မိုးကောင်းကင်ကိုထိုးခွင်းသည့်ဓားသွား
Vol. 62 Ch. 872
အခန်း (၈၇၂) မိုးကောင်းကင်ကိုထိုးခွင်းသည့်ဓားသွား
တာအိုဆရာ’ရှီ’ ၏ မျက်နှာအမူအရာက အရင်ကလို တည်ငြိမ်အေးဆေးခြင်း မရှိတော့ပေ။
ဧကရာဇ်ရွှမ်ချန်က အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဒဏ်ရာရလာပြီး ရန်တိနှင့်ရင်ဆိုင်ရသည့် ဧကရာဇ်ရွှမ်မုနှင့်မတူညီပေ။ သူက သိုင်းသူတော်စင် အဋ္ဌမအဆင့်ဖြစ်ပြီး မရေမတွက်နိုင်အောင် တိုက်ပွဲအတွေ့အကြုံများသူလည်း ဖြစ်သည်။
သို့သော် ရန်တိကတော့ အစီအရင်ကိုအားမကိုးဘဲ ၊ မြေပြင်အနေအထားအားသာချက်ကိုအားမကိုးဘဲ ၊ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကိုအားမကိုးဘဲ သူ၏ ကောင်းကင်နဂါးဓားကို မြင့်မြင့်မားမားကိုင်ဆောင်ကာ ကိုယ်ပိုင်သိုင်းစွမ်းကိုအသုံးပြုပြီး ဧကရာဇ်ရွှမ်ချန်ကို ဓားချက်တစ်ချက်တည်းဖြင့် ဆုတ်ခွာသွားစေခဲ့သည်။
ရန်တိ၏ဓားချက်က အရှိန်အဟုန်ပြင်းထန်စွာဖြင့် အဆုံးမဲ့ကွင်းဆက်တစ်ခုပမာ မရပ်မနား မိုးမြေတစ်ခုလုံးသို့ ထိုးဖောက်သွားသည်။
သူက ချက်ချင်းပင် ဧကရာဇ်ရွှမ်ချန်ရှေ့သို့ရောက်ရှိလာပြီး နောက်ထပ်ဓားချက်တစ်ချက် ခုတ်ပိုင်းချလိုက်သည်။ ရန်တိ၏ကိုယ်ပိုင်တန်ခိုးစွမ်းအား ၊ လူတစ်ယောက်နှင့်ဓားတစ်လက်က ဧကရာဇ်ရွှမ်ချန်ကို ဆက်တိုက်ဆိုသလို ထိုးနှက်အနိုင်ယူခဲ့သည်။
ဧကရာဇ်ရွှမ်ချန်၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွား၏။
သတိတစ်ချက်လွတ်သွားသည်နှင့် သူ့ဘဝတစ်ခုလုံး ပျက်ဆီးသွားနိုင်သည် မဟုတ်လား။
သားတော်ဖြစ်သူ သေဆုံးရခြင်းနှင့်ပတ်သက်ပြီး ထွက်ပေါ်နေသည့် အမျက်တရားနှင့် အာဃာတများအားလုံး ပျောက်ကွယ်သွားသည်။
တိုက်ပွဲတွင် စိတ်ဓာတ်ကိုထိခိုက်ပျက်ပြားစေမည့် အဆိုးမြင်စိတ်များအားလုံးကို ဧကရာဇ်ရွှမ်ချန်က ဖြတ်တောက်ပစ်လိုက်သည်။
နောက်ဆုံး အင်အားကြီးမားသောရန်သူကို ရင်ဆိုင်ရသည့် တိုက်ပွဲဝင်စိတ်ဓာတ်တစ်ခုသာလျှင် သူ့တွင် ကျန်ရစ်သည်။
သူ့အရှေ့ရောက်လာသော ရန်တိ၏ဓားချက်ကို ဧကရာဇ်ရွှမ်ချန်က သတိထား ရင်ဆိုင်လိုက်သည်။ ထိုဓားချက်ကို ရှောင်လွှဲနိုင်ခြင်းမရှိသဖြင့် သူ၏ခန္ဓာကိုယ်ဖြင့်သာ လက်ခံယူလိုက်ရသည်။
သို့ပေသိ ရန်တိ၏ဓားချက်ကို တားဆီးရန်အတွက် သူ့ခန္ဓာကိုယ်ထက်တွင် ရတနာအလင်းတန်းများ တောက်ပသွားပြီး ချပ်ဝတ်တစ်ခု ထွက်ပေါ်လာသည်။
ချပ်ဝတ်ထက်တွင် မီးတောက် (၅)မျိုးနှင့် ငှက် (၇)ကောင် သင်္ကေတကို ရေးထိုးထားပြီး အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်၏။
ဧကရာဇ်ရွှမ်မုက ရွှမ်ဧကရာဇ်လှံရှည်ကို ဆုံးရှုံးခဲ့ရသဖြင့် ကျူတောပင်လယ်ဒေသသို့ပြန်လာစဉ် သူက “မီးငါးသွယ် ရတနာခုနစ်သွယ်” ချပ်ဝတ်ကိုယူဆောင်လာခဲ့ခြင်းပင်။
ရွှမ်ဧကရာဇ်လှံရှည်က ရန်သူနှင့်တိုက်ခိုက်ရာတွင် ထိုးစစ်ဆင်နိုင်ပြီး မီးငါးသွယ် ရတနာခုနစ်သွယ်လှံရှည်ကတော့ ခံစစ်အတွက်အရေးပါသည်။
ယနေ့အချိန် ဝါဒတောင်ကိုတိုက်ခိုက်ရာတွင် ဧကရာဇ်ရွှမ်ချန်သည် သားဖြစ်သူအတွက် လက်စားခြေရန် ဝါဒတောင်တစ်ခုလုံးကို သုတ်သင်ပစ်ရန်သာမက ရွှမ်ဧကရာဇ်လှံရှည်ကိုလည်း ပြန်လည်ရယူလိုခဲ့သည်။
အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်အနေဖြင့် သူက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်သည်။ ထို့ကြောင့် ‘မီးငါးသွယ် ရတနာခုနစ်သွယ်’ ချပ်ဝတ်၏ အံ့သြဖွယ်ရာ ခံစစ်စွမ်းအားကို ပြီးပြည့်စုံစွာ အသုံးပြုနိုင်သည်။
ရန်တိ၏ဓားချက်ကို အတင်းအကျပ်ခံယူလိုက်ပြီးနောက် ဧကရာဇ်ရွှမ်ချန်က ချက်ချင်းပင် သူ၏လှံရှည်ဖြင့် ရန်တိ၏နှလုံးသားနေရာကို ထိုးစိုက်ချလိုက်သည်။
ရန်တိ၏ဘယ်ဘက်လက်က လျှပ်စီးပမာ လျှင်မြန်လွန်းသောအရှိန်အဟုန်ဖြင့် ဧကရာဇ်ရွှမ်ချန်၏လက်မောင်းကိုဆုပ်ကိုင်လိုက်ပြီး သူ၏လှံရှည် ရှေ့သို့တိုးမလာစေရန် ကာကွယ်လိုက်သည်။
သို့သော် ကြောက်မက်ဖွယ်ရာ မီးတောက်မီးလျှံများတောက်လောင်နေသည့် လှံရှည်က ရန်တိ၏ခန္ဓာကိုယ်ထဲသို့ အတင်းထိုးဖောက် ဝင်ရောက်လာသည်။
ရန်တိက လုံးဝနောက်ဆုတ်ဘဲ ပင့်သက်တစ်ချက်ရှိုက်ရင်း ကြုံးဝါးလိုက်သည်။
ကျယ်လောင်သော ကြုံးဝါးအော်ဟစ်သံကြားတွင် သူ၏ခန္ဓာကိုယ်မှာ အဖြူ၊ အစိမ်း၊ အနက်၊ အနီနှင့် အဝါ ရောင်စဉ် (၅)မျိုး ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများက ရန်တိခန္ဓာကိုယ်ရှိ အဓိကကိုယ်တွင်းအင်္ဂါ (၅)ခုမှ မြစ်ဖျားခံထွက်ပေါ်လာခြင်း ဖြစ်၏။
ရန်တိခန္ဓာကိုယ်ထဲတွင်း နှလုံး ၊ အသည်း ၊ သည်းခြေ ၊ အဆုတ် ၊ ကျောက်ကပ်တို့က ကောင်းကင်ဧကရာဇ်များနေထိုင်ရာနေရာ သန့်စင်သည့်ကိုယ်တွင်းအင်္ဂါများဖြစ်သည်။
ထိုနေရာများမှ ဒြပ်စင် (၅)ပါးဖြစ်သည့် ရွှေ ၊ သစ်သား ၊ ရေ ၊ မီးနှင့် မြေကြီးတို့က အသက်ဓာတ်စွမ်းအားပြင်းထန်စွာ မြင့်တက်လာပြီး ဧကရာဇ်ရွှမ်ချန်၏တိုက်ခိုက်မှုကို အတင်းအကျပ်ခုခံထားပြီး ပြန်လည်ကုစားနိုင်ခြင်းစွမ်းအားတို့သည်လည်း တပြိုင်နက်တည်း ထွက်ပေါ်လာသည်။
ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ ၊ ဒြပ်စင်ငါးပါးနတ်ဘုရားခန္ဓာ။
ရန်တိ၏ အေးစက်သောမျက်ဝန်းများဖြင့် ရင်ဆိုင်ရသည့်အခါ ဧကရာဇ်ရွှမ်ချန် အံ့သြတုန်လှုပ်သွားသည်။ သူက ညာဘက်လက်တွင်ကိုင်ထားသော ဓားသွားကိုလှည့်ပတ်လိုက်ပြီး သူ့လက်ကိုဆုပ်ကိုင်ထားသည့် ရန်သူ၏လက်ကို ခုတ်ပိုင်းချလိုက်သည်။
“သွားစမ်း...”
ဧကရာဇ်ရွှမ်ချန် ကြုံးဝါးလိုက်၏။
‘မီးငါးသွယ် ရတနာခုနစ်သွယ်’ ချပ်ဝတ်က ရန်တိ၏ဓားသွားကိုတားဆီးထားသည့်အတွက် သူ့အနေဖြင့် တိုက်စစ်ကို အပြည့်အဝ အာရုံစိုက်နိုင်သည်။
သူ၏အခြားလက်တစ်ဖက်က အဆိပ်ပြင်းသောမြွေတစ်ကောင်ပမာ ရန်တိဆီသို့ တည့်တည့်မတ်မတ်ဝင်ရောက်လာသည်။
ရန်တိက ဧကရာဇ်ရွှမ်ချန်၏တံတောင်ဆစ်ကို ခြေထောက်ဖြင့် ကန်ချလိုက်၏။
ရန်တိက ဓားသိုင်းပညာမှမဟုတ် ၊ မည်သည့်သိုင်းပညာအသုံးပြုပါစေ မိုးမြေအရှိန်အဟုန်က စုစည်းနေပြီး လမ်းကြောင်းတစ်လျှောက် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ဧကရာဇ်ရွှမ်ချန်၏ ထိုးနှက်ချက်ကို တားဆီးပြီးသည့်နောက် ရန်တိက အခြားတစ်ဖက်သို့ခုန်ထွက်လိုက်သည်။
ထို့နောက် ကောင်းကင်နဂါးဓားကိုပင့်မြှောက်လျှက် လက်နှစ်ဖက်ဖြင့်ကိုင်ဆောင်ဝှေ့ယမ်းကာ ဧကရာဇ်ရွှမ်ချန်၏ဦးခေါင်းကို ခုတ်ပိုင်းချလိုက်သည်။
ထိုအခိုက်အတန့်တွင် ဝိညာဉ်နယ်မြေထက်ကောင်းကင်ယံသည် အက်ကွဲသွားပုံရသည် မိုးမြေတစ်ခွင်လုံး မတူညီသည့်အပိုင်းအစများ ကွဲအက်သွားကာ လေနှင့်တိမ်တိုက်များ တဟုန်ထိုး မြင့်တက်လာသည်။
မြင်ကွင်းက နဂိုအတိုင်းဖြစ်သည့်တိုင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီ ဖြစ်သည်။
မိုမြေတစ်ခုလုံးက အရင်က ကြွေထည်ပစ္စည်းတစ်ခုပမာရှိနေပြီး ယခုတော့ ကြွေသွားက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသလိုပင်။
ရန်တိ၏ဓားသွားထက်တွင် မိုးမြေအပိုင်းအစများ လွင့်ပျံနေပြီး သူက ဓားကို နောက်တစ်ကြိမ်ဝှေ့ယမ်းကာ ဧကရာဇ်ရွှမ်ချန်ဆီသို့ ထပ်မံခုတ်ပိုင်းချလိုက်သည်။
ဧကရာဇ်ရွှမ်ချန်က ညည်းညူသံတစ်ချက်ပြုလိုက်ပြီး ‘မီးငါးသွယ် ရတနာခုနစ်သွယ်’ ချပ်ဝတ်၏ ခုခံစွမ်းအားကို အမြင့်ဆုံးအဆင့်သို့ တွန်းပို့လိုက်၏။
ထို့နောက် သူ့လက်ထဲတွင် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော လှံရှည်တစ်လက် ပေါ်လာသည်။ သူက လှံရှည်ကို အလျားလိုက် ဦးခေါင်းထက်တွင်ကိုင်မြှောက်ပြီး ရန်တိ၏ဓားကိုကာကွယ်လိုက်သည်။ ထိုလှံရှည်ကို ‘မီးငါးသွယ် ရတနာခုနစ်သွယ်’ ချပ်ဝတ်မှ တန်ခိုးစွမ်းအားများက ထောက်ပံ့ပေးထားသည်။
အဆုံးမရှိသော ကြုံးဝါးသံများကြားတွင် အလင်းရောင်များနှင့် ဓားဝိညာဉ်များက ရောထွေးယှက်တင် လှည့်ပတ်လျှက် ရှိကြသည်။
နဂိုကပင် လှိုင်းလုံးများစွာ မြင့်တက်လာနေသည့် ဝိညာဉ်နယ်မြေမှ ပင်လယ်ပြင်သည် ယခုတော့ မိုးမြေတစ်ခုလုံး ပြောင်းပြန်လန်သွားသည့်ပမာ ထင်မှတ်ရသည်။
ဧကရာဇ်ရွှမ်ချန်၏ လှံရှည်နှင့် ရန်တိ၏ဓား ၊ တန်ခိုးစွမ်းအား (၂)ခု ထိခိုက်သွားသည်။
‘မီးငါးသွယ် ရတနာခုနစ်သွယ်’ ချပ်ဝတ်က ကာကွယ်ပေးထားသည့်တိုင် ဧကရာဇ်ရွှမ်ချန်သည် နောက်သို့ လွင့်စင်သွားသည်။
ထိုအချိန် မနီးမဝေးတွင် ရန်တိနှင့် ဧကရာဇ်ရွှမ်ချန်တို့၏တိုက်ပွဲကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ကြည့်နေကြသည့် ကုကျန်းနှင့် ဟယ်တုန်းချန်တို့က ဝါဒတောင်ရှိရာသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
ဝါဒတောင်ထိပ်တွင် ထိုက်ယီချိုးဖျက်အစီအရင် အလင်းတန်းများထွက်ပေါ်လာပြီး ကြယ်စင်ရောင်အလင်းတန်းများပမာ တိမ်တိုက်များဆီအထိ ထိုးဖောက်ဝင်ရောက်သွားသည်။
ဒါကိုမြင်တော့ တာအိုဆရာ’ရှီ’ က ရန်တိနှင့် ဧကရာဇ်ရွှမ်ချန်တိုက်ပွဲကို အာရုံမစိုက်တော့ဘဲ ထိုက်ယီချိုးဖျက်အစီအရင်ကိုသာ ဂရုတစိုက် စောင့်ကြည့်လိုက်သည်။
အရင်တုန်းက ရှန်လင်ကျီနှင့်အတူ ထာဝရအလင်းကောင်းကင်ကျမ်းစာကို သင်ယူစဉ်က ပြီးပြည့်စုံခြင်းမရှိသည့် ထိုက်ယီချိုးဖျက်အစီအရင်ကို လေ့လာခဲ့ဖူးသည်။ ယခု ထိုက်ယီချိုးဖျက်အစီအရင်ကို မျက်မြင်တွေ့ရသည်မှာ ၎င်းနှင့်ပတ်သက်သည့် အချို့သောအကြောင်းအရာများကို ချက်ချင်းမြင်နိုင်ခဲ့သည်။
တာအိုဆရာ’ရှီ’ က လက်နှစ်ဖက်ကိုဘေးသို့ဖြန့်ခွဲလိုက်ပြီး လေထဲတွင် မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများကို ရေးဆွဲလိုက်သည်။ ထိုဝိညာဉ်သင်္ကေတများက အလွန်တရာ လေးနက်လှ၏။
ထို့နောက် ဝိညာဉ်သင်္ကေတများ အချင်းချင်းပေါင်းစပ်သွားပြီး ကြီးမားသော ဝိညာဉ်အစီအရင်တစ်ခု ဖြစ်တည်လာသည်။
ကျူတောပင်လယ်ဒေသ ၊ ဝိညာဉ်နယ်မြေ ပတ်ဝန်းကျင်တွင် ဝိညာဉ်အလင်းတန်းများထွက်ပေါ်လာပြီး ပင်လယ်များ ၊ သဲကန္တာရများ ၊ တောင်တန်းများနှင့် အခြားနေရာများတွင် တစ်ခဏအတွင်း မြင့်တက်လာသည်။
ထိုဝိညာဉ်အလင်းတန်းများက တာအိုဆရာ’ရှီ’ ရေးဆွဲထားသည့် ဝိညာဉ်သင်္ကေတများနှင့် ပေါင်းစည်းသွားပြီး ဝိညာဉ်နယ်မြေတစ်ခုလုံးကို ဝန်းရံထားသည်။
ထို့နောက်မှာတော့ ဝိညာဉ်နယ်မြေတစ်ခုလုံးထက်ပင် ပိုမိုကြီးမားသည့် အစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး အောက်ဘက်ရှိလူသားတိုင်းကို လွှမ်းခြုံသွားသည်။
ပင်လယ်ရေအောက်မှ ကြီးမားသောငလျင်တစ်ခု လှုပ်ခတ်သွားပြီး ပင်လယ်ကိုဖြတ်ကျော်ကာ ထူးဆန်းသောသားရဲတစ်ကောင် ထွက်ပေါ်လာသည်။
ထိုသတ္တဝါက နီညိုရောင်တောက်ပနေသည့် လိပ်အိုကြီးတစ်ကောင်ဖြစ်ပြီး ခေါင်းက ငှက်တစ်ကောင်အသွင်ရှိကာ အမြီးကတော့ အဆိပ်ရှိမြွေတစ်ကောင်ပမာ ဖြစ်၏။
ထိုလိပ်မျိုးကို ‘မုန်တိုင်းမွှေလိပ်’ ဟု ခေါ်ဆိုပြီး ယနေ့ခေတ်တွင် အတော်လေး တွေ့ရမြင်ရခဲသော သတ္တဝါဖြစ်သည်။ ထိုလိပ်ကြီးက တာအိုဆရာ’ရှီ’ ယဉ်ပါးအောင်မွေးမြူထိန်းသိမ်းထားသော အဖိုးတန်စီးတော်ဖြစ်သည်။
ထိုလိပ်ကြီး၏အခွံထက်တွင် ဝိညာဉ်သင်္ကေတများရှိနေပြီး အတော်လေး အသက်ကြီးရင့်နေပြီဖြစ်ကြောင်း သိနိုင်သည်။
လိပ်ခွံထက်မှ ဝိညာဉ်သင်္ကေတများတောက်ပလာပြီး ဝါဒတောင် မဟာပင်မအစီအရင်မှ အလင်းတန်းများနှင့် ပေါင်းစပ်သွားသည်။
နီညိုရောင်အလင်းတန်းများက ပတ်ပတ်လည်တွင်မြင့်တက်လာပြီး ထိုက်ယီချိုးဖျက်အစီအရင်မှ အဖြူရောင်အလင်းတန်းများထံသို့ အဆက်မပြတ် ချဉ်းနင်းဝင်ရောက်လာသည်။
ဤအစီအရင်၏တိုက်ခိုက်မှုဒဏ်ကြောင့် ထိုက်ယီချိုးဖျက်အစီအရင်၏စွမ်းအား တဖြည်းဖြည်းလျော့ကျသွားပြီး ချေမှုန်းခံရသည့်ပမာ ဆုတ်ယုတ်လာသည်။
ထိုက်ယီချိုးဖျက်အစီအရင် ကာကွယ်မှုလျော့နည်းသွားသည့်အခါ ကုကျန်းနှင့် ဟယ်တုန်းချန်ဦးဆောင်သော တာ့ရွှမ်မင်းဆက်မှသိုင်းသမားများက ဝါဒတောင်ကို အတင်းအကျပ် ဝင်ရောက်တိုက်ခိုက်ကြသည်။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရွှမ်ဧကရာဇ်လှံရှည်နှင့်အတူ ကုကျန်း၏လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။
ဝါဒတောင်မှ အခြားသောကျင့်ကြံသူများကလည်း ထိတ်လန့်ခြင်းမရှိဘဲ ဟယ်တုန်းချန်နှင့် တာ့ရွှမ်တိုင်းပြည်မှ သိုင်းသမားများကို အတူတကွတိုက်ခိုက်လိုက်ကြပြီး တိုက်ပွဲအခြေအနေက တင်းမာလာသည်။
ထိုအချိန် ရန်တိက အောက်သို့တစ်ချက်ငုံ့ကြည့်လိုက်ပြီး ဧကရာဇ်ရွှမ်ချန်ကို ပြင်းပြင်းထန်ထန် တစ်ချက်တည်း ထိုးနှက်တိုက်ခိုက်လိုက်ပြီး လျှပ်စီးပမာအရှိန်အဟုန်ဖြင့် ဟယ်တုန်းချန်ရှေ့သို့ရောက်ရှိသွားကာ ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ရန်တိ၏ တိကျသောဓားချက်ကိုရင်ဆိုင်လိုက်ရသည့်အခါ ဟယ်တုန်းချန် ထိတ်လန့်သွားသည်။
သူက အခြားသူများကိုပင်အရေးမစိုက်တော့ဘဲ ရေစီးကြောင်းပမာဓားအလင်းတန်းအဖြစ်အသွင်ပြောင်းကာ ဘေးသို့ ရှောင်တိမ်းရင်း ထွက်ပြေးရန်ကြိုးစားလိုက်သည်။
သို့သော် ရန်တိ၏ကောင်းကင်နဂါးဓားချက်ထိမှန်သွားပြီး ဟယ်တုန်းချန် အော်ဟစ်ညည်းညူသံ ထွက်ပေါ်လာသည်။
ရှည်လျားသော အချိန်ရေစီးကြောင်းဓားဝိညာဉ်အလင်းတန်းသည် ရုတ်တရက် သွေးရောင်များစွန်းထင်းသွားလေတော့၏။