အချိန်ရေစီးကြောင်းဓားအလင်းတန်း
Vol. 62 Ch. 864
အခန်း (၈၆၄) အချိန်ရေစီးကြောင်းဓားအလင်းတန်း
မှေးမှိန်သည့် ရေစီးကြောင်းတစ်ခုပမာ ဓားအလင်းတန်းက မိုးကုတ်စက်ဝိုင်းဆီမှ အသံတိတ်ထွက်ပေါ်လာပြီး ဝိညာဉ်နယ်မြေဆီသို့ လျင်မြန်စွာ ရောက်ရှိလာသည်။
မကြာခင် ဝိညာဉ်နယ်မြေတစ်ခုလုံး၏ကောင်းကင်ယံတွင် ရေစီးကြောင်းပမာဓားအလင်းတန်းက လွှမ်းခြုံသွားသည်။ ဓားအလင်းတန်းထွက်ပေါ်လာသည်နှင့် မိုးမြေတစ်ခုလုံး အချိန်ရေစီးကြောင်း စီးဆင်းသွားသည့်အလား ခံစားရသည်။
ကမ္ဘာပေါ်မှ အရာအားလုံး၏ အလင်းရောက်များပျောက်ကွယ်သွားကာ အသံများလည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဝါဒတောင်ထက်တွင် မိုးမြေတစ်ခွင်ကိုလွှမ်းခြုံသွားပြီး နေမင်းကိုပင် ဖုံးကွယ်သွားစေနိုင်သော ကြီးမားသည့် အစီအရင်ကြီးတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ အလင်းတန်းများက ကောင်းကင်ထိတိုင်ထိုးဖောက်သွားပြီး ထိုအစီအရင်က သေချာပေါက် ဝါဒတောင် မဟာပင်မအစီအရင်ကြီးပ်င ဖြစ်၏။
ကြီးမားသောအစီအရင်ကြီး လှည့်ပတ်သွားသည်နှင့် သန့်ရှင်းကြည်လင်သော ကြယ်တာရာချီစွမ်းအားစီးကြောင်းများက အဝေးသို့ပျံ့နှံ့သွားပြီး ဗလာနယ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားသည်။
မိုးမြေတစ်ခွင်တွင် အနက်ရောင်အလင်းစက်ဝန်းများနှင့် အဝါရောင်အလင်းစက်ဝန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ထက်တွင် ကြယ်စင်များနှင့် ပြည့်နေနေပြီး ရေတွက်ရန်ပင် မလွယ်ကူလှပေ။
ကြီးမားသောအစီအရင်မှထွက်ပေါ်လာသော အလင်းရောင်များနှင့် လုပ်ဆောင်ချက်က မြေသားပမာခိုင်ခန့်လွန်းပြီး မပျက်ဆီးနိုင်သလို သိက္ခာတရားလည်း ရှိလှသည်။
အချိန်ရေစီးကြောင်း ဓားအလင်းတန်းလှိုင်းလုံးများက အစီအရင်ကို လွှမ်းခြုံသွားသည့်အခါ လည်ပတ်မှုနှေးကွေးသွားသည်။
သို့တိုင် အစီအရင်က အလုပ်ဖြစ်နေဆဲပင်။
ကြည်လင်သောချီစွမ်းအားများက အဆက်မပြတ် မြင့်တက်လာပြီး တကယ့်ကောင်းကင်အစစ်နှင့်ပေါင်းစည်းသွားကာ ကောင်းကင်သည်ပင် အောက်သို့ဆွဲချခံလိုက်ရပြီး ဝါဒတောင်နှင့် နီးကပ်သွားသည့်အလား ထင်မှတ်ရသည်။
မရေမတွက်နိုင်သော အဝါရောင်နှင့်အနက်ရောင်အလင်းစက်ဝန်းများက အတူတကွ နစ်မြုပ်သွားပြီး ဝါဒတောင်နှင့် ဝိညာဉ်နယ်မြေကို အနည်းငယ်ပိုမိုမြင့်တက်သွားစေပြီး ကောင်းကင်ထက်သို့ ယူဆောင်သွားသည့်အလား ထင်မှတ်ရသည်။
မိုးနှင့်မြေကို တစ်သားတည်းပေါင်းစပ်လိုက်သည့်ပမာ အရှိန်အဟုန်အပြည့်ဖြင့် တစ်ခုနှင့်တစ်ခု ပိုမိုနီးကပ်သွားပုံရသည်။
ခမ်းနားကြီးကျယ်သော အစီအရင်တန်ခိုးစွမ်းအားအောက်တွင် မှေးမှိန်သော ရေစီးကြောင်းပမာ ဓားအလင်းတန်းသည်ပင် လှိုင်းထသွားပုံရသည်။
ထိုအချိန် ကောင်းကင်ထက်မှ ရှေးကျသည့်အသံတစ်သံ ထွက်ပေါ်လာသည်။
“အိုး... အထက်ဘုံကမ္ဘာကိုရောက်တာ (၂)နှစ်လောက်ပဲရှိသေးတဲ့ အောက်ဘုံကမ္ဘာကသိုင်းဂိုဏ်းရဲ့ ပင်မအစီအရင်က မြောက်ပင်လယ်ဓားခန်းမ နှစ်ပေါင်းထောင်ချီစုစည်းပေါင်းစပ်ထားတဲ့ ဓားနယ်မြေထက်တောင် စွမ်းအားမြင့်မားနေပါသေးလား”
“ကျူတောပင်လယ်ဒေသမှာမွှေနှောက်သွားတဲ့သူတွေက အရည်အချင်းမပြည့်မီတဲ့သူတွေမဟုတ်ဘူးဆိုတာ တကယ်ပဲကိုး”
သူ့စကားသံထဲတွင် အံ့အားသင့်ဟန်များပါဝင်နေသော်လည်း သူ့လေသံကတော့ ထာဝရကာလတစ်ခုပမာ တည်ငြိမ်အေးဆေးလျှက် ရှိသည်။
“ကံမကောင်းတာက အစီအရင်ကိုထိန်းချုပ်နေတဲ့သူက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလွန်းတယ် ၊ မင်းသာ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ဆိုရင် မင်း ငါ့ကို ခဏလောက်ခဒခံထားနိုင်လိမ့်မယ်”
သူ့လေသံက တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ရန်ကျောက်ကဲနှင့် အခြားသူများ၏နားထဲမှာတော့ တစ်ဖက်လူ၏စကားသံက ရုတ်တရက် အရှိန်အရမ်းမြန်သွားသလို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံထားသည့် ရေစီးကြောင်းပမာ ဓားအလင်းတန်းကို သူ၏ စကားသံနှင့်အတူအရှိန်မြှင့်လိုက်ခြင်း ဖြစ်သည်။
တစ်ဆက်တည်းပင် ပတ်ဝန်းကျင်တစ်ခုလုံးမှ အချိန်ရေစီးကြောင်းက ပိုမိုလျှင်မြန်စွာ စီးဆင်းလာသည်။
အချိန်ကြာလာသည်နှင့်အမျှ မိုးမြေတစ်ခွင်က ပြောင်းလဲသွားပြီး သမုဒ္ဒရာများ ၊ အဆုံးမရှိသောလယ်ကွင်းများသည် အရင်နှင့်မတူတော့ဘဲ ပုံပျက်သွားသည်။
အိုမင်းခြင်းနှင့် ယိုယွင်းခြင်းတို့သည် တစ်လောကလုံးမှ အရာခပ်သိမ်း တွေ့ကြုံခံစားရသော အရာဖြစ်သည်။
တဟုန်ထိုး စီးဆင်းလာသော အချိန်ရေစီးကြောင်းအောက်တွင် ဝါဒတောင် မဟာပင်မအစီအရင်ကြီး ချက်ချင်း မတည်မငြိမ် ဖြစ်သွားသည်။
အစီအရင်ကို ထိန်းချုပ်နေသော ယွမ်ကျန်းဖုန်း၏ အဝတ်အစားများသည် ချက်ချင်း ပေကျံညစ်နွမ်းသွားပြီး သူ၏ အရေပြားများသည်လည်း မှဲ့ချောက်များထွက်ပေါ်လာကာ ရှုံ့တွစပြုလာသည်။
ယွမ်ကျန်းဖုန်း တဖြည်းဖြည်း အိုမင်းဆွေးမွေ့သွားပုံရ၏။
ထိုအချိန် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကြုံးဝါးသံတစ်ချက်ပြုရင်း ပင်မခန်းဆောင်ထဲမှ ထွက်လာသည်။
ထို့နောက် သူ့အရှေ့တွင် ရှည်လျားနက်မှောင်နေသော ဓားသေတ္တာတစ်ခု ပေါ်လာသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုဘ်ပွားက ကမ္ဘာမြေဖျက်ဆီးကောင်းကင်ဝါးမျိုဓားသေတ္တာကို အသာပုတ်လိုက်ရာ အနက်ရောင်အလင်းတန်းများထွက်ပေါ်လာပြီး ဓားသေတ္တာအဖုံးပွင့်သွားသည်။
ရှေးဟောင်းကြေးဝါဓားတစ်လက် ဓားသေတ္တာအတွင်းမှထွက်ပေါ်လာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လက်ထဲသို့ ကျရောက်သွားကာ လောဘကြီးပြီးရက်စက်ကြမ်းတမ်းသည့် စုပ်ယူနိုင်စွမ်းက ကောင်းကင်ယံဆီသို့ ချက်ချင်း ဝင်ရောက်သွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်မျက်နှာပြင်ထက်တွင် ကြောက်မက်ဖွယ်ကောင်သော အနက်ရောင်သွေးကြောကြီးများ ထွက်ပေါ်လာသည်။
တောင်းတျဲမိစ္ဆာဓားကိုကိုင်ဆောင်ထားသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ညာဘက်လက်ခုံတွင် အနက်ရောင်သွေးကြောများက ကြက်ခြေခတ်သဏ္ဍန်ရောယှက်သွားပြီး လျှို့ဝှက်ဆန်းကျယ်သော အင်းသင်္ကေတတစ်ခု ထွက်ပေါ်လာသည်။
ထိုအင်းသင်္ကေတက လက်ခနဲတောက်ပသွားပြီး အလင်းတန်းများထွက်ပေါ်လာကာ တောင်းတျဲသတ္တဝါအဖြစ် ပြောင်းလဲသွားသည်။
မွေးကင်းစကလေးငယ်များ၏ ငိုကြွေးသံနှင့်ဆင်တူသော တောင်းတျဲသတ္တဝါ၏အော်ဟစ်သံက စူးရှကျယ်လောင်စွာ ထွက်ပေါ်လာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ဝါဒတောင်ထက်ရှိ လေထုထဲတွင် အနက်ရောင်ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။
အနက်ရောင်ဓားအလင်းတန်းများက တွင်းနက်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ရာ စုပ်ယူစွမ်းအားများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်မှ အရာအားလုံးကို စုပ်ယူပစ်လိုက်သည်။
အနက်ရောင်ဓားအလင်းတန်းများစွာ နက်ကွဲသွားပြီး ဗလာနယ်အာကာသလေထုသည်ပင် တွင်းနက်အလယ်ဗဟိုသို့ စုပ်ယူခံလိုက်ရသည်။
ဝါဒတောင်အထက်ကောင်းကင်ယံရှိ လေထုကိုလွှမ်းခြုံထားသော ရေစီးကြောင်းပမာဓားအလင်းတန်းများစွာကိုလည်း ထိုတွင်းနက်ကြီးက စုပ်ယူပစ်လိုက်သည်။
ရေးစီးကြောင်းပမာ ဓားအလင်းတန်းက အားကောင်းနေဆဲဖြစ်သည့်တိုင် အစီအရင်ကို တာဝန်ယူထိန်းချုပ်နေသော ယွမ်ကျန်းဖုန်းအတွက် ဖိအားကချက်ချင်းလျော့ကျသွား၏။
ယွမ်ကျန်းဖုန်းက တည်ငြိမ်စွာဖြင့်...
“ကျောက်ကဲ... သမုဒ္ဒရာကမ္ဘာက မင်းရဲ့မူလခန္ဓာကိုယ် အခြေအနေဘယ်လိုရှိလဲ”
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရိုးရှင်းစွာပင် ပြန်ဖြေသည်။
“တံခါးပိတ်ကျင့်ကြံနေတုန်းပဲ...”
ယွမ်ကျန်းဖုန်းက...
“ရန်တိလည်း တံခါးပိတ်ကျင့်ကြံနေတယ် ၊ သူ တံခါးပိတ်ကျင့်ကြံရာကထွက်လာဖို့ နှစ်ဝက်လောက် အချိန်လိုသေးတယ်”
ရန်တိက သူ တံခါးပိတ်ကျင့်ကြံမည့်အချိန်ကို အမြဲတမ်း ကောင်းစွာတွက်ချက်နိုင်သည်။ သူက တစ်နှစ်ကြာမည်ဟု တွက်ချက်လျှင် အမှန်တကယ်ပင် အချိန်တစ်နှစ်ကြာမည် ဖြစ်၏။
ထိုအချိန်အတွင်း သေချာပေါက် အောင်မြင်မှုရရှိမည်ဖြစ်သလို အချိန်စောပြီး ထွက်လာမည်လည်း မဟုတ်ပေ။
ယွမ်ကျန်းဖုန်းက...
“အခုချိန် သူ့ကိုထွက်လာဖို့တောင်းဆိုလိုက်ရင် အကောင်းဆုံးအခြေအနေကိုတွက်ကြည့်မယ်ဆိုရင် သူကြိုးစားသမျှ အလကားဖြစ်ကုန်လိမ့်မယ် ၊ အဆုံးဆုံးအခြေအနေမှာဆိုရင်တော့ သူ့ရဲ့ကျင်ကြံခြင်းစွမ်းအား သွေဖယ်သွားပြီး ဒဏ်ရာအပြင်းအထန်တောင် ရနိုင်တယ်”
သူက ဆက်ပြောသည်။
“မင်းရဲ့ မူလခန္ဓာကိုယ်လည်း အတူတူပဲ မဟုတ်လား ၊ မင်းတို့နှစ်ယောက်လုံးကို မနှောက်ယှက်တာ အကောင်းဆုံးပဲ ၊ ဒီအခက်အခဲကို ငါတို့ကိုယ်တိုင်ပဲ ဖြေရှင်းကြတာပေါ့”
ရေစီးကြောင်းပမာဓားအလင်းတန်းကို အချိန်မီမရပ်တန့်နိုင်ပါက အချိန််ရေစီးကြောင်းဓားသိုင်းစွမ်းကြောင့် ဝါဒတောင်မှလူတိုင်း အသက်ကြီးရင့်ကာ တဖြည်းဖြည်းသေဆုံးသွားသည့်အနေအထားသို့ ရောက်ရှိမည် ဖြစ်သည်။
လောလောဆယ်တွင် ရန်ကျောက်ကဲသည်လည်း ရောက်မလာနိုင်သလို ရန်တိသည်လည်း နှစ်ဝက်အချိန်အတွင်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာဦးမည် မဟုတ်ပေ။
ရန်သူ့လက်ချက်ကြောင့် အချိန်စီးဆင်းမှုအရှိန်မြင့်သွားခြင်းက ရန်တိအပေါ် သက်ရောက်မှုမရှိပေ။ ဤသိုင်းပညာက လူတစ်ယောက်၏ ဇာတိခန္ဓာရင့်ရောအိုမင်းပျက်ဆီးရန်အတွက်သာ အချိန်ကို အရှိန်မြှင့်တင်ပေးခြင်း ဖြစ်သည်။
ရန်တိအတွက် တာအိုတရားမူဝါဒများကိုနားလည်ရန်က နှစ်ဝက်အချိန်အတိအကျ လိုအပ်မည် ဖြစ်သည်။
အကယ်၍ သေရေးရှင်ရေး အခြေအနေရင်ဆိုင်ရပြီး နောက်ဆုံးအခိုက်အတန့်သို့ ရောက်ရှိလာသည့်အခါ ရန်တိအနေဖြင့် အချိန်မတိုင်ခင် အတားအဆီးကိုဖြတ်ကျော်ပြီး ကျင်ကြံခြင်းအဆင့်တက်သွားသည်လည်း ဖြစ်နိုင်သည်။
သို့ပေသိ ထိုသို့သောအခြေအနေမျိုးတွင် အကျိုးဆက်က ခန့်မှန်းမရနိုင်ပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ရင်း...
“ဆရာဘိုးဘိုး... ကျွန်တော်တို့ ကျော်ဖြတ်နိုင်မှာပါ”
ထိုအချိန် ကောင်းကင်ထက်မှအသံက ...
“အိုး... မင်းတို့က ဘာနဲ့ကျော်ဖြတ်မှာတဲ့လဲ”
မှေးမှိန်သောရေစီးကြောင်းပမာ ဓားအလင်းတန်းများအလယ်တွင် လူသားမျက်နှာကြီးတစ်ခု ပေါ်လာသည်။ ထိုခဏအတွင်း ကောင်းကင်တစ်ပြင်လုံး ထိုမျက်နှာကြီးဖြင့် ပြည့်နက်သွားသည်။
ထိုမျက်နှာက လူငယ်တစ်ယောက်၏မျက်နှာဖြစ်သော်လည်း သူ၏အသံကတော့ အလွန်ပင် ရှေးကျလှသည်။
“ဒီအဘိုးကြီးရဲ့မျက်လုံးထဲမှာတော့ မင်းတို့တွေဟာလည်း ကြေးနီကျွန်း ၊ မြောက်ပင်လယ်ဓားခန်းမတို့နဲ့ မခြားပါဘူး”
ကောင်းကင်ထက်မှဓားအလင်းတန်းရုတ်တရက်တုန်ခါသွားပြီး မြေပြင်ထက်သို့ တစ်စုံတစ်ခု ပြုတ်ကျလာသည်။ ထိုအရာက လူတစ်ယေက်၏ဦးခေါင်းဖြစ်ပြီး ကြေးနီကျွန်းသခင် ကုန်းစွန်းမင်၏ ခေါင်းပြတ်ကြီးပင် ဖြစ်သည်။
ထိုခေါင်းပြတ်ကြီးကိုမြင်တော့ ရန်ကျောက်ကဲ ၊ ယွမ်ကျန်းဖုန်းနှင့် အခြားသူများ မျက်လုံးများ ကျဉ်းမြောင်းလိုက်ကြ၏။
တစ်ဆက်တည်းပင် ဓားအလင်းတန်းများအလယ်၌ နောက်ထပ် လူရိပ်တစ်ခုပေါ်လာသည်။ ထိုသူက မျက်လုံးများကို တင်းတင်းကျပ်ကျပ်မှိတ်ထားပြီး မည်သည့်စွမ်းအားရောင်ဝါမှမရှိတော့သလို သူ၏ကံကြမ္မာကိုလည်း မသိနိုင်ပေ။
ထိုသူက မြောက်ပင်လယ်ဓားခန်မသခင် ‘ကုဟုန်’ ပင် ဖြစ်သည်။
ကောင်းကင်ထက်မှ မျက်နှာကြီးက သိမ်မွေ့သောလေသံဖြင့်...
“ကျင်းထင်တောင်ရဲ့မျက်နှာကိုထောက်ပြီး ဒီအဘိုးကြီးက သူ့ကိုအသက်ရှင်လျက် ချန်ထားခဲ့တယ် ၊ ပြီးတော့ မင်းကိုလည်း အသက်ရှင်ခွင့်ပေးမယ် ရန်ကျောက်ကဲ ၊ ဒါပေမဲ့ တခြားသူတွေအားလုံးကတော့ သေရမယ်”
“မင်းနဲ့ ကုဟုန် အသက်ရှင်ခွင့်ရတယ်ဆိုပေမယ့် မင်းတို့ကံတရားကတော့ သေတာထက်တောင် အခြေအနေဆိုးနိုင်တယ်”
သူ့စကားအဆုံးသတ်သွားသည်နှင့် ကောင်းကင်ထက်မှဓားအလင်းတန်းက တစ်ဖန်ပြန်လည်မြင့်တက်လာသည်။
ဓားအလင်တးန်းက ဝါဒတောင်ထက်တွင် လှည့်ပတ်သွားပြီး မတူညီသောနေရာများတွင် အချိန်စီးဆင်းမှုက နှေးလိုက် မြန်လိုက်ဖြင့် မတူညီစွာ ဖြတ်သန်းသွားသည်။
ဝိညာည်နယ်မြေ၏ မိုးမြေတစ်ခွင်က ရန်သူ၏လက်ချက်ဖြင့် ပရမ်းပတာဗလာနယ်အဖြစ် ပြောင်းလဲသွားသည်။
နေရာတစ်ခုလုံးတွင် အချိန်စီးဆင်းမှုက မတူညီဘဲ တစ်ခုနှင့်တစ်ခု ဖျက်ဆီးခြင်း ၊ နှောက်ယှက်ခြင်းနှင့် ကွဲလွဲခြင်းများ ဖြစ်ပေါ်လာသည်။
ထိုသို့ အချိန်ကာလများကွဲပြားသွားခြင်းက မိစ္ဆာဓားတောင်းတျဲကြောင့် ဖြစ်တည်လာသော တွင်းနက်ကြီးနှင့် ဝါဒတောင် မဟာပင်မအစီအရင်ကို ဖျက်ဆီးပစ်တော့မည့် တန်ခိုးစွမ်းအားတစ်ခု ထုတ်လွှတ်ပေးသည်။
ရန်သူက ကုဟုန်ကို အသက်ရှင်လျှက် ဖမ်းဆီးထားကြောင်းတွေ့မြင်ရတော့ ရန်ကျောက်ကဲ မနေနိုင်ဘဲ မျက်မှောင်ကြုံ့လိုက်မိသည်။
လူတစ်ယောက်ကို သတ်ဖြတ်ခြင်းနှင့် အရှင်ဖမ်းဆီးခြင်းဆိုသည်က လုံးဝမတူညီသည့် လုပ်ရပ် (၂)ခု ဖြစ်သည်။ အရှင်ဖမ်းဆီးခြင်းက အသေသတ်ဖြတ်ခြင်းထက် ပိုမိုခက်ခဲသည် မဟုတ်ပါလား။
အရင်တစ်ချိန်က လင်ဟန့်ဟွာရှေ့တွင် ခန်းဖင်းက ရန်ကျောက်ကဲကို သတ်ဖြတ်ရန် ကြိုးစားခဲ့ဖူးသည်။ ထိုစဉ်က
သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိပြီး ၊ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းကိုကိုင်ဆောင်ထားသော လင်ဟန့်ဟွာသည် ရန်ကျောက်ကဲကို သတ်ဖြတ်ရန်ကြိုးစားသည့် သိုင်းသူတော်စင် သတ္တမအဆင့် ခန်းဖင်းကို သတ်ဖြတ်ပစ်ရန် ဖြစ်နိုင်သော်လည်း အရှင်ဖမ်းဆီးရန်မှာ မဖြစ်နိုင်ခဲ့ပေ။
ခန်းဖင်းက အသက်ရှင်လျက် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိပါက သေခြင်းတရားကိုသာ ရွေးချယ်နိုင်မည် ဖြစ်သည်။
ယခု သူတို့အရှေ့မှ ရန်သူကတော့ သိုင်းသူတော်စင် သတ္တမအဆင့်ရှိသော ကုဟုန်ကို အသက်ရှင်လျက် ဖမ်းဆီးခဲ့သည်။
ဟုတ်ပေ၏။
ကုဟုန်၏တန်ခိုးစွမ်းအားက ခန်းဖင်းထက်နိမ့်ကျသည် အမှန်ပင်။
သို့သော် သူက မော်လူကျွန်းဒေသ ၊ ဓားနယ်မြေ၏အားသာချက်ကိုဆုပ်ကိုင်ထားပါလျှက် ရန်သူ၏ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်၏။
ကောင်းကင်ထက်မှ အချိန်ရေစီးကြောင်းဓားအလင်းတန်းများ ဆက်တိုက်ကျဆင်းလာသည့်အခါ ပရမ်းပတာလေထုကလည်း ပိုမိုမြင့်တက်လာသည်။
ရှေးကျသည့်အသံက တည်ငြိမ်စွာဖြင့်...
“ကျင်းထင်တောင်မျက်နှာထောက်ပြီး မင်းတို့တွေကို လွှတ်ထားခဲ့တာ ၊ ဒါပေမဲ့... မင်းတို့က ဒီလောက်အခြေအနေထိဖြစ်အောင် မွှေနှောက်ပစ်ကြတယ်”
“ဆိုတော့... မင်းတို့တွေကို အသက်ရှင်လျက်ထားဖို့ မဖြစ်နိုင်တော့ပဘူး ၊ ငါကိုယ်တိုင် မင်းတို့အားလုံးကို သုတ်သင်ပစ်မယ်”