ခေတ်ဟောင်းနှင့် ခေတ်သစ်
Vol. 1 Ch. 14
အခန်း (၁၄) ခေတ်ဟောင်းနှင့် ခေတ်သစ်
ဟန်ရှောင်းသည် အစားအသောက်နှင့် ရေများ အလွန်လိုအပ်နေသည့်အတွက် ကုန်သည်၏ အလိုအတိုင်း လိုက်ရန်သာ ကျန်တော့သည်။
သက်ပြင်းချလိုက်ပြီး၊ ကျည်ဆန် ၁၅၀ကို ကားပေါ်သို့ တင်ပေးလိုက်သည်။
ရုတ်တရက်၊ ပသိုင်းမွှေးနှင့် လူကြီးက လက်ကို ယမ်းလိုက်ပြီး၊
"၁၈၀"
ဟန်ရှောင်း သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
"အိုးဟိုဟို... ကြောက်စရာမျက်လုံးတွေပါလား။ ငါ့ကို သတ်ချင်နေတာလား ဘာလားပဲ။ ဟေးလူတွေ ဒီကိုမြန်မြန်လာကြည့်ကြစမ်း၊ ဒီကောင်က ငါ့ကိုသတ်ချင်နေပြီ။"
လေလွင့်သွားလာသူ တစ်ဒါဇင်ခန့် ချက်ချင်းဆိုသလို ဝိုင်းအုံလာကြသည်။ အချို့တွင် တုတ်ချောင်းများပင် ပါလာသည်။
"ဒါက ငါတို့နေရာပဲ။ ကြောင်တောင်တောင် လာလုပ်နေတာလား။"
"အိုကေအိုကေ၊ ကျည်ဆံ ၁၈၀။ ငါ့သာ လုပ်သွားပါတော့ကွာ။"
ဟန်ရှောင်းက ကျည်ဆံများကို အမြန်ထုတ်လိုက်ပြီး ဈေးထပ်တင်မည်စိုးသဖြင့် ပစ်ပေးလိုက်သည်။
ကုန်သည်က ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး ပစ္စည်းများ သွားယူရန် တစ်ယောက်ကို စေလွှတ်လိုက်သည်။
ပစ္စည်းများကို စစ်ဆေးပြီးနောက်၊ ဟန်ရှောင်းက ကုန်သည်ကို လက်ခလယ်ထောင်ပြကာ လှည့်ထွက်သွားတော့သည်။
ရုတ်တရက်၊ ကုန်သည်က စကားလှမ်းပြော၏။
"ဟေး၊ ဒီတောအုပ်ထဲက လမ်းလျှောက်ထွက်သွားဖို့ ကြံနေတာလား။"
"ဘာဖြစ်လို့လဲ၊ ပြဿနာရှိလို့လား။"
"ငါ့မှာ ပစ်ကပ်အဟောင်းတစ်စီး ရှိတယ်၊ ယူချင်လား။"
ကုန်သည်က ကောင်းကောင်းမွန်မွန် မေးလိုက်သည်။
"ငါမင်းရဲ့ ဈေးကို တတ်နိုင်မယ် မထင်ဘူး။"
ဟန်ရှောင်း ပြန်ပြောလိုက်သည်။
"အိုး... ငါကတော့ မင်းတတ်နိုင်မယ် ထင်တာပဲ။"
ကုန်သည်က ဟန်ရှောင်း၏အိတ်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"မင်းမှာ ကျည်ဆံတွေ အများကြီး ရှိတာပဲ။ သေနတ်တွေလည်း အများကြီးရှိမှာ သေချာတယ်။"
ဟန်ရှောင်း၏အိတ်သည် အမှန်ပင် သေနတ်များနှင့် ပြည့်နေသည် - အရည်အသွေး အကောင်းစားများ ဖြစ်သည်။ သူက ညဇီးကွက်တပ်ဖွဲ့မှ သိမ်းဆည်းလာခြင်း ဖြစ်သည်။ သူ့တွင် စနိုက်ပါနှင့် ကျည်ကာအင်္ကျီများပင် ရှိသေးသည်။ ပစ်ကပ်ကားအဟောင်းအတွက် သူအမှန်ပင် တတ်နိုင်ပါသည်။
သို့သော်လည်း၊ ဟန်ရှောင်းက ခေါင်းကို ခါယမ်းလိုက်သည်။
ကားက ဘီးရာများ ကျန်နေလိမ့်မည်။ ထို့ပြင် ဟန်ရှောင်းက ရဟတ်ယာဉ်တစ်စီးနှင့် အပြေးပြိင်ရန် ကြိုးစားလိမ့်မည် မဟုတ်ပေ။ လမ်းလျှောက်တာက ပိုလုံခြုံပေသည်။
ထို့အပြင်၊ အကယ်၍ ဂျာမီနယ်အဖွဲ့အစည်း၏ အေးဂျင့်များသာ သူတို့၏ သေနတ်များကို ဒီနေရာမှာ ရှာတွေ့ခဲ့ပါက၊ ဟန်ရှောင်းအတွက်တင်မက ဤလေလွင့်သွားလာသူများအတွက်ပါ ကံဆိုးမိုးမှောင် ကျပေလိမ့်မည်။ အချို့သော စိတ်ခံစားမှုကြောင့်၊ သူတို့ကို သေနတ်များ ရောင်းချခြင်းသည် မရိုးသားရာ ကျပေလိမ့်မည်။
ဟန်ရှောင်းသည် သိပ်မကြာခင်က လူအမြောက်အများ သတ်ဖြတ်ခဲ့သော်လည်း၊ ထိုအရာသည် စိတ်ခံစားချက်ကြောင့် မဟုတ်ပေ။ အသက်ရှင်နိုင်ရန် အတွက်သာဖြစ်သည်။
သို့သော်လည်း ကုန်သည်သည် ဖျောင်းဖျလို့လွယ်သည့် လူတစ်ယောက်တော့ မဟုတ်ပေ။
ဟန်ရှောင်းက ပြန်ပြောရန် ပြင်လိုက်စဉ်၊ လူကြီးတစ်ယောက်၏ အသံက ဟိန်းထွက်လာသည်။
"ကိုင်လောင်၊ မင်းအပြင်လူတွေဆီက အခွင့်အရေး ယူနေပြန်ပြီလား။"
တိရစ္ဆာန်အရေခွံများဖြင့် ဖာထေးထားသည့် အမဲလိုက်ဝတ်စုံ ဝတ်ဆင်ထားသော ခန္ဓာကိုယ်တောင့်တောင့်နှင့် လူကြီးတစ်ဦးသည် လူအုပ်၏နောက်၌ ပေါ်လာသည်။ သူ လူအုပ်အလယ်သို့ လမ်းလျှောက်လာသည်တွင် လူတိုင်းက သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။ ဤလူကြီးကို လူတိုင်းက လေးစားကြပုံပေါ်သည်။
ပသိုင်းမွှေးနှင့် ကုန်သည်က ညည်းညူလိုက်သည်။
"ဟူရွှမ်းကျန်၊ ငါ ခက်ခက်ခဲခဲ ရောင်းထားရတာ၊ ဒီကိုလာပြီး ဝင်မရှုပ်နဲ့။"
ဟူရွှမ်းကျန်က ကျည်ဆံများကို ကောက်ယူလိုက်ပြီး ဟန်ရှောင်းကို ပြန်ပေးလိုက်သည်။
"မင်းလိုချင်တဲ့ ပစ္စည်းတွေက အဲ့လောက်ကြီး မတန်ပါဘူး။ လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ။ ဒီမှာ၊ ဒါတွေ ပြန်ယူသွားလိုက်။"
ဟန်ရှောင်းသည် လူကြီး၏ သူရဲကောင်းစိတ်ဓါတ်ကြောင့် ဆွံ့အသွားခဲ့ရပြီး မယုံကြည်နိုင်သလို စိုက်ကြည့်နေမိသည်။ လူကြီးသည် အလွန်တောင်းတင်းခိုင်မာသော ကြွက်သားများနှင့် မွန်ဂိုမျိုးနွယ်ဖွားဖြစ်ပြီး ဆံပင်ဖြူများ ခေါင်း၏ ဘေးနှစ်ဖက်တွင် ဖုံးလွှမ်းနေသည်။ မျက်လုံးများမှာ လင်းယုန်တစ်ကောင်၏ မျက်လုံးကဲ့သို့ စူးရှနေ၏။ သူသည် မှန်ကန်ဖြောင့်မတ်သော လူတစ်ယောက်နှင့် အလွန်တူလှ၍ ဟန်ရှောင်းသည် ထိုလူကြီးကြောင့် စိတ်ထဲ နွေးထွေးသွားသည်။
"ဟေး၊ ငါ့အတွက်ရော။" ကိုင်လောင်က ဝင်ပြောသည်။
"ဒါ အစားအသောက်ပဲမဟုတ်လား၊ မင်းကို နက်ဖြန်ကျရင် ပိုပေးမယ်။" ဟူရွှမ်းကျန် က သာမန်အတိုင်းသာ ပြောလိုက်သည်။
ကိုင်လောင် စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ နေ့တိုင်း သူစိမ်းတစ်ယောက်က လာပြီး သူ့ကို ပိုက်ဆံမြန်မြန်ရအောင် ပေးမနေဘူးလေ။
"အဝေးက လာတဲ့သူက ဧည့်သည်ပဲ။ တစ်ယောက်တည်း ခရီးသွားရတာ ပင်ပန်းနေတဲ့ပုံပဲ။ ငါ့အိမ်မှာလိုက်ပြီး အားပြန်ဖြည့်လိုက်ပါလား။"
ဟန်ရှောင်း တွေဝေနေသည်။ သူသည် အမှန်တကယ်ပင် အားပြန်ဖြည့်ရန် သင့်တော်သောနေရာတစ်ခု လိုနေသည်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဟူရွှမ်းကျန်က သူ့ကို ကောင်းသောထင်မြင်ချက်ပေး၍ ခေါင်းညိတ်လိုက်လေသည်။
ဟန်ရှောင်း ဟူရွှမ်းကျန်နောက်ကို လိုက်သွားသည်နှင့် လူစုကွဲသွားလေသည်။ ကိုင်လောင်မှာ ဒေါသပုန်ထနေသော်လည်း သူဘာမှမလုပ်နိုင်ပေ။ သူသည် ဟူရွှမ်းကျန်ကို ရန်မစရဲပေ။
ဟူရွှမ်းကျန်က ဟန်ရှောင်းကို သူ၏တဲဆီသို့ ခေါ်ဆောင်သွားသည်။ တဲထဲဝင်ပြီးသည်နှင့် "အန်၊ ဒီနေ့ ငါတို့မှာ ဧည့်သည်ရှိတယ်၊ ပိုချက်ပါဦး။" ဟု လှမ်းအော်လိုက်သည်။
"အိုကေ။" အမျိုးသမီး အသံတစ်ခုက ပြန်ပြောသည်။
ဟန်ရှောင်းသည် ဟူရွှမ်းကျန်နောက်မှ တဲအတွင်းသို့ ဝင်လာသည်။ အန်သည် သာမန်ရုပ်ရည်သာရှိသော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ရိုးရှင်းသော စကတ်လေးကို ဝတ်ဆင်ထားသည်။ ဟန်ရှောင်းက သူမ မျက်စိမမြင်သည်ကို သတိထားမိ၏။
"ဒါက ငါ့ရဲ့ အမျိုးသမီး။" ဟူရွှမ်းကျန်က အပြုံးဖြင့် မိတ်ဆက်ပေးသည်။
"တွေ့ရတာ ဝမ်းသာပါတယ်။" အန်ကလည်း ဝင်ပေါက်သို့ ဦးတည်၍ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမသည် ပန်းကန်ခွက်ယောက်များ၊ အသားခြောက်၊ ဟင်းသီးဟင်းရွက်များကို ယူဆောင်ပြီး တဲ၏အလယ်ရှိ ရိုးရှင်းသော ရွှံ့မီးဖိုတွင် စီစဉ်ချက်ပြုတ်နေသည်။
ဟန်ရှောင်းနှင့် ဟူရွှမ်းကျန်က ထိုင်၍ စကားပြောနေကြသည်။
တခဏမျှကြာပြီးနောက်၊ ဟူရွှမ်းကျန်၌ အခြား ဖုံးကွယ်ထားသည့် အကြံအစည်များမရှိဘဲ၊ လူကောင်းတစ်ယောက်သာဖြစ်ကြောင်း ဟန်ရှောင်း သေချာသွားသည်။
"ကျွန်တော် အစောတုန်းက သတိထားမိတယ်၊ ဒီအသိုင်းအဝိုင်းက လူတော်တော်များများက အဖြူတွေပဲ၊ အစ်ကိုက ဘယ်လိုလုပ် သူတို့နဲ့ နေဖြစ်သွားတာလဲ။"
ရေပင်လယ်ဂြိုလ်တွင် လူသားမျိုးနွယ် ၄ခုရှိကြပြီး - အနက်၊ အဖြူ၊ အဝါနှင့် ရှန်နူတို့ ဖြစ်ကြသည်။
"ထူးထူးခြားခြား အကြောင်းပြချက်တော့ မရှိပါဘူး။ ခေတ်ကြီးကလည်း ပရမ်းပတာကြီး ဖြစ်နေတယ်လေ။ ငါက အချို့ခရီးသွားတွေနဲ့ ကံကောင်းပြီးတွေ့ခဲ့တာ၊ အဲဒီအချိန် အန်ကလည်း နေမကောင်းဖြစ်နေတော့ သူတို့နဲ့နေဖို့ ဆုံးဖြတ်လိုက်တာ။ ငါတို့က နိုင်ငံတွေမတူ၊ လူမျိုးတွေ မတူပေမယ့်လည်း၊ ငါတို့အားလုံးက ခေတ်ဟောင်းက ကျန်ရစ်သူတွေ၊ ပြီးတော့ ကိုယ့်ရဲ့နိုင်ငံကို ဆုံးရှုံးခဲ့ကြဖူးတဲ့သူတွေချည်းပဲ။ ဘာမှတော့ ခွဲခြားနေဖို့ မလိုပါဘူးလေ။ ငါတို့အကုန်လုံးက လူသားတွေပဲ မဟုတ်လား။"
နိုင်ငံဆုံးရှုံးသွားသူ အချို့က နိုင်ငံ၆နိုင်ငံနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ကြသည်။ အချို့ကတော့ ဂျာမီနယ် အဖွဲ့အစည်းကို ရွေးခဲ့ကြသည်။ ကျန်တဲ့သူတွေ အားလုံးသည် လေလွင့်သွားလာသူများ ဖြစ်လာကြသည်။ လေလွင့်သွားလာသူများသည် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့် ရှိကြသည်။
ရေပင်လယ်ဂြိုလ်တွင် နိုင်ငံပေါင်း ၁၀၀ကျော် ရှိခဲ့ဖူးပြီး၊ အဆင့်မြင့် လူမှုအဖွဲ့အစည်းတစ်ခုနှင့် တွေ့ဆုံခဲ့သောအခါ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ လူသားမျိုးနွယ်များ တိုးတက်ရေးနှင့်၊ စကြ၀ဠာအတွင်း သွားလာနိုင်ရေးတို့သည် လှုပ်ရှားမှုကြီးတစ်ခု ဖြစ်စေရန် မီးစတစ်ခု ဖြစ်ခဲ့၏။ နိုင်ငံများအား စုပေါင်းခြင်းသည်လည်း လူကြိုက်များသော အတွေးအခေါ်တစ်ခု ဖြစ်လာသည်။
တစ်ယောက်တည်းက ကမ္ဘာကြီးအား ပြောင်းလဲနိုင်မည်ဟု တွေးရန်မှာ အလွန်အလှမ်းဝေးသော်လည်း၊ ထိုအတွေးအခေါ်ကို ထောက်ခံသည့် စွမ်းအားရှိသော လူများလည်း ရှိကြသည်။ ထိုလူများက နောက်ကွယ်မှ ပူးပေါင်းကြံစည်ကြပြီး ထိုသို့ဖြစ်မြောက်လာအောင်လည်း လုပ်ခဲ့ကြသည်။
တိုတိုနှင့် လိုရင်းကိုပြောရလျှင်၊ စစ်ပွဲများ၊ စေ့စပ်ဆွေးနွေးခြင်းများ၊ ငြိမ်းချမ်းသော မငြိမ်းချမ်းသော အားထုတ်မှုများပြီးနောက်၊ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပင် နိုင်ငံများအားလုံးသည် နိုင်ငံ၆နိုင်ငံအဖြစ် ပေါင်းစည်းသွားကြသည်။
အစားထိုး၍မရနိုင်ဟု လူများထင်ထားကြသော အရာများစွာတို့သည် ရပ်တန့်၍မရနိုင်သော ပြောင်းလဲမှုလှိုင်းလုံးကြီးများကြောင့် ဘေးသို့ဖယ်ရှားခံလိုက်ရသည်။ လူပေါင်းများစွာ၏ အသက်များသည်လည်း ထိုဖြစ်စဉ်တွင် စတေးခဲ့ကြရ၏။
ဤသည်မှာ လူမှုအဖွဲ့အစည်း၊ ယဉ်ကျေးမှုတစ်ခုပင်ဖြစ်သည်။ လူများသည် မြစ်ချောင်းထဲရှိ ကျောက်ခဲလိုပင်၊ ရေစီးအတိုင်း လိုက်ပါနေရုံသာ။
မူရင်းအခြေအနေကို ထိန်းသိမ်းရန်မှာ အမြဲတမ်းလွယ်ကူသော်လည်း၊ တော်လှန်ရေးကတော့ နာကျင်မှုများ၊ ထိခိုက်ခံစားရမှုများနှင့် ပြည့်နှက်နေသည်။ တစ်ဦးချင်း၏ အကျိုးအမြတ်နှင့် လူ့အဖွဲ့အစည်း၏ တိုးတက်မှုတို့ နှိုင်းယှဉ်လာချိန်တွင်၊ ရှေ့ကအရာကို ဦးစားပေးကြသည်မှာ လူများ၏ သဘာဝပင်ဖြစ်သည်။
အမှန်တကယ် တစ်ကိုယ်ကောင်းမဆန်သော လူများသည် ရှားပါးမျိုးစိတ်များဖြစ်ကြပြီး၊ ထိုသို့မဟုတ်ပါက တစ်ကိုယ်ကောင်းမဆန်ခြင်းကို သူတော်ကောင်းတရားအဖြစ် မြင်ကြတော့မည် မဟုတ်ပေ။
"ကြည့်စမ်း၊ ဒီကမ္ဘာကြီးမှာ ကောင်းတဲ့လူတွေ ရှိပါသေးတယ်" ဆိုသည့် စကားသည်၊ ကြားရသည်မှာ ဝမ်းနည်းစရာ ကောင်းလှ၏။
ဒါပေမယ့်လည်း၊ ပြောင်းလဲမှုသည် ရေပင်လယ်ဂြိုလ်အတွက် စောလွန်းလှသည်။
"အန်ဒရီရာတိုက်ပွဲက အရာအားလုံးကို ဆုံးဖြတ်ခဲ့တာပဲ။ တစ်ခါတစ်လေ၊ ငါတို့ဘဝတွေကို ဘယ်လိုအလေးမထားဘဲ နေခဲ့မိလဲဆိုတာ တွေးမိတယ်။ ပြီးတော့ အတိတ်တုန်းက ဘဝက ဘယ်လောက်တောင် အေးချမ်းခဲ့လဲဆိုတာကိုလည်း လွမ်းတယ်။ အပြောင်းအလဲက ချက်ချင်းကြီးလာမယ်လို့ ဘယ်သူကတွေးမိမှာလဲ။ ငါဆိုလိုတာကကွာ၊ တကယ်လို့ ဒီဂြိုလ်ကြီးရဲ့ အရင်းအမြစ်တွေ ကုန်ခမ်းသွားမယ်ဆိုရင်တောင်၊ အဲဒါက နှစ်ရာပေါင်းအတော်ကြာမှဖြစ်မှာ မဟုတ်ဘူးလား။ ဘာလို့ငါတို့က ဒီလိုအရာတွေကို အခုဖြေရှင်းနေရမှာလဲ။"
ဟူရွှမ်းကျန်က ဝမ်းနည်းပူဆွေးရင်း ပြောသည်။
ဟန်ရှောင်း ဂရုဏာသက်စွာ သက်ပြင်းချလိုက်မိသည်။
အခန်း (၁၄) ပြီး၏။
လင်းဆက်