← Chapters

အကျဉ်းသားမရှိ ၊ လက်နက်ချခြင်းကိုလက်မခံ

Vol. 62 Ch. 863

အကျဉ်းသားမရှိ ၊ လက်နက်ချခြင်းကိုလက်မခံ

Vol. 62 Ch. 863

အခန်း (၈၆၃) အကျဉ်းသားမရှိ ၊ လက်နက်ချခြင်းကိုလက်မခံ

ကျူတောပင်လယ်ဒေသမြောက်ဘက် ၊ မောက်လူကျွန်းဒေသ။

မြောက်ပင်လယ်ဓားခန်းမ ဌာနချုပ်တည်ရှိရာ ဓားနယ်မြေသည် ထောင်စုနှစ်များစွာကြာအောင် ရှည်လျားတည်တံ့ခဲ့သည့် အမြင့်ဆုံးအဆင့် ဓားစွမ်းအားများ ဖြန့်ကျက်ပျံ့နှက်နေရာ နေရာဖြစ်သည်။

ဓားချီစွမ်းအားအလင်းတန်းများက ကောင်းကင်ထိတိုင်မြင့်တက်နေပြီး မောလူကျွန်းဒေသတစ်ခုလုံးကို လွှမ်းခြုံထားသည်။

သို့သော် ယခုတော့ ထိုဓားချီအလင်းတန်းများ တဖြည်းဖြည်း အက်ကွဲသွားပြီး အဆက်မပြတ် တိုက်ဖျက်ခံနေရသည်။

ထိုဓားချီများက များပြားလှစွာသော နတ်ဘုရားလက်နက်များပမာ အချိန်ရေစီးကြောင်း၏ ထိုးနှက်မှုကို တောင့်ခံနေပြီး အဆုံးသတ်မှာတော့ သံချေးတက်ကာ အက်ကွဲသွားသည့်အလား ဖြစ်၏။

လေထုထဲတွင် လူရိပ်တစ်ခု မတ်တတ်ရပ်နေပြီး ဓားနယ်မြေတစ်ခုလုံးမှ ထက်ရှသော မှော်ဓားတစ်လက်ပမာ ဓားဝိညာဉ်တစ်ခုကို ထုတ်ဖော်လိုက်သည်။

ထိုသူက အခြားသူမဟုတ် မြောက်ပင်လယ်ဓားခန်းမ၏ ခန်းမသခင် ၊ အမတကူးပြောင်းခြင်း ကနဦးအဆင့် သိုင်းသူ‌တော်စင် ‘ကုဟုန်’ ပင် ဖြစ်သည်။

ကျင့်ကြံခြင်းအရ ပြောရမည်ဆိုလျှင် ကျူတောပင်လယ်ဒေသရှိ တာ့ရွှမ်ဆန့်ကျင်ရေးအင်အားစုများတွင် သူက တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်၏။

လက်ရှိတွင် မော်လူကျွန်းဒေသ၏ဓားနယ်မြေက သူ့အတွက် ပထဝီဝင်အားသာချက်ရှိသဖြင့် စွမ်းအားပြည့်ဖြင့် တိုက်ခိုက်နိုင်စွမ်းရှိသည်။ သူက ကျယ်ပြောလှသောပင်လယ်ကြီးကို မှောက်လှန်ရန်အတွက် နတ်ဘုရားတစ်ပါး၏အခွင့်အာဏာကို ပိုင်ဆိုင်ထားသည့်အလားပင်။

သို့သော် ဤမျှလောက် စွမ်းအားကြီးမားလှသည့် ပင်လယ်ပြင်တစ်ခုပမာ နတ်ဘုရားဓားစွမ်းအားသည် ကောင်းကင်တစ်ခွင်လွှမ်းခြုံထားသည့် ရေစီးကြောင်းပမာ ဓားအလင်းတန်းအောက်တွင် မှိန်ဖျော့ပျက်ဆီးကာ စွမ်းအားကင်းမဲ့သွားရသည်။

ကုဟုန်၏ မှိန်ဖျော့သောဓားအလင်းတန်းက သိမ်မွေ့သောအရှီန်အဟုန်ဖြင့် ဆူနာမီလှိုင်းလုံးကြီးများပမာမြင့်တက်လာသော်လည်း အချိန်ရေးစီးကြောင်းဓားဝိညာဉ်ကတော့ မြောက်ပင်လယ်ဓားခန်းမ တည်ရှိရာ မော်လူကျွန်းဒေသဆီသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဖြတ်ကျော်ဝင်ရောက်လာသည်။

ကုဟုန်၏မျက်နှာအမူအရာက ကြောက်ရွံ့ထိတ်လန့်ဟန်မရှိသော်လည်း သူ့မျက်လုံးများကတော့ စိတ်ပျက်မှုများဖြင့် ပြည့်နက်သွားသည်။

ထိုအချိန်မှစပြီး မောလူကျွန်းဒေသရှိ ဓားနယ်မြေ ပြိုပျက်သွားခဲ့ပြီး မြောက်ပင်လယ်ဓားခန်းမသည်လည်း ပျက်ဆီးသွားခဲ့ရလေသည်။

***

ဝါဒတောင် ၊ မိုးထိတောင်ထွတ်ရှိ ပင်မခန်းဆောင်ထဲတွင် ယွမ်ကျန်းဖုန်း ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် အခြားသူများ ရှိနေပြီး သူတို့၏ မျက်နှာအမူအရာများက တည်ကြည်လေးနက်နေသည်။

ယွမ်ကျန်းဖုန်းက...

“အဲဒီပုဂ္ဂိုလ်က ရှန်လင်ကျီဆိုတာ သေချာလား”

ဖန်ကျွင်းက...

“သတင်းတွေအရတော့ အဲဒီလိုပြောတာပဲ”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက...

“ခန်းဖင်းကတော့ အချိန်ရေစီးကြောင်းဓားသိုင်းကို ဘယ်လောက်ကျွမ်းကျင်ပါစေ ကြေးနီကျွန်းကို တစ်ယောက်တည်းတိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ကြည့်ရတာ ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့ ရှန်လင်ကျီပဲ ဖြစ်ရမယ်”

သူက ဆက်ပြောသည်။

“ခန်းဖင်းက ရှန်လင်ကျီကို ‘ဆရာဘိုးဘိုး ရှန်လင်ကျီ’ လို့ ပြောခဲ့ဖူးတယ် ၊ ဒီတော့ ရှန်လင်ကျီမဟုတ်ရင်တောင် ရှန်လင်ကျီအဆက်အနွယ်နဲ့ပတ်သက်တဲ့ တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြ်စနိုင်တယ် ၊ ဒါပေမဲ့ ရှန်လင်ကျီကိုယ်တိုင် ကျူတောပင်လယ်ဒေသကိုရောက်လာတယ်လို့ ကျွန်တော်ကတော့ ယုံကြည်နေတုန်းပဲ ၊ မဟုတ်ရင် သူတို့အနေနဲ့ ကျင်းထင်တောင်ကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ ရှင်းပြနိုင်မှာလဲ”

လွန်ခဲ့သော ရာစုနှစ်တစ်ခုခန့်က ကျူတောပင်လယ်ဒေသသို့ ရောက်ရှိလာသူများထဲတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးက တာ့ရွှမ်မင်းဆက်ကိုတည်ထောင်သူ ဧကရာဇ်ရွှမ်ဝမ်ဖြစ်သည်။ ထိုစဉ်က ဧကရာဇ်ရွှမ်ဝမ်က သိုင်းသူတော်စင် အဋ္ဌမအဆင့် ဖြစ်သည်။

ထိုစဉ်က ရှန်လင်ကျီနှင့် တာအိုဆရာရှိတို့ (၂)ယောက်က အမတကူးပြောင်းခြင်း ကနဦးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သို့သော် ရှန်လင်ကျီက ယွိချင်အဆက်အနွယ်မှ ထာဝရအလင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသူဖြစ်သဖြင့် သူ၏တန်ခိုးစွမ်းအားက ကျင့်ကြံခြင်းအဆင့်တူညီသူများအားလုံးထက် တစ်ပန်းသာသောအနေအထား ရှိသည်။

တိုက်ခိုက်စွမ်းအားကို ပြောရမည်ဆိုလျှင် သိုင်းသူ‌တော်စင် သတ္တမအဆင့်ရှိသော ရှန်လင်ကျီသည် သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော ဧကရာဇ်ရွှမ်ဝမ်ထက် မနိမ့်ကျခဲ့ပေ။

ယခု နှစ်ပေါင်းတစ်ရာကျော်ကြာမြင့်ခဲ့ပြီဖြစ်လေရာ ကြေးနီကျွန်းကို တိုက်ခိုက်သည့်တန်ခိုးစွမ်းအားကို သုံးသပ်ခြင်းအားဖြင့် ရှန်လင်ကျီ၏စွမ်းအား ပိုမိုမြင့်မားလာကြောင်း သိနိုင်သည်။

ထို့ပြင် ကျူတောပင်လယ်ဒေသသို့ ရှန်လင်ကျီ ပြန်လည်ရောက်ရှိလာချိန်တွင် သူနှင့်အတူ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုလည်း သေချာပေါက် ပါလာမည် ဖြစ်၏။

ယွမ်ကျန်းဖုန်းက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ကြည့်ရင်း...

“တစ်ဖက်က မကြေငြာတဲ့စစ်ပွဲကိုဆင်နွှဲပြီး ငါတို့ကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူချင်နေတာပဲ”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏ခန္ဓာကိုယ်ကို လက်ချောင်းများဖြင့် တစ်ချက်ပွတ်သပ်လိုက်ရင်း...

“လွယ်ရာကနေ ခက်သွားပြီ ၊ ရန်သူက ကျူတောပင်လယ်ဒေသမှာ သူနဲ့ရန်ငြိုးရှိသူတိုင်းကို တစ်ယောက်မကျန်သတ်ဖြတ်ဖို့ ဆုံးဖြတ်ထားပုံပဲ”

နှိုင်းယှဉ်ပြောရမည်ဆိုလျှင် တာ့ရွှမ်မင်းဆက် ၊ ရှန်လင်ကျီအဆက်အနွယ်များဖြင့် ဝါဒတောင်၏ ရန်ငြိုးဖွဲ့မှုက အလွန်တရာ နက်ရှိုင်းသည်ဟု ဆိုနိုင်သည်။

ခန်းဖင်း ၊ ဟယ်တုန်းချန်နှင့် ကုကျန်းသာမက ခန်းသခင်မသည်လည်း ရှန်လင်ကျီ၏ တပည့်တစ်ယောက် ဖြစ်လေသည်။

သူမသေဆုံးရသည့်အတွက် မြောက်ပင်လယ်ဓားခန်းမနှင့် ကွမ်းမင်ဂိုဏ်းတို့က တာ့ရွှမ်တိုင်းပြည်နှင့် ရန်ငြိုးဖွဲ့ခြင်းကို ခံခဲ့ရသည်။

သို့သော် ကြေးနီကျွန်းကတော့ တာ့ရွှမ်တိုင်းပြည်နှင့် ရန်ငြိုးဖွဲ့မှုနည်းပါးသည်မှာ ရှင်းလင်းသည်။

ပြောရလျှင် တာ့ရွှမ်တိုင်းပြည်ဘက်မှ လွှမ်းမိုးနိုင်မှုစွမ်းအား မြင့်မားလာပါက ကြေးနီကျွန်းအနေဖြင့် လက်နက်ချအရှုံးပေးရန် အလားအလာရှိသည်။

သို့ပေသိ ရှန်လင်ကျီက ကြေးနီကျွန်းကို တိုက်ခိုက်ရန် အရင်ဆုံး ရွေးချယ်ခဲ့သည်။

ဤသည်က အသံတိတ် စစ်ကြေငြာလိုက်သကဲ့သို့ပင် ဖြစ်၏။

အကျဉ်းသားမထား ၊ အရှုံးပေးခြင်းကိုလက်မခံ ၊ ကျူတောပင်လယ်ဒေသတစ်ခုလုံးကို သုတ်သင်ပစ်မည်ဆိုသော အဓိပ္ပါယ်ပင်။

လက်အောက်ခံများကိုသာ ချမ်းသာပေးပြီး တာ့ရွှမ်မင်းဆက်နှင့် မပူးပေါင်းသူမှန်သမျှ အသက်ပျောက်ရမည် ဖြစ်သည်။ ထို့အတူ ရန်ငြိုးရှိဖူးသူအားလုံး အသတ်ခံရမည်မှာ သံသယဝင်စရာ မလိုပေ။

ရွှီဖေးက မျက်မှောင်ကြုံ့ရင်း...

“ဒါကတော့ သိပ်ကိုမောက်မာလွန်းတယ်လို့ မထင်ဘူးလား ၊ သူတို့က တခြားဒေသကလည်းလာသေးတယ် ၊ ကျူတောပင်လယ်ဒေသမှာ အကြွင်းမဲ့အာဏာရှင် ဖြစ်ချင်ကြတယ် ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့ ကျင်းထင်တောင်က ဘယ်လိုလုပ် သဘောတူမလဲ ၊ ပြီးတော့ အခု ကျူတောပင်လယ်ဒေသကိုရောက်နေတဲ့ ကျင်းထင်တောင်က တန်ခိုးစွမ်းအားရှင်တွေက တစ်ယောက်တည်း မဟုတ်ဘူးလေ”

ဖန်ကျွင်းက...

“ရှန်လင်ကျီရဲ့နောက်ကွယ်က ကြီးမြတ်တဲ့ပုဂ္ဂိုလ်က သူ့ရဲ့တန်ခိုးစွမ်းအားကို ုတ်သုံးလိုက်တယ်ဆိုတဲ့ သဘောပဲ”

အထက်ဘုံကမ္ဘာတွင် အရှင်သခင် (၁၀)ပါးကို လွှမ်းမိုးနိုင်စွမ်းရှိသူများမှာ ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးသာလျှင် ရှိသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက...

“လွယ်လွယ်နဲ့တော့ ဖိနှိပ်လို့ရမယ်မထင်ဘူး ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင်ကလည်း တစ်ယောက်တည်းမှ မဟုတ်တာ ၊ မဟာမိတ်တွေ ရှိသေးတယ်လေ”

သူက ဆက်ပြောသည်။

“ပိုပြီးအရေးကြီးတာက ကျင်းထင်တောင်နဲ့ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကလည်း အရမ်းအခြေအနေတင်းမာနေတယ် ၊ ကျူတောပင်လယ်ဒေသအနောက်ဘက်က အပြင်ပိုင်းဒေသမှာ သူတို့စစ်သည်တွေကိုတောင် တပ်ဖြန့်ထားကြတယ် ၊ လင်ဟန့်ဟွာတို့အုပ်စုကလည်း အဲဒါကိုပိုပြီး အာရုံစိုက်နေကြတယ်”

ရန်ကျောက်ကဲတို့အုပ်စုကလည်း ထိုနေရာမှအခြေအနေများကို အလေးအနက် အာရုံစူးစိုက်ခဲ့ကြသည်။

ထိုကိစ္စများကြောင့် လင်ဟန့်ဟွာတို့အုပ်စုမှာလည်း တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို အဓိကအာရုံစိုက်နေရသဖြင့် ဝါဒတောင် ၊ ကြေးနီကျွန်း ၊ မြောက်ပင်လယ်ဓားခန်းမနှင့် ယိုးမင်ဂိုဏ်းတို့ကြားမှကိစ္စများကို အာရုံမစိုက်နိုင်ခဲ့ပေ။ ထို့ကြောင့် တာ့ရွှမ်မင်းဆက်က ရဲတင်းလာပြီး အခွင့်အရေးကိုအသုံးချကာ ဤသို့တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်။

ဝါဒတောင်က အခြာသောအင်အားစု (၃)ခုနှင့် ပူးပေါင်းပြီး အန္တရယ်ကာကွယ်ရန်အတွက် တပ်ဖြန့်ထားရန် အကြံပေးခဲ့သော်လည်း မြောက်ပင်လယ်ဓားခန်းမနှင့် ကြေးနီကျွန်းတို့က ထိုသို့ပြုလုပ်ရန် သဘောမတူခဲ့ကြပေ။

ကြေးနီကျွန်းမှ ကြေးနီလူသား (၃)ယောက်နှင့် မြောက်ပင်လယ်ဓားခန်းမတည်ရှိရာ မော်လူကျွန်းဒေသမှ ဓားနယ်မြေတို့က သူတို့သိုင်းဂိုဏ်း (၂)ဂိုဏ်းအတွက် အကောင်းဆုံးခံစစ်အင်အားပိုင်ဆိုင်ထားလေရာ ဝါဒတောင်နှင့် ပူးပေါင်းရန်မလိုအပ်ဟု တွေးထင်ခဲ့ကြသည်။

သို့ပေသိ ယခုတစ်ကြိမ် ရင်ဆိုင်ရသော ရန်သူ၏တိုက်စစ်က ပြင်းထန်လွန်းလှသည်။ လူတစ်ယောက်တည်း ရောက်လာခြင်း ဖြစ်သည့်တိုင် အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားလွန်းလှသည်။

ရုတ်တရက်တိုက်ခိုက်မှုအောက်တွင် ကျူတောပင်လယ်ဒေသ၏ ပထမအဆင့် ခံစစ်စွမ်းအားမြင့်မားသော ကြေးနီကျွန်းသည်ပင် တစ်ချက်တည်းဖြင့် ချေမှုန်းခံခဲ့ရသည်။

ရန်ကျောက်ကဲ၏ ပင်မခန္ဓာက လက်ရှိတွင် သမုဒ္ဒရာကမ္ဘာတွင် တံခါးပိတ်ကျင့်ကြံနေပြီး ရန်တိကတော့ အထက်ဘုံကမ္ဘာ ဝါဒတောင်တွင် တံခါးပိတ်ကျင့်ကြံလျှက် ရှိသည်။

ရန်သူက အစပိုင်းတွင် လွယ်ကူဟန်ရှိသည့်သိုင်းဂိုဏ်းများကို တိုက်ခိုက်ပြီး ခက်ခဲဟန်ရှိသည့်သိုင်းဂိုဏ်းများကို တိုက်ခိုက်သည်ဟု ယေယူယျ ယူဆနိုင်သည်။ သို့သော် ရန်သူ၏ အကြံအစည်ကို မည်သူ သိရှိနိုင်ပါမည်နည်း။

ထို့ကြောင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ဝါဒတောင်မှအခြားသူများက မြောက်ပင်လယ်ဓားခန်းမကို သွားရောက်ကူညီမည်ဆိုပါက ရန်သူက ဝါဒတောင်သို့ လာရောက်တိုက်ခိုက်ပါက အကြောင်းဆိုးသွားပေမည်။

ထို့ကြောင့် သတင်းရရှိသည်နှင့် ဝါဒတောင်က သတိကြီးကြီးထားပြီး ကိုယ်ပိုင်ခံစစ်ကိုအားကောင်းမွန်အောင် ပြုလုပ်ရမည် ဖြစ်သည်။

တတ်နိုင်လျှင် မြောက်ပင်လယ်ဓားခန်းမမှ ကုဟုန်တို့အုပ်စုအား မော်လူကျွန်းဒေသရှိဓားနယ်မြေကို စွန့်လွှတ်ကာ ဝိညာဉ်နယ်မြေသို့ လာရောက်ပူးပေါင်းရန်သာလျှင် တောင်းဆိုရမည် ဖြစ်၏။

သို့သော် မြောက်ပင်လယ်ဓားခန်းမအနေဖြင့် ထိုသို့ပြုလုပ်ရန် အချိန်မီမည်လား ၊ သို့မဟုတ် ဆန္ဒရှိပါမည်လားဆိုသည်ကတော့ သေချာမသိနိုင်သည့်ကိစ္စများပင် ဖြစ်၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက...

“ကျူတောပင်လယ်ဒေသကအင်အားစုတွေနဲ့ တာ့ရွှမ်တိုင်းပြည်တိုက်ခိုက်တာကို ကျင်းထင်တောင်က မလှုပ်ရှားသေးတာကိုကြည့်ရင် သူတို့ဝင်မပါဖို့များ ဆုံးဖြတ်ထားသလား မသိဘူး”

“ပြီးတော့ တာ့ရွှမ်တိုင်းပြည်ဘက်ကို စစ်ကူတွေရောက်လာတယ်ဆိုပေမယ့် သူတို့အားလုံးက အရင်ကတည်းက ကျူတောပင်လယ်ဒေသမှာ နေထိုင်ဖူးသူတွေချည်းပဲ ၊ လူသစ်တစ်ယောက်မှ မပါဘူး ၊ ဒါကြောင့် ကြေးနီကျွန်းကို တိုက်ခိုက်တဲ့သူက ရှန်လင်ကျီပဲဖြစ်နိုင်တယ် ၊ သူ အခု ကျူတောပင်လယ်ဒေသကို ပြန်ရောက်လာတာ ဖြစ်ရမယ်”

ပင်မခန်းဆောင်ထဲတွင်ရှိနေသူအားလုံး မျက်နှာအမူအရာများက တည်ကြည်လေးနက်နေကြသည်။

ထိုအချိန် ဝါဒတောင်သိုင်းဂိုဏ်း၏ ထူးခြားသော သတင်းအချက်အလက်နည်းပညာတစ်ခု လှည့်ပတ်သွားပြီး အရေးပေါ် သတိပေးချက်တစ်ခု ဝင်လာသည်။

“မော်လူကျွန်းဒေသ ၊ မြောက်ပင်လယ်ဓားခန်းမမှာ တိုက်ပွဲတစ်ခု ဖြစ်နေပြီ”

ထိုသတင်းကိုကြားတော့ ယွမ်ကျန်းဖုန်းတို့အားလုံး အံ့အားသင့်သွားကြသည်။

ရှန်လင်ကျီသည် ကြေးနီကျွန်းကို ဖျက်ဆီးပြီးနောက် မရပ်နားဘဲ မြောက်ပင်လယ်ဓားခန်းမကို ဆက်လက်တိုက်ခိုက်ခဲ့သည်။

သူ၏ ကျ့င်ကြံခြင်းက အလွန်အားကောင်းသလို အရှိန်အဟုန်ကလည်း လျှင်မြန်လွန်းသည်။ သူ့ကို မည်သည့်အရာကမှမတားဆီးနိုင်ဘဲ အချိန်တိုအတွင်းမှာပင် ကျူတောပင်လယ်ဒေသ အရှေ့ဘက်မှ မြောက်ဘက်သို့ ရောက်ရှိသွားခဲ့သည်။

ဝါဒတောင်အနေဖြင့် စောစောက ကြံစည်ထားသည့်အတိုင်း ကုဟုန်တို့ကို ဝါဒတောင်တွင် လာရောက်ပူးပေါင်းရန် ဆက်သွယ်ထားသည်ကပင် နှေးကွေးနေခဲ့ပေပြီ။

ဖန်ကျွင်းက ခဏမျှတိတ်ဆိတ်နေပြီးမှ...

“မြောက်ပင်လယ်ဓားခန်းမ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ မသိနိုင်ဘူး ၊ နေ့တစ်ဝက်လောက်အတွင်း တိုက်ပွဲအဆုံးသတ်သွားမယ်ဆိုရင် သူတို့အနေနဲ့ ငါတို့ ဝိညာဉ်နယ်မြေကို သတင်းပို့ဖို့ လုံလောက်တဲ့အချိန် ရှိနိုင်ပါတယ်”

ယွမ်ကျန်းဖုန်းက ထိုင်ရာမှ မတ်တတ်ထရပ်ရင်း...

“မြောက်ပင်လယ်ဓားခန်းမက ကြေးနီကျွန်းထက်ပိုပြီး တိုက်ခိုက်ရလွယ်ကူတယ် ၊ ဒါကြောင့် ကြာကြာထိန်းထားနိုင်မယ် မထင်ဘူး ၊ အခုချိန်မှာ စစ်ကူပေးမယ်ဆိုရင်တောင် အရမ်းနောက်ကျသွားပြီ ၊ မြောက်ပင်လယ်ဓားခန်းမက ခန်းမသခင်’ကု’ နဲ့ တခြားသူတွေက လွတ်မြောက်ဖို့ပဲ မျှော်လင့်ပါတယ်”

သူက ဆက်ပြောသည်။

“ဒီတစ်ခေါက်ရန်သူက အရင်ကထက်ပိုတော်ပုံရတယ်”

သူတို့စကားပြောနေစဉ်မှာပင် ဝိညာဉ်နယ်မြေ အရှေ့မြောက်ဘက်ရှိကောင်းကင်တစ်ခွင်သို့ မှေးမှိန်သော ရေစီးကြောင်းဓားအလင်းတန်းက စတင်လွှမ်းခြုံလာခဲ့လေသည်။

All Chapters