← Chapters

ဟန်ရှောင်း၏ မူလနောက်ခံ

Vol. 1 Ch. 12

ဟန်ရှောင်း၏ မူလနောက်ခံ

Vol. 1 Ch. 12

အခန်း (၁၂) ဟန်ရှောင်း၏ မူလနောက်ခံ

အေးဂျင့် ၂ယောက် မတုံ့ပြန်နိုင်ခင်မှာပင်၊ သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်။ သို့သော်လည်း၊ ထိုသေနတ်သံက သူတို့ကို ရည်ရွယ်ချင်းမဟုတ်ပေ။ ထိုအစား၊ လဲကျနေသည့် အလောင်းကို ရည်ရွယ်ထားသည်၊ အတိအကျပြောရသော်၊ ထိုခန္ဓာကိုယ်ပေါ်ရှိ လက်ပစ်ဗုံး ၃လုံးကို ဖြစ်သည်။

သူတို့သည် ပေါက်ကွဲမှုဧရိယာအတွင်း ရှိနေကြသောကြောင့်၊ အေးဂျင့် ၂ယောက်ကို ပေါက်ကွဲမှုက လွှမ်းခြုံသွားပြီး ဗုံးဆံများ ထိမှန်ကုန်သည်။

_____________________

သင်သည် ရန်သူကို ထိခိုက်မှု ၆၀ ဖြစ်စေသည်။ x၈ကြိမ်

သင်သည် ညဇီးကွက်အေးဂျင့်ကို သတ်ဖြတ်လိုက်သည်။ အတွေ့အကြုံမှတ် ၁၅၀၀ ရရှိပါသည်။ x ၂ကြိမ်

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဟန်ရှောင်းသည် မြက်ခင်းရှည်များကြားမှ အားနည်းစွာ ထလာခဲ့သည်။ သူသည် ပြင်းထန်စွာ ဒဏ်ရာရနေပြီး၊ သွေးများလည်း ထွက်နေကာ၊ သက်လုံသည်လည်း ကုန်ခန်းလုနီးပါး ဖြစ်နေသည်။ မောပန်းနွမ်းနယ်မှုကလည်း ကြီးစိုးလာပြီး၊ စိတ်စွမ်းအား အားလုံးကို အသုံးပြု၍သာ မျက်လုံးများပွင့်အောင် အားတင်းထားရသည်။

ဟန်ရှောင်းက ပေါက်ကွဲမှုတွင် အေးဂျင့်၏ အလောင်းကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူကာ သွေးအမှတ် ၅၀ ဖြင့်သာ အသက်ရှင်ကျန်ခဲ့နိုင်ခဲ့သည်။ သူသည် အေးဂျင့်၏ အလောင်းကို သူ၏အဝတ်အစားများ ဝတ်ပေးပြီး လက်ပစ်ဗုံးများ ထောင်ထားခဲ့ခြင်းဖြစ်သည်။ ဆေးလ်ဗားဘလိတ်တစ်ယောက်သာ သတိရှိပြီး သူ၏ထောင်ချက်မှ လွတ်မြောက်ခဲ့သည်။

ဟန်ရှောင်း၏ ခြေလက်များသည်လည်း ထိန်းချုပ်မရအောင် လှုပ်ခါလျက်ရှိပြီး၊ သွေးများကြောင့် အမြင်အာရုံများဝေဝါးကာ သေချာပင် မမြင်နိုင်တော့ပေ။

ရုတ်တရက်၊ အနက်ရောင်အရိပ်တစ်ခုက သူ့ဆီသို့ တိုးဝင်လာသည်။

"မင်းက တောင်းဆိုနေတာပဲ..." ဒေါသတကြီးဖြစ်နေသည့် ဆေးလ်ဗားဘလိတ်က ဟိန်းဟောက်လိုက်ပြီး ဓါးဖြင့်ထိုးချလိုက်သည်။

…

အနက်ရောင် စစ်ရဟတ်ယာဉ်၏ ရှာဖွေရေးမီးလုံးများက တောအုပ်အတွင်းတွင် လင်းထိန်နေသည်။

စမ်းသပ်ခံတပ်ဖွဲ့သည်လည်း ရောက်ရှိနေပြီး သွေးနမူနာများ စုဆောင်းနေကြသည်။ နံပါတ် (၁)မှာ လက်သီးကျစ်ကျစ်ဆုပ်လျက် တိတ်ဆိတ်စွာရပ်နေသည်။

အေးဂျင့်‌၆ယောက်၏ အလောင်းများကို မြင်ရသည်တွင် ဟီလာမှာ တခဏမျှ ဆွံ့အသွားသည်။

မြင်တွေ့ရသည်မှာ မယုံကြည်နိုင်စရာပင်၊ ဇီးရိုးသည် ညဇီးကွက်တပ်ဖွဲ့ ၃ကို အပြတ်ရှင်းပြီး လွတ်မြောက်သွားခဲ့သည်။

သူမ ငုံ့ကြည့်လိုက်ပြီး အလောင်းများကို စစ်ဆေးကြည့်လိုက်သည်။ တစ်ယောက်သည် သေနတ်ဒဏ်ရာဖြင့်၊ ၂ယောက်မှာ ပေါက်ကွဲမှုကြောင့်၊ ၃ယောက်မှာ အနီးကပ်တိုက်ပွဲကြောင့် သေဆုံးခဲ့ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။

ဆေးလ်ဗားဘလိတ်၏ ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံးမှာ ကြေမွနေပြီး၊ မျက်လုံးထဲတွင်လည်း ညကြည့်မျက်မှန်မှ မှန်ကွဲစများ စိုက်ဝင်နေသည်။ သူ့ထက် စွမ်းအားအများကြီး မြင့်မားသူနှင့် ဆုံတွေ့ခဲ့မှန်း သိသာသည်။

"ဇီးရိုးက ဘယ်လိုလုပ် ဒီလောက်သန်မာလာတာလဲ။ သူ့ရဲ့ တကယ့်စွမ်းရည်ကို ဝှက်ထားခဲ့တယ်ဆိုလည်း၊ သူလေ့ကျင့်ခဲ့တာ နှစ်ဝက်လောက်ပဲ ရှိသေးတာ။ ဒီလို အတွေ့အကြုံရင့်တဲ့သူတွေရှိတဲ့ ညဇီးကွက်တစ်ဖွဲ့လုံးကို ရှင်းပစ်နိုင်တယ်ဆိုတာ စိတ်ကူးကြည့်လို့တောင်မရဘူး။"

"သူလည်း ငါ့လိုပဲ စူပါပါဝါတွေ နိုးထလာတာများလား။"

ဟီလာသည် ဟန်ရှောင်းကို အနီးကပ် စောင့်မကြည့်မိခဲ့၍ နောင်တရနေသည်။ ထိုသို့စောင့်ကြည့်ခဲ့လျှင် ဤအဖြစ်အပျက်များ မဖြစ်အောင် ကြိုတင်ကာကွယ်ကောင်း ကာကွယ်နိုင်လိမ့်မည်ဟု သူမတွေးမိနေသည်။

"ပြီးတော့၊ ဇီးရိုးက ငါအပြင်ထွက်တဲ့နေ့မှာ ထွက်ပြေးဖို့ ရွေးထားတာက တိုက်ဆိုင်တာလား၊ အစကတည်းက အစီအစဉ်ချထားတာလား။"

"သူတို့ရဲ့ လက်နက်တွေ ပျောက်နေတယ်၊ ဒါပေမယ့် ငါတို့ဒါကို ရှာတွေ့ခဲ့တယ်။" အေးဂျင့်တစ်ယောက်က ဟီလာကို သတင်းပို့လိုက်ပြီး ယန္တရားလက်ကို ပြလိုက်သည်။

ယန္တရားလက်မှာ သွေးများစိုရွှဲနေပြီး၊ အင်ဂျင်တွင် ဓါးတစ်ချောင်းလည်း ထိုးစိုက်လျက်သားရှိနေသည်။

"စခန်းကို သယ်လာခဲ့လိုက်။"

…

တစ်ရက်ကြာပြီးနောက်၊ ဂျာမီနယ်အဖွဲ့အစည်း၏ ဝန်ထမ်းအများအပြား ဗယ်ခရီဓါတ်ခွဲခန်းသို့ ရောက်ရှိလာကြပြီး စောင့်ကြည့်ရေးကင်မရာများမှ ရသလောက်ကို အဖတ်ဆယ်ကြကာ၊ သဲလွန်စများလည်း စုဆောင်းကြသည်။ ဘော့စ်ကိုယ်တိုင်လည်း ရောက်ရှိလာခဲ့သည်။

ဂျာမီနယ်အဖွဲ့အစည်း၏ ဘော့စ်သည် အနက်ရောင် ကုတ်အင်္ကျီ၊ အနက်ရောင် မျက်နှာဖုံးနှင့် အနက်ရောင် လက်အိတ်တို့ကို ဝတ်ဆင်ထားသည်... ပြောရလျှင် ခြေအစခေါင်းအဆုံး အနက်ရောင်ချည်းပဲဖြစ်သည်။ အဖွဲ့အစည်းတစ်ခုလုံးတွင် သူ၏မျက်နှာကို မြင်ဖူးသာမှာ ၅ယောက်သာရှိသည်။

"ဇီးရိုး ဘယ်မှာလဲ။" သူက ရှင်းရှင်းလင်းလင်း မေးလိုက်သည်။

"ကျွန်တော်တို့ သူ့ကို နောက်ယောင်မခံနိုင်တော့ပါဘူး။"

နံပါတ် (၁)က အံကြိတ်ရင်း ဖြေသည်။

"တကယ်လို့ အချိန်ပိုရခဲ့မယ်ဆိုရင်..."

ဘော့စ်က လက်ကိုမြှောက်ပြီး တားလိုက်သည်။ နံပါတ် (၁)မှာ ပေါက်ကရပြောနေသည်ကို ချက်ချင်းရပ်လိုက်ရ၏။

ဘော့စ်၏ စိတ်ခံစားချက်မှာ အလွန်ဆိုးဝါးနေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က၊ သူက ဇီးရိုးကို အမှိုက်တစ်စလို လွှင့်ပစ်ခဲ့ပြီး၊ ထိုအမှိုက်တစ်စကပင် သူ၏ လူများစွာကို သတ်ဖြတ်၍ စခန်းမှ လွတ်မြောက်သွားသည်။

"လက်နက်ကိုင် အစောင့် ၃၀ အသတ်ခံရတယ်။ သုတေသနတွေအကုန် ဖျက်စီးခံရတယ်။ လက်ရွေးစင်တပ်ဖွဲ့တစ်ဖွဲ့ အရှင်းခံလိုက်ရတယ်။ အရေးကြီးဆုံးက၊ သူက လင်ဝေရှန်းကို သတ်ပြီးတော့ လွတ်သွားသေးတယ်လား။ မင်းတို့ငါ့ကို လာနောက်နေတာလား။"

သူ၏ လူများကို အော်ပြောလိုက်သည်။

"သူဘယ်လို ပြောင်းလဲပြီး ဘယ်လောက်သန်မာသွားလဲဆိုတာ သိချင်တယ်။"

သုတေသီတစ်ဦးက အလျှင်အမြန် ပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့ သူ့ရဲ့မှတ်တမ်းတွေကို ကြည့်ပြီးတော့၊ သီအိုရီတစ်ခု ရလာပါတယ်။"

"ဆက်ပြော။"

"ဇီးရိုးရဲ့ အပြုအမူတွေနဲ့ လှုပ်ရှားမှုတွေ အားလုံးက စမ်းသပ်မှု မလုပ်ခင်နဲ့ လုပ်ပြီးတဲ့အချိန်မှာ အများကြီး ကွာခြားမှုရှိတယ်။ သူ့ကို ဖမ်းဆီးရမိခဲ့တဲ့ မှတ်တမ်းတွေအရ၊ ဇီးရိုးရဲ့ မူလနောက်ခံဟာ၊ အလူမီရာမိသားစု ဒုတိယခေါင်းဆောင်ရဲ့ တတိယသားဖြစ်ပါတယ်။"

ဤသည်မှာ ဘော့စ်အတွက်ပင် ထိတ်လန့်စရာ သတင်းတစ်ခု ဖြစ်သည်။ အလူမီရာမိသားစုသည် အလွန်စွမ်းအားကြီးမားသော တိုက်ခိုက်ရေးမျိုးနွယ်စုဖြစ်ပြီး သီးယပ်စ်နိုင်ငံနှင့် မဟာမိတ် ပြုလုပ်ထားသည်။

စမ်းသပ်မှုများအတွက် ဖမ်းဆီးခံရသူများမှာ များသောအားဖြင့် ရာဇဝတ်သားများနှင့် လေလွင့်နေသူများသာ ဖြစ်ကြသည်။ ဤကဲ့သို့ ကြီးမားသောနောက်ခံရှိသည့် လူတစ်ယောက်က ဘယ်လိုလုပ် သူတို့ဆီ ရောက်လာခဲ့တာလဲ။

"အလူမီရာမိသားစု ဒုတိယခေါင်းဆောင်ရဲ့ သား... ဘယ်လိုဖြစ်တာလဲ။"

"ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ၊ ဟန်ရှောင်းက သူ့ရဲ့မွေးချင်းတွေကြားမှာ ပါရမီမရှိဆုံး တစ်ယောက်ပါ။ သူက ဘယ်စွမ်းအင်မှ မနိုးထနိုင်ခဲ့တဲ့အပြင်၊ ဦးဆောင်မှုလည်း မလုပ်နိုင်ပါဘူး၊ စိတ်ဓါတ်ပျော့ညံ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။" သုတေသီက သူ၏မှတ်တမ်းများကို လှန်ကြည့်ရင်း ဖြေလိုက်သည်။

"ကျွန်တော်တို့ရဲ့ အေးဂျင့်တွေက သူ့ကို တိုက်ပွဲတစ်ခုအပြီးမှာ မထင်မှတ်ဘဲ တွေ့ကြုံခဲ့ပါတယ်။ သူက သူ့ရဲ့ အစ်ကို ရှောင်ဟိုင် နောက်ကို ပို့ဆောင်ရေးမစ်ရှင်တစ်ခုမှာ လိုက်လာတုန်း ချုံခိုတိုက်ခိုက်ခံကြရတာပါ။"

"ဆက်ပြော။"

"အဲဒီအချိန်တုန်းက၊ ရှောင်ဟိုင်က အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်ပြီးတော့ တိုက်ခိုက်သူတွေရဲ့ ရည်ရွယ်ချက်ကလည်း ကုန်ပစ္စည်းတွေကိုမဟုတ်ဘဲ သူ့ကိုပစ်မှတ်ထားတာ။ သူက သူ့ရဲ့မွေးချင်းတွေကြားမှာ အလားအလာအရှိဆုံး လူတစ်ယောက်လည်းဖြစ်တယ်။ အနှေးနဲ့အမြန်ဆိုသလို သူ့အဖေရဲ့ နေရာကို ဆက်ခံရဖို့ သေချာနေတယ်။ ကျွန်တော်တို့ရဲ့ သတင်းပေးတွေအရ၊ ဒီတိုက်ခိုက်မှုဟာ အတွင်းစည်းက လာတာလို့သိရတယ်။ မိသားစုထဲက တစ်ယောက်ယောက်က သူ့ကို ရှင်းပစ်ချင်နေတာ။"

"တိုက်ခိုက်မှုအတွင်းမှာ၊ ရှောင်ဟိုင်က ဟန်ရှောင်းကို သူ့အဝတ်အစားတွေ အတင်းဝတ်ခိုင်း၊ နေရာလဲခဲ့ပြီးတော့ ငါးစာအနေနဲ့ ထားခဲ့တယ်။ နောက်ဆုံးမှာ၊ ဟန်ရှောင်းက အမြောက်နဲ့ အပစ်ခံရပြီး၊ ရှောင်ဟိုင်က လွတ်မြောက်သွားခဲ့တယ်။"

"ဘယ်အချိန်တုန်းက ငါတို့သတင်းပေးတွေက ဒီလောက်တောင် သတင်းစုဆောင်းနိုင်သွားတာလဲ။"

"အမ်... ရှောင်ဟိုင်က အမှန်တရားကို မဖုံးထားခဲ့ဘူး၊ သူ ‌ဟန်ရှောင်းကို ငါးစာအဖြစ် ထားခဲ့တာကိုရောပဲ။"

"ဟန်ရှောင်းရဲ့ သေဆုံးမှုက ရှောင်ဟိုင်ရဲ့ မိသားစုထဲက ရပ်တည်မှုကို မထိခိုက်စေခဲ့ဘူး။ တစ်ချိန်တည်းမှာပဲ၊ ဒုတိယခေါင်းဆောင်ကလည်း ရှောင်ဟိုင် လုပ်တာ တော်တယ်လို့ ပြောခဲ့တယ်။ ဆရာသိတဲ့အတိုင်းပါပဲ၊ အလူမီရာမိသားစုက စွမ်းအားကို အရာအားလုံထက် ပိုအလေးထားတယ်ဆိုတာ။ ရှောင်ဟန်လို ဝန်ထုပ်ဝန်ပိုးတစ်ခုက သူတို့အတွက် ဘာအဓိပ္ပါယ်မှ မရှိဘူးလေ။ သူ့ရဲ့ မွေးချင်းတွေတောင် သူ့အတွက် ဝမ်းမနည်းကြဘူး။"

ဟန်ရှောင်၏ အတိတ်ဘဝသည် လမ်းဘေးမှ ပန်းတစ်ပွင့်လိုပင်၊ လူတိုင်းက သတိမပြုမဘဲ တက်နင်းသွားနိုင်ကြသည်။

ဘော့စ်က အေးစက်စက် ရယ်မောလိုက်သည်။

"အားနည်းသူတွေက တကယ်ကြီးကို စာနာဖို့ မထိုက်တန်ဘူး။ သူ့အတိတ်အကြောင်းက လုံလောက်ပြီ။ ဒီ၆လအတွင်း ဘာဖြစ်ခဲ့လဲ ငါ့ကိုပြော။”

"ကျွန်တော်တို့ထင်တာကတော့ ဗယ်ခရီစမ်းသပ်မှုက သူ့ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုကို အစပျိုးပေးလိုက်တာ ဖြစ်လိမ့်မယ် - ကျွန်တော်တို့ တွေးထားတာထက်ပိုတဲ့ ပြောင်းလဲမှုပေါ့။ အဲဒါက သူ့ရဲ့ ယန္တရားစွမ်းရည်ကို သော့ဖွင့်လိုက်ရုံတင်မကဘူး၊ သူ့ရဲ့ ဉာဏ်ရည်ကိုလည်း မြှင့်တင်ပေးလိုက်တယ်။ ကျွန်တော်တို့ ထင်တာက သူက ဟိုးအစကတည်းက လွတ်မြောက်ဖို့အတွက် အစီအစဉ်ဆွဲနေတာပဲ ဖြစ်မယ်။

"မင်းပြောချင်တာက ဦးနှောက်ဆေးတာက သူ့အပေါ် အလုပ်မဖြစ်ဘူးပေါ့။" ဟီလာက ဖြတ်မေးလိုက်သည်။

"ဟုတ်ပါတယ်။"

ဟီလာ မျက်မှောင်ကြုံ့သွားသည်။

သုတေသီက ဆက်ပြောသည်။

"မှတ်ဉာဏ်တွေမရှိတဲ့ စမ်းသပ်ခံတစ်ယောက်က ဘယ်လိုလုပ် သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒရှိဖို့ ဖြစ်နိုင်မှာလဲ။ ရှင်းပြနိုင်တာ တစ်ခုတည်းက ဗယ်ခရီဆေးက သူ့ရဲ့မှတ်ဉာဏ်ပြန်ရအောင် ကူညီပေးလိုက်တာပဲလေ။ ဒါပေမယ့်၊ သူက အစောကြီးထဲက ပါရမီရှိတဲ့သူလည်း မဟုတ်တော့၊ ဗယ်ခရီဆေးကပဲ သူ့ရဲ့ ပုန်းကွယ်နေတဲ့ခွန်အားတွေကို နိုးထစေခဲ့တာပဲ ဖြစ်ရမယ်။"

"သေချာလား" ခေါင်းဆောင်က အေးစက်စွာ မေးလိုက်သည်။

"အသေချာကြီးတော့ မဟုတ်ပါဘူး..." သုတေသီက ဝန်ခံ၏။ ဒါက ထင်မြင်ချက်တစ်ခုပဲလေ။ ဘယ်လိုလုပ် သေချာနိုင်မှာလဲ။

နံပါတ် (၁)က မနေနိုင်ဘဲ ဝင်ပြောပြန်သည်။ "သူ ကံကောင်းပြီး..."

ဘော့စ်က သူ့ကို စူးစိုက်ကြည့်၍ အသံတိတ်စေလိုက်သည်။

"အော် ဟုတ်သားပဲ၊ အစောင့်တွေက ဟန်ရှောင်းသုံးခဲ့တဲ့ ယန္တရားလက်ကို ပြန်ယူလာခဲ့တယ်။" သုတေသီက ထပ်ဖြည့်ပြောလိုက်သည်။

"လက်ရာက အကောင်းကြီးတော့ မဟုတ်ပေမယ့်၊ ဒီမှာ ခေတ်ရှေ့ပြေးတဲ့ အယူအဆတွေပါနေတယ်ဆိုတာ ကျွန်တော်ပြောရဲတယ်။ ဒီလက်က သူလွတ်မြောက်တဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ လက်နက်ဌာနက ဒီမော်ဒယ်ကို တိုးတက်ဖို့အတွက် ပြန်တည်ဆောက်ချင်တယ်။"

နောက်ဆုံးတော့ ကောင်းတာတစ်ခုတော့ ကြားရပြီပဲ...

ဘော့စ်က တွေးမိလိုက်သည်။

"ထောက်ပံ့ကြေးက ပြဿနာမဟုတ်ဘူး။ ငါရလဒ်ကိုပဲ လိုချင်တယ်။"

သုတေသီက ခေါင်းညိတ်ရင်း ဆက်ပြောသည်။

"ဘယ်လိုပဲဖြစ်ဖြစ်၊ ဇီးရိုးရဲ့ ဉာဏ်နီဉာဏ်နက်နဲ့ စွမ်းရည်တွေက အန္တရာယ်ရှိတယ်။ သူ့မှာ သုတေသနတန်ဖိုးလည်း ကြီးကြီးမားမားရှိတယ်။ သေသေရှင်ရှင်၊ သူ့ခန္တာကိုယ်ကို ရလိုက်တာက ဗယ်ခရီဆေးကို ပြီးပြည့်စုံစေဖို့ ကူညီပေးနိုင်မှာ သံသယရှိဖို့ မလိုဘူး။"

သုတေသီများသည် ဇီးရိုးသည် သူတို့ကို အချိန်မရွေး သတ်ဖြတ်နိုင်သည့်အတွက် အလွန်ထိတ်လန့်လျက် ရှိကြသည်။ သူတို့သည် သိပ္ပံပညာရှင်များ သက်သက်သာ မဟုတ်လော။

နံပါတ် (၁) မျက်မှောင်ကြုံ့သွားသည်။

သူဖန်တီးခံခဲ့ရသည့် အချိန်မှစ၍၊ သူ့တွင် ရှေ့လူရှိခဲ့မှန်း သူသိခဲ့ရသည်။ ထိုအချက် တစ်ချက်တည်း‌ကြောင့်ပင် ဟန်ရှောင်းကို သူ၏ ရန်သူအဖြစ် သတ်မှတ်ထားသည်။ သို့သော်လည်း၊ သူက ဟန်ရှောင်းကို ဖိနှိပ်နိုင်ခဲ့ပြီဟု ထင်ခဲ့သည့်အချိန်တွင်၊ တကယ့်လက်တွေ့က သူ့ကို ကုန်ကားတစ်စီးလို ဝင်တိုက်ခဲ့တော့သည်။

"ဆေးအကျိုးသက်ရောက်မှု နောက်ကွယ်က အဓိကအချက်ကို မဆုံးဖြတ်ရမချင်း၊ စမ်းသပ်မှုတွေအားလုံးကို ရပ်ထားလိုက်။ စမ်းသပ်ခံတွေအားလုံးကို ပြန်စုပြီး ဦးနှောက်ဆေးတာ နောက်တစ်ကြိမ်လုပ်ကြ။ နောက်ထပ်ဇီးရိုးတွေ ထပ်ပေါ်လာတာ ငါမမြင်ချင်ဘူး။" ဘော့စ်က အမိန့်ပေးလိုက်သည်။

နံပါတ် (၁)၏ မျက်လုံးများ မယုံကြည်နိုင်မှုများနှင့် ပြူးကျယ်သွားသည်။ သူ့ရဲ့ အဖွဲ့အစည်းပေါ်တွင်ရှိသော သစ္စာရှိမှုမှာ သံသယဝင်ခံနေရသည်ဟု ခံစားသွားရသည်။

"ဇီးရိုးကို လိုက်ဖမ်းဖို့အဖွဲ့ကို ကျွန်တော်ဦးဆောင်ချင်ပါတယ်။" သူ ပေါက်ကွဲပြီး ပြောလိုက်သည်။

ဘော့စ်က နံပါတ်(၁)ကို ကြည့်ရင်း စဉ်းစားနေသည်။ သူ့တွင် ဤစမ်းသပ်ခံတပ်ဖွဲ့အတွက် မျှော်လင့်ချက် မြင့်မြင့်မားမား ရှိနေသည်။

"မင်း လုပ်နိုင်လား။"

"ကျွန်တော် သေချာပေါက် အောင်မြင်ရမယ်။" နံပါတ် (၁)က ကြေညာသည်။

"ကောင်းပြီ၊ ဇီးရိုးကို ပြန်ခေါ်ခဲ့၊ အသေပဲရရ အရှင်ပဲရရ..."

အခန်း (၁၂) ပြီး၏။

လင်းဆက်

All Chapters