← Chapters

တိုက်ခိုက်ဖို့အကောင်းဆုံးနဲ့နောက်ဆုံးအခွင့်အရေး

Vol. 62 Ch. 867

တိုက်ခိုက်ဖို့အကောင်းဆုံးနဲ့နောက်ဆုံးအခွင့်အရေး

Vol. 62 Ch. 867

အခန်း (၈၆၇) တိုက်ခိုက်ဖို့အကောင်းဆုံးနဲ့နောက်ဆုံးအခွင့်အရေး

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရှန်လင်ကျီကို စူးစိုက်ကြည့်ရင်း...

“မင်းမှာ အချိန်ကိုနောက်ပြန်လှည့်လို့ရတဲ့ ဒီလိုရတနာပစ္စည်းမျိုး ရှိနေတာကိုး ၊ သိုင်းသူတော်စင် သတ္တမအဆင့်ရှိတဲ့ ကုဟုန်ကို အသက်ရှင်လျက်ဖမ်းဆီးနိုင်တာ မအံ့သြတော့ပါဘူး”

ရှန်လင်ကျီအသုံးပြုလိုက်သည့် ရတနာပစ္စည်းက အလင်းမှုန်များအဖြစ်ပြောင်းလဲသွားပြီး အချိန်ကိုဖိအားပေးပြောင်းပြန်လည်ပတ်စေကာ ဖြစ်ပျက်ခဲ့သမျှကို ဖယ်ရှားပစ်ပြီး အရာအားလုံးကို အသစ်မှပြန်လည်စတင်စေသည်။

ဖန်းယွင်ရှန်းသာ အချိန်မီမလှုပ်ရှားနိုင်ခဲ့လျှင် ယနေ့တိုက်ပွဲရလဒ်က ပြောင်းလဲသွားနိုင်သည်။

အစီအရင်တည်ဆောက်ရန်အသုံးပြုသည့် မဟာဝိညာဉ်ကျောက်တုံးအမြုတေများဖြင့်ပြုလုပ်ထားသော ရတနာပစ္စည်းများသာမရှိလျှင် ထိုက်ယီချိုးဖျက်အစီအရင်ကို ပြန်လည်တည်ဆောက်နိုင်လိမ့်မည် မဟုတ်ပေ။

ရန်ကျောက်ကဲ၏မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ၊ ယွမ်ကျန်းဖုန်းနှင့် အခြားသူများအနေဖြင့် ရှန်လင်ကျီ၏ ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်ကို ခက်ခက်ခဲခဲ တွန်းလှန်ရင်း ဖိအားများစွာ ရင်ဆိုင်ကြရမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် ရန်ကျောက်ကဲတို့သားအဖသည်လည်း တံခါးပိတ်ကျင့်ကြံရာမှ စောစီးစွာထွက်လာကြရပြီး ရန်သူကိုရင်ဆိုင်ရန် သွေးစွန်းတိုက်ပွဲ ဆင်နွှဲကြရမည်ပင်။

ထိုသို့သောအခြေအနေရောက်ရှိသွားပါက ရန်သူ နောက်ပြန်ဆုတ်သွားလျှင်ပင် ဝါဒတောင်အနေဖြင့် ရှုံးနိမ့်ခြင်းနှင့် ညီမျှသည်။

အရင်က ဝါဒတောင် ဝီရိယစိုက်ထုတ်ထားခဲ့သောအရာအားလုံးသည် အချည်းနှီးဖြစ်သွားမည်ဖြစ်ပြီး သူတို့ပေးဆပ်ခဲ့ရသည့်အချိန်များကို ရန်သူက ရယူသွားခြင်းနှင့် ညီမျှမည် ဖြစ်၏။

ရန်သူက အပြည့်အဝပြင်ဆင်မှုများပြုလုပ်ပြီး ပြင်းထန်စွာတိုက်ခိုက်လာပါက ရလဒ်သည်လည်း မထင်မှတ်လောက်အောင် ဆိုးရွားသွားနိုင်သည်။

ယခုတော့ ထိုက်ယီချိုးဖျက်အစီအရင်မှ ထွက်ပေါ်လာသော အဖြူရောင်အလင်းကမ္ဘာက ဝိညာဉ်နယ်မြေတစ်ခုလုံးသို့ လွှမ်းခြုံသွားပြီး ရှန်လင်ကျီ၏ တိုက်ခိုက်မှုကို တားဆီးထားသည်။

ရှန်လင်ကျီ၏ မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း သူ၏မျက်ဝန်းများကတော့ အရင်ကထက်ပိုပြီး တည်ကြည်လေးနက်သွားသည်။

ဝါဒတောင်ကိုရစ်ပတ်လွှမ်းခြုံထားသည့် ထိုက်ယီချိုးဖျက်အစီအရင်ကိုကြည့်ရင်း ရှန်လင်ကျီ တွေးလိုက်၏။

“ခန်းဖင်းတို့အုပ်စု ဒီလိုအနေအထားမျိုးရောက်သွားတာ မအံ့သြတော့ပါဘူး ၊ သူတို့ရဲ့ နည်းလမ်းတွေက ခန့်မှန်းလို့မရသလို အဆုံးလည်းမရှိဘူး”

အလင်းမှုံများဖြင့်ပြောင်းလဲပြီး အချိန်ကိုပြောင်းပြန်လှည့်ပတ်ရန်အတွက် ရှန်လင်ကျီအသုံးပြုလိုက်သောရတနာပစ္စည်းကို ‘အလင်းခြေရာခံနတ်ကျောက်တုံး’ ဟု ခေါ်ဆိုသည်။

ယနေ့ ရှန်လင်ကျီက ထိုကျောက်တုံး (၂)တုံးသာလျှင် ယူဆောင်လာခဲ့သည်။

ကုဟုန်ကို အရှင်ဖမ်းဆီးရန်အတွက် ထိုကျောက်တုံးကိုအသုံးပြုရန်လိုအပ်မည်ဟု သူက တွေးခဲ့သည်။ ဝါဒတောင်ကို ဖျက်ဆီးပြီး ရန်ကျောက်ကဲကိုဖမ်းဆီးရန်ကတော့ ခက်ခဲသည့်ကိစ္စမဟုတ်ဟု ယူဆခဲ့သည်။

အလင်းခြေရာခံနတ်ကျောက်တုံးနောက်တစ်ခုကတော့ လိုရမယ်ရ ကြိုတင်ပြင်ဆင်မှုပြုလုပ်သည့်အနေဖြင့် ယူဆောင်လာခြင်း ဖြစ်၏။ ထိုအလင်းခြေရာခံနတ်ကျောက်တုံးကို ဝါဒတောင်တွင်အသုံးပြုရမည်ဟု သူ တွေးထင်မထားခဲ့ပေ။

ရှန်လင်ကျီက ခေါင်းမော့ပြီး အနောက်ဘက်ကောင်းကင်ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။

“ဒီနေရာက ယင်စန်းတောင်ဓားဘုရင်တို့အုပ်စုနဲ့အရမ်းနီးနေတယ် ၊ အချိန်ကလည်း သိပ်မရှိဘူး...”

ဧကရာဇ်ရွှမ်ချန်က တာ့ရွှမ်တိုင်းပြည်မြို့တော်တွင် ကောင်းကင်စွမ်းအားအစီအရင်ပြုလုပ်ရန်အတွက် အလုပ်များနေသည်ဖြစ်ရာ သူနှင့်အတူ လာရောက်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

ရှန်လင်ကျီက သူ့တစ်ယောက်တည်းဖြင့် အချိန်တိုအတွင်း ထိုက်ယီချိုးဖျက်အစီအရင်ကို မကျော်ဖြတ်နိုင်ကြောင်းသိရသည့်အခါ အလောတကြီးမလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ သူက ခေါင်းမာစွာဖြင့် ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ပေ။

သူက “ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်” နှင့် သူ၏ဓားဝိညာဉ်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။

“ဝါဒတောင်... တာအိုဝါဒရဲ့ မြောက်ပိုင်းတောင်ထွတ် ၊ ဒီနာမည်ကို မင်းတို့ခံယူဖို့ မထိုက်တန်သေးပါဘူး ၊ မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးပေမယ့် မင်းတို့မှာ ရတနာပစ္စည်းတွေအများကြီး ရှိနေလို့ ဒီတစ်ခေါက် ခံသာသွားတယ်မှတ်ပါ ၊ ဒီအဘိုးကြီးကလည်း အလျင်စလိုရောက်လာတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်မလာနိုင်ခဲ့ဘူး”

ပြောပြီးသည်နှင့် ရှန်လင်ကျီက တိတ်ဆိတ်သည့်အကြည့်တစ်ချက်ဖြင့် ဝါဒတောင်ကိုငုံ့ကြည့်လိုက်ပြီး လှည့်ထွက်သွားလေသည်။

“ဒီလိုဆိုမှတော့  ဒီနေ့ဒီမှာပဲ ရပ်လိုက်ကြရအောင် ၊ တစ်ချက်တည်းနဲ့အကုန်လုံးလက်စသတ်လိုက်ချင်ပေမယ့် အခုတော့ မင်းတို့တွေ နည်းနည်းသက်တမ်းကြာရှည်ဦးမယ်ထင်တယ်”

ရှန်လင်ကျီ၏ရုပ်သွင်က ကောင်းကင်ထက်တွင်ပျောက်ကွယ်သွားပြီး အချိန်ရေစီးကြောင်းဓားအလင်းတန်းအဖြစ်ပြောင်းလဲကာ အရှေ့တောင်ဘက်သို့ တိတ်ဆိတ်စွာ စီးဆင်းသွားသည်။

ထွက်ခွာသွားသောပုံရိပ်ကိုကြည့်ရင်း ဝါဒတောင်မှလူများအားလုံး မျက်မှောင်ကြုံ့လျှက် တိတ်ဆိတ်ငြိမ်သက်နေကြသည်။

ရှန်လင်ကျီ နောက်ပြန်လှည့်လာပြီး သူတို့ကိုတိုက်ခိုက်ဦးမည်လား မသိနိုင်သည့်အတွက် ထိုက်ယီချိုးဖျက်အစီအရင်ကတော့ အလင်းရောင်မှေးမှိန်သွားခြင်း မရှိသေးပေ။

ရန်ကျောက်ကဲသည် ရန်သူကို ဘယ်တော့မှလျှော့မတွက်ဘဲ အဆိုးဆုံးကိုတွေးတောခန့်မှန်းလေ့ရှိတတ်သည်။

ယခုရင်ဆိုင်ရသည့်ရန်သူက အချိန်ရေစီးကြောင်းဓားသိုင်းကို ကျင့်ကြံထားသူဖြစ်ပြီး အလွန်တရာလည်း လျှင်မြန်သည်။ ရုတ်တရက်တိုက်စစ်ဆင်ရန်အတွက် ချက်ချင်းပြန်ရောက်လာနိုင်၏။

ရှန်လင်ကျီ ထွက်ခွာသွားသည့်လမ်းကြောင်းကိုကြည့်ရင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရေရွတ်လိုက်သည်။

“ကျူတောပင်လယ်ဒေသ တောင်ပိုင်းကိုထွက်သွားတာကိုကြည့်ရရင် ယိုးမင်ဂိုဏ်း ဌာနချုပ်အသစ်ရှိတဲ့နေရာကိုသွားတာ ဖြစ်ရမယ် ၊ လက်စသတ်တော့ သူက ကျူတောပင်လယ်ဒေသကို နာရီလက်တံနဲ့ဆန့်ကျင်ဘက်လှည့်သွားနေတာပဲ ၊ ငါနားလည်ပြီ”

ယွမ်ကျန်းဖုန်းက လေးလံသောအသံဖြင့်...

“ယိုးမင်ဂိုဏ်းက သူ့ကိုခုခံနိုင်မယ် မထင်ဘူး”

ရန်ကျောက်ကဲ၏မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက...

“ကြေးနီကျွန်းကျရှုံးသွားတဲ့သတင်းရပြီးတဲ့နောက် သူတို့လည်း အခြေအနေကို သတိပြုမိမှာပါ ၊ သူတို့က ကျွန်တော်တို့နဲ့လာပြီး မပူးပေါင်းတာကတော့ စိတ်မကောင်းစရာပဲ”

ယိုးမင်ဧကရာဇ်ဂူဗိမာန်တိုက်ပွဲတွင် ရန်ကျောက်ကဲ မည်သို့သောရတနာပစ္စည်းများရရှိသွားကြောင်းကို ကျိုးဟောက်ရှန်းတို့အုပ်စု မသိကြသော်လည်း သူတို့ကဲ့သို့ပင် ကွမ်းမင်ဂိုဏ်းသည်လည်း ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရသည်။

ထို့ကြောင့် ယိုးမင်ဂိုဏ်းအမြင်တွင် ရန်ကျောက်ကဲက ကြားထဲကအမြတ်ထွက်ကာ အခွင့်ကောင်းယူသူအဖြစ် ယူဆခဲ့ကြသည်။

ပြီးတော့ ယိုးမင်တစ္ဆေမီးအိမ်က ရန်ကျောက်ကဲလက်ထဲရောက်ရှိသွားသည်ဟု ယိုးမင်ဂိုဏ်းက ထင်မှတ်ထားဟန်ပင်။

ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ က သူတို့၏ဌာနချုပ်ကို ချေမွသွားပြီး ယိုးမင်ဂိုဏ်းတစ်ခုလုံး ပျက်ဆီးလုနီးပါးဖြစ်ခဲ့ရသည်။

ထိုအချိန် အဆင်ပြေနေသည့် ရန်ကျောက်ကဲကိုကြည့်ရင်း ယိုးမင်ဂိုဏ်းအနေဖြင့် တစ်မျိုးတမည်ခံစားရသည်မှာ အမှန်ဖြစ်သည်။

သို့သော် ရန်သူ၏ရန်သူက မိတ်ဆွေဖြစ်လေသည်။ တာ့ရွှမ်တိုင်းပြည်နှင့် ကွမ်းမင်ဂိုဏ်းကြောင့် ယိုးမင်ဂိုဏ်းနှင့် ရန်ကျောက်ကဲတို့က အလိုအလျောက်မဟာမိတ်များ ဖြစ်လာခဲ့ကြ၏။

သို့ရာတွင် ယိုးမင်ဧကရာဇ်ဂူဗိမာန်ကိစ္စဖြစ်ပြီးသည့်နောက်ပိုင်း နှစ်အနည်းငယ်အတွင်း ယိုးမင်ဂိုဏ်းက ရန်ကျောက်ကဲနှင့်ဝါဒတောင်အပေါ် အမြင်မကြည်လင်ဖြစ်ခဲ့ကြသည်။

ကြေးနီကျွန်း၏ကံကြမ္မာကိုသိရှိရပြီးနောက် ဝါဒ‌တောင်က မြောက်ပင်လယ်ဓားခန်းမကို ဆက်သွယ်ခဲ့သလို ယိုးမင်ဂိုဏ်းကိုလည်း ဆက်သွယ်ခဲ့သည်။

စိတ်မကောင်းစရာမှာ ရှန်လင်ကျီကအလွန်မြန်ဆန်လွန်းပြီး သူ၏တိုက်ခိုက်မှုကလည်း ပြင်းထန်လွန်းခြင်းပင်။

မြောက်ပင်လယ်ဓားခန်းမကို တိုက်ခိုက်ခဲ့ခြင်းက မိုးသက်မုန်တိုင်းပမာ လျှင်မြန်လွန်းသည်။

သူက ဝါဒတောင်ကို အချိန်တိုအတွင်း အနိုင်မယူနိုင်သည့်အခါ တိုက်ပွဲကိုရပ်တန့်ပြီး ချက်ချင်းထွက်ခွာသွားသည်။

ယိုးမင်ဂိုဏ်းက ဝါဒတောင်၏အဆိုပြုချက်ကိုသဘောတူပြီး သူတို့ဆီသို့လာရောက်ပူးပေါင်းရန် ဝိညာဉ်နယ်မြေသို့လာရောက်သည့်တိုင် လမ်းတစ်ဝက်တွင် ရှန်လင်ကျီ၏ ပိတ်ဆို့ခြင်းကို ခံရမည် ဖြစ်သည်။

သူတို့က ဝါဒတောင်အဆိုပြုချက်အတိုင်းမလိုက်နာဘဲ ကျူတောပင်လယ်ဒေသတောင်ဘက်သို့ရွှေ့ပြောင်းပြီး ပုန်းအောင်နေမည်ဆိုပါက ရင်ဆိုင်ရမည့်ကပ်ဘေးကို ရှောင်ရှားနိုင်ပေမည်။

ထိုက်ယီချိုးဖျက်အစီအရင်မှ အလင်းရောင်များ မှေးမှိန်သွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မိုးထိတောင်ထက်သို့ ပြန်လည်ဆင်းသက်လာသည်။

သူက ဖန်းယွင်ရှန်းကိုလှမ်းကြည့်ရင်း...

“မင်း အဆင်ပြေရဲ့လား”

ဖန်းယွင်ရှန်းက ထူးကဲယင်သရဖူနှင့် နေရိပ်နတ်ဓားကို သိမ်းဆည်းလိုက်သည်။

သူမ၏မျက်နှာကတော့ လုံးဝသွေးရောင်မရှိဘဲ ဖြူဖျော့နေ၏။

“ဘာမှတော့ ပြင်းပြင်းထန်ထန်မဖြစ်ပါဘူး ၊  နည်းနည်းလောက်အနားယူလိုက်ရင် ကောင်းသွားမှာပါ”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခေါင်းခါယမ်းရင်း...

“နောက်ဆိုရင် မလိုအပ်ဘဲနဲ့ ဒီလိုလှုပ်ရှားမှုမျိုး မလုပ်စေချင်ဘူး ၊ ရန်သူမှာ ဘယ်လိုဝှက်ဖဲတွေရှိလဲ မသိနိုင်ဘူးလေ”

ယခု ပန်ပန်က ပုံမှန်အရွယ်အစားအတိုင်းပြန်ကျုံ့ဝင်သွားပြီး သူ၏မျက်နှာထက်မှ ခက်ထန်မှုများပျောက်ကွယ်သွားပြီး မျက်ဝန်းများက ပြန်လည်နူးညံ့သွားသည်။

သို့သော် သူ့မျက်နှာထက် ပင်ပန်းနွမ်းနယ်သည့်အရိပ်အယောင်များရှိနေပြီး ကမ္ဘာမြေဖျက်ဆီးကောင်းကင်ဝါးမျိုဓားသေတ္တာကိုယူဆောင်ကာ ဖန်းယွင်ရှန်းဘေးနားရောက်လာပြီး တစ်ရေးတစ်မောအိပ်ရန် လဲလျောင်းလိုက်သည်။

ယွမ်ကျန်းဖုန်းနှင့် ဖန်းယွင်ရှန်းက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ရင်း...

“ရှန်လင်ကျီထွက်သွားတဲ့ဦးတည်ရာက...”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခေါင်းခါယမ်းရင်း...

“ယိုးမင်ဂိုဏ်း ကံကောင်းပါစေလို့ ဆုတောင်းရတော့မှာပဲ...”

သူက ဆက်ပြောသည်။

“ကျွန်တော်တို့ ဒီနေရာကိုပဲ စောင့်ကြည့်ကြတာပေါ့ ၊ တကယ်လို့ ကျွန်တော်တို့လိုက်သွားမယ်ဆိုရင်တောင်... ထိုက်ယီချိုးဖျက်အစီအရင်က ရွေ့လျားတည်ဆောက်နိုင်ပေမယ့် ရှန်လင်ကျီရဲ့မြန်နှုန်းကိုလိုက်မီဖို့က မဖြစ်နိုင်ဘူး”

ယိုးမင်ဂိုဏ်းက ရှန်လင်ကျီကို အချိန်အတန်ကြာအောင်ထိန်းထားနိုင်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား စစ်ကူရောက်လာသည်အထိ တောင့်ထားနိုင်မည်ဟု မျှော်လင့်ခြင်းက အဓိပ္ပါယ်မဲ့လွန်းလှသည်။

ရန်ကျောက်ကဲ၏မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ရှန်လင်ကျီနှင့်ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက် ယိုးမင်ဂိုဏ်းသာ ရှန်လင်ကျီနှင့် ရင်ဆိုင်ရလျှင် ခဏအတွင်းရှုံးနိမ့်မည်မှာသေချာကြောင်း ရန်ကျောက်ကဲ ခန့်မှန်းမိသည်။

ကျိုးဟောက်ရှန်းတွင် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများစွာရှိနေလျှင်ပင် အသုံဝင်မည် မဟုတ်ပေ။

ယွမ်ကျန်းဖုန်းက သက်ပြင်းချရင်း...

“ယိုးမင်ဂိုဏ်းဘာဖြစ်သွားလဲဆိုတာ အနီးကပ်အာရုံစိုက်သင့်တယ် ၊ ငါတို့အတွက်တော့ ရန်တိနဲ့ မင်းရဲ့မူလခန္ဓာကိုယ် တံခါးပိတ်ကျင့်ကြံရာကနေ အောင်အောင်မြင်မြင် ထွက်လာနိုင်မယ်လို့ မျှော်လင့်ထားကြတာပေါ့”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

ဖန်ကျွင်းက...

“ရန်သူက အားလုံးကိုသုတ်သင်ပစ်ဖို့ ရည်ရွယ်တာဖြစ်နိုင်တယ် ၊ အားလုံးကို သတ်ဖြတ်သွားတာ မိုးကြိုးသွားအရှိန်အဟုန်အတိုင်းပဲ ၊ ကြည့်ရတာ... ကောင်းကင်စွမ်းအားအစီအရင်ကြောင့် ဧကရာဇ်ရွှမ်ချန်က အခုချိန်ထိ လှုပ်ရှားလို့မရသေးတာ ဖြစ်နိုင်တယ်”

“သဘာဝပသာဒနယ်မြေက ရေအောက်နန်းတော်ထဲမှာ ခန်းဖင်းတို့ (၃)ယောက်ပိတ်မိနေတာသာမက ကျောက်ကဲက ချီဝေကို သတ်ပစ်လိုက်တာ ကံကောင်းတယ် ပြောရမယ်”

သူက ဖြည်းညင်းစွာဖြင့် ဆက်ပြောသည်။

“မဟုတ်လို့ကတော့... အခုတိုက်ပွဲမှာ သိုင်းသူတော်စင် အဋ္ဌမအဆင့်ကျင့်ကြံသူ (၂)ယောက် တပြိုင်တည်းတိုက်ခိုက်တာကိုပါ ခံရနိုင်တယ်”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လေးလံသည့်မျက်ဝန်းများဖြင့်...

“အခုလောက်ဆိုရင် တာ့ရွှမ်တိုင်းပြည်က အရင်တုန်းက ကျွန်တော်ယူသွားခဲ့တဲ့ ကမ္ဘာသမုဒ္ဒရာသလင်းကျောက်နဲ့ တခြားရတနာပစ္စည်းတွေ ပြန်စုစည်းပြီးပြီထင်တယ် ၊ ဧကရာဇ်ရွှမ်ချန် ကျူတောပင်လယ်ဒေသကိုပြန်လာကတည်းက ကောင်းကင်စွမ်းအားအစီအရင်ကိုတည်ဆောက်ဖို့ သူနဲ့အတူ လုံလောက်တဲ့ရတနာပစ္စည်းတွေ ပါလာမှာပဲမဟုတ်လား”

“အစီအရင်တစ်ခုတည်ဆောက်တယ်ဆိုတာ... ကနဦးတည်ဆောက်မှုက အမြဲတမ်းအခက်ခဲဆုံးပဲ ၊ အစီအရင်ပညာရှင်တွေ အချိန်တိုင်းစောင့်ကြည့်နေဖို့ လိုအပ်တယ် ၊ ဒါပေမဲ့ အစီအရင်က မှန်ကန်တဲ့လမ်းကြောင်းကို ရောက်ရှိပြီး တည်တည်ငြိမ်ငြိမ် လည်ပတ်နိုင်ပြီဆိုရင်တော့ ဧကရာဇ်ရွှမ်ချန် ထွက်လာပါလိမ့်မယ်”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အဝေးတစ်နေရာသို့ လှမ်းကြည့်ရင်း...

“ဧကရာဇ်ရွှမ်ချန် ဒီကိုပြန်ရောက်နေတာကြပြီဆိုတော့... အဲဒီနေ့က မဝေးတော့ဘူးထင်ပါတယ်”

ထို့နောက် သူ့နှုတ်ခမ်းထောင်များတွန့်ကွေးသွားပြီး မထီမဲ့မြင်အပြုံးတစ်ခု ပေါ်လာသည်။

“ဒါပေမဲ့... အဲဒီအချိန်ရောက်ရင် ကျွန်တော်တို့လည်း တံခါးပိတ်ကျင့်ကြံရာက ပြန်ရောက်လောက်ပါပြီ ၊ တကယ်တော့ ဒီနေ့က ရှန်လင်ကျီအတွက် တိုက်ခိုက်ဖို့အကောင်းဆုံးနဲ့ နောက်ဆုံးအခွင့်အရေးဆိုတာကို ရှန်လင်ကျီ နားလည်မသွားရှာဘူး”

All Chapters