ဝိဇ္ဇာ ထန်းဟန်
Vol. 79 Ch. 1098
“ ကျုပ် ဒီကိစ္စတွေကို ဘယ်လို သိတာလဲဆိုတာ ခင်ဗျား သိစရာ မလိုပါဘူး။ နတ်ဘုရားနယ်မြေမှာ ခြေမရှုပ်တာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ကျုပ်အချိန်ကုန်ရင်တောင် ခင်ဗျားကို ရှင်းပစ်ရမှာပဲ ” မိုဝူကျိက ကျဲဟိန်အား စိုက်ကြည့်လိုက်သည်။ သူက ထိုလူအား မျက်လုံးထဲပင် မထည့်ပေ။
ကျဲဟိန်က အရိုက်အရာခံ နတ်ဘုရား တစ်ပါး ဖြစ်ပေသည်။ မိုဝူကျိ၏ ခြိမ်းခြောက်မှုကို ကြားလိုက်သည်နှင့် သူက နှာခေါင်းရှုံ့ကာ
“ ငါ ကျဲဟိန်က မင်း ပြောတဲ့ အရိုက်အရာခံ နတ်ဘုရားတွေထဲက မဟုတ်ပေမဲ့ ငါက ပင်မ နတ်ဘုရား အရှင် ၇၁ ပါးထဲက တစ်ယောက်ပဲ … မင်း ငါ့ကို ဘယ်လို ရှင်းပစ်မလဲဆိုတာ သိချင်မိသား ”
မိုဝူကျိက မကျေမနပ် ပြောလိုက်သည်
“ ပင်မ နတ်ဘုရားတွေက အဲလောက်တောင် အံ့ဩဖို့ ကောင်းလို့လား … ခွန်းယွင်တောင် သူ့ကို ကူညီပေးဖို့ ကျုပ်ဆီ လာတောင်းဆိုသေးတယ်။ ပြီးတော့ သူက ဝန်မင်း ၃၆ ပါးထဲက ...ခင်ဗျားက အရှင် ၇၂ ပါးထဲက ဖြစ်နေရုံလေးနဲ့ ကျုပ် မျက်စိထဲတောင် မြင်ဖို့ မလုံလောက်သေးဘူး ”
“ မင်းက ခွန်းယွင်ကို သိတယ်လား ” ကျဲဟိန်က မိုဝူကျိ စကားများကို ကြားလိုက်ရသည့်အခါ မိုဝူကျိသည် သူ့အသိုင်းအဝန်းကြား အမှန်တကယ် ရောက်ရှိလာကြောင်း နားလည်လိုက်သည်။
“ မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့တာကို လိုက်နှောင့်ယှက်မနေနဲ့။ ကျုပ်က ခင်ဗျားကိစ္စတွေကို စိတ်မဝင်စားဘူး ” ထိုသို့ပြောပြီးနောက် မိုဝူကျိက မစောင့်တော့ဘဲ ယွမ်ကျန်းရီဘက် လှည့်ကာ ပြောလိုက်သည်
“ ကျန်းရီ … ငါတို့တွေ တိတ်ဆိတ်တဲ့နေရာမှာ သွားစကားပြောကြစို့ ”
“ မိုဝူကျိ … ငါ အရင်ပြောခဲ့တဲ့ စကားတွေက သိပ်မသင့်တော်သလို ဖြစ်သွားတယ်။ မင်း ခွင့်လွှတ်ပေးပါကွာ။ ဒါပေမဲ့ ငါနဲ့ အတူတူ အလုပ်တွဲလုပ်တာက မင်း နတ်ဘုရားအရိုက်အရာ ရတာ၊ မရတာအပေါ် သက်ရောက်မှု မရှိပါဘူး။ ငါနဲ့သာ အလုပ်တွဲလုပ်မယ်ဆိုရင် မင်းက …. ”
မိုဝူကျိက ကျဲဟိန် စကားအဆုံးကိုပင် မစောင့်တော့ဘဲ ဖြတ်ပြောလိုက်သည် “ နတ်ဘုရားသင်္ချိုင်းဂူက ဘယ်မှာလဲဆိုတာ သိလား ”
ကျဲဟိန်က ဝါးတိုးဝါးတား ပြောလိုက်၏ “သဲလွန်စ နည်းနည်းတော့ ရထား … ”
ကျဲဟိန်က စကားတစ်ဝက်တပျက်ဖြင့် တစ်ခုခု လွဲမှားနေကြောင်း သတိထားမိသွားသည်။ သူက မိုဝူကျိအား အံ့အားတကြီး ကြည့်လိုက်ပြီး “ ငါက နတ်ဘုရားသင်္ချိုင်းဂူကို ရှာနေတာဆိုတာ ဘယ်လိုလုပ် သိလဲ ”
မိုဝူကျိက ရယ်မောကာ
“ ခင်ဗျားက နတ်ဘုရားသင်္ချိုင်းဂူကို ရှာနေရုံတင် မကဘူး။ နတ်ဘုရား နားခိုရာနယ်မြေဆီ ဝင်ဖို့ ကြိုးစားနေတယ်ဆိုတာလည်း သိထားတယ်။ ပြီးတော့ ခင်ဗျားက ဝိဇ္ဇာတု မင်ယွမ်ဆီက ရတနာတွေ ပြန်ယူချင်နေတာမလား။
တစ်ချိန်တည်းမှာ ခင်ဗျား ကျုပ်အကူအညီ လိုအပ်နေတဲ့ အကြောင်းကိုလည်း သိတယ်။ အားနာပါရဲ့ … ဒါပေမဲ့ ကျုပ်က အဲဒီနေရာက အခုမှ ထွက်လာတာ။ ပြန်သွားဖို့ စိတ်ကူး မရှိဘူး ”
“ မင်းက နတ်ဘုရားသင်္ချိုင်းဂူ နေရာကို သိထားတာပေါ့ ” ကျဲဟိန်က ပျော်ရွှင်စွာ ရေရွတ်လိုက်သည် “ ဒါနဲ့ မင်းက ခွန်းယွင်နဲ့ မိတ်ဆွေတွေဆိုတော့ မင်းက နေရာကို သိနေတာ ပုံမှန်ပါပဲ။ တာအိုရောင်းရင်းမို တကယ်လို့ ကူညီပေးမယ်ဆိုရင် … ”
မိုဝူကျိက လက်ခါပြကာ ကျဲဟိန်အား ငြင်းပယ်လိုက်သည်
“ ဘေးဖယ်စမ်းပါ …. မဟုတ်ရင် နတ်ဘုရားနယ်မြေ မြို့အသစ်ရဲ့ အစီအရင်ကို အသက်သွင်းတယ်ဆိုပြီး အပြစ်လာမတင်နဲ့။ နောက်တစ်ခေါက် ထပ်ပြောလိုက်မယ် … ကျုပ်က ခင်ဗျားရဲ့ ကိစ္စကို စိတ်မဝင်စားဘူး ”
ခွန်းယွင်တွင် ထောင်ထျဲ့အိုး ရှိထားပြီး နတ်ဘုရားသင်္ချိုင်းဂူ နေရာကိုလည်း သိထားသောကြောင့် မိုဝူကျိက သူနှင့် အတူတူ အလုပ်တွဲလုပ်ဖို့ ကိစ္စမရှိပေ။ သို့သော်လည်း ဤကျဲဟိန်က ဘာဆိုဘာမှ မရှိပေ။ ထို့အပြင် ကျဲဟိန်တွင် ရတနာများစွာ ရှိနေလျှင်ပင် မိုဝူကျိက အလုပ်တွဲလုပ်မည် မဟုတ်ပေ။
ထိုစဉ် ကျဲဟိန်က မိုဝူကျိ၏ သဘောထားဆိုးဆိုးကို စိတ်ထဲ မထားတော့ဘဲ အလေးအနက် ပြောလိုက်သည်
“ တာအိုရောင်းရင်းမို အရင်တစ်ခေါက်က ငါ့အမှားပါ။ မင်း နိဗာန တိတ်ဆိတ်မှုပင်လယ်က ဖြတ်သန်းမရတဲ့ ပင်လယ်တစ်ခု ဖြစ်ခဲ့ဖူးတဲ့ အကြောင်းအရင်းက ဝိဇ္ဇာအလောင်းကြောင့်ဆိုတာကို ကြားဖူးလား ”
မိုဝူကျိက ခေါင်းညိတ်ကာ “ အွန်း ကြားဖူးတယ်လေ .. အဲဒါ ခင်ဗျားကြောင့် မဟုတ်ဘူးလား ”
နိဗာန တိတ်ဆိတ်မှုပင်လယ်သည် လူများ၏ အသိစိတ်ပင်လယ်နှင့် ဝိညာဉ်ကြောများကို တိုက်စားနိုင်သည့် အဖျက်စွမ်းအားများနှင့် ပြည့်နှက်သွားသည့် အကြောင်းအရင်းမှာ နိဗာန တိတ်ဆိတ်မှုပင်လယ်အတွင်း ကျရောက်လာသည့် ဝိဇ္ဇာအလောင်းကြောင့်ဟု ကောလဟာလများ ထွက်ခဲ့ဖူးပေသည်။
မိုဝူကျိက ကျဲဟိန်သည် ပင်မနတ်ဘုရားထဲမှ ဖြစ်ကြောင်း သိပြီးနောက် ထိုလှည့်ကွက်များမှာ ကျဲဟိန်လက်ချက်ဟုသာ ထင်မှတ်ခဲ့သည်။
ထို့အပြင် ကျဲဟိန်က ပင်မနတ်ဘုရားထဲမှ တစ်ပါး အဖြစ် နေနိုင်ခြင်းမှာ ကျဲဟိန်သည်လည်း ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်ပေလိမ့်မည်။ ဤလူ၏ လိပ်ကျွန်းက နိဗာန တိတ်ဆိတ်မှုပင်လယ် အနက်ပိုင်း၌ တည်ရှိနေသည် မဟုတ်ပါလော။
ကျဲဟိန်က ခါးသက်သက် ရယ်မောလိုက်ရင်း “ တာအိုရောင်းရင်းမိုက ကျုပ်ကို အထင်ကြီးနေတာပဲ။ တကယ်လို့ ကျုပ်သာ အဲလိုလုပ်နိုင်စွမ်း ရှိရင် မင်းနဲ့ စကားပြောဖို့ ဘာလို့ နှိမ့်ချနေရမှာလဲ ”
“ အဲဆို ခင်ဗျား မဟုတ်ဘူးလား ” မိုဝူကျိက နှလုံးခုန်နှုန်းပင် မြန်လာမိပြီး မသက်မသာ ဖြစ်သည့် ခံစားချက်မျိုး ကြီးစိုးလာသည်။
ကျဲဟိန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်
“ ငါ ဘယ်ဟုတ်ပါ့မလဲ … ပြီးတော့ ကောလဟာလ သတင်းတွေက အမှန်ပဲ။ နိဗာန တိတ်ဆိတ်မှုပင်လယ်ထဲ ကျလာတဲ့ ဝိဇ္ဇာအလောင်းက တကယ်ရှိတယ်။ သူက ထန်းဟန်တဲ့ … သူက ဝိဇ္ဇာရှစ်ပါးထဲကပဲ။ ကပ်ဘေးတုန်းက ကျရှုံးသွားတာ …. ဒါကို သိတာ လူတချို့ပဲ ရှိတာ။
ကံကောင်းချင်တော့ ငါကလည်း အဲဒီလူထဲ ပါနေတယ်လေ။ ဒါပေမဲ့ သူ့လိုမျိုး ပညာရှင်တစ်ယောက်က တကယ် ကျရှုံးသွားတာ ဖြစ်နိုင်ပါ့မလား။
အခု နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာပြီဆိုတော့ ဝိဇ္ဇာထန်းဟန်လည်း သူ့အင်အားတချို့တစ်ဝက် ပြန်ရနေလောက်ပြီ။ တကယ်လို့ သူ့ မိုးမြေ မီးပြင်းဖိုသာ ရှာတွေ့သွားရင် နတ်ဘုရားကမ္ဘာဆိုတာက သူ့လက်ထဲမှာတင် ခြေမွပစ်လိုက်လို့ ရတယ် …. ”
မိုဝူကျိက အလန့်တကြား ထအော်လုမတတ် ဖြစ်သွားကာ နှလုံးခုန်နှုန်းများလည်း ပြင်းထန်နေသည်။ မိုးမြေ မီးပြင်းဖိုမှာ လက်ရှိ သူ့လူသားကမ္ဘာအတွင်းတွင် ရှိနေသည် မဟုတ်ပါလော။ အကယ်၍ ထိုထန်းဟန်သည် မိုးမြေ မီးပြင်းဖိုသည် သူနှင့်အတူတူ ရှိနေကြောင်း သိသွားလျှင် သူ့အသက်လေး ချမ်းသာရာ ရပေဦးမည်လား
ထိုအရာအားလုံးကို သိရှိပြီးနောက် မိုဝူကိက ကျဲဟိန်နှင့် စကားဆက်ပြောဖို့ စိတ်ဝင်စားမှု နည်းပါးသွားလေသည်။ သူက ပိုင်ရှင်မဲ့ဂြိုလ်ဆီ မြန်မြန် သွားကာ ကျင့်ကြံလိုမိ၏။
ကျဲဟိန်က မိုဝူကျိ အတွေးများကို မသိဘဲ အသံတိုးတိုးဖြင့် ဆက်ပြောနေလေ၏
“ တာအိုရောင်းရင်းမို … ငါက မိုးမြေ မီးပြင်းဖိုရဲ့ နေရာအကြမ်းဖျင်းကို သိထားတယ်။ အဲဒီပစ္စည်းက ကံကြမ္မာ ထိပ်သီးရတနာနော် … တကယ်လို့ မင်းသာ ကံကြမ္မာ ထိပ်သီး ရတနာ ပိုင်ဆိုင်ထားရင် ဝိဇ္ဇာမဟုတ်ရင်တောင် ဝိဇ္ဇာတွေက မျက်နှာသာပေးကြရလိမ့်မယ် ”
မိုဝူကျိက မပြောင်းမလဲ ပြောလိုက်သည် “ ဝိဇ္ဇာတစ်ယောက်ကို သူ့ရတနာအတွက် တိုက်ခိုက်ဖို့ စိတ်မဝင်စားဘူး”
ကျဲဟိန်က မည်သို့ လက်လျော့နိုင်မည်နည်း။ အကယ်၍ မိုဝူကျိက နတ်ဘုရားသင်္ချိုင်းဂူ၏ တည်နေရာကို မသိထားလျှင် လွှတ်ပေးလိုက်လို့ ရသော်လည်း ယခုအခါ မိုဝူကျိက နတ်ဘုရားသင်္ချိုင်းဂူအကြောင်း သေချာသိထားပေသည်။ အကယ်၍ သူသာ မိုဝူကျိနှင့် အလုပ်တွဲလုပ်ဖို့ လက်လျော့လိုက်လျှင် နောက်ထပ် အချိန်များစွာ ကြာမြင့်ပေဦးမည်။
ထို့အပြင် သူ့အနေနှင့် မိုဝူကျိသည် လူသားတာအိုကို ကျင့်ကြံပြီး နတ်ဘုရား နားခိုရာနယ်မြေကို ဖွင့်နိုင်သည့်အကြောင်းကို မသိသေးပေ။ မဟုတ်လျှင် သူက မိုဝူကျိဆီမှ ပုဆိန်လှံရှည် ရိုက်ချက်တချို့ကိုပင် လက်ခံဖို့ စိတ်ထဲ ထားမည် မဟုတ်ပေ။
မိုဝူကျိက ကျဲဟိန်၏ ဆက်တိုက် တောင်းဆိုနေမှုကြောင့် ကူကယ်ရာမဲ့ ဖြစ်လာမိ၍ “ ကျုပ်က အခု အရေးကြီးကိစ္စ ရှိနေတယ်။ တကယ်လို့ ခင်ဗျား ကျုပ်နဲ့ အလုပ်တွဲလုပ်ချင်ရင် စောင့်နိုင်ရမယ်။ မဟုတ်ရင်တော့ ကျုပ် မယဉ်ကျေးတဲ့အတွက် အပြစ်လာမတင်နဲ့ ”
ကျဲဟိန်က အခြေအနေကို သိကာ ရပ်တန့်လိုက်ရ၏။ သူက လက်နှစ်ဖက် ယှက်ကာ “ တာအိုရောင်းရင်းမို … အဲဆိုရင် မင်းကို နတ်ဘုရားနယ်မြေမှာ စောင့်နေပါ့မယ် ”
သူက နှစ်များစွာ စောင့်ဆိုင်းလာပြီးပြီ ဖြစ်ရာ နောက်ထပ် နှစ်အနည်းငယ် ပိုသွားခြင်းက ဘာများ ထိခိုက်မည်နည်း။
“ ဝူကျိ … ” ကျဲဟိန် ထွက်သွားပြီးနောက် ယွမ်ကျန်းရီက တအံ့တဩ လှမ်းခေါ်လိုက်သည်။ သူက ပြောချင်သည့်ကိစ္စများစွာ ရှိနေသော်လည်း ထုတ်ပြောဖို့ အခွင့်အရေး မရခဲ့ပေ။
“ ကျန်းရီ .. ငါတို့ နားခိုဆောင်တစ်ခုရှာပြီး ဖြည်းဖြည်းချင်း ပြောကြတာပေါ့ ” မိုဝူကျိသည်လည်း ယွမ်ကျန်းရီအား မေးလိုသည့် မေးခွန်းများစွာ ရှိနေလေ၏။
………..…
နတ်ဘုရားနယ်မြေ မြို့အသစ် နားခိုဆောင်တစ်ခုအတွင်း မိုဝူကျိနှင့် ယွမ်ကျန်းရီတို့က နေ့ဝက်တာလောက် ပြောဆိုခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်လုံးက လမ်းခွဲခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို အချင်းချင်း သိသွားကြပေသည်။
ကံကောင်းမှုနှင့် အန္တရာယ်တို့ ယှဉ်ရလျှင် ယွမ်ကျန်းရီ၏ အတွေ့အကြုံတို့ကလည်း မိုဝူကျိအောက် မလျော့ကျပေ။
သူတို့ လမ်းခွဲပြီးနောက် ယွမ်ကျန်းရီက လျှောက်သွားလာနေခဲ့၏။ နောက်ဆုံးတွင် သူ ပိုင်ဆိုင်သည့် ကံကောင်းမှုအား လော့ပင်လယ်ထဲ၌ ရှာတွေ့ခဲ့သည်။ ဤသည်မှာ ဝိညာဉ်ကြော မရှိဘဲ လေ့ကျင့်နိုင်သည့် သိုင်းပညာရပ် တာအို ဖြစ်၏။
ယွမ်ကျန်းရီတွင် ဝိညာဉ်ကြော မရှိသော်လည်း သိုင်းပညာရပ်ကား ထိပ်တန်းအဆင့် ဖြစ်ပေသည်။ နှစ်ရာပိုင်းလေးအတွင်း သူက အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
ယွမ်ကျန်းရီ တစ်ယောက် လေ့ကျင့်ရာမှ ထွက်လာသည့်အချိန် မိုဝူကျိက ကျန်းရှင်းမှ ထွက်သွားပြီးပြီ ဖြစ်၏။ ထို့အပြင် မိုဝူကျိ၏ သတင်းများမှာ ကျန်းရှင်း၌ ဆက်တိုက် ပျံ့နှံ့နေလေ၏။
မိုဝူကျိက ကျန်းရှင်းမှ ထွက်သွားကြောင်း သိပြီးနောက် ယွမ်ကျန်းရီလည်း ဆက်မနေတော့ဘဲ ကျန်းရှင်းမှ ထွက်လာလိုက်ပြီး ခရီးဆန့်ခဲ့လေ၏။ အာကာပြင်အတွင်း သူက သိုင်းပညာနှင့် ပတ်သတ်သည့် အမျိုးမျိုးသော ပစ္စည်းများကို တွေ့ခဲ့ရသည်။ သူ့သိုင်းပညာ ပါရမီနှင့် ထပ်ပေါင်းလိုက်သည့်အခါ သဘာဝ တာအိုအတိုင်း မဟုတ်ဘဲ ကိုယ်ပိုင် လမ်းစဉ်ကို ထုဆစ်နိုင်ခဲ့သည်။
သူ့သိုင်းပညာက တစ်ခြားတစ်ယောက်၏ အမွေအနှစ်မှ အစပြုခဲ့ရသော်လည်း သူ့ကိုယ်ပိုင် အသိအမြင်များနှင့်သာ ပြည့်နေပြီ ဖြစ်၏။
လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်လောက်က ယွမ်ကျန်းရီသည် မဟာတည် ကုန်းမြေဟု ခေါ်ဆိုသည့် နေရာတစ်ခုဆီ ရောက်ရှိခဲ့သည်။ အင်မော်တယ်လောက မဟုတ်သော်လည်း အကြမ်းဖျင်းအားဖြင့် တူညီပေ၏။ သိုင်းပညာသည် ပိုမို နက်နဲနေရုံသာ ပိုပေသည်။ သို့သော် တစ်ချိန်တည်းတွင် ကျင့်ကြံသူများလည်း ရှိကြ၏။
ထိုကုန်းမြေ၌ ယွမ်ကျန်းရီသည် ကွေ့ထုံနှင့် တွေ့ဆုံခဲ့လေသည်။ ကွေ့ထုံသည် ကျင့်ကြံသူတစ်ဦး ဖြစ်၏။ သူတို့နှစ်ယောက်သား ကုန်းမြေတစ်လျှောက် သွားလာရင်း စွန့်စားခန်း အမျိုးမျိုး ထွက်ခဲ့ပြီး အန္တရာယ်များကို ကြံ့ကြံ့ ရင်ဆိုင်ခဲ့ကြသည်။ ကွေ့ထုံက ယွမ်ကျန်းရီ အသက်ကို တစ်ခါမက ကယ်တင်ဖူးပေသည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်က ထိပ်တန်းအဆင့် ကမ္ဘာကူးအဆောင် ရရှိလာကာ နတ်ဘုရားကမ္ဘာဆီ ရောက်ရှိလာကြခြင်း ဖြစ်ပေသည်။ ထိုမျှတင် မကသေးဘဲ သူတို့နှစ်ယောက်လုံးက နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာသည့်အချိန်ကွက်တိ ရောက်လာခဲ့ကြသည်။
နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်သွားပြီးနောက် ယွမ်ကျန်းရီနှင့် ကွေ့ထုံတို့၏ အင်အားများက သိသိသာသာ တိုးတက်လာကြသည်။
ကံဆိုးစွာဖြင့် ကွေ့ထုံသည် စွန့်စားခန်းများ ထွက်ရာ၌ အသက်မသေဆုံးခဲ့ဘဲ နတ်ဘုရားကမ္ဘာ ရောက်သည့်အခါမှ တခြားအမျိုးသမီး လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး ဝိညာဉ်ပင် အနှုတ်ခံရကာ သန့်စင်ခံခဲ့ရသေးသည်။
ယွမ်ကျန်းရီ သဘာဝဖြင့် ထိုအမျိုးသမီးက ဝိဇ္ဇာတစ်ယောက်၏ သမီး ဖြစ်နေလျှင်ပင် သတ်ပစ်ဦးမည်သာ ဖြစ်၏။ ထို့နောက် မိုဝူကျိနှင့် တွေ့ဆုံခဲ့ရခြင်း ဖြစ်ပေသည်။
မိုဝူကျိက သက်ပြင်းချလိုက်၏။ ကြည့်ရသည်မှာ ဝိညာဉ်ကြော မရှိခြင်းက လူသားတာအိုဖြင့်သာ ကျင့်ကြံနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ တာအိုအမျိုးမျိုး ရှိလေရာ ကိုယ်နှင့် သင့်တော်သည့် တာအိုကိ ရှာဖွေဖို့သာ လိုအပ်ပေသည်။
ယွမ်ကျန်းရီက ကျန်းရှင်းမှ အစောကြီး ထွက်လာသောကြောင့် မိုဝူကျိက ကျန်းရှင်း သတင်းများကို သိပ်မသိရပေ။
“ ဝူကျိ … မင်းလည်း မရိုးရှင်းဘူးဆိုတာ သေချာပေါက် သိပါတယ်။ ဒါပေမဲ့ မင်း ဒီလိုအထိ အောင်မြင်နေလိမ့်မယ်လို့ ထင်မထားမိဘူး။ ပြီးတော့ မင်း မဟုတ်ဘဲ တခြားတစ်ယောက်သာဆိုရင် ငါတော့ ဒီလိုအောင်မြင်မှုမျိုးက မဖြစ်နိုင်ဘူးလို့ပဲ ထင်မှာ ….” နှစ်ယောက်သား အတွေ့အကြုံများကို ဖလှယ်ကြပြီးနောက် ယွမ်ကျန်းရီက အတော်လေး စိတ်လှုပ်ရှားနေမိသည်။
“ ငါက နိဗာန တိတ်ဆိတ်မှုပင်လယ်ကို ဖြတ်ပြီးတော့ ပိုင်ရှင်မဲ့ဂြိုလ်ဆီ သွားပြီးတော့ ကျင့်ကြံမလို့ … ကျန်းရီ မင်းရဲ့ အတွေ့အကြုံတွေက လုံလောက်ပေမဲ့ သေချာလေ့ကျင့်နိုင်မဲ့ နေရာလိုနေတယ်လို့ ထင်မိတယ်။
မင်းက သိုင်းပညာ တာအိုကို ကျင့်ကြံတာဆိုတော့ ငါ့ လူသားဂိုဏ်းဆီ လာပြီး လေ့ကျင့်ဖို့ အကြံပေးချင်တယ်။ အဲဒီနေရာက ကောင်းကင်ဘုံ ကံကြမ္မာလည်း ပိုင်ဆိုင်ထားတယ်။ ပြီးရင် မင်းကို ဖန်ဆင်းမှုစွမ်းအားနဲ့ နတ်ဝိညာဉ်ကြောတွေကို ပေးမယ်။
မင်းရဲ့ သိုင်းပညာ ပါရမီနဲ့ဆိုရင် လူသားဂိုဏ်းမှာ သိသိသာသာ တိုးတက်လာမှာ သေချာတယ်။ ပြီးတော့ ငါ ပြန်ရောက်တဲ့အခါကျ အဲဒီ အမျိုးသမီးကို ရှင်းပစ်ကြတာပေါ့ ” အကယ်၍ ထန်းဟန်ကိစ္စကြောင့်သာ မဟုတ်လျှင် မိုဝူကျိက ယွမ်ကျန်းရီနှင့်အတူ လူသားဂိုဏ်းသို့ ပြန်လိုက်လာမည် ဖြစ်၏။ သို့သော် ယခုတွင် သူတို့ ပြောပြီးပြီ ဖြစ်၍ သူတို့နှစ်ယောက်လုံး အချိန်တိုအတွင်း အားကောင်းလာဖို့ လိုအပ်နေလေသည်။
မိုဝူကျိက ယွမ်ကျန်းရီ၏ စွမ်းအားအပေါ် သံသယ မရှိပေ။ သူက နတ်ဘုရားဘုရင်အဆင့် ၆ ရောက်ဖို့ရာ နှစ်တစ်သောင်းနီးပါး ကြာမြင့်ခဲ့ပြီး အရင်းအမြစ် မည်မျှ သုံးစွဲခဲ့ရသနည်း။ ဤနျစ်များ၌ ယွမ်ကျန်းရီက သူ့ပါရမီနှင့် လေ့ကျင့်မှုအပေါ်သာ မှီခိုခဲ့ရပေမည်။ အကယ်၍ ဤသို့ သိုင်းပညာရှင်သာ ထိပ်သီးသို့ ရောက်ရှိသွားခဲ့လျှင် သူက ကျင့်ကြံသူထက် သေချာပေါက် နိမ့်ကျမည် မဟုတ်ပေ။
“ ဝူကျိ … မင်း ကြိုက်သလိုသာ လုပ်ပါ။ ငါ လူသားဂိုဏ်းမှာ နေပြီး ကျင့်ကြံဖို့ ဆုံးဖြတ်ပြီးပြီ။ မင်းရဲ့ ကိစ္စက ငါ့ကိစ္စပဲပေါ့ … မင်း ပြန်လာမှာကို စောင့်နေမယ် ” မိုဝူကျိက နတ်ဘုရားသင်္ချိုင်းဂူကိစ္စအား ယွမ်ကျန်းရီကို အမှန်အတိုင်း ပြောပြလိုက်ပြီး မိုးမြေ မီးပြင်းဖို ရှိနေသည့် အချက်ကိုပင် လျို့ဝှက်မထားပေ။
ထိုစဉ် ယွမ်ကျန်းရီက မိုဝူကျိအတွက် အတော်လေး စိတ်ပူနေမိသည်။ အကယ်၍ ဝိဇ္ဇာသာ မိုဝူကျိက သူ့မီးပြင်းဖို ယူထားကြောင်း သိသွားလျင် မိုဝူကျိ မည်သို့ ဆက်လက် ရှင်သန်နိုင်မည်နည်း။ လူသားဂိုဏ်းပင် ရှင်သန်နိုင်မည် မဟုတ်ပေ။
မိုဝူကျိက သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ပေးကာ ယွမ်ကျန်းရီဆီ ပေးလိုက်ပြီး
“ ကျန်းရီ … ငါ မရှိတုန်း မင်းက လူသားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ … ဒီလက်စွပ်ထဲမှာ ငါ့လက်ရေး မှတ်စုနဲ့ ဂိုဏ်းအမှတ်အသားပြား ပါတယ်။ လူသားဂိုဏ်းကို မင်းဆီ အပ်ခဲ့မယ် …. ”
ယွမ်ကျန်းရီက ဝိညာဉ်ကြော မရှိသည့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ သူက လူသားတာအိုကို မကျင့်ကြံသော်လည်း သေမျိုး လူသားတို့၏ တာအို တစ်မျိုးသာ ဖြစ်ပေသည်။ ထို့ကြောင့် သူ့ကိုလည်း သေမျိုးတစ်ဦးဟု သတ်မှတ်၍ ရပေ၏။
***