ”

အကြောင်းပြချက် မည်သို့ပင် ဖြစ်နေစေကာမူ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က ကူးသန်းရေး အစီအရင် ထိန်းချုပ်ခွင့်အား ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်းဆီ ပေးအပ်ထားလေရာ သူ့အနေနှင့် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ဆီ ပြန်လည်၍ အခွင့်အာဏာ ပေးအပ်မည် မဟုတ်ပေ။

ကျဲဟိန်က ထွက်မသွားသေးပေ။ အဝေးမှ သူက မိုဝူကျိအား လှမ်းပြောလိုက်လေ၏

“ မိုဝူကျိ … ငါတို့က ရည်ရွယ်ချက်တူပြီးတော့ ရန်ငြိုးကြီးကြီးမားမားလည်း မရှိဘူးလေ။ ငါတို့တွေ စကားပြောကြည့်ရအောင်လား ”

သူ့အမြင်၌ သူနှင့် မိုဝူကျိတို့ကြားရှိ ရန်ငြိုးမှာ သူ ရယူလိုသော ပစ္စည်းများနှင့် ယှဉ်ကြည့်လိုက်လျှင်  အသေးအဖွဲ့သာ ဖြစ်လေ၏။ ရှုဖျင် သေဆုံးမှုကိုတော့ သူက အသုံးမကျ၍ သေဆုံးသွားခြင်းသာ ဖြစ်ပေသည်။ သူ ကျဲဟိန်က အသုံးမကျသည့်သူနှင့် အဘယ်ကြောင့် အလုပ်တွဲလုပ်ရမည်နည်း။

“ တာအိုရောင်းရင်းမို ….” ဟုန်ချီက အပြေးအလွှား ရောက်ရှိလာသည်။ သူက မရောက်သေးသော်လည်း သူ့အသံက အရင်ရောက်နေနှင့်ပြီ ဖြစ်၏။

ဟုန်ချီကို မြင်ကာ မိုဝူကျိက စိတ်သက်သာရာ သက်ပြင်းချလိုက်၏။

နတ်ဘုရားနယ်မြေ မြို့အသစ်သည် အသားစိုင်ကြီးတစ်ခု ဖြစ်ကြောင်း သိပေသည်။ သို့သော်လည်း သူက ဤနေရာကို စီမံဖို့ရာအတွက် အချိန်မရှိပေ။ သူက ဤကိစ္စများအား ဟုန်ချီထံ အပ်နှံ့ထားခဲ့လျှင် ပို၍ ကောင်းပေမည်။

“ တာအိုရောင်းရင်း ဟုန်ချီ …” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ အားရဝမ်းသာ နှုတ်ဆက်လိုက်သည်။

သူက ကျဲဟိန်ကို စိတ်ထဲ မထားပေ။ ယခု သူက ကျဲဟိန်သည် ခွန်းယွင်နှင့် အဆင့်တူ ဖြစ်လောက်ကြောင်း အသေအချာ သိသွားလေပြီ။ အကယ်၍ လူတစ်ယောက်က ထွက်ပြေးဖို့ ဆုံးဖြတ်ထားလျှင် ထိုလူအား သတ်နိုင်မည် မဟုတ်ပေ။ အကယ်၍ လူတစ်ယောက်က သူနှင့်အတူတူ တွဲလုပ်လိုလျှင် သူက တုံ့ပြန်နေဖို့ မလိုအပ်ပေ။ ထိုလူက သူ့အား စောင့်နေမည်သာ ဖြစ်၏။

“ ဂိုဏ်းချုပ်မိုက ကျင့်ကြံသူအစုအရုံး အဖွဲ့ရဲ့ ရှုဖျင်ကို သတ်ပစ်လိုက်တာလား ” ဟုန်ချီ ရောက်လာသည်နှင့် ရှုဖျင်အလောင်းကို သတိထားမိလိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ပြကာ

“ ဟုတ်တယ် .. ဒီလူက ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်းကဆိုပေမဲ့ နတ်ဘုရားနယ်မြေ မြို့အသစ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလေ။ ပြီးတော့ သူက တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်နဲ့ ကူးသန်းရေး အစီအရင်ခတွေတောင် တောင်းနေသေးတာ ”

လက်တွေ့၌ ရှုဖျင်သာ အခကြေးငွေ မတောင်းနေလျှင်ပင် သူက ရှုဖျင်အား နတ်ဘုရားကုန်းမြေ ရောက်သည်နှင့် သတ်ပစ်ဦးမည် ဖြစ်၏။ သူက နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းကိုပင် ရှင်းထုတ်ပစ်ခဲ့လေရာ ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်းကို အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း။

ဟုန်ချီက မိုဝူကျိသည် ရှုဖျင်အား သတ်ခဲ့သည့် အကြောင်းအရင်းကို သိပေသည်။ ဝမ်ချွမ်းတာအိုကျောင်းတော်၏ ချူယို့အား  အတင်းအကျပ် စေ့စပ်ကြောင်းလမ်းဖို့ ကြိုးစားခဲ့သည့် နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်းသည်လည်း မိုဝူကျိကြောင့် မြေခသွားလေပြီ။ ရှုဖျင်က မိုဝူကျိကို အရင်ပြဿနာ ရှာလိုက်ခြင်း ဖြစ်ရာ မိုဝူကျိက သူ့အား သက်ညှာပေးသည်ဆိုမှသာ ထူးဆန်းနေပေမည်။

သို့သော်လည်း ထိုစကားများကို ထုတ်မပြောလိုက်ပေ။ ထို့အစား သူက စိတ်သက်သာရာ သက်ပြင်းချကာ

“ ဂိုဏ်းချုပ်မို ပြန်ရောက်လာတာ ကောင်းတယ်။ လီထန်းနဲ့ ကျုပ်တို့  မင်းကို လိုက်ရှာနေတာ … ဘယ်မှာမှ ရှာမတွေ့ဘူး။ လီဌန်းက နတ်ဘုရားနယ်မြေ မြို့အသစ်ကို ထိန်းချုပ်ခွင့် ပြန်ယူဖို့ ကြိုးစားခဲ့ပေမဲ့  ဒဏ်ရာတွေပဲ ရလာခဲ့တယ် …. ”

ဟုန်ချီက ပြောလိုက်ရင်း ကျဲဟိန်အား ကြည့်လိုက်၏။

မိုဝူကျိက ကျဲဟိန်သည် လီထန်းအား ဒဏ်ရာရစေခဲ့သူမှန်း သိလိုက်သည်။ ဟုန်ချီနှင့် လီထန်းတို့က နတ်ဘုရားနယ်မြေ မြို့အသစ် ထိန်းချုပ်ရမည်ကို ကြောက်ရွံ့နေရခြင်း ဖြစ်ပေမည်။

မိုဝူကျိ၏ အကြည့်ကို သတိထားမိကာ ကျဲဟိန်က လက်နောက်ပစ်ရင်း ပြောလိုက်သည်

“ မိုဝူကျိ … နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာတော့ ငါလည်း ငါ့အင်အား ပြန်ရဖို လိုတယ်ဆိုတာ မင်းလည်း သိမှာပါ။ အရှင်းဆုံးပြောရရင် နတ်ဘုရားနယ်မြေ မြို့အသစ်က နတ်ဘုရားကျောက် စီးဆင်းမှုရှိတဲ့ ရတနာနယ်မြေလို ဆိုပေမဲ့ ငါ ကျဲဟိန်က မျက်စိထဲ ထည့်ထာ မဟုတ်ဘူး။

ငါက ရှုဖျင်နဲ့ အလုပ်တွဲ လုပ်နေရုံလောက်ပါပဲ။ အခု မင်းက ရှုဖျင်ကို သတ်လိုက်ပြီဆိုတော့ မင်းနဲ့ တွဲလုပ်လို့ ရတယ်။ နတ်ဘုရားနယ်မြေ မြို့အသစ်ကိုတော့ မင်းက တာဝန်ယူလိုက်လေ …. ”

မိုဝူကျိက ကျဲဟိန်ကို မတုံ့ပြန်ပေ။ ထို့အစား သူက ဟုန်ချီအား လက်နှစ်ဖက် ယှက်ကာ

“ တာအိုရောင်းရင်း ဟုန်ချီ …ကျုပ်ဆီမှာ အရေးကြီးကိစ္စလေး ရှိသေးလို့။ ကျုပ် နတ်ဘုရားနယ်မြေ မြို့အသစ်ကို ခင်ဗျားတို့ဆီ အပ်ခဲ့မယ်။ မြို့စားက ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်းကနေပဲ ဖြစ်လိမ့်မယ်။ ခင်ဗျား သူ့ကို သတ်ပြီး ထိန်းချုပ်ခွင့် ပြန်ယူရုံပဲ … ”

ဟုန်ချီက သဟဇာတ နတ်ဘုရားတစ်ယောက် ဖြစ်ပေသည်။ နတ်ဘုရားနယ်မြေ မြို့အသစ်ကို ထိန်းချုပ်ခွင့် ပြန်ယူရာ၌ အခက်အခဲ ရှိမည် မဟုတ်ပေ။

“ ကောင်းပါပြီ … တာအိုရောင်းရင်းမို စိတ်ချနေပါ။ ကျုပ် နတ်ဘုရားနယ်မြေ မြို့အသစ်ကို သေချာပေါက် ပြန်ယူပါ့မယ်။ မြို့ရဲ့ ဝင်ငွေ့ တချို့ကို လူသားဂိုဏ်းဆီ ပေးလိုက်ပါ့မယ် ” ဟုန်ချီက မြန်မြန် ပြောလိုက်သည်။

နတ်ဘုရားကမ္ဘာ စည်းမျည်းများက ပြန်လည် ကောင်းမွန်လာသော်လည်း နတ်ဘုရားနယ်မြေ၊ နတ်ဘုရားကုန်းမြေနှင့် နတ်ဘုရားမျိုးနွယ်တို့၏ စီမံထိန်းချုပ်ခွင့်များမှာ သီးခြားဖြစ်နေဆဲ ဖြစ်၏။ နတ်ဘုရားနယ်မြေ မြို့အသစ်သည် နတ်ဘုရားနယ်မြေအတွက် အလွန်အရေးပါပေသည်. ကျဲဟိန်၏ အတိုင်းအထက်လွန် စွမ်းအားကြောင့်သာ မဟုတ်လျှင် ဟုန်ချီလိုမျိုး နတ်ဘုရားနယ်မြေ ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားနယ်မြေ မြို့အသစ်အား နတ်ဘုရားကုန်းမြေ၏ ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်း လက်အောက်ရောက်အောင် အဘယ်ကြောင့် ခွင့်ပြုထားမည်နည်း။

“ အဲဆို တာအိုရောင်းရင်း ဟုန်ချီကို အပ်ခဲ့ပြီနော် … ကျုပ် ကိစ္စလေးတချို့ ရှိသေးလို့ သွားနှင့်ပြီ ” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။

ထိုကိစ္စ ဖြေရှင်းပြီးနောက်  မိုဝူကျိက ယွမ်ကျန်းရီအား ခေါ်ကာ ပြောလိုက်သည်  “ ကျန်းရီ သွားကြစို့  ”

“ အဲဆို ကျုပ်လည်း နတ်ဘုရားနယ်မြေ မြို့အသစ်ကို  ပြန်သိမ်းလိုက်တော့မယ် ” ဟုန်ချီက မိုဝူကျိသည် ကျဲဟိန်နှင့် ဖြေရှင်းစရာ ကိစ္စတချို့ ရှိနေသေးကြောင်း သိလိုက်သည်။ ဤကိစ္စများမှာ သူ ဝင်ပါရမည့်အရာ မဟုတ်ပေ။ မိုဝူကျိကို ပြောခဲ့သည့်အတိုင်း သူက မြို့စားအိမ်တော်ဆီ ဦးတည်လိုက်သည်။ တစ်ချိန်တည်းတွင် အကြောင်းကြားစာများ လှမ်းပို့ထားလိုက်၏။ နတ်ဘုရားနယ်မြေ၏ မဟာနတ်ဘုရားဘုရင် တစ်ယောက်ဖြစ်ခဲ့သည့်အလျောက် ဟုန်ချီတွင် သူ့လူများ ရှိပေသည်။

“ အစ်ကိုကြီးမို …. ကျွန်မက ချူရှီပါ။ ကျွန်မရဲ့ အစ်မကြီးအတွက် လက်စားချေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ” မိုဝူကျိက ယွမ်ကျန်းရီကို ခေါ်လိုက်သည့်အချိန် ဝတ်စုံစိမ်းနှင့် မိန်းမလှလေးတစ်ယောက်က လူအုပ်ကြားမှ ထွက်လာသည်။ သူမက မိုဝူကျိအား ဦးညွှတ်လိုက်လေ၏။

မိုဝူကျိက တစ်ချက်ကြည့်ရုံဖြင့် ထိုအမျိုးသမီးသည် ဝမ်ချွမ်းတာအိုကျောင်းတော်၏ အပြစ်ပေးစင်မြင့်ထက်၌ ချူယို့ အယောင်ဆောင်ကာ သူ့အား လုပ်ကြံခဲ့သူမှန်း တန်းသိလိုက်သည်။ သူမက ချူယို့နှင့် အတော်လေး ဆင်တူပေသည်။

“ ချူယို့ကို ထောက်ထားပြီးတော့ မင်းကို မသတ်တော့ဘူး။ တတ်နိုင်သမျှ မြန်မြန် ထွက်သွားစမ်း ” မိုဝူကျိက အေးစက်စက် ပြောလိုက်ပြီး ယွမ်ကျန်းရီအား အတူထွက်သွားဖို့ လက်ဟန်ပြလိုက်သည်။

ချူရှီ၏  မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်သွားလေသည်။ သူမက သူမအစ်မကြီးထက် နိမ့်ကျသည်ဟု မထင်ပေ။ ထိုမိုဝူကျိက မျက်စိ ပါသော်လည်း အမြင်မရှိပေ။ သူက သူမအား အမှန်တကယ်ကို လျစ်လျူရှုထားလေ၏။

“ ကျောက်လိပ် … ခင်ဗျားက ဒီမှာ ဆက်နေရဲတယ်ဆိုတော့ တော်တော် သတ္တိကောင်းနေတာပဲ ” မိုဝူကျိက ကျဲဟိန်ဆီ လျှောက်သွားလိုက်ရင်း မထူးမခြားနား ပြောလိုက်သည်။

ကျဲဟိန် မျက်နှာမှာ အမူအယာ ပျက်ယွင်းသွားပြီး

“ မိုဝူကျိ …. ငါတို့ အတူတူ တွဲလုပ်မှာဆိုတော့ ငါ့ကို လေးစားမှုလေး ထားသင့်တယ်။ ငါ့ဆီမှာ နာမည် ရှိပြီးသား ..ကျဲဟိန် .. ငါ့ဇာစ်မြစ်က မင်းထက် အဆတစ်သောင်းလောက်တောင် နက်နဲသေးတယ်။ နောင်ကျ မင်းက ငါ့အကူအညီကို တောင်းခံရမဲ့သူ ဖြစ်လာနိုင်တာပဲလေ ”

မိုဝူကျိက မကျေမနပ် ပြောလိုက်သည်

“ ခင်ဗျားရဲ့ ဇာစ်မြစ်က အဲလောက်တောင် အံ့ဩဖို့ ကောင်းနေလို့လား။ လော့ရှုထက် အံ့ဩဖို့ ကောင်းတယ်လား ဒါမှမဟုတ် ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင် သခင်မထက် အံ့ဩဖို့ ကောင်းတာလား။ ဒါမှမဟုတ်ရင်  တာအိုအုပ်စိုးသူအရှင် လေးယောက်ထက်လား …. နယ်လှည့်သုံးဦးထဲက တစ်ယောက်လား …. ဒါမှမဟုတ်ရင် နတ်ဘုရားဧကရာဇ် ၁၂ ပါးထဲက တစ်ယောက်လား ”

“ မင်းက ဒါတွေအားလုံးကို ဘယ်လိုလုပ် သိနေတာလဲ ” ကျဲဟိန် မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားလေ၏။ သူက မိုဝူကျိ တစ်ယောက် သူ့အား ကျောက်လိပ်ဟု ခေါ်ဆိုခဲ့သည်ကိုပင် မေ့လျော့သွားလေပြီ။

***

All Chapters