ကူကယ်ရာမဲ့ ဖြစ်နေသည့် ဝိဇ္ဇာသူတော်စင် သခင်မ
Vol. 79 Ch. 1100
နတ်ဘုရားနယ်မြေ ဖြစ်စေ သို့မဟုတ် နတ်ဘုရားကုန်းမြေ ဖြစ်စေ မိုဝူကျိက နာမည်ကြီးသူအဖြစ် မှတ်ယူနိုင်ပေသည်။ သူ ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်း၏ ရှုဖျင်ကို သတ်ပြီးသည့်နောက်ပိုင်းတွင် သူ့နာမည်က နတ်ဘုရားကုန်းမြေအနှံ့ ပျံ့နှံ့သွားလေ၏။
ရှုဖျင်က နတ်ဘုရားကုန်းမြေ၌ အင်အားစုတစ်ခု ဖြစ်ခဲ့၏။ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာပြီးနောက်ပိုင်းတွင် ရှုဖျင်က သဟဇာတ နတ်ဘုရားအဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။ ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်း ကိုယ်တိုင်ကပင် အားကောင်းသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အဖွဲ့သခင် ရှုဖျင်က အားကောင်းသည်မှာ ပုံမှန်သာ ဖြစ်၏။ ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်းရှိ ကျင့်ကြံသူများ၏ ရက်စက်တတ်သည့် သဘာဝကြောင့် သူတို့အတွက် အဆင့်တက်လှမ်းဖို့ရာ ခက်ခဲပေသည်။ ထို့ကြောင့် ရှုဖျင်က သဟဇာတ နတ်ဘုရားအဆင့် ရောက်သွားသည့်အခါ ထိပ်ဆုံးသို့ ရောက်ရှိသွားခြင်း ဖြစ်၏။
ကျင့်ကြံသူအစုအရုံး အဖွဲ့အစည်းမှ သဟဇာတ နတ်ဘုရားတချို့မှလွဲ၍ သာမာန် သဟဇာတ နတ်ဘုရားများက ရှုဖျင်အတွက် ပြိုင်ဖက် မဖြစ်နိုင်ပေ။
ယခု ရှုဖျင်က မိုဝူကျိကြောင့် သေဆုံးသွားပြီ ဖြစ်ရာ မိုဝူကျိအနေနှင့် နာမည်မကြီးစရာ အကြောင်း မရှိတော့ပေ။
နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲ မဝင်ရောက်နိုင်ခဲ့သည့် ယန်အာလည်း မိုဝူကျိ၏ သတင်းများကို ကြားပေသည်။
သူမက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကို ဝင်ရောက်ဖို့ လက်လျော့လိုက်ပြီး နိဗာန တိတ်ဆိတ်မှု ကူးသန်းရေး အစီအရင်ဆီ သွားကာ မိုဝူကျိ၏ သတင်းများကို စုဆောင်းလိုက်သည်။ သူမက မိုဝူကျိ သတင်းများ မပျောက်ဆုံးသွားခင် လင်းလက်စန္ဒာမြို့အထိ ရောက်ခဲ့လေသည်။
လင်းလက်စန္ဒာမြို့က နတ်ဘုရားကုန်းမြေ အစွန်းနှင့် အနီးဆုံး မြို့ ဖြစ်ပေသည်။ ယန်အာက မိုဝူကျိသည် နတ်ဘုရားကုန်းမြေမှ ထွက်သွားကြောင်း ခန့်မှန်းမိလိုက်၏။ သူမက နတ်ဘုရားအုပ်စိုးသူအဆင့်သာ ရှိသေးသောကြောင့် နယ်မြေ နယ်နမိတ်ကို ဖွင့်ဟနိုင်စွမ်း မရှိသေးပေ။ အကယ်၍ သူမသာ မိုဝူကျိကို ဆက်ရှာဖွေလိုလျှင် နတ်ဘုရားကုန်းမြေ၏ နယ်မြေ နယ်နမိတ်ကို ဖွင့်ဟနိုင်သည့်အထိ သူမ ကျင့်ကြံဆင့်ကို မြင့်တင်ဖို့ အရင်ဆုံး ကောင်းကောင်း ကြိုးစားသင့်လေ၏။
သူမ ကျန်းရှင်းမှ ထွက်လာကတည်းက သခင်လေးကို ရှာဖွေဖို့ လက်လျော့ခဲ့ခြင်း မရှိပေ။ နှစ်များစွာ သွားလာနေပြီးနောက် သူမသည်လည်း ယခင်ကထက် ပိုမို ရင့်ကျက်လာကာ အတွေ့အကြုံများပြားလာသည်။
သူမက ဤနေရာတွင် ဆက်နေဖို့ ဆုံးဖြတ်လိုက်သည်။ သူမ နတ်ဘုရားကုန်းမြေ၏ နယ်နမိတ်ကို ဖွင့်ဟနိုင်သည့်အချိန်အထိ ကျင့်ကြံရမည်။
သို့သော်လည်း ယန်အာ မသိသည်က မိုဝူကျိပင် နတ်ဘုရားကုန်းမြေ၏ ကုန်းမြေကို ဖွင့်ဟနိုင်စွမ်း မရှိပေ။ ထို့အစား သူက အာကာပြင် ဝင်ပေါက်တစ်ခုထဲ ဖြတ်သန်းသွားခြင်းသာ ဖြစ်၏။
…………………
မိုဝူကျိက လူသားတာအိုကို ကျင့်ကြံသောကြောင့် သူ့ဘေးပတ်လည်ရှိ စည်းမျည်းများ ပြီးပြည့်စုံခြင်း ရှိ၊ မရှိကို ထည့်မတွက်ပေ။ သို့သော် ယခုတွင် သူက ပြီးပြည့်စုံသည့် စည်းမျည်းများ ရှိသည့်နေရာတွင် ရှိနေသောကြောင့် သူ့ကျင့်ကြံရေးအတွက် အကူအညီ ဖြစ်စေလိမ့်မည်။
သူ့ကျင့်ကြံနှုန်းမှာ အမြဲတမ်း မြန်ဆန်ခဲ့သည်။ အချိန်စက်ဝန်းပြား၏ အကူအညီကို ထည့်ပေါင်းလိုက်သည့်အခါ မိုဝူကျိဘေးပတ်လည်ရှိ အာကာပြင်မှာ တခြားသူ၏ စိတ်စွမ်းအားပင် မထိတွေ့နိုင်တော့ပေ။ ဤသည်မှာ ဝိဇ္ဇာတစ်ယောက်ကိုပင် မူးနောက်သွားစေမည့် အချိန်ပြောင်းလဲနှုန်း ဖြစ်နေ၏။
မိုဝူကျိက စည်းမျည်းအမျိုးမျိုးကို သိမြင်ကာ အပြန်အလှန်အားဖြင့် သူ့လူသားကမ္ဘာအတွင်းရှိ စည်းမျည်းတို့က ပိုမို ပြတ်သားလာသည်။ ဖန်ဆင်းမှု နတ်ဝိညာဉ်သွေးကြောမှ နတ်ဝိညာဉ်စွမ်းအားများမှာ ရပ်နားမည့် လက္ခဏာမရှိဘဲ ဆက်တိုက် စုပ်ယူခံလိုက်ရသည်။
ဖန်ဆင်းမှု နတ်ဝိညာဉ်သွေးကြော ၁၀၈ ခုလုံးမှာ မိုဝူကျိ ကျင့်ကြံဆင့် မြင့်တက်လာသည်နှင့် ကျုံ့လာလေသည်။
သူ့ကျင့်ကြံဆင့်က နတ်ဘုရားဘုရင် အဆင့် ၆ မှ အဆင့် ၉ သို့ တစ်ခါတည်း ရောက်ရှိသွားတော့သည်။
အချိန်စက်ဝန်းပြားအတွင်း နှစ်သောင်းချီက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။ မိုဝူကျိက ကျင့်ကြံရေး၌ စိတ်နှစ်ထားပြီး မည်သူကမှလည်း သူ့အား မနှောင့်ယှက်နိုင်ပေ။ သူ သိလိုက်သည်က စည်းမျည်းအမျိုးမျိုးကို အာရုံခံမိပြီး နတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူနိုင်ကာ သူ့ကျင့်ကြံဆင့် မြင့်တက်လာခြင်းသာ ဖြစ်၏။
နတ်ဘုရားဘုရင် အဆင့် ၁၀၊ အဆင့် ၁၁ ….
မိုဝူကျိက နတ်ဘုရားဘုရင် အဆင့် ၁၂ သို့ ရောက်လာသည့်အခါ သူ ထုတ်ထားခဲ့သော ဖန်ဆင်းမှု နတ်ဝိညာဉ်သွေးကြောမှာ အမှုန့်ဖြစ်သွားလေသည်။
ထိုစဉ် မိုဝူကျိ၏ နတ်ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းမှာ အတော်လေး မြန်ဆန်လာလေ၏။ သူ့ကျင့်ကြံဆင့် တိုးတက်လာပြီးနောက် ဤအမြန်နှုန်း ပို၍ မြန်သထက် မြန်လာသည်။
မိုဝူကျိ၏ ကျင့်ကြံဆင့် အတားအဆီးကို ရောက်သည့်အထိ နောက်ထပ် နှစ်တစ်သောင်း ကြာမြင့်သွားလေသည်။ သူက နောက်ထပ်တဆင့် တိုးတက်သွားပါက သဟဇာတ နတ်ဘုရားအဆင့်သို့ ရောက်နိုင်ကြောင်း အာရုံခံမိလိုက်သည်။
နတ်ဝိညာဉ်သွေးကြော ၁၀၈ ခုတို့မှာလည်း တစ်ဝက်လောက် ကျုံ့နေလေပြီ ဖြစ်ရာ တချို့မှာ အပိုင်းအစ အသေးလေးအဖြစ် ရောက်ရှိသွား၏။
ကျင့်ကြံနေရာမှ ပြန်အသိဝင်လာသည့် မိုဝူကျိက အတော်လေး အံ့ဩမိသွားသည်။ နတ်ဘုရားဘုရင် အဆင့် ၆ မှ အဆင့် ၁၂ သို့ ရောက်သွားခြင်းမှာ ဖန်ဆင်းမှု နတ်ဝိညာဉ်သွေးကြော ဆယ်ကျော်သာ ကုန်လိုက်၏။ အကယ်၍ ဝိဇ္ဇာတပိုင်းအဆင့်သို့ တက်လှမ်းသွားသည့်အခါ ကျင့်ကြံရေး အရင်းအမြစ် မည်မျှ လိုအပ်မည်နည်း။
ကံကောင်းစွာဖြင့် သူက ခွန်းယွင်ဆီမှ နတ်ဝိညာဉ်သွေးကြော ငါးရာ ရရှိထားခြင်းကြောင့် တချို့တဝက် ကျန်ရှိနေသေး၏။ မဟုတ်လျှင် သူက ဆက် မကျင့်ကြံနိုင်တော့ဘဲ ကျင့်ကြံရေး အရင်းအမြစ် ရှာဖွေဖို့သာ အာရုံစိုက်ထားရပေမည်။
မိုဝူကျိက သူ့ဘေးပတ်လည်ရှိ စည်းမျည်းများကို အာရုံခံမိပြီး သူ့အကျိုးမြတ်မှာ အတော်အတန် များကြောင်း နားလည်လိုက်သည်။ သူသာ သဟဇာတ နတ်ဘုရားအဆင့် တက်လှမ်းလိုလျှင် ဤစကြဝဠာမျိုးစေ့မှ ထွက်သွားပြီး သူ့သဟဇာတ နတ်ဘုရား မိုးကြိုးစမ်းသပ်ချက်ကို ခံယူဖို့ လိုအပ်ပေသည်။ ပြီးခါမှ သူ ပြန်လာပြီး ဆက်လက် ကျင့်ကြံနိုင်မည် ဖြစ်၏။
မိုဝူကျိက ဤနေရာမှ ထွက်မသွားနိုင်မည်ကို မစိုးရိမ်မိပေ။ သို့သော်လည်း သူက ပြန်လာနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပေ။ အကယ်၍ သူ ထွက်သွားလိုက်ပါက ဤနေရာလေးသို့ ဘယ်တော့မှ ပြန်ရောက်လာနိုင်တော့မည် မဟုတ်ပေ။
ဤသည်မှာ စကြဝဠာ မျိုးစေ့ ဖြစ်၏။ ကံဆိုးစွာဖြင့် သူက စကြဝဠာမျိုးစေ့အပေါ် ဘာဆိုဘာမှ နားမလည်ထားပေ။ သူက ဤရတနာကို မည်သို့ သန့်စင်၍ ထိန်းသိမ်းနိုင်မည်ကို မသိထားပေ။
အချိန်အတော်ကြာ တုံ့ဆိုင်းနေပြိးနောက် မိုဝူကျိက ယာယီ ဆက်နေရန် ဆုံးဖြတ်လိုက်သည်။ သူက စကြဝဠာမျိုးစေ့အတွင်းရှိ စည်းမျည်းများကို အသုံးချကာ သူ့ကောင်းကင် စိတ်ဝိညာဉ် ပြောင်းလဲရေး ပညာရပ်အား သင်ယူလိုမိ၏။
သူက မြေကျုံ့ပညာရပ်နှင့် သန္ဓေပြောင်းလဲရေး ပညာရပ်တို့ကို သင်ယူထားပြီးပြီ ဖြစ်၏။ ထိုနှစ်ခုက အာကာပြင် စည်းမျည်းနှင့် ရှင်သန်မှုစည်းမျည်းတို့အကြောင်း နားလည်ဖို့ လိုအပ်ပေသည်။
ထိုစည်းမျည်းနှစ်ခုနှင့် ပတ်သတ်၍ သူက ကောင်းကောင်း နားလည်ထားလေသည်။ ယခင် ကျင့်ကြံရေးလောကတွင် ရှိစဉ်က အာကာပြင် သဘောတရားအနှစ်ချုပ်ကို ရရှိခဲ့သည်. ရှင်သန်မှု စည်းမျည်းအတွက်မူ သူ့တွင် အသက်ဓာတ်လမ်းကြောင်း ရှိနေပြီး အသက်ဓာတ်က ရှင်သန်မှုအတွက် တစိတ်တပိုင်း ဖြစ်လေသည်။
ယခု မိုဝူကျိက ရွှေရောင်အလင်းတန်း၊ မြစ်မှ ကုန်းမြေ ပြောင်းလဲမှု၊ ကမ္ဘာမြေမှ သံမဏိ ပြောင်းလဲမှု၊ သဘာဝငါးမျိုး လွတ်မြောက်ရေး ပညာရပ်များ၊ ပဲစေ့မှ တပ်သား ပြောင်းလဲရေး ပညာရပ်နှင့် ပြန်လည် အသက်သွင်းခြင်းတို့ကို သင်ယူလိုလေ၏။
အချိန်အတော်ကြာ တွေးတောပြီးနောက် မိုဝူကျိက ပြန်လည် အသက်သွင်းခြင်းနှင့် ပဲစေ့မှ တပ်သား ပြောင်းလဲရေး ပညာရပ်တို့ကို လက်လျော့လိုက်သည်။ ထိုပညာရပ်နှစ်ခုမှာ သူ့အတွက် ခက်ခဲလှ၏။ ပြန်လည် အသက်သွင်းခြင်း ပညာရပ်မှာ ရှင်သန်ခြင်း၊ သေဆုံးခြင်း စည်းမျည်းတို့ လိုအပ်သည့်အပြင် တစ်ခုနှင့် တစ်ခု ပေါင်းစပ်ဖို့အတွက် စကြဝဠာ စည်းမျည်းလည်း လိုအပ်သေးပေသည်။ ဤသည်မှာ သူ့လက်ရှိစွမ်းရည်ထက် ကျော်လွန်နေလေ၏။ ပဲစေ့မှ တပ်သား ပြောင်းလဲရေး ပညာရပ်တွင် ရှင်သန်မှု စည်းမျည်းနှင့်အတူ ဖန်ဆင်းမှု စည်းမျည်းအားလုံး အတူ ပေါင်းစပ်ဖို့ လိုအပ်နေသေးသည်။ ဤသည်မှာ သူ ကိုင်တွယ်နိုင်သည့်အရာ မဟုတ်ပေ။
ရွှေရောင်အလင်း ပညာရပ်မှာ အာကာပြင် စည်းမျည်းနှင့် အလင်းစည်းမျည်းတို့ ပေါင်းစပ်ထားခြင်း ဖြစ်ကာ မြစ်မှ ကုန်းမြေ ပြောင်းလဲရေး ပညာရပ်တွင် သဘာဝ စွမ်းအားစက်ကွင်း၊ မြေစည်းမျည်းနှင့် ရေစည်းမျည်းတို့ ပေါင်းစပ်မှုတို့ကို လိုအပ်ပေ၏။ ထိုပညာရပ်နှစ်ခုက ယခု သူ ကျင့်ကြံနိုင်ပေသည်။ အလင်းစည်းမျည်းသာ မိုဝူကျိအတွက် နည်းနည်း ခက်ခဲပေလိမ့်မည်။ စကြဝဠာမျိုးစေ့ထဲ ဝင်ရောက်ပြီးနောက် ထိုစည်းမျည်းများကို ပထမဆုံးအကြိမ် ကြုံတွေ့ခြင်း ဖြစ်၏။
မြေသားမှ သံမဏိ ပြောင်းလဲရေး ပညာရပ်အတွက်မူ မိုဝူကျိက လေ့ကျင့်နိုင်သော်လည်း အဆုံးသတ်၌ လက်လျော့ဖို့သာ ဆုံးဖြတ်လိုက်သည်။ ဤသို့သော ပညာရပ်မျိုးမှာ အနည်းငယ်သာ အသုံးဝင်နိုင်သည်။
မိုဝူကျိ သင်ယူလိုသည့် ပထမဆုံး ပညာရပ်မှာ သဘာဝငါးမျိုး လွတ်မြောက်ရေး ပညာရပ် ဖြစ်၏။ သူက လေလွတ်မြောက်ရေး နည်းစနစ်ကို သူ့ဘာသာ ဖန်တီးခဲ့သော်လည်း သဘာဝငါးမျိုးထဲမှ မဟုတ်ပေ။ တစ်ခါတစ်ရံ၌ သဘာဝငါးမျိုး လွတ်မြောက်ရေး ပညာရပ်က လေထက် ပို၍ အသုံးဝင်လာနိုင်သည်။
………………
နတ်ဘုရားသင်္ချိုင်းဂူ …. နတ်ဘုရား နားခိုရာနယ်မြေ အစီအရင်ဂိတ်ပေါက်
ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင် သခင်မ၏ အမူအယာမှာ ပျက်ယွင်းနေလေ၏။ သူမက ကြီးမြတ်သည့် ဝိဇ္ဇာတစ်ပါး ဖြစ်သော်လည်း ဤအစီအရင်ဂိတ်ပေါက်ကြောင့် နှစ်များစွာ နှောင့်နှေးနေရလေသည်။
သူမဘေးတွင် မိန်းမလှလေး ဆယ်ဦးကျော် ရှိနေ၏။ သူတို့ခေါင်းများမှာ ငုံ့ထားပြီး စကားပင် မပြောရဲကြပေ။
ဤအစီအရင်ဂိတ်ပေါက်က မရိုးရှင်းချေ။ အကယ်၍ ဝိဇ္ဇာတစ်ပါး ဖြစ်နေလျှင်ပင် တိုက်ခိုက်လိုက်ပါက မိုးမြေတာအို၏ ဖိအားကို ခံစားရဦးမည် ဖြစ်၏။ ဤသို့သော ဖိအားမျိုးက ကျင့်ကြံဆင့် ကမောက်ကမ ဖြစ်သွားစေလိမ့်မည်။ ထို့ကြောင့် တစ်ချိန်လုံး ကြည့်နေရုံသာ တတ်နိုင်လေ၏။ ဖိအား ပျောက်ကွယ်သွားသည့်အခါမှ ကျင့်ကြံဆင့် ပြန်လည် ကောင်းမွန်လာလိမ့်မည်။
နှစ်ရာချီသည့်တိုင် မပြောင်းမလဲ ရှိနေသည့် အစီအရင် သင်္ကေတများအား ကြည့်ကာ ဝိဇ္ဇာသူတော်စင် သခင်မက သက်ပြင်းချလိုက်သည်။ သေမျိုးတစ်ဦးသာ ဤသို့သော ဖိအားကို ရှောင်ကွင်းနိုင်လိမ့်မည်။ သို့သော်လည်း အံ့ဩဖို့ အကောင်းဆုံး သေမျိုးပင် ဤဂိတ်ပေါက်အား အက်ကြောင်း ထင်နိုင်စေမည် မဟုတ်ချေ။
သေမျိုးလား ….
ဝိဇ္ဇာသူတော်စင် သခင်မက ယီရှန်းအား ကြည့်လိုက်လေ၏။
“ ယီရှန်း ….လျူရှင်းကို သွားရှာလိုက်။ သူက လူသားတာအိုကို ကျင့်ကြံတာဆိုတော့ ဒီနေရာကို ချိုးဖောက်နိုင်မယ်ဆိုရင် အရင်က အပြစ်တွေကို မေ့ပြီးတော့ မင်းတို့ နှစ်ဦးအတူတူ ရှိနေဖို့ ခွင့်ပြုပေးမယ် ….” ဝိဇ္ဇာသူတော်စင် သခင်မက မထူးမခြားနား ပြောလိုက်သည်။
သူမက ယီရှန်းအား များစွာ မျှော်လင့်ထားလေသည်။ သူမက ယီရှန်းအား နံပါတ်တစ် တပည့်အဖြစ်ပင် သတ်မှတ်ထားခဲ့သည်။ ကံဆိုးသည်က ယီရှန်း၏ လျူရှင်းအပေါ် သဘောထားများက သူမအား စိတ်ပျက်သွားစေ၏။ ထို့နောက် ယီရှန်းအပေါ် သူမ အတွေးအမြင်များက စတင် ပြောင်းလဲလာသည်။ အကယ်၍ နတ်ဘုရားသင်္ချိုင်းဂူကြောင့်သာ မဟုတ်လျှင် သူမက ယီရှန်းအား ဝိဇ္ဇာသူတော်စင် ရေကန်၌သာ နေဖို့ ပြောမိလိမ့်မည်။
“ ဟုတ်ကဲ့ပါ … အရှင်မ ” ယီရှန်း၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေလေ၏။ လျူရှင်း ထွက်သွားကတည်းက သူမ နှလုံးသားမှာ သူနှင့်အတူတူ ပါသွားခဲ့လေပြီ။ ဝိဇ္ဇာသူတော်စင် သခင်မကို ခစားနေသော်လည်း လျူရှင်းကသာ သူမ ဂရုစိုက်ချင်သည့် တစ်ခုတည်းသော အာရုံစိုက်မှုနှင့် အိမ် ဖြစ်ပေသည်။
ယီရှန်းက အရှိန်မြင့်ကာ ထွက်သွားပြီးနောက်တွင် ဝတ်စုံနီ မိန်းမပျိုလေးတစ်ဦးက ရုတ်တရက် မေးလိုက်သည် “ ဝိဇ္ဇာသူတော်စင် သခင်မ …. အစ်မယီရှန်းက လျူရှင်းကို ရှာတွေ့နိုင်လောက်ပါတယ်။ ဒါပေမဲ့ ယောက်ျားသားတွေက မကောင်းဘူးလေ။ လျူရှင်းရဲ့ လှည့်စားတာကို ခံနေရလောက်တယ် … ”
“ ရိုယင် ပြောတာ မှန်တယ်။ မီရှား … ကြာညီအစ်မ ခုနှစ်ဖော်ကိုလည်း ခေါ်သွားလိုက် … ယီရှန်းနောက် လူရှစ်ယောက်တောင် ရှိတယ်ဆိုတော့ လျူရှင်းကို ရှာနိုင်မှာပါ ” ဝိဇ္ဇာသူတော်စင် သခင်မက ပြောလိုက်သည်။
သူမ အသိစိတ်ထဲ၌ ယီရှန်းကို ယုံကြည်နေဆဲ ဖြစ်သည်။ ထိုအကြောင်းကို ဝတ်စုံနီ ရိုယင်က သတိပေးလိုက်ခြင်းသာ ဖြစ်ပေသည်။
“ ဝိဇ္ဇာသူတော်စင် သခင်မ .. အဲဒီ လျူရှင်းက အစ်မယီရှန်းကို ဒီလောက်အထိတောင် လိမ်ညာနိုင်ခဲ့တယ်။ ပြီးတော့ ဝိဇ္ဇာသူတော်စင် သခင်မ မျက်လုံးအောက်ကနေတောင် လွတ်အောင် ပြေးသွားနိုင်တယ်ဆိုတော့ သေချာပေါက် ရိုးရှင်းတဲ့သူတော့ မဟုတ်ဘူး။
သူက နတ်ဘုရားသင်္ချိုင်းဂူကနေ ထွက်သွားလောက်ပြီ ထင်တယ်။ ကြာညီအစ်မ ခုနှစ်ဖော်နဲ့ ကျွန်မက ထွက်ပေါက်ကို ဖျက်စီးပစ်နိုင်တယ် ” ရိုယင် အမည်ရှိ ဝတ်စုံနီ မိန်းမပျိုလေးက ဆက်ပြောလိုက်သည်။
ဝိဇ္ဇာသူတော်စင် သခင်မက သက်ပြင်းချကာ “ တကယ်လို့ လျူရှင်းသာ နတ်ဘုရားသင်္ချိုင်းဂူကနေ ထွက်သွားနိုင်တယ်ဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ် ”
ဝတ်စုံနီ မိန်းမပျိုလေးက မြန်မြန် ဦးညွှတ်ကာ ပြောလိုက်လေ၏
“ တကယ်လို့ ကျွန်မတို့တွေ ဒီမှာ ဆက်နေနေရင် ဘာမှလုပ်နိုင်တာ ရှိမှာ မဟုတ်ဘူး။ တကယ်လို့ လျူရှင်းက အခုထိ ထွက်မသွားသေးဘဲနဲ့ အစ်မယီရှန်း လာရှာတာကို စောင့်နေပြီးမှ ထွက်သွားရင်ရော …. ”
ဝိဇ္ဇာသူတော်စင် သခင်မက ခေါင်းညိတ်ကာ
“ ရိုယင် … မင်းက စဉ်းစားပေးတတ်သားပဲ။ ဒီလိုဆိုမှတော့ မင်းက ငါ့ဘေးမှာနေပေး ….. ထွက်ပေါက်ကိစ္စကို လုအာဆီ အပ်ထားလိုက်တော့။ လုအာရေ သစ်ရွက်ညီအစ်မ ခုနှစ်ဖော်ကို ခေါ်သွားပြီး ထွက်ပေါက်ကို ပိတ်ထားလိုက် …”
ကြာညီအစ်မ ခုနှစ်ဖော်နှင့် သစ်ရွက် ညီအစ်မ ခုနှစ်ဖော်တို့မှာ ဝိဇ္ဇာသူတော်စင် သခင်မ၏ သစ္စာအရှိဆုံး တပည့် ၁၄ ဦး ဖြစ်ကြပေသည်။
***