← Chapters

အစောကြီးကတည်းကကြိုတင်ပြင်ဆင်ထားတဲ့ရန်ကျောက်ကဲ

Vol. 62 Ch. 865

အစောကြီးကတည်းကကြိုတင်ပြင်ဆင်ထားတဲ့ရန်ကျောက်ကဲ

Vol. 62 Ch. 865

အခန်း (၈၆၅) အစောကြီးကတည်းကကြိုတင်ပြင်ဆင်ထားတဲ့ရန်ကျောက်ကဲ

လက်ရှိအခြေအနေက ရန်ကျောက်ကဲအား ယခင်အချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် နေသူတော်စင်ဂိုဏ်းမှ ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာစေရန် ဖိအားပေးရန် ကြိုးစားသည့်ဖြစ်ရပ်ကို ပြန်လည် အမှတ်ရစေသည်။

ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာမှအောင်မြင်စွာထွက်ပေါ်မလာခင် နေသူ‌တော်စင်ဂိုဏ်းသည် အနည်းငယ်သော ဆုံးရှုံးရမှုနှင့် ဒုက္ခခံရမှုများကို သည်းခံခဲ့သည်။ ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည့်အခါမှာတော့ ရန်သူများအားလုံးကိုလွှမ်းမိုးချုပ်ကိုင်ကာ အစွန်းရောက်ရှစ်ပါးကမ္ဘာကို သိမ်းပိုက်နိုင်မည်ဟု နေသူတော်စင်ဂိုဏ်းမှလူများအားလုံး ယုံကြည်ခဲ့ကြသည်။

သို့သော် စိတ်မကောင်းစရာမှာ ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး တန်ခိုးစွမ်းအားများ မြင့်တက်လာခဲ့သော်လည်း ဝါဒတောင်နှင့်ရင်ဆိုင်ရသည့်အခါ ပြင်းထန်သောအတားအဆီးကို ခံစားခဲ့ရခြင်းပင်။

ယခုအခါ ဟွမ်ကွမ်လီနှင့် နေသူတော်စင်ဂိုဏ်းဆိုသည်မှာ သမိုင်းထဲတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

သို့သော် သမိုင်းဆိုသည်က တစ်ပတ်ပြန်လည်တတ်သည်ဖြစ်ရာ ယခုတစ်ကြိမ်တွင်လည်း ဝါဒတောင်က ခံစစ်တိုက်ခိုက်ရသည့်အနေအထားမျိုး ဖြစ်လာခဲ့ပြန်ပေသည်။

ကောင်းကင်ထက်မှ လူသားမျက်နှာကြီးက အောက်ဘက်မှ ဝါဒတောင်ကိုအရေးမစိုက်ဘဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ကြည့်လိုက်သည်။

“ရန်ကျောက်ကဲ... မင်းက တကယ်ပဲ နေဝန်းထက်ယံအရှင်သခင်ရဲ့ ဆက်ခံသူဆိုရင်တော့ အဲဒီ ကြီးမြတ်တဲ့ပုဂ္ဂိုလ်က မင်းကို ဒီနေ့လာကယ်နိုင်လိမ့်မယ် ၊ ဒါပေမဲ့ မဟုတ်ဘူးဆိုရင်တော့ မင်းနဲ့ ဝါဒတောင်ရဲ့ကံကြမ္မာက ကျူတောပင်လယ်ဒေသမှာ သက်တမ်းအတိုဆုံး သိုင်းဂိုဏ်းတစ်ခု ဖြစ်သွားလိမ့်မယ်”

ထိုခဏတွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခွန်ဖိန်ပုံရိပ်ကြယ်တာရာချီစွမ်းအားအနှစ်သာရနှင့် အစစ်အမှန်နဂါးချီစွမ်းအားများကို ထုတ်ဖော်အသုံးပြုခြင်း မရှိပေ။

ကြီးမားသော တောင်းတျဲသတ္တဝါ ကြယ်တာရာချီစွမ်းအားအနှစ်သာရ ပုံရိပ်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကျင့်ကြံခြင်းအဆင့်မလုံလောက်သေးသဖြင့် မိစ္ဆာဓားတောင်းတျဲ၏စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်သေးသည့်တိုင် သူ၏တိုက်ခိုက်မှုကတော့ ကြောက်မက်ဖွယ်ရာ ဖြစ်နေဆဲပင်။

ထိပ်တန်းအဆင့် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော မိစ္ဆာဓားတောင်းတျဲသည် ရွှမ်ဧကရာဇ်လှံရှည်ထက် ပိုမိုသာလွန်သည်။

သို့သော် သူ့အရှေ့မှ ရန်သူက ပိုပြီးကြောက်စရာကောင်းသည်။

သူက အမတကူးပြောင်းခြင်း အလယ်ဆင့် သိုင်းသူတော်စင်ဖြစ်သည့်တိုင် ရန်ကျောက်ကဲအနေဖြင့် သိုင်းသူတော်စင် နဝမအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ယောက်ကိုပင် ယှဉ်ပြိုင်နိုင်သည်ဟု ယုံကြည်မှုရှိသည်။

သို့သော် ရှန်လင်ကျီက နဂိုကပင် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ထာဝရအလင်းကောင်းကင်ကျမ်းစာကဲ့သို့ သိုင်းပညာကို ကျင့်ကြံထားသည်ဖြစ်ရာ သူ၏တန်ခိုးစွမ်းအားက အလွန်တရာ ထူးခြားသည်။

ကျင့်ကြံသူတစ်ယောက် အဆင့်မြင့်မားလေ ကျင့်ကြံခြင်းအဆင့်တူညီသူနည်းပါးလာသလို သူတို့ကြားမှ ကွာဟချက်သည်လည်း နည်းပါးလာလေ ဖြစ်သည်။

ဤသို့သောအဆင့်သို့ ရောက်ရှိလာသည့် တန်ခိုးစွမ်းအားရှင်များဆိုသည်က ငယ်ရွယ်စဉ်အချိန်ကပင် ကျင့်ကြံခြင်းအဆင့် တူညီသူများအလယ်တွင် ပြိုင်ဘက်အများစုကို အနိုင်ယူနိုင်သည့် ကောင်းကင်ဘုံကမျက်နှာသာပေးသော သခင်လေးများဖြစ်ကြလေရာ သူတို့ကို မည်သူက တွန်းလှန်နိုင်ပါမည်နည်း။

အမတကူးပြောင်းခြင်း သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိသည်နှင့် သိုင်းသူတော်စင် အဋ္ဌမအဆင့်က သိုင်းသူတော်စင် နဝမအဆင့်သို့ အဆင့်ကျော်ပြီး တိုက်ခိုက်အနိုင်ယူခြင်းကိုတွေ့မြင်ရန် ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးလှသည်။

ကျင့်ကြံခြင်းအဆင့်တစ်ဆင့် ခြားနားသည်က ပျမ်းမျှတန်ခိုးစွမ်းအားတွင် ကြီးမားသောကွာဟချက် ရှိမည် အမှန်ပင်။

ပြီးတော့ ထိုသို့အဆင့်ရှိသော ကျင့်ကြံသူများ၏ ကိုယ်ပိုင်အရည်အချင်းများ ၊ အခွင့်အလမ်းများနှင့် ကျင့်ကြံခဲ့သည့် သိုင်းပညာရပ်များက ထိပ်တန်းအဆင့် ဖြစ်သည်။

ထိုသို့ အစစအရာရာပြည့်စုံခြင်းများဖြင့် မြင့်မားသောကျင့်ကြံခြင်းအဆင့်ရှိသူများတွင် ရှန်လင်ကျီက အတော်ဆုံးတစ်ယောက်ဖြစ်သည်မှာ ငြင်းမရပေ။

သူက လင်ဟန့်ဟွာနှင့် ခန်းဖင်းတို့ကဲ့သို့ပင် ဖြစ်၏။

သို့သော် လင်ဟန့်ဟွာက သူ့ဘဝအကြောင်းလျှို့ဝှက်ချက်ကို ဖုံးကွယ်ထားရန်အတွက် သူ၏တန်ခိုးစွမ်းအားအပြည့် အသုံးမပြုပါက ရှန်လင်ကျီကို အနိုင်ယူနိုင်မည်မဟုတ်ဟု ရန်ကျောက်ကဲ တွေးမိသည်။

ရန်ကျောက်ကဲ ပိုပြီးစိုးရိမ်သည်မှာ ရန်သူ့ဘက်တွင် အခြားသောလျှို့ဝှက်နည်းလမ်းများရှိနိုင်သည်ဆိုသော အချက်ပင်။ မဟုတ်ပါက ကုဟုန်ကို အသက်ရှင်လျှက် ဖမ်းဆီးရန် မဖြစ်နိုင်ပေ။

ထိုအဘိုးကြီးက ခန်းဖင်းနှင့်အခြားသူများ နားမလည်နိုင်သော အချိန်ရေစီးကြောင်းဓားသိုင်း၏ ထိပ်တန်းသိုင်းပညာကို အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

သူ၏ဓားအလင်းတန်းအောက်တွင် အချိန်နှင့် ဗလာနယ် ပရမ်းပတာဖြစ်မှုကြီးထွားလာပြီး အချိန်စီးဆင်းမှုကြောင့် ဗလာနယ်များသည်ပင် မရေမတွက်နိုင်သော ခြားနားသည့်နေရာများစွာအဖြစ်သို့ ကွဲထွက်ပြောင်းလဲသွားသည်။

အမတကူးပြောင်းခြင်းအဆင့်အောက်ရှိသော ရန်သူကိုမဆိုထားနှင့် အမတကူးပြောင်းခြင်း ကနဦးအဆင့် သိုင်းသူတော်စင်များသည်ပင်လျှင် ဤဓားသိုင်းကိုရင်ဆိုင်ရလျှင် အသက်ပျောက်သွားမည် ဖြစ်သည်။

မိစ္ဆာဓားတောင်းတျဲကိုကိုင်ဆောင်ထားသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ဝါဒတောင် မဟာပင်မအစီအရင်ကိုထိန်းချုပ်နေသည့် ယွမ်ကျန်းဖုန်းတိုသည်ပင် ဤစွမ်းအားကြီးမားသည့်တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ အတော်လေးခက်ခဲစွာရင်ဆိုင်ရသည်။

ထိုသူက သိုင်းသူတော်စင် သတ္တမအဆင့်ရှိသော ကြေးနီလူသား (၃)ယောက်ကို ချိုးဖျက်ပြီး ကြေးနီကျွန်းကို တိုက်ခိုက်ခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။

မြောက်ပင်လယ်ဓားခန်းမ နှစ်ထောင်ပေါင်းများစွာကြာအောင် ဓားတန်ခိုးစွမ်းအားများ စုဆောင်းထားသည့် မော်လူကျွန်းဒေသ ၊ ဓားနယ်မြေကို ဖြတ်ကျော်နိုင်ခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပင့်သက်တစ်ချက်ရှိုက်ရင်း...

“ဆရာဘိုးဘိုး... အစီအရင်ကို ကျွန်တော်ထိန်းချုပ်မယ်...”

ရန်ကျောက်ကဲ၏ မူလခန္ဓာကိုယ်အစစ်က တံခါးပိတ်ကျင့်ကြံနေသည့်အတွက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ အတွေးများက ပြတ်သားမှုမရှိဘဲ တိကျသောလုပ်ဆောင်မှုများပြုလုပ်ရန် မရေရာပေ။ ထို့ကြောင့် အရေးကြီးသည့် မဟာပင်မအစီအရင်ကို ထိန်းချုပ်ခြင်း မပြုလုပ်ရန် အကောင်းဆုံး ဖြစ်၏။

သို့သော် ယခုတော့ ရွေးချယ်စရာမရှိ လှုပ်ရှားရပေမတော့မည်။

ယွမ်ကျန်းဖုန်းက အချိန်မဖြုန်းဘဲ သူ၏မျက်ဝန်းထဲတွင် အလင်းရောင်များထွက်ပေါ်လာကာ အင်းသင်္ကေတတစ်ခုအသွင်တောက်ပလာသည်။

ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏မျက်ဝန်းများထဲတွင်လည်း အလင်းရောင်များတောက်ပလာပြီး အင်းသင်္ကေတ (၂)ခုလှည့်ပတ်သွားကာ ဝါဒတောင် မဟာပင်မအစီအရင်ကြီးအားထိန်းချုပ်မှုက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံသို့ ရောက်ရှိသွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ထိန်းချုပ်မှုအအောက်တွင် အစီအရင်တစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်။

ကြီးမားသောအစီအရင်ကြီးထဲတွင် များပြားလှစွာသောအစီအရင်ငယ်များ စတင်လည်ပတ်လာပြီး ဝါဒတောင်၏ တောင်ထွတ် (၈)ခုမှ အလင်းရောင်များ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ၏ ပြင်းထန်သော ထိန်းချုပ်မှုအောက်တွင် အချိန်ရေစီးကြောင်းဓားအလင်းတန်းများ ရုတ်တရက် ပြိုကွဲသွားသည်။

ကြီးမားသောအစီအရင်ကြီးက ပိုမိုလျှင်မြန်စွာလှုပ်ရှားလာပြီး ကြမ်းတမ်းသော တန်ခိုးစွမ်းအားကို ပေါ်လွင်စေသည်။

မိုးမြေတစ်ခွင် ပရမ်းပတာဖြစ်နေသော အချိန်နှင့်ဗလာနယ်က သက်သာသွားပုံရပြီး ပြန်လည်ပြင်ဆင်ရန် မရေရာသောအနေအထား ရှိလာသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဝါဒတောင် မဟာပင်မအစီအရင်ကို ထိန်းချုပ်လိုက်သည်နှင့် သူ၏လက်ထဲတွင်ဆုပ်ကိုင်ထားသော မိစ္ဆာဓားတောင်းတျဲ၏စွမ်းအားက ပိုမိုပြင်းထန်လာသည်။

မိစ္ဆာဓားတောင်းတျဲမှ ကြီးမားသောတွင်းနက်ကြီးဖြစ်ပေါ်လာပြီး ရှန်လင်ကျီ၏ အချိန်ရေစီးကြောင်းဓားသိုင်းမှ ဓားအလင်းတန်းများစွာကို ဝါးမျိုသွားသည်။

ရေစီးကြောင်းပမာ ဓားအလင်းတန်းများ ခဏမျှ ငြိမ်သက်သွားစဉ် ကောင်းကင်ထက်မှ မျက်နှာကြီးသည်လည်း ကွယ်ပျောက်သွားသည်။

ထို့နောက် ဓားအလင်းတန်းများက ဘေးနှစ်ဖက်သို့ နှစ်ပိုင်းကွဲထွက်သွား၏။

ထို့နောက် စောစောကပျောက်ကွယ်သွားသော မျက်နှာနှင့် ရုပ်သွင်ဆင်တူသည့် လူရိပ်တစ်ခု ကောင်းကင်ထက်တွင် ပေါ်လာသည်။

သူ၏ မျက်နှာအသွင်အပြင်က ငယ်ရွယ်သော်လည်း အငွေ့အသက်ရောင်ဝါကတော့ ရှေးကျလွန်းသည်။

ယခင်တစ်ချိန် ဧကရာဇ်ရွှမ်ဝမ် တာ့ရွှမ်မင်းဆက်ကိုတည်ထောင်ပြီး ကျူတောပင်လယ်ဒေသတွင် ထီးနန်းသိမ်းပိုက်စဉ်ကထက်ပင် ရှန်လင်ကျီ၏ တန်ခိုးစွမ်းအားက ပိုမိုမြင့်မားလာခဲ့သည်။

“ကောင်းလိုက်တဲ့ နတ်ဓား...”

ဝါဒတောင်ထက်တွင်ရှိနေသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ငုံ့ကြည့်ရင်း ထိုသူက ဖြည်းညင်းစွာဆိုသည်။

“မင်းက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်မဖြစ်သေးတာ စိတ်မကောင်းစရာပဲ ၊ မင်းလိုလူမှာ ဒီလိုဓားမျိုးမင်းမှာရှိနေတာ အလကားပဲ ၊ ရင်းမြစ်ပစ္စည်းတွေ ဖြုန်းတီးရာရောက်တယ်”

ရှန်လင်ကျီက လက်တစ်ဖက်ကို ဖြည်းညင်းစွာမြှောက်ရင်း...

“ကျုပ်မှာလည်း အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ရှိတယ်”

သူ့လက်ကိုမြှောက်လိုက်သည်နှင့် ထူးဆန်းသော စည်းတံဆိပ်တစ်ခု‌ပေါ်လာသည်။

ထိုစည်းတံဆိပ်က ရှည်လျားပြီး နှစ်ဖက်သွားဓားတစ်လက်နှင့် ဆင်တူသည်။

ထို ဓားသွားသဏ္ဍန်စည်းတံဆိပ်က ခေတ်ကာလများတစ်လျှောက် ဖြတ်သန်းစီးဆင်းလာပြီး လက်ရှီအချိန်တွင် အလွန်တရာရှေးကျပြီး အထီးကျန်သော ရောင်ဝါကို ထုတ်လွှတ်လျှက် ရှိသည်။

ရှန်လင်ကျီက ဓားသဏ္ဍန် စည်းတံဆိပ်ကို ဆုပ်ကိုင်လိုက်သည်နှင့် ရေစီးကြောင်းပမာဓားအလင်းတန်းများက ဝိညာဉ်နယ်မြေတစ်ခုလုံးကို ချက်ချင်းလွှမ်းမိုးသွားသည်။

ဝါဒတောင်တစ်ခုလုံးက လှုပ်ရှားနိုင်ခြင်း မရှိတော့ဘဲ ပယင်းထဲတွင်ပိတ်မိနေသည့်ပိုးကောင်းပမာ ဖြစ်သွားရ၏။

လှည့်ပတ်နေသည့် ဝါဒတောင်ပင်မအစီအရင်ကြီးနှင့် နဂိုမူလအတိုင်း ပြန်လည်ပေါင်းစည်းတော့မည့် မိုးမြေတစ်ခွင်က ချက်ချင်း ရပ်တန့်သွားသည်။

မိစ္ဆာဓားတောင်းတျဲဖြင့် ပြုလုပ်ထားသော တွင်းနက်ကြီးသည်လည်း ပျောက်ကွယ်သွားသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏မျက်ဝန်းများ တောက်ပသွားပြီး...

“သူ့မှာတကယ်ပဲ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ရှိနေတာပဲ”

ဟု တွေးလိုက်၏။

ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကောင်းကင်ထက်သို့ မော့ကြည့်ပြီး ကြုံးဝါးသံတစ်ချက် ကျယ်လောင်စွာပြုလုပ်လိုက်သည်။

သူ၏ဦးခေါင်းထက်တွင် အလင်းတန်းများထွက်ပေါ်လာပြီး မိုးကုတ်စက်ဝိုင်းဆီသို့ ထိုးဖောက်ဝင်ရောက်သွားကာ မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများထွက်ပေါ်လာသည်။ ထိုဝိညာဉ်သင်္ကေတများစုစည်းပြီးနောက် ကြီးမားသော အစီအရင်ကြီးတစ်ခု ဖြစ်တည်လာ၏။

တစ်ချိန်တည်းပင် မိုးထိတောင်ထက် ပင်မခန်းဆောင်အတွင်းမှ ယွမ်ကျန်းဖုန်းထွက်ပေါ်လာပြီး သူ၏ဦးခေါင်းထက်မှ ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ ထိုးဖောက်သွားပြီး ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာသည်။

ယွမ်ကျန်းဖုန်း၏ဦးခေါင်းထက်တွင်လည်း ဝိညာဉ်အစီအရင်တစ်ခု ဖြစ်တည်လာသည်။

ထိုအစီအရင်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ဦးခေါင်းထက်မှ အစီအရင်နှင့် ကွဲပြားသော်လည်း ထိုအစီအရင် (၂)ခုက နီးကပ်စွာ ဆက်နွယ်နေသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့လက်ထဲမှ မိစ္ဆာဓားတောင်းတျဲကို လက်လွှတ်လိုက်သည်။ သူက စွမ်းအားမြင့်မားလှသော အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ဓားကို အောက်ဘက်ရှိ ဝါဒတောင်ဆီသို့ ပစ်လွှတ်လိုက်သည်။

တစ်ချိန်တည်းပင် သူ့လက်ထဲတွင် လှံရှည်တစ်လက်ပေါ်လာပြီး ထိုလှံရှည်က အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ရွှမ်ဧကရာဇ်လှံရှည်ပင် ဖြစ်၏။

တောက်ပသောမီးတော်ကတစ်ခုက လေထုထဲသို့မြင့်တက်လာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ဝန်းရံထားသည်။

သူ၏ခန္ဓာကိုယ်ထက်မှ တောင်းတျဲသတ္တဝါ၏အလင်းပုံရိပ်ပျောက်ကွယ်သွားပြီး ခွန်ဖိန်သတ္တဝါ၏လွှမ်းမိုးမှုများထွက်ပေါ်လာကာ ပင်လယ်ကိုလှန်မှောက်ပြီး ကောင်းကင်သို့ပျံသန်းသွားသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။

မိစ္ဆာဓားတောင်းတျဲက ဝါဒတောင်၏တောင်ထွတ် (၈)ခုထဲမှ မီးတောက်တောင်ထွတ်သို့ ဆင်းသက်သွားပြီး ထိုနေရာတွင် ဝိညာဉ်သင်္ကေတများ သိပ်သည်းစုစည်းနေသော ဝိညာဉ်အစည်အရင်တစ်ခု ဖြစ်တည်လာသည်။

မိုးကြိုးတောင်ထွတ်တွင်လည်း စတုတ္ထမြောက် ဝိညာဉ်အစီအရင် တည်ဆောက်ပြီးသွားပြီ ဖြစ်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး ဝိညာဉ်အလင်းတန်းများနှင့်အတူ ပုံမှန်မဟုတ်သောရောင်ဝါများထွက်ပေါ်နေသည့် လက်နက်ပစ္စည်းများစွာ လွင့်ပျံထွက်ပေါ်လာသည်။

ထိုလက်နက်ပစ္စည်းများက လေထုထဲတွင်လှည့်ပတ်နေပြီး အစီအရင်တစ်ခု စတင်ဖြစ်ပေါ်လာသည်။

ထိုလက်နက်ပစ္စည်းများက မဟာဝိညာဉ်ကျောက်တုံးအမြုတေဖြင့် ပြုလုပ်ထားသော လက်နက်ပစ္စည်းများ ဖြစ်ကြလေသည်။

ဝါဒတောင်အထက် ၊ လေးဘက်လေးတန်တွင် ဝိညာဉ်အစီအရင် (၄)ခုက တစ်ညီတစ်ညွတ်တည်း ပျံ့နှံ့လာပြီး တဖြည်းဖြည်းပေါင်းစပ်သွားကာ ပိုမိုကြီးမားသော ဝိညာဉ်အစီအရင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုက်ယီချိုးဖျက်အစီအရင်။

All Chapters