ရန်ကျောက်ကဲအထက်ဘုံကမ္ဘာသို့တက်ခြင်း
Vol. 62 Ch. 869
အခန်း (၈၆၉) ရန်ကျောက်ကဲအထက်ဘုံကမ္ဘာသို့တက်ခြင်း
တာ့ရွှမ်တိုင်းပြည်မြို့တော်တွင် ရှန်လင်ကျီအပြင် ကြီးကျယ်ခမ်းနားသောအသွင်အပြင်နှင့် ကျောက်စိမ်းပုတီးများပါဝင်သည့် ဘုရင်ခေါင်းဆောင်းကိုဆောင်းပြီး နဂါးဝတ်ရုံကိုခြုံလွှမ်းထားသည့် လူရွယ်တစ်ယောက်လည်း ရှိနေသည်။
ထိုသူက သားတော်ဖြစ်သူ ဧကရာဇ်ရွှမ်မုကို ထီးနန်းလွှဲပြောင်းပေးခဲ့ပြီး ကျူတောပင်လယ်ဒေသမှ ထွက်ခွာသွားသည့် ဧကရာဇ်ရွှမ်ချန်ပင် ဖြစ်၏။
လွန်ခဲ့သောနှစ်အနည်းငယ်က သူက ကျူတောပင်လယ်ဒေသသို့ ပြန်ရောက်လာခဲ့ခြင်းပင်။
သူက ကောင်းကင်သို့တစ်ချက်မော့ကြည့်လိုက်ပြီးမှ ဦးညွှတ်လိုက်ရင်း...
“ဆရာဦးလေး’ရှီ’”
ထိုအချိန် ကျောကုန်းထက် ဆံပင်ဖြူရှည်များရှည်လျားစွာချထားသည့် အဘိုးအိုတစ်ယောက် ကောင်းကင်ထက်မှ ဆင်းသက်လာသည်ကို တွေ့ရသည်။
ဆံပင်ဖြူနှင့်အဘိုးအိုက ဧကရာဇ်ရွှမ်ချန်ကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ့မျက်ဝန်းများက ရှန်လင်ကျီထံ ကျရောက်သွားပြီး...
“အဲဒါ တကယ်ပဲ ထိုက်ယီချိုးဖျက်အစီအရင်လား”
ရှန်လင်ကျီက...
“မမှားနိုင်ပါဘူး ၊ ဧကရာဇ်ဆီက ထိုက်ယီချိုးဖျက်အစီအရင်အပိုင်းစကို ငါ မြင်ဖူးတာပဲ”
ဆံပင်ဖြူအဘိုးအိုက ခေါင်းခါယမ်းရင်း...
“ဒီနေရာမှာ အရာအားလုံး လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ ထင်ခဲ့မိတယ် ၊ ဒါကြောင့် ဧကရာဇ်အတွက် တခြားအလုပ်တွေလုပ်ပေးဖို့ အပြင်ထွက်သွားခဲ့တာ ၊ ဒါပေမဲ့ နောက်ပိုင်းလူငယ်တွေ ဒီလောက်အထိ အဆင်မပြေဖြစ်ပြီး ရှုပ်ထွေးကုန်မယ်လို့ထင်မထားမိဘူး ၊ အခုတော့ အရှုပ်ထုပ်တွေရှင်းဖို့ ပြန်လာနေရတယ်”
“ကျုပ်တို့ ဟိုပြေးဒီလွှားလုပ်နေရတာနဲ့ပဲ ဧကရာဇ်မင်းရဲ့အမိန့် နှောင့်နှေးမှာ စိုးရွံ့မိတယ်”
ဧကရာဇ်ရွှမ်ချန်က လေးနက်သည့်လေသံဖြင့်...
“အခြေအနေတွေကို ပြန်ပြင်ဖို့ အခွင့်အရေးတစ်ခု ရှိပါသေးတယ် ၊ ဆရာဦးလေး’ရှီ’ နဲ့ဆိုရင် ကောင်းကင်စွမ်းအားအစီအရင်ကို စိတ်ချနိုင်ပြီဆိုတော့ ကျွန်တော်က ဆရာဦးလေးရှန်လင်ကျီနဲ့အတူ ကျွန်တော်တို့ အကြံအစည်တွေကို ဖျက်ဆီးနေတဲ့လူယုတ်မာတွေကို ကူညီပြီး ရှင်းပစ်လို့ရတယ်”
ထိုဆံပင်ဖြူနှင့်အဘိုးအိုက ယခင်အချိန်တုန်းက ဧကရာဇ်ရွှမ်ဝမ် ၊ ရှန်လင်ကျီတို့နှင့်အတူ ကျူတောပင်လယ်ဒေသသို့ရောက်လာသည့် တာအိုဆရာ’ရှီ’ ပင်ဖြစ်သည်။ တာ့ရွှမ်တိုင်းပြည် ကနဦးတည်ထောင်သူများထဲမှတစ်ယောက် ဖြစ်၏။
သူက လက်ရှိတွင် အမတကူးပြောင်းခြင်း ကနဦးအဆင့်သာရှိသေးသော်လည်း လွန်ခဲ့သော ရာစုနှစ်တစ်ခုကျော်က ကျူတောပင်လယ်ဒေသတစ်ခုလုံးကို လှုပ်ခတ်သွားစေသည့် အစီအရင်ပညာ ဆရာဘိုးဘိုးတစ်ယောက် ဖြစ်နေဆဲပင်။
ဆံပင်ဖြူအဘိုးအိုက...
“ဒီအဘိုးကြီးက ဝါဒတောင်ရဲ့ ထိုက်ယီချိုးဖျက်အစီအရင်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ချင်နေတယ် ၊ ဧကရာဇ်အတွက် အမြင့်ဆုံးအဆင့် တိုက်ပွဲအစီအရင်ကို ရယူနိုင်မယ်ဆိုရင် လူငယ်တွေကျူးလွန်ခဲ့တဲ့အမှားကို ပြန်လည်ကုစားနိုင်မှာ ဖြစ်တယ်”
ရှန်လင်ကျီက...
“လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ငါတို့ကြိုးစားခဲ့တာကြောင့် ကောင်းကင်စွမ်းအားအစီအရင်က အခြေခံတည်ငြိမ်နေပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်နေပါပြီ”
“ဂိုဏ်းတူညီလေး’ရှီ’ ၊ မင်းသာ တစ်ခုခု စီစဉ်ပေးမယ်ဆိုရင် ဒီနေရာကို ဒီနေရာကို အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်က စောင့်ကြည့်နေစရာ မလိုဘူးလို့ ငါယုံကြည်တယ် ၊ ငါတို့ (၃)ယောက် ဝါဒတောင်ကို အတူတူသွားတိုက်မယ်”
ငယ်ရွယ်သည့်အသွင်အပြင်ရှိသော်လည်း ရှန်လင်ကျီက ရှေးကျအိုမင်းသည့်လေသံဖြင့်...
“ဒါဆိုရင် ယင်စန်းတောင်ဓားဘုရင်က ထပ်ပြီး စွက်ဖက်ခဲ့ရင်တောင်၊ ငါတို့က ဝါဒတောင်ကို အနိုင်ယူနိုင်မယ်လို့ အပြည့်အဝ ယုံကြည်တယ်"
တာအိုဆရာ’ရှီ’ က...
“ကောင်းပြီ ၊ ဒီအဘိုးကြီး ကောင်းကင်စွမ်းအားအစီအရင်နဲ့ တာ့ရွှမ်တိုင်းပြည်မြို့တော် ပင်မအစီအရင်ကို တစ်ချက်စစ်ဆေးကြည့်လိုက်မယ်”
ဧကရာဇ်ရွှမ်ချန်က...
“သဘာဝပသာဒနယ်မြေက မတည်မငြိမ်ဖြစ်နေပြီ ၊ ကျုပ်ရဲ့ ဂိုဏ်းတူညီလေး ကုကျန်းနဲ့ ဟယ်တုန်းချန် ၊ ပြီးတော့ တူလေးခန်းဖင်းတို့ အချိန်မရွေး အထဲကနေထွက်လာနိုင်ပြီ”
ရှန်လင်ကျီက လက်တစ်ဖက်မြှောက်လိုက်သည်။
သူ့လက်ထဲတွင် ပုလဲရတနာအလား ချောမွတ်တောက်ပနေသည့် ‘အလင်းခြေရာခံနတ်ကျောက်တုံး’ ပေါ်လာပြီး သူက ထိုကျောက်တုံးကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေသည်။
“အန္တရယ်ရှိတဲ့ရန်သူတွေကို အမြန်ဆုံးသုတ်သင်ပစ်ရမယ် ၊ ဒါမှ ငါတို့တွေ မှန်ကန်တဲ့လမ်းစဉ်ကို ပြန်လည်စတင်နိုင်မှာပဲ”
***
ထိုသို့ဖြင့် အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားသည်။
များမကြာမီ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တို့ကြား ကြီးမားသည့်တိုက်ပွဲတစ်ခု တရားဝင်ပေါက်ကွဲထွက်လာသည်။
ဝါဒတောင်က ကျူတောပင်လယ်ဒေသ အနောက်ပိုင်းတွင်တည်ရှိလေရာ တိုက်ပွဲစစ်မြေပြင်နှင့် နီးကပ်လွန်းသည်။ ထို့ကြောင့် သူတို့အနေဖြင့် တာ့ရွှမ်တိုင်းပြည်၏လှုပ်ရှားမှုများကို အာရုံစိုက်ရသလို အနောက်ဘက်တွင်ဖြစ်ပွားနေသည့် စစ်ပွဲကိုလည်း အာရုံစိုက်ရသည်။
ဖန်ကျွင်းက မျက်မှောင်ကြုံ့ရင်း...
“လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း... တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်က ပိုပြီးသဘောထားတင်းမာလာတယ် ၊ ကြည့်ရတာ သူတို့နောက်ကွယ်မှာ ကြီးမားတဲ့အကူအညီတစ်ခု ရှိမယ်ထင်တယ်”
ယွမ်ကျန်းဖုန်းက ဖြည်းညင်းသည့်လေသံဖြင့်...
“တာ့ရွှမ်တိုင်းပြည်နောက်ကွယ်မှာရှိတဲ့ပုဂ္ဂိုလ်က သူတို့နောက်မှာရှိနေတဲ့ပုဂ္ဂိုလ်နဲ့ အတူတူပဲလားမသိဘူး”
ယွမ်ကျန်းဖုန်းဘေးနားတွင် အသက် (၃၀)ကျော်အရွယ် ချောမောသော လူရွယ်တစ်ယောက်ရှိနေသည်။ သူ၏မျက်ခုံးမွှေးများကတော့ နှင်းပွင့်ပမာ ဆွတ်ဆွတ်ဖြူလျှက်ပင်။
ထိုသူကအခြားသူမဟုတ် ၊ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီဖြစ်သော “ရန်တိ” ပင် ဖြစ်၏။
ရန်တိက...
“အရှေ့တောင်ထိပ်တန်းအရှင်သခင်မှာလည်း မဟာမိတ်တွေရှိတာပဲလေ ၊ နှစ်ဖက်လုံးက ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တွေ အဆက်မပြတ်တိုက်ခိုက်နေကြတာက သူတို့နောက်ကွယ်ကအင်အားကြီးပုဂ္ဂိုလ်တွေ အားပြိုင်တဲ့ပုံစံမျိုး ဖြစ်နိုင်တယ်”
“အခု... သော့ချက်ကတော့ ကျွန်တော်တို့ကိုယ်တိုင်ပါပဲ”
သူက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုလှည့်ကြည့်ရင်း...
“ကျောက်ကဲ... မင်းရဲ့အခြေအနေ ဘယ်လိုရှိလဲ”
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတစ်ချက်ပြုံးရင်း ညာဘက်လက်ညှိုးကိုအထက်သို့ညွှန်ပြလိုက်သည်။
“ကျွန်တော် အထက်ဘုံကမ္ဘာကိုတက်လာတော့မယ်”
ရန်ကျောက်ကဲပြောသည့် ‘တက်လာမည်’ ဆိုသောစကားအဓိပ္ပါယ်ကို ဝါဒတောင်ရှိလူများ ချက်ချင်းသဘောပေါက်သွားပြီး အားလုံးစိတ်ပျော်ရွှင်သွားကြသည်။
ထိုအချိန်မှာပင်...
ကျူတောပင်လယ်ဒေသတောင်ပိုင်း ဇာမဏီနယ်မြေတွင်...
မိုးမြေတစ်ခွင်ကမသိမသာတုန်ခါလာပြီး ကောင်းကင်အက်ကွဲကြောင်းက ဖြည်းညင်းစွာပွင့်ဟလာသည်။
ကောင်းကင်အက်ကွဲကြောင်းက အတိုင်းအတာကြီးမားသော တန်ခိုးစွမ်းအားတစ်ခုဖြင့် အဆက်မပြတ်ဖိအားပေးခံရကာ တွန့်ခေါက်သွားပြီး အတွင်းထဲမှ ထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
အနီးပတ်ဝန်းကျင်တွင် စခန်းချနေကြသော တာ့ရွှမ်တိုင်းပြည်ကျင့်ကြံသူများ တုန်လှုပ်သွားကြသည်။
သမုဒ္ဒရာကမ္ဘာမှလူတစ်ယောက်က သိုင်းသူတော်စင် တတိယအဆင့်ကိုကျော်လွန်ပြီး ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ တက်ရောက်လာရန် ဦးတည်နေခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင်...
သမုဒ္ဒရာကမ္ဘာရှိ ဝင်္ကပါပင်လယ်ဒေသတွင် ပင်လယ်ရေလှိုင်းများတဟုန်ထိုးမြင့်တက်လာပြီး သမုဒ္ဒရာကမ္ဘာတစ်ခုလုံးသို့ အဆုံးမရှိပျံ့နှံ့သွားသည်။
ပင်လယ်လှိုင်းလုံးများက နေရာတိုင်းသို့ဖြတ်သန်းသွားပြီး ကောင်းကင်ထက်တိုင်ပျံသန်းသွားလေရာ ပင်လယ်ကြမ်းပြင်သည်ပင် ထွက်ပေါ်လာသည်ကို တွေ့ရသည်။
ကောင်းကင်ထက်မှ လေထုနှင့်တိမ်တိုက်များအက်ကွဲသွားပြီး နေနှင့်လသည်လည်း အရောင်ပြောင်းလဲသွားသည်။
ငလျင်များလှုပ်ခတ်လာကာ တောတောင်ရေမြေများ ပြိုကျလာသည်။
သမုဒ္ဒရာကမ္ဘာမှ ကျင့်ကြံသူများသည် ဝင်္ကပါပင်လယ်တည်ရှိရာနေရာသို့ ထိတ်လန့်စွာကြည့်ရှုလိုက်ကြ၏။
ဤသို့သော ကြောက်မက်ဖွယ်ရာ ကမ္ဘာ့အဆုံးသတ်မြင်ကွင်းမျိုးကို ဖြစ်ပေါ်စေသည့်အရာမှာ မည်သို့သောအရာဖြစ်ကြောင်း သူတို့အနေဖြင့် နားလည်နိုင်ရန် ခက်ခဲသည်။
သမုဒ္ဒရာကမ္ဘာမှ ကျင့်ကြံသူများအတွက်တော့ ရှေးဟောင်းစာပေများတွင် မှတ်တမ်းတင်ထားသည့် မိုးမြေတစ်ခွင် ကပ်ဘေးကြီး ထပ်ခါတလဲလဲဖြစ်နေသည့်အလား ထင်မှတ်ရသည်။
ထိုသို့သောကပ်ဘေးကြီးများမှာ “နဂါးသင်္ချိုင်း” ကြောင့်ဖြစ်ခြင်းကို လူတိုင်းသိရှိသည်။
သို့သော် နဂါးသင်္ချိုင်းမရှိတော့သည်မှာ အချိန်ကြာမြင့်ပြီဖြစ်လေရာ ဤသို့သောအပြောင်းအလဲများ အဘယ့်ကြောင့် ဖြစ်ရပါသနည်း။
ဝင်္ကပါပင်လယ်အတါင်းမှ အလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ ရုတ်တရက် ထိုးဖောက်ထွက်သွားသည်။
ထိုအလင်းတန်းအလယ်တွင် လူတစ်ယောက်ရှိနေပြီး သမုဒ္ဒရာကမ္ဘာတစ်ခုလုံးရှိနေရာတိုင်းမှ လူများ ထိုအလင်းတန်းနှင့် လူရိပ်ကို တွေ့မြင်ကြရသည်။
“ခြေရာမဲ့နဂါးဘုရင်...”
“ခြေရာမဲ့တိမ်တိုက် ရန်ယွင်ကျုန်း...”
“ဟုတ်တယ် သူပဲ ၊ သူ သမုဒ္ဒရာကမ္ဘာကိုရောက်နေတာလား”
လူသားတိုင်း၏ဝိညာဉ်ကို ကောင်းချီးခံစားရစေကာ တွေ့မြင်ရသူတိုင်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားကြသည်။
တာ့ရွှမ်တိုင်းပြည်မှလူများရောက်ရှိလာပြီးသည့်နောက် အထက်ဘုံကမ္ဘာ၏တည်ရှိမှုကို သိရှိနေပြီဖြစ်သော သမုဒ္ဒရာကမ္ဘာမှလူများအနေဖြင့် အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည် အမှန်ပင်။
ယခု သူတို့ကမ္ဘာမှ အထက်ဘုံကမ္ဘာသို့ ပထမဆုံးတက်သွားသူက အပြင်လူတစ်ယောက်ဖြစ်သော ‘ရန်ကျောက်ကဲ’ ဖြစ်နေခဲ့သည်။
အားလုံးခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကောင်းကင်ထက်သို့တက်သွားသည့် ရန်ကျောက်ကဲပုံရိပ်ကိုကြည့်ရင်း လူအများက အလေးအနက် နှုတ်ဆက်စကားဆိုလိုက်ကြသည်။
“အထက်ဘုံကမ္ဘာကိုတက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် ခြေရာမဲ့နဂါးဘုရင်...”
“ဂုဏ်ပြုပါတယ် ခြေရာမဲ့နဂါးဘုရင်...”
“ဂုဏ်ပြုပါတယ်...”
သမုဒ္ဒရာကမ္ဘာ၏ နယ်မြေအသီးသီးတွင် ရွှင်လန်းတက်ကြွသည့်အော်ဟစ်သံများက မိုးမြေတစ်ခွင် စုစည်းမြည်ဟည်းလာသည်။
အလင်းတန်းအတွင်းမှပုံရိပ်က တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ဝင်္ကပါပင်လယ်မှအလင်းတန်းက သမုဒ္ဒရာကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး လူတိုင်း၏မျက်စိရှေ့တွင် ကမ္ဘာ့မြင်ကွင်းများပျောက်ဆုံးသွားကာ ဖြူစင်သည့်အလင်းတန်းကိုသာ တွေ့မြင်ကြရသည်။
ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ ၊ ကျူတောပင်လယ်ဒေသ ၊ ဇာမဏီနယ်မြေရှိ ကောင်းကင်အက်ကွဲကြောင်းမှာ အဆက်မပြတ်ကြီးထွားလာပြီး တစ်စထက်တစ်စ ပြိုကွဲသွားသည်။
ကြီးကျယ်ခမ်းနားသော အလင်းတန်းကြီးတစ်ခုက အက်ကွဲကြောင်းအတွင်းမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားစေပြီး အထက်ဘုံကမ္ဘာ မိုးကုတ်စက်ဝိုင်းဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
အနီးပတ်ဝန်းကျင်မှလူများမှာ စောစောက ထင်မြက်ခဲ့သည်ကိုပင် သံသယဝင်လာပြီး မျက်လုံးများပြူးကျယ်ကာ စကားမပြောနိုင် ဖြစ်သွားကြသည်။
“သိုင်းသူတော်စင် စတုတ္ထအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် အထက်ဘုံကမ္ဘာကိုတက်လာတာက ဘာလို့ ဒီလောက်တောင်ပြင်းထန်တဲ့ အဖြစ်အပျက်မျိုး ဖြစ်ရတာလဲ ၊ ဒါက တခြားတစ်ခုခုများ ဖြစ်နိုင်မလား”
ထိုအချိန်နှင့်တစ်ချိန်တည်းမှာပင်....
ဇာမဏီနယ်မြေအနောက်ဘက် ဝေးကွာသောနေရာရှိ သဘာဝပသာဒနယ်မြေတွင် အဆုံးမဲ့သံလိုက်မုန်တိုင်းများ ရုတ်တရက် ငြိမ်သက်သွားသည်။
ပင်လယ်ရေမျက်နှာပြင်က ရုတ်တရက် အောက်ဘက်သို့ ပြိုကျသွားပြီး ပင်လယ်ပြင်ဗဟိုချက်အတွင်းသို့ ပင်လယ်ရေများအဆက်မပြတ်စီးဆင်းဝင်ရောက်သွားကာ ကြီးမားသောရေဝဲဂယက်ကြီးတစ်ခု ပေါ်လာသည်။
ပင်လယ်အောက်ခြေမှ တွင်းနက်ကြီးက ပြင်းထန်စွာ ပြိုလဲကျသွားပြီး အဆုံးသတ်တွင် ဘာမှမရှိတော့သည့်အလား ပျောက်ကွယ်သွားခဲ့သည်။
ပတ်ဝန်းကျင်ဗလာနယ်တစ်ခုလုံး ပုံပျက်သွားပြီး များပြားလှစွာလူရိပ်များက အနီးပတ်ဝန်းကျင်နေရာများသို့ ကျဆင်းလာကြ၏။