ကမ္ဘာတုန်လုမတတ် ရတနာ
Vol. 79 Ch. 1099
နတ်ဘုရားကုန်းမြေသို့ ရောက်ရှိပြီးနောက် မိုဝူကျိက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ဆီ မသွားရောက်ခဲ့ပေ။
မိုဝူကျိက ဝိဇ္ဇာထန်းဟန်သည် သူ့စွမ်းအားများ ပြန်လည် ပြည့်ဝလာဖို့ မည်မျှ ကြာမြင့်မည်ကို မသိပေ။ ဤတစ်လျှောက်လုံး မိုးမြေ မီးပြင်းဖိုက သူ့လူသားကမ္ဘာထဲ ရှိနေပေသည်။ ထိုအရာက သူ့အား အလျှင်လိုစေသည်။ ကံကောင်းစွာဖြင့် ဝိဇ္ဇာများပင် သူ့လူသားကမ္ဘာကို အာရုံမခံနိုင်ကြပေ။ မဟုတ်ပါက သူ့မီးပြင်းဖို ပိုင်ဆိုင်ထားသည့်အချက်မှာ လျို့ဝှက်ချက်အဖြစ် ကျန်ရှိမည် မဟုတ်ချေ။
ယခင် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ ကျင့်ကြံရေး အရင်းအမြစ်ပြိုင်ပွဲတုန်းက သူတို့သည် ကူးသန်းရေး အစီအရင်ဖြင့် ထိုပိုင်ရှင်မဲ့ဂြိုလ်သို့ သွားခဲ့ကြသည်။ နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာပြီးနောက် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ ပိုင်နက်အတွင်း သိသိသာသာ မပြောင်းလဲသွားသော်လည်း စည်းမျည်းများက ပိုမို ပြီးပြည့်စုံလာသည်။ ကူးသန်းရေး အစီအရင်အားလုံးလည်း ပြန်လည် ခင်းကျင်းဖို့ လိုအပ်နေသည်။
မိုဝူကျိက ကူးသန်းရေး အစီအရင် အသုံးမပြုနိုင်သောကြောင့် သူ့ဘာသာ သွားလာရတော့မည်။
စန်းကျန့်ရှင်း၏ မြေပုံက အတော်လေး တိကျပေသည်။ လဝက်ကြာပြီးနောက် မိုဝူကျိက နတ်ဘုရားကုန်းမြေ လူသူကင်းမဲ့သည့် ထောင့်တစ်နေရာ၌ အာကာပြင် ဝင်ပေါက်တစ်ခုကို တွေ့လိုက်ရသည်။
မိုဝူကျိ၏ နတ်ဘုရားဘုရင် အဆင့် ၆ ကျင့်ကြံဆင့်နှင့်အတူ မြေကျုံ့ပညာရပ်နှင့် လေရွေ့ပြောင်းစွမ်းရည်တို့ဖြင့်ပင် ထိုဂြိုလ်ဆီ အာရုံခံမိဖို့ရာ တစ်လတာ ကြာမြင့်ခဲ့သည်။
နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာခြင်းကြောင့် နတ်ဘုရားကုန်းမြေ ပတ်လည်ရှိ အာကာပြင်သည် သိသိသာသာ ပြောင်းလဲသွားသည်။ ဤဂြိုလ်က မူလနေရာမှ ရွေ့သွားလေ၏။ မိုဝူကျိ၏ အသိစိတ်ပင်လယ်မှာ အားကောင်းနေပြီး စိတ်စွမ်းအား စက်ဝန်းမှာ ကျယ်ဝန်းသည့်အတွက် ကံကောင်းသွားပေသည်။ မဟုတ်လျှင် သူ့အနေနှင့် ရှာတွေ့မည် မဟုတ်ပေ။
အကယ်၍ သူသာ နောက်ထပ် နှစ်အနည်းငယ် နောက်ကျသွားလျှင် စန်းကျန့်ရှင်း မြေပုံနှင့်ပင် ဤဂြိုလ်ကို ရှာတွေ့နိုင်တော့မည် မဟုတ်လောက်ပေ။
မိုဝူကျိက ထိုဂြိုလ်ပေါ် ရောက်လာသည့်အခါ ပျက်စီးစွမ်းအားများကို ခံစားမိလိုက်သည်။ ဤနေရာရှိ စည်းမျည်းများသည် ပြိုကျ ပျက်စီးသွားပြီ ဖြစ်၏။ ဤစွမ်းအားဖြင့် ဤဂြိုလ်မှာ ရှိနေသေးသော်လည်း ဖြည်းဖြည်းချင်းဖြင့် စကြဝဠာအတွင်း အပိုင်းအပိုင်းအစစ ကွဲထွက်သွားမည်သာ ဖြစ်ပေသည်။
ခွန်းယွင်သည် ပင်းထန်းဝါးနှင့် ကမ္ဘာဦး စွမ်းအားများမှ ဤဂြိုလ်ပေါ်တွင် လျို့ဝှက်ချက် ရှိနေကြောင်း ပြောနိုင်လေ၏။ ထိုလျို့ဝှက်ချက်အကြောင်းကိုတော့ ခွန်းယွင်က ထုတ်မပြောခဲ့ပေ။ ခွန်းယွင် ပြောစကားအရ မိုဝူကျိသာ သူ့အား ဤဂြိုလ်ပေါ်သို့ ခေါ်မလာလျှင် ခွန်းယွင်က ထိုလျို့ဝှက်ချက်ကို သေချာပေါက် ထုတ်ပြောမည် မဟုတ်ပေ။
အကယ်၍ ခွန်းယွင်သာ နတ်ဘုရားသင်္ချိုင်းဂူ၏ နတ်ဘုရား နားခိုရာနယ်မြေအတွင်း မပိတ်မိနေခဲ့လျှင် မိုဝူကျိက ခွန်းယွင်ကို ခေါ်လာမည် ဖြစ်၏။ ယခု ခွန်းယွင်က နတ်ဘုရား နားခိုရာနယ်မြေအတွင်း ပိတ်မိနေခဲ့သည့်အတွက် သူ အလိုရှိလျှင်ပင် ခွန်းယွင်အား ခေါ်မလာနိုင်တော့ပေ။
ဤဂြိုလ်ပျက်ကြီးက မိုဝူကျိအား ကူကယ်ရာမဲ့သွားစေသည်။ သူက ဤနေရာ၌ ဂူပိတ်လေ့ကျင့်ဖို့ ကြံရွယ်ထားလေ၏။ သို့သော် ယခုတွင် ဤမျှအတိုင်းအတာအထိ ပျက်စီးနေလေရာ သူ့အနေနှင့် နတ်ဘုရားဘုရင် ပြီးပြည့်စုံခြင်းအဆင့် မရောက်ခင် လုံးဝ ပျက်စီးသွားနိုင်လေသည်။
ယခု မိုဝူကျိ၏ စိတ်စွမ်းအားက အရမ်းအားကောင်းနေပြီ ဖြစ်ရာ ဂြိုလ်တစ်ခုလုံးကို စတင် စစ်ဆေးကြည့်လိုက်သည်။ ဤဂြိုလ်ရှိ စည်းမျည်းများက ပျက်စီးသွားသောကြောင့် မိုဝူကျိ၏ စိတ်စွမ်းအားက အတားအဆီး အနှောင့်အယှက်မရှိ စစ်ဆေးနိုင်လေ၏။ မိုဝူကျိလိုမျိုး လူသားကျင့်စဉ်ကို ကျင့်ကြံထားသည့် လူတစ်ယောက်သာ ဤနေရာမျိုး၌ ကျင့်ကြံနိုင်လိမ့်မည်။ အကယ်၍ တခြားသူ ဖြစ်နေပါက ဤနေရာမှာ ကျင့်ကြံဖို့ သင့်တော်သည့် နေရာတစ်ခု မဟုတ်ပေ။
နှစ်လတာ ကုန်ဆုံးသွားပြီးနောက် မိုဝူကျိက ၉၉ ရာခိုင်နှုန်းလောက် စစ်ဆေးကြည့်ပြီးသွားသော်လည်း တန်ဖိုးရှိရာ ဘာမှရှာမတွေ့သေးပေ။
ဤနေရာရှိ ကမ္ဘာဦးစွမ်းအားမှာ ပြောင်ပြောင်သလင်းခါ စုပ်ယူပြီးသွားစဉ်ကတည်းမှ တန်ဖိုးရှိရာ မကျန်ရှိတော့ပေ။ အကယ်၍ တစ်စုံတစ်ခုသာ ရှိနေသေးလျှင် ပန်းပဲပစ္စည်းများသာ ဖြစ်လိမ့်မည်။
မိုဝူကျိ၏ လက်ရှိအဆင့်ဖြင့် ပန်းပဲပစ္စည်းများက သူ့အာရုံကို ဖမ်းစားဖို့ မလုံလောက်သေးပေ။
နောက်ထပ် နှစ်လကြာမြင့်ပြီးနောက် မိုဝူကျိက သက်ပြင်းချလိုက်သည်။ သူက ခွန်းယွင်ပြောသည့် တန်ဖိုးရှိသည့် ရတနာမှာ ဘာမှန်း မသိပေ။ အကယ်၍ သဏ္ဍာန်မဲ့ ပစ္စည်း ဖြစ်နေလျှင် သူ့အနေနှင့် ရှာတွေ့နိုင်မည် မဟုတ်ချေ။
မိုဝူကျိက သူ နာမည်ပင် မသိထားသည့် ရတနာကို ဆက်လက် မရှာတော့ပေ။ သူက ကျင့်ကြံရေး၌သာ အချိန်ဖြုန်းဖို့ ကြံရွယ်လိုက်လေ၏။
ဤဂြိုလ်မှာ ကြာရှည်မခံတော့ကြောင်း သိ၍ မိုဝူကျိက ဤနေရာ၌ ဆက်လက် မကျင့်ကြံလိုပေ။ သို့သော်လည်း ခွန်းယွင် စကားများကို အမှတ်ရသွားသောအခါ ဂြိုလ်၏ အနက်ပိုင်းသို့ စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်လေ၏။ သူက ဤနေရာ မပျက်စီးသွားခင်အထိ ကျင့်ကြံမည်။ အနည်းဆုံးတော့ သူ လက်လွှတ်လိုက်ရသည့်အတွက် နောင်တမရလောက်တော့ပေ။
သူ မြေကြီးထဲ စတင် စူးစမ်းကြည့်လိုက်သည့်အခါ ဘာကိုမှ သတိမပြုမိပေ။ သို့သော် အတွင်းပိုင်း ရောက်လာပြီး ဂြိုလ်၏ ပင်မဗဟိုချက်နှင့် နီးကပ်လာသည်နှင့် အေးစက်စက် ခံစားလာရ၏။
မိုဝူကျိက နှလုံးခုန် မြန်လာမိသည်။ သူက ဤဂြိုလ်၏ စည်းမျည်းများမှာ ပျက်စီးသွားပြီ ဖြစ်ကြောင်း သိထား၏။ ထိုအကြောင်းအရင်းကြောင့် ဂြိုလ်က ပျက်စီးသွားတော့မည် ဖြစ်ပေသည်။ သို့သော်လည်း စည်းမျည်းမရှိသည့် ဂြိုလ်တစ်ခုက အေးစက်စက် အငွေ့အသက်မျိုး မထုတ်လွှင့်နိုင်ပေ။
ယခု ထိုအေးစက်မှု ထွက်ပေါ်လာသောကြောင့် ရှင်းပြချက်မှာ တစ်ခုတည်းသာ ကျန်ရှိတော့သည်။ ဤသည်မှာ ကိုယ်ပိုင်စည်းမျည်း ရှိနေသည့် ရတနာတစ်ခုမှ ထွက်ပေါ်လာခြင်းသာ ဖြစ်ရမည်။
ဤရတနာက ခွန်းယွင် ပြောခဲ့သည့် ရတနာ ဖြစ်နေနိုင်သည်။ မိုဝူကျိက ထိုအတွေးဖြင့် အရှိန်မြင့်လိုက်၏။ ရက်များစွာ ကြာမြင့်ပြီးနောက်တွင် သူက ရပ်တန့်လိုက်သည်။
သူက ဂြိုလ်အနက်ဆုံးပိုင်းသို့ ရောက်ရှိနေလေပြီ။ ဤဂြိုလ်၏ ဗဟိုချက်က မီတာတချို့ကျယ်ဝန်းသည့် လေဟာနယ်တစ်ခုလို ဖြစ်၏။ ထိုအလယ်တွင် မြောက်များစွာသော သင်္ကေတများနှင့် စက်လုံးသဏ္ဍာန် မီးခိုးရောင်အလုံးလေးက တဖြတ်ဖြတ် တောက်ပနေသည်။
ဤစက်လုံးလေးက မိုဝူကျိအား ဂြိုလ်အသေးစား ပုံရိပ်လေးကို ပေးစွမ်းနေသည်။ လူလုပ် ကမ္ဘာမြေကဲ့သို့ပင် ခံစားနေ၏။ တစ်ခုတည်းသော ခြားနားချက်မှာ ဤဂြိုလ်အသေးလေးကို အေးစက်မှုများနှင့် လွှမ်းခြုံထားခြင်းသာ ဖြစ်၏။ မိုဝူကျိ၏ ကျင့်ကြံဆင့်ဖြင့် ထိုစက်လုံးအတွင်းမှ အအေးဓာတ် စည်းမျည်းများကို ခံစားမိသင့်သည်။ သို့သော်လည်း လက်တွေ့၌ သူက ဘာဆိုဘာမှ မခံစားမိပေ။
မိုဝူကျိက စွမ်းအားစက်ကွင်းကို ထုတ်ဖော်လိုက်ပြီး ထိုစက်လုံးလေးအား ရစ်ပတ်ထားလိုက်၏။ တစ်ချိန်တည်းတွင် သူက ဆုပ်ကိုင်လိုက်သည်။
ကြောက်မက်ဖွယ် တွင်းနက်ကြီးနှင့်တူသည့် စုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်။ မိုဝူကျိက နတ်ဘုရားဘုရင် အဆင့် ၆ ဖြစ်သော်လည်း စုပ်ယူခံလိုက်ရပြီး ခုခံနိုင်စွမ်းပင် မရှိလိုက်ပေ။
ဘာတွေ ဖြစ်နေတာလဲ ….
မိုဝူကျိက စိတ်စွမ်းအားကို ချက်ချင်း ဖြန့်ကျက်လိုက်သည်။
“ ဝုန်း ” ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးက မိုဝူကျိ၏ အသိစိတ်ပင်လယ် တစစီ ဖြစ်လုနီးပါး ဖြစ်သွားသည့်အထိ ခြိမ်းခြောက်လာသည်။
မိုဝူကျိက စိတ်စွမ်းအားကို မြန်မြန် ရုတ်သိမ်းလိုက်ရသည်။ ထိုစဉ် သူက အဖြစ်အပျက်ကို နားလည်သွားလေ၏။ သူ ဤဂြိုလ်အသေးလေးကို ပထမဆုံး ထိစဉ်အခါက သူ့အား စုပ်ယူသွားလေသည်။ ထိုအခိုက်အတန့်၌ ထိုဂြိုလ်အသေးလေး အပြင်ဘက်ရှိ ဂြိုလ်ပျက်ကြီးက ပေါက်ကွဲထွက်သွားလေသည်။
ဂြိုလ်ပျက်ကြီးက ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်၍ မိုဝူကျိက စိတ်ထဲ မထားပေ။ သူ့စိတ်စွမ်းအားကို ရုတ်သိမ်းပြီးနောက် ဂြိုလ်အသေးလေးအတွင်းရှိ အာကာပြင်ကို သေချာစူးစမ်းလိုက်သည်။
အပြင်ဘက်၌ ထိုဂြိုလ်အသေးလေးသည် ဘောလီဘောလောက်ပင် မကြီးပေ။ သို့သော် အထဲဝင်ပြီးနောက် အဆုံးမရှိသည့် ကမ္ဘာတစ်ခုကို မြင်တွေ့လိုက်ရသည်။
မိုဝူကျိက ဤဂြိုလ်အတွင်းရှိ အဆုံးမဲ့ စည်းမျည်းများကို သတိပြုမိလိုက်သည့်အခါ လုံးဝ ကြောင်အမ်းသွားလေသည်။
ဤနေရာ၌ သူက သဘာဝငါးမျိုး စည်းမျည်း၊ အာကာပြင် စည်းမျည်း၊ အချိန်စည်းမျည်း၊ အမှောင်ထု စည်းမျည်း …. တို့ကို မြင်လိုက်ရသည်။ သူက ရှင်သန်မှု စည်းမျည်းနှင့် သေဆုံးမှု စည်းမျည်းကိုပင် မြင်တွေ့လိုက်ရသေး၏။
အပြင်နှင့်အတွင်း အရွယ်အစား ကွာခြားနေသည်မှာ မထူးဆန်းတော့ပေ။ အကြောင်းမှာ ဤနေရာ၌ အဆုံးမဲ့စည်းမျည်းများ ရှိနေ၍ ဖြစ်၏။
သူ့အား အံ့အားသင့်သွားစေသည်က စည်းမျည်းများစွာ ရှိနေခြင်းကြောင့် မဟုတ်ပေ။ လက်တွေ့၌ သူက နတ်ဘုရားသိုက်မြုံအတွင်း ရှိစဉ်အခါက စည်းမျည်းအမျိုးမျိုးကို ကြုံတွေ့ခဲ့ဖူးပေသည်။ ထိုစည်းမျည်းများမှာ ခဏမျှသာ ပေါ်လာသောကြောင့် ကျင့်ကြံရေးအတွက် အသုံးချဖို့ ခက်ခဲပေသည်။ နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာစဉ်အတွင်း စည်းမျည်းအက်ကြောင်းမှ စည်းမျည်းများစွာ ပေါ်လာခဲ့သေး၏။
ထိုစည်းမျည်းများမှာ ကြည်လင်ပြတ်သားကာ နတ်ဘုရားသိုက်မြုံရှိ စည်းမျည်းများထက် ကြာမြင့်လေသည်။ သို့သော်လည်း သူတို့က ဘေးပတ်လည်ရှိ အာကာပြင်နှင့် ပေါင်းစပ်သွားလေ၏။
လက်တွေ့၌ ထိုအရာမှာ သဘာဝအတိုင်း ဖြစ်ပေသည်။ စည်းမျည်းများ ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင်နှင့် ပေါင်းစပ်သွားမည်သာ ဖြစ်၏။ ထိုအခိုက်အတန့်မျိုး ပေါ်လာသည်နှင့် သဘောပေါက်ဖို့ နားလည်လွယ်လာသည်။ သို့သော်လည်း ဘေးပတ်ဝန်းကျင်နှင့် ပေါင်းစပ်သွားသည့်အခါ နားလည်ဖို့ကိစ္စရပ်မှာ ခက်ခဲလာပေမည်။ ထို့ကြောင့် နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာစဉ်အခါက ကျင့်ကြံရေးတို့က အလွန် မြန်ဆန်နေခြင်း ဖြစ်၏။
သို့သော် နတ်ဘုရားကမ္ဘာ အခြေကျ ပြန်လည် တည်ငြိမ်သွားသည့်အခါ ကျင့်ကြံနှုန်းကလည်း ပို၍ နှေးကွေးလာသည်။
ကမ္ဘာအတွင်း ပေါ်လာသည့် စည်းမျည်းများက ကမ္ဘာနှင့် ပေါင်းစပ်သွားပြီး ကမ္ဘာကို ပြည့်စုံလာစေမည် ဖြစ်၏။ စည်းမျည်းများ ဖန်တီးစဉ် ရောက်ရှိလာသော ကျင့်ကြသူများမှလွဲ၍ နောက်ပိုင်း ကျင့်ကြံသူများအနေနှင့် သူတို့ကျင့်ကြံရေးအတွက် ဘေးပတ်လည်ရှိ စည်းမျည်းများမှာ ပြန်လည် ကောက်နှုတ်၍ ကျင့်ကြံရပေမည်။ ထိုအကြောင်းအရင်းကြောင့် ထိုကျင့်ကြံသူများက စည်းမျည်းများအပေါ် အပြည့်အဝ နားလည်နိုင်စွမ်း မရှိကြခြင်းလည်း ဖြစ်ပေသည်။ သူတို့ပါရမီက မည်သို့ ဖြစ်နေစေကာမူ ထိုကျင့်ကြံသူတို့က ဖန်ဆင်းမှု မတိုင်ခင် ကျင့်ကြံနှုန်းနှင့် မယှဉ်နိုင်ပေ။
သို့သော်လည်း ဤကမ္ဘာ၌ အဆုံးအစမဲ့ စည်းမျည်းတို့သည် သီးခြား တည်ရှိနေကြသည်။ သူတို့က ဘေးပတ်လည်နှင့် မပေါင်းစပ်သွားသလို တစ်ခုနှင့်တစ်ခုလည်း မပေါင်းစပ်သွားပေ။ ဤသည်က မိုဝူကျိအား အံ့အားသင့်သွားစေသည်။ ဆိုလိုသည်မှာ ဤအာကာပြင်က ဖန်ဆင်းမှု အခြေအနေအတွင်း ရှိနေဆဲ ဖြစ်၏။
ဤသို့သော ပတ်ဝန်းကျင်မျိုးအောက်၌ ဝက်တစ်ကောင်၊ မြက်တစ်ပင် သို့မဟုတ် ကျောက်တုံးပင် ကျင့်ကြံ၍ ဉာဏ်အလင်းပွင့်လာနိုင်လေ၏။
မိုဝူကျိက မျက်လုံးကို ပိတ်ထားလိုက်ပြီး ဘေးပတ်လည်ရှိ စည်းမျည်းများကို အာရုံခံကြည့်လိုက်သည်။
အသက်ရှိုက်စာအနည်းငယ်အတွင်း မိုဝူကျိက မျက်လုံးကို ပြန်ဖွင့်လိုက်သည်။ နောက်ဆုံးတွင် ဤကမ္ဘာအကြောင်း နားလည်သွားလေသည်။ ဤသည်မှာ စကြဝဠာမျိုးစေ့ ဖြစ်နေ၏။
ယခင် နတ်ဘုရားနားခိုရာနယ်မြေအတွင်း ရှိစဉ် ကူရှင်းရန်ဆီမှ စကြဝဠာမျိုးစေ့အကြောင်း ပြောသည်ကို ကြားခဲ့ဖူးသည်။ သူက ပင်းထန်းဝါးနှင့် ယှဉ်လိုက်လျှင် စကြဝဠာမျိုးစေ့က ပို၍ အဖိုးတန်ကြောင်း သိလိုက်သည်။ ကူရှင်းရန်က သူ့အချိန်စက်ဝန်းပြားအတွက် စကြဝဠာမျိုးစေ့နှင့် လဲလှယ်ရန် ပြောစဉ်အခါက မဟုတ်တမ်းစကားသာ ထင်ခဲ့မိသည်။ အကြောင်းမှာ စကြဝဠာမျိုးစေ့က အချိန်စက်ဝန်းပြားထက် များစွာ အဖိုးတန်နေပေသည်။ မိုဝူကျိ မျှော်လင့်မထားသည်က စကြဝဠာမျိုးစေ့ကို အမှန်တကယ် ရှာတွေ့လိမ့်မည်ဟု မထင်ထားပေ။
မိုဝူကျိက စကြဝဠာမျိုးစေ့မှ ထွက်ကာ လူသားကမ္ဘာအတွင်း ပို့ချင်သော်လည်း သူ့လူသားကမ္ဘာက စကြဝဠာမျိုးစေ့ကို သိမ်းမထားနိုင်လောက်ကြောင်း ခံစားချက်မျိုး ရိပ်မိနေသည်။ သူသာ ထွက်လိုက်ပါ နောက်တစ်ခေါက် ပြန်ဝင်ရောက်၍ ရတော့မည် မဟုတ်ကြောင်း မှန်းဆမိ၏။ သူက စကြဝဠာမျိုးစေ့ကိုပင် ပျောက်ဆုံးသွားနိုင်သည်။
ဤနေရာကို ဘာအတွက် လာခဲ့သည်နည်း။ ကျင့်ကြံဖို့အတွက် မဟုတ်ပေဘူးလား ….
ခွန်းယွင် ပြောသည့် ရတနာ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ မိုဝူကျိက ဤနေရာတွင် ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်တော့သည်။
အဆုံးမဲ့ စည်းမျည်းများအပြင် စကြဝဠာမျိုးစေ့က မီးခိုးရောင် ဗလာနယ်မြေကြီးတစ်ခုသာ ဖြစ်၏။ မိုဝူကျိက စိတ်ထဲ မထားပေ။ သူ့အချိန်စက်ဝန်းပြားကို ထုတ်ယူကာ နောက်ထပ် ဖန်ဆင်းမှု နတ်ဝိညာဉ်သွေးကြော ၁၀၈ ခုကို ထုတ်ယူလိုက်သည်။
သူ သဟဇာတ နတ်ဘုရားအဆင့်သို့ မရောက်မချင်း ပြန်မထွက်သေးပေ။
***