← Chapters

အမတမှော်ဝင်ပစ္စည်းအကြောင်းသတင်း

Vol. 62 Ch. 870

အမတမှော်ဝင်ပစ္စည်းအကြောင်းသတင်း

Vol. 62 Ch. 870

အခန်း (၈၇၀) အမတမှော်ဝင်ပစ္စည်းအကြောင်းသတင်း

ကျူတောပင်လယ်ဒေသ ၊ သဘာဝပသာဒနယ်မြေရှိ ပင်လယ်ရေအောက်နက်ရှိုင်းရာတွင် တွင်းနက်ကြီးကပြိုကျသွားပြီး လေထုတစ်ခုလုံးသည်လည်း ပုံပျက်သွားသည်။

ယခင်က တွင်းနက်ထဲတွင်ပိတ်မိနေကြသူများမှာ မတူညီသောလမ်းကြောင်းအသီးသီးဖြင့် လွင့်စင်ထွက်သွားကြသည်။

ခန်းဖင်းနှင့် တာ့ရွှမ်မင်းဆက်မှ အခြားသောတန်ခိုးစွမ်းအားရှင်များအပြင် လော့ကျီးထောင်နှင့် ယိုးမင်ဂိုဏ်းမှလူများလည်း လွတ်မြောက်လာကြသည်။

ခန်းဖင်းတို့အုပ်စု လိုက်လံသတ်ဖြတ်မည်ကို စိုးရိမ်ပူပန်သဖြင့် လော့ကျီးထောင်တို့အုပ်စု မြန်နိုင်သမျှမြန်မြန် ထွက်ခွာလာခဲ့ကြသည်။

တွင်းနက်ကြီးပြိုကျသွားပြီးနောက် ခန်းဖင်းတို့အုပ်စုမှာလည်း ကြုံရာနေရာအသီးသီးသို့ ဖရိုဖရဲကျရောက်သွားလေရာ လော့ကျီးထောင်တို့အုပ်စုနောက်သို့ မလိုက်နိုင်တော့ပေ။

လွတ်မြောက်လာပြီးနောက် လော့ကျီးထောင်တို့အုပ်စုက ကျူတောပင်လယ်ဒေသ လက်ရှိအခြေအနေကို နားလည်ရန်အတွက် သဘာဝပသာဒနယ်မြေအနီးရှိ ဒုတိယအဆင့် ၊ ပထမအဆင့် အင်အားစုများကို တွေ့ဆုံကာ သတင်းစုံစမ်းကြသည်။

ရန်ကျောက်ကဲနှင့် ဝါဒတောင်က ဧကရာဇ်ရွှမ်မုကိုသတ်ဖြတ်ပြီး ကွမ်းမင်ဂိုဏ်းဌာနချုပ်တည်ရှိရာ ဝိညာဉ်နယ်မြေကို လွှမ်းမိုးသိမ်းပိုက်ထားသည်ဟု သတင်းကြားရသည့်အခါ လော့ကျီးထောင်တို့အုပ်စုမှာ ရင်ထဲတင်းကျပ်စွာ ခံစားလိုက်ကြရသည်။

ဧကရာဇ်ရွှမ်ချန်နှင့် ရှန်လင်ကျီတို့ ကျူတောပင်လယ်ဒေသသို့ရောက်ရှိလာပြီး မြောက်ပင်လယ်ဓားခန်းမ ၊ ကြေးနီကျွန်းနှင့် ယိုးမင်ဂိုဏ်းတို့ကို သုတ်သင်ပစ်လိုက်ပြီး ဝါဒတောင်ကတော့ မယိမ်းမယိုင် တောင့်ခံထားသောသတင်းကိုကြားရသည့်အခါ ကွမ်းမင်ဂိုဏ်းသားများမှာ ပို၍ပင် စိတ်မသက်မသာ ခံစားကြရ၏။

သူတို့ကွမ်းမင်ဂိုဏ်းအနေဖြင့် ဝါဒတောင်ကိုဆန့်ကျင်ရန်မှာ မဖြစ်နိုင်တော့ပေ။

တစ်ချိန်က ကွမ်းမင်ဂိုဏ်းက လုံးဝအရေးမစိုက်ဘဲ မြေမှုံ့သာသာသဘောထားခဲ့သော ဝါဒတောင်သည် နှစ်အနည်းငယ်အတွင်း သူတို့ခေါင်းမော့ကြည့်ရသည့် အမြင့်တစ်နေရာသို့ ရောက်ရှိသွားခဲ့သည်။

တစ်ချိန်တည်းပင် ဧကရာဇ်ရွှမ်ချန်နှင့် ရှန်လင်ကျီတို့က သက်ရှိထင်ရှားရှိနေရုံသမက ကျူတောပင်လယ်ဒေသသို့ ရောက်ရှိလာကြသည်။ ခန်းဖင်းတို့အုပ်စုသည်လည်း တွင်းနက်ထဲမှ လွတ်မြောက်သွားပြီဖြစ်လေရာ ကွမ်းမင်ဂိုဏ်းခံစားနေရသည့်ဖိအားများမှာ အမှန်တကယ်ပင် အသက်ရှူကြပ်စေပါသည်။

ဝန်ခံလိုစိတ်မရှိသည့်တိုင် လော့ကျီးထောင်အနေဖြင့် ကျူတောပင်လယ်ဒေသတွင် ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့ကြောင်း တွေးဆမိသည်။

ဤဒေသမှ အင်အားကြီးအုပ်စု(၂)ခုဖြစ်သည့် တာ့ရွှမ်တိုင်းပြည်နှင့် ဝါဒတောင်ကြား ပဋိပက္ခများကိုအခွင့်ကောင်းယူပြီး အမြတ်ထုတ်ရန်မှာလည်း သူတို့အတွက် အလွန်ခက်ခဲသည်။

လော့ကျီးထောင်က အတန်ကြာတိတ်ဆိတ်နေပြီးမှ သူ့လူများကိုကြည့်လိုက်ပြီး လေးလံစွာဖြင့် စကားဆိုသည်။

“ငါတို့တွေ ကျူတောပင်လယ်ဒေသကထွက်သွားရတော့မယ်”

တာ့ရွှမ်တိုင်းပြည်ကြောင့်ဖြစ်စေ ၊ ဝါဒတောင်ကြောင့်ဖြစ်စေ ကွမ်းမင်ဂိုဏ်းအနေဖြင့် ကျူတောပင်လယ်ဒေသတွင် ဆက်လက်ရှင်သန်ရန် ခက်ခဲမည် ဖြစ်သည်။

အားလုံးက ခဏမျှတိတ်ဆိတ်စွာစဉ်းစားနေပြီးမှ သက်ပြင်းချရင်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။

“ဒါပေမဲ့ ဒီအတိုင်းတော့ထားခဲ့လို့မဖြစ်ဘူး”

လော့ကျီးထောင်၏မျက်ဝန်းများက ဘယ်တုန်းကမှနှင့်မတူအောင် အေးစက်နေသည်။

“တာ့ရွှမ်တိုင်းပြည်ပဲဖြစ်ဖြစ် ဝါဒ‌တောင်ပဲဖြစ်ဖြစ်ပေါ့”

များမကြာမီအချိန်တိုအတွင်းမှာပင်...

ကျူတောပင်လယ်ဒေသမှတစ်ဆင့် အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးသာမက တောင်ပိုင်းမီးတောက်ကောင်းပြည်နယ်အထိပါ သတင်းတစ်ခု ပျံ့နှံ့သွားခဲ့သည်။

ကွမ်းမင်ဂိုဏ်းက အားနည်းသွားသည့်တိုင် ခိုင်မာသည့်သတင်းကွန်ယက်ရှိနေသောကြောင့် ထိုသတင်းပျံ့နှံ့သွားခြင်း မဟုတ်ပေ။

သို့ရာတွင် ထိုသတင်းပျံ့နှံ့သွားသည်နှင့် တစ်လောကလုံး တုန်လှုပ်သွားကြရ၏။

ယခင်တစ်ချိန်က အထက်ဘုံကမ္ဘာတွင် အလွန်ကျော်ကြားခဲ့သော ယိုးမင်ဂိုဏ်းချုပ် ယင်ထျန်းရှက ထိပ်တန်းအဆင့် ရတနာပစ္စည်းတစ်ခုကို ချန်ထားခဲ့သည်ဆိုသော သတင်းဖြစ်သည်။

သူ ချန်ထားခဲ့သည့်ရတနာပစ္စည်းက...

“အမတမှော်ဝင်ပစ္စည်း”

အထက်ဘုံကမ္ဘာက အောက်ဘုံကမ္ဘာများဖြစ်သည့် အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာနှင့် ယွမ်ဖူကမ္ဘာတို့နှင့် နှိုင်းယှဉ်မရနိုင်ပေ။

အထက်ဘုံကမ္ဘာတွင် အဆင့်နိမ့်နှင့် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ်စည်းများက သာမန်လူများအတွက် ဒဏ္ဍာရီဆန်လှသော်လည်း လုံလောက်သောတန်ခိုးစွမ်းအားရှိသည့် သိုင်းသူတော်စင်များအတွက်တော့ ရှားပါးပစ္စည်းမဟုတ်ပေ။

အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းသာလျှင် ရှားပါးသည်ဟု ဆိုနိုင်သည်။

ထိုပစ္စည်းကိုတော့ ပြုလုပ်ရန်ခက်ခဲခြင်း ၊ ပြုလုပ်ရန်အတွက် လိုအပ်သောပစ္စည်များရှားပါးခြင်းတို့ကြောင့် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်မျာသည်ပင် ပျမ်းမျှ တစ်ယောက်တစ်ခု ကိုင်ဆောင်နိုင်ခြင်း မရှိပေ။

အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းထက်ရှားပါးသည်က “အမတမှော်ဝင်ပစ္စည်း” ဖြစ်သည်။

ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှာပင် ‘အမတမှော်ဝင်ပစ္စည်း’ က ဒဏ္ဍာရီသဖွယ် တည်ရှိနေသည်။

ထိုသို့သောပစ္စည်းမျိုး တစ်ခုပိုင်ဆိုင်ဖို့နေနေသာသာ မြင်ဖူးသောသူများပင်လျှင် ဇာမဏီအမွေး ယူနီကွန်းဦးချိုပမာ ရှားပါးနေပြီ ဖြစ်၏။

ယခု ‘အမတမှော်ဝင်ပစ္စည်း’ တစ်ခု ထွက်ပေါ်လာသည့်သတင်းကြားရသည့်အခါ အများသူငါ စိတ်ဝင်စားပြိး ကမ္ဘာတစ်ဝျမ်းလုံး၏ ဆွဲဆောင်မှုကိုခံရခြင်းအား မည်သို့တားဆီးနိုင်ပါမည်နည်း။

ကွမ်းမင်ဂိုဏ်းမှ ထွက်ပေါ်လာသည့်သတင်းအရ ထို ‘အမတမှော်ဝင်ပစ္စည်း’ ကို ယိုးမင်ဧကရာဇ်ဂူဗိမာန်တွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။

ယိုးမင်ဂိုဏ်းနှင့် ကွမ်းမင်ဂိုဏ်းအပြင် ယိုးမင်ဧကရာဇ်ဂူဗိမာန်သို့ဝင်ရောက်ခဲ့သော နောက်ထပ်လူတစ်ယောက်ရှိနေသေးသည်။

ထိုသူက...

ဝါဒတောင်မှ ရန်ကျောက်ကဲ။

ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်း လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို ကြည့်လိုက်လျှင် သူတို့လက်ထဲတွင် ‘အမတမှော်ဝင်ပစ္စည်း’ မရှိသည်မှာ သေချာသည်။ သို့ဆိုလျှင် ထိုပစ္စည်း မည်သူ့လက်ထဲကျရောက်သွားသည်မှာ သိသာနေပေ၏။

အစပိုင်းတွင် ကွမ်းမင်ဂိုဏ်းက ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ ကို ရန်ကျောက်ကဲလက်ထဲမှ ပြန်လည်ရယူနိုင်မည်ဟု မျှော်လင့်ထားသဖြင့် သတင်းကို ထိန်ချန်ထားခဲ့သည်။ ထိုပစ္စည်းကို ပြင်ပမှ တန်ခိုးစွမ်းအားရှင်များ လာရောက်ယူငင်မည်ကို သူတို့က စိုးရိမ်ခဲ့သည်။

ပြီးတော့ ရန်ကျောက်ကဲ၏ကျင့်ကြံခြင်းအဆင့်ဖြင့် ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ ကိုထိန်းချုပ်ရန် မဖြစ်နိုင်သေးပေ။

ယခုတော့ ကိစ္စရပ်များက မတူညီတော့ပေ။

လော့ကျီးထောင်သည် ရန်ကျောက်ကဲထံမှ ယိုးမင်ဂမ္ဘီရစက်ဝန်းကို မရယူနိုင်တော့ကြောင်း နှလုံးသွေးများတစ်စက်စက်ကျသည့်ပမာ ခံစားရင်း ဝန်ခံရမည် ဖြစ်သည်။

ရန်ကျောက်ကဲက တာ့ရွှမ်တိုင်းပြည်ကို ရှုံးနိမ့်သွားလျှင်ပင် ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ သည် တာ့ရွှမ်တိုင်းပြည်လက်ထဲသို့သာ ကျရောက်သွားမည်ဖြစ်ပြီး ကွမ်းမင်ဂိုဏ်းအနေဖြင့် အခွင့်အရေဂရရှိမည် မဟုတ်ပေ။

ထို့ကြောင့် ‘မစားရတဲ့အမဲ သဲနဲ့ပက်’ ဆိုသလို ဝါဒတောင်ကို ချောက်ချလိုက်ခြင်းသာပင်။

ထိုသတင်းပျံ့နှံ့သွားသည်နှင့် လော့ကျီးထောင်တို့အုပ်စုသည်လည်း ကျူတောပင်လယ်ဒေသမှ အလျှင်အမြန် ထွက်ခွာသွားတော့သည်။ ထွက်သွားရန် ဆုံးဖြတ်ပြီးပြီဖြစ်ရာ သူတို့က တုံ့ဆိုင်းမနေတော့ပေ။

သို့ပေသိ သူတို့အတွက် စိတ်မကောင်းစရာမှာ တစ်စုံတစ်ယောက်က သူတို့ကိုတားဆီးလိုက်ခြင်း ဖြစ်၏။

သူတို့ကိုတားဆီးသူက ဝါဒတောင်မဟုတ်သလို တာ့ရွှမ်တိုင်းပြည်လည်း မဟုတ်ပေ။

မိုးမြေတစ်ခွင်ကို ဖြတ်ကျော်ကာ လေထုကိုထိုးဖောက်ထွက်လာသည့် ဧရာမလက်ကြီးတစ်ဖက်ကိုကြည့်ရင်း လော့ကျီးထောင်တို့အုပ်စု ပင့်သက်ရှိုက်လိုက်မိကြသည်။

လက်ဖဝါးကြီးက အလွန်တရာကြီးမားလှသဖြင့် ကောင်းကင်ထက်မှကြယ်စင်များအားလုံးကို ဆွတ်ခြူတော့မည့်အလား ထင်မှတ်ရသည်။

လက်ဖဝါးကြီးက ဖန်သားပမာကြည်လင်နေပြီး ကောင်းကင်ထက်မှကြယ်စင်များပမာ မရေမတွက်နိုင်သော အလင်းစက်ငယ်များထွန်းလင်းလှုပ်ရှားနေသည်။

ထိုလက်ဖဝါးကြီးကို တွေ့မြင်သည်နှင့် တစ်ဖက်လူမည်သူဖြစ်ကြောင်း ကွမ်းမင်ဂိုဏ်းမှလူများ သိရှိသွားသည်။

အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ပိုင်နက်ဖြစ်သော အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက် ရှိသည်။

ထိုသူက ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ ပင် ။

ဤသို့သော တန်ခိုးစွမ်းအားရှင်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ လော့ကျီးထောင်နှင့်အခြားသူများမှာ မည်သို့မှမတတ်နိုင်တော့ပေ။ သူတို့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လျှင်ပင် မဖြစ်နိုင်တော့ပေ။

ကြီးမားသောလက်ကြီးက တားဆီးလိုက်သည့်အခါ လော့ကျီးထောင်တို့လည်း ရှေ့မဆက်တော့ဘဲ ရပ်တန့်လိုက်ကြသည်။

ဒါကိုမြင်တော့ တစ်ဖက်လူက သူ့လက်ဖဝါးကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

ထို့နောက် လော့ကျီးထောင်တို့ရှေ့တွင် ပိန်ပိန်ပါးပါး စာပေသမားအသွင် လူရွယ်တစ်ယောကပေါ်လာပြီး ညင်သာစွာမေးလိုက်၏။

“အမတမှော်ဝင်ပစ္စည်းက ဝါဒတောင်က ရန်ကျောက်ကဲလက်ထဲမှာလား”

***

ဧကရာဇ်ရွှမ်ချန်က...

“အမတမှော်ဝင်ပစ္စည်း ၊ ဒါက သတင်းအတုမဖြစ်နိုင်ဘူးလား”

“သူတို့ဆီမှာ အမတမှော်ဝင်ပစ္စည်း ရှိ မရှိဆိုတာတော့ မသေချာဘူး ၊ ဒါပေမဲ့ ရန်ကျောက်ကဲမှာ အဲဒီပစ္စည်းရှိနေရင်တောင်မှ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ အဲဒါကို အသုံးပြုနိုင်မှာ မဟုတ်ဘူး”

ထိုစကားကိုပြောလိုက်သူက ခန်းဖင်း ဖြစ်၏။

သူ့ဘေးနားတွင်တော့ ဟယ်တုန်းချန်နှင့် ကုကျန်းတို့က သုံသုံမှုံမှုံမျက်နှာများဖြင့် မတ်တတ်ရပ်နေကြ၏။

ခန်းဖင်းက...

“ဒါပေမဲ့... ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်းတို့နဲ့အတူ ယိုးမင်ဧကရာဇ်ဂူဗိမာန်ကို သူသွားခဲ့တယ်ဆိုတဲ့သတင်းကတော့ အမှန်ပဲ”

ရှန်လင်ကျီက...

“ဝါဒတောင်ကိုဖျက်ဆီးပြီး ရန်ကျောက်ကဲကိုဖမ်းဆီးလိုက်ရင် အဖြေထွက်လာမှာပေါ့”

သူက ဆက်ပြောသည်။

“တောင်ပိုင်းက ဇာမဏီနယ်မြေမှာလည်း ပုံမှန်မဟုတ်တဲ့ထူးခြားမှုတွေဖြစ်နေတယ်လို့ သတင်းကြားတယ်”

ထိုစကားကိုကြားတော့ ဧကရာဇ်ရွှမ်ချန်က ဖြည်းညင်းသည့်လေသံဖြင့်...

“အဲဒီနေရာရဲ့ ထူးခြားချက်ကတော့ ရန်ကျောက်ကဲ အထက်ဘုံကမ္ဘာမှာ ပထမဆုံးအကြိမ် ပေါ်လာတဲ့နေရာပဲ ၊ အဲဒီနေရာက ကောင်းကင်အက်ကွဲကြောင်းက အောက်ဘုံကမ္ဘာတစ်ခုကို ဦးတည်နေတယ် ၊ အဲဒီကိုလူလွှတ်ပြီး စုံစမ်းကြည့်ပေမယ့် ဘာသဲလွန်စမှ မတွေ့ရဘူး”

သူ့မျက်လုံးများကမှောင်မှိုင်းသွားပြီး...

“ကြည့်ရတာ ရန်ကျောက်ကဲက အထက်ဘုံကမ္ဘာထက် အချိန်စီးဆင်းမှုလျှင်မြန်တဲ့ အဲဒီအောက်ဘုံကမ္ဘာမှာ ပုန်းနေတာ ဖြစ်ရမယ် ၊ အခု ကောင်းကင်အက်ကွဲကြောင်းကိုကျော်ဖြတ်ပြီး အထက်ဘုံကမ္ဘာကိုပြန်လာတာနေမှာ”

ရှန်လင်ကျီက တာအိုဆရာ’ရှီ’ ကိုလှမ်းကြည့်လိုက်သည်။

တာအိုဆရာ’ရှီ’ က သိမ်မွေ့စွာဖြင့်...

“ဒီအဘိုးကြီးကတော့ ထိုက်ယီချိုးဖျက်အစီအရင်ကိုပဲ ပိုပြီးစိတ်ဝင်စားတယ်”

ရှန်လင်ကျီက...

“ဒီအဘိုးကြီးကတော့ သူတို့ကို ရှင်းပစ်ချင်တာပဲ ၊ ဒါမှ အရင်တစ်ခေါက် အရှက်ကွဲခဲ့တာကို ခံသာနိုင်မယ် ၊ ဒါပေမဲ့ ဂိုဏ်းတူညီလေး’ရှီ’ က ဒီလိုပြောတယ်ဆိုတော့ ဒီအဘိုးကြီး တောင်ပိုင်းပင်လယ်တွေဘက်ကို ခရီးထွက်ရတော့မှာပေါ့”

ခန်းဖင်းက ဖြည်းညင်းသည့်လေသံဖြင့်...

“ဆရာဘိုးဘိုး... ကျွန်‌တော်လည်းလိုက်မယ်”

ရှန်လင်ကျီက သူ့ကိုတစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူက ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နေရာမှ ပျောက်ကွယ်သွားလေသည်။

ခန်းဖင်း၏ တွန့်ချိုးထားသောမျက်ခုံးများ ပြေလျော့သွားပြီး သူသည်လည်း ဓားအလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ နေရာမှ ပျောက်ကွယ်သွားသည်။

အခြားသူများကတော့ အောက်ဘက်သို့ ခေါင်းငုံ့ကြည့်လိုက်ကြသည်။

သူတို့က အောက်ဘက်တွင်ရှိနေသည့် ဝါဒတောင်ကို စူးစိုက်ကြည့်နေကြခြင်း ဖြစ်သည်။

တာ့ရွှမ်မင်းဆက်မှ သိုင်ကျင့်ကြံသူများ၏အကြည့်များက ဝါဒ‌တောင်ပေါ်သို့ အနက်ရောင်တိမ်တိုက်များလွှမ်းခြုံသည့်ပမာ ဖိအားပြင်းထန်လွန်းလှသည်။

အိုမင်းပုံပေါက်နေသည့် တာအိုဆရာ’ရှီ’က အတော်လေးတက်တက်ကြွကြွ ရှိနေသည်။

သူက တည်ငြိမ်စွာလက်တစ်ဖက်ကိုဝှေ့ယမ်းရင်း...

“စလိုက်ကြရအောင်...”

All Chapters