မီးလောင်တုန်းဓားပြတိုက်ခံရ
Vol. 62 Ch. 874
အခန်း (၈၇၄) မီးလောင်တုန်းဓားပြတိုက်ခံရ
ကွမ်းလီတဲ့၏စကားကိုကြားတော့ ဝါဒတောင်မှလူတိုင်း မျက်မှောင်ကြုံ့လိုက်ကြသည်။
တစ်ဖက်လူက မီးလောင်နေသည့်အချိန် ဓားပြတိုက်ခြင်းဖြစ်ပြီး မြို့တံတိုင်းအောင်တွင်ဖိနှိပ်ကာ မဟာမိတ်ဖွဲ့လိုကြောင်း ပြောဆိုနေသည်မှာ ထင်ရှားသည်။
ကွမ်းလီတဲ့က မနှေးမမြန်လေသံဖြင့်...
“မင်းတို့မှာ ငြင်းစရာအကြောင်းမရှိပါဘူး...”
ထို့နောက် သူ့နံဘေးတွင် လူရိပ်တစ်ခုပေါ်လာသည်။
အခြားသူမဟုတ် ၊ ကွမ်းမင်ဂိုဏ်းချုပ် လော့ကျီးထောင်ပင် ဖြစ်၏။
လော့ကျီးထောင်က ကွမ်းလီတဲ့ကို စိတ်ရှုတ်ထွေးသည့်အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်ဝန်းများက ဝါဒတောင်နှင့် တာ့ရွှမ်တိုင်းပြည်မှလူများထက်သို့ ကျရောက်သွားသည်။
ခဏကြာမှ လော့ကျီးထောင်က လေးလံသည့်အသံဖြင့်...
“အဲဒီတုန်းက ဧကရာဇ်မင်းကျန်ရစ်ခဲ့တဲ့ အမတမှော်ဝင်ပစ္စည်းတစ်ခုရှိတယ် ၊ အဲဒါက ဘီးတစ်ခုနဲ့ဆင်တူပြီး အပေါက် (၂၄)ခု ပါရှိတယ် ၊ ဟိုးအရင်တုန်းက ယိုးမင်ဂမ္ဘီရဂိုဏ်းရဲ့ ရတနာပစ္စည်းတစ်ခုဖြစ်တဲ့ ယိုးမင်တစ္ဆေမီးအိမ်က အဲဒီ ဘီးပုံသဏ္ဌန်ရှိတဲ့ အမတမှော်ဝင်ပစ္စည်းနဲ့ ပေါင်းစပ်သွားတယ် ၊ အဲဒီပစ္စည်းက ရန်ကျောက်ကဲလက်ထဲရောက်နေတာ သေချာတယ်”
သူ့စကားဆုံးသွားသည်နှင့် သူ၏မျက်ဝန်းများလက်ခနဲတောက်ပသွားပြီး ထိုစဉ်တစ်ချိန်က ယိုးမင်ဂူဗိမာန်ထဲမှအဖြစ်အပျက်မြင်ကွင်းကို အားလုံးမြင်အောင် ပြသလိုက်သည်။
ထိုမြင်ကွင်းက တာအိုဆရာ’ရှီ’ နှင့် ဧကရာဇ်ချန်ရွှမ်တို့ကိုပင် ဆွဲဆောင်နိုင်ခဲ့၏။
ရန်ကျောက်ကဲတွင် အမတမှော်ဝင်ပစ္စည်းရှိသည်ဟု သတင်းရရှိခဲ့စဉ်က ယုံရမည်လား မယုံရဘူးလား ဝေခွဲမရဖြစ်ခဲ့သော်လည်း အခုတော့ အမှန်တကယ် ဖြစ်နိုင်ခြေရှိသည်။
ယိုးမင်ဧကရာဇ်ယင်ထျန်းရှ ကွယ်လွန်သွားပြီးနောက် ‘အမတမှော်ဝင်ပစ္စည်း’ တစ်ခုကို အမှန်တကယ်ချန်ထားခဲ့ပြီး ထိုပစ္စည်းက ရန်ကျောက်ကဲလက်ထဲတွင် ရှိနေသည်။
ကွမ်းလီတဲ့က ဝါဒတောင်ကို ခေါင်းငုံ့ကြည့်ရင်း...
“အဲဒီ အမတမှော်ဝင်ပစ္စည်းက သန္ဓေတည်ဆဲအဆင့်ပဲရှိသေးပြီး အပြည့်အဝ မသန့်စင်ရသေးပေမယ့် မင်းပိုင်ဆိုင်သင့်တဲ့ ပစ္စည်းမဟုတ်ဘူး ၊ ငါက လာမတောင်းရင်တောင် အခြားတစ်ယောက်က မင်းဆီကိုလာတောင်းမှာပဲ”
“ဒီနေ့ ငါက မင်းတို့နဲ့တိုက်ခိုက်ဖို့ ရောက်လာတာပဲ ၊ ဒါပေမဲ့ အရှေ့တောင်ထိပ်တန်းအရှင်သခင်’ချောင်’ က မင်းတို့သားအဖကို အရမ်းလေးစားတယ် ၊ ဒါကြောင့် ငါက မျက်နှာသာပေးဖို့ ဆုံးဖြတ်လိုက်တယ် ၊ ကဲ... အမတမှော်ဝင်ပစ္စည်းကို ထုတ်ပေးပါ ၊ မင်းတို့ကိုတိုက်ခိုက်နေတဲ့ရန်သူတွေကို ငါ ကူတိုက်ပေးမယ်”
ထိုစကားကြားတော့ ရန်တိက မျက်ခုံးတစ်ချက်ပင့်ရင်း...
“ငါတို့ရန်သူကို ငါတို့ရှင်းနိုင်တယ် ၊ မင်း ဒုက္ခရှာစရာမလိုဘူး”
ရန်တိကိုကြည့်ပြီး ကွမ်းလီတဲ့က တည်ငြိမ်စွာဖြင့်...
“မင်း နားလည်မှုလွဲနေပြီ ၊ မင်းတို့မှာညှိနှိုင်းဖို့ အခွင့်အရေးမရှိဘူး”
သူက ဆက်ပြောည်။
“ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ အမတမှော်ဝင်ပစ္စည်းက ငါ့အတွက်ပဲ ၊ တာ့ရွှမ်မင်းဆက်က မလုပ်ဘူးဆိုရင်တောင်မှ ငါက မင်းတိုတစ်ဂိုဏ်းလုံးကို သုတ်သင်ပစ်မှာပဲ ၊ အခုလည်း ဘာမှမထူးခြားပါဘူး ၊ မင်းတို့က အမတမှော်ဝင်ပစ္စည်းကို မပေးဘူးဆိုရင် ငါက တာ့ရွှမ်တိုင်းပြည်နဲ့လက်တွဲပြီး မင်းတို့ကိုရိုက်ချပစ်မယ်”
“ငါ့အတွက် ဒီနှစ်ခုလုံး ဘာပဲလုပ်ရလုပ်ရ မထူးခြားဘူး ၊ ငါက အရှေ့တောင်ထိပ်တန်းအရှင်သခင်’ချောင်’ နဲ့ နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်လာတာ ၊ ငါ့လုပ်ရပ်ကို သူလည်းဘာမှပြောမှာ မဟုတ်ဘူး”
ကွမ်းလီတဲ့က တာအိုဆရာ’ရှီ’ နှင့် ဧကရာဇ်ရွှမ်ချန်ကို လှည့်ကြည့်ရင်း...
“မင်းတို့လည်းအတူတူပဲ ၊ အမတမှော်ဝင်ပစ္စည်းကို ငါနဲ့ယှဉ်ပြီးမလုဘူးဆိုရင် ငါက မင်းတို့ကို နှောက်ယှက်မှာမဟုတ်ဘူး ၊ ဒါပေမဲ့ မင်းတို့ ငါနဲ့ပြိုင်ချင်တယ်ဆိုရင်တော့ ငါတို့တွေ မလွဲမသွေ တိုက်ပွဲဖြစ်လိမ့်မယ်”
ဧကရာဇ်ရွှမ်ချန်က မျက်ခုံးများတွန့်ချိုးထားစဉ် တာအိုဆရာ’ရှီ’ ၏ အိုမင်းသောအသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“ကြယ်ခြွေလက်ဝါးသခင်က အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့ ရင်းနှီးတယ်ဆိုတော့ ငါတို့နောက်ခံဘာလဲဆိုတာ သိမှာပါပဲ ၊ ငါတို့က ငါတို့လူတွေရဲ့အဝေးမှာနေပြီး ကျူတောပင်လယ်ဒေသမှာ လှုပ်ရှားနေရပေမယ့် ဒီကိုလာရတဲ့ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်၊ အဲဒါကတော့ ဝါဒတောင်ကို ဖျက်ဆီးပြီး ရန်ကျောက်ကဲနဲ့ သူ့အဖေကို ဖမ်းဖို့ ဒါမှမဟုတ် သတ်ပစ်ဖို့ပါပဲ ၊ ဝါဒတောင်ကျသွားပြီဆိုရင် မင်းကြိုက်တာဘာမဆို ယူသာသွားပါ ၊ ဒီအဘိုးကြီးက ငြင်းစရာ မရှိပါဘူး”
ဧကရာဇ်ရွှမ်ချန်က ခဏမျှတိတ်ဆိတ်နေပြီးမှ လေးလံသည့်လေသံဖြင့်...
“ငါကိုယ်တော်လည်း အမတမှော်ဝင်ပစ္စည်းကို စိတ်မဝင်စားဘူး”
ကွမ်းလီတဲ့က ခေါင်းညိတ်ရင်း...
“မင်းတို့နောက်မှာရှိတဲ့သူက ဘယ်သူလဲဆိုတာ ငါသိပါတယ် ၊ ဒါပေမဲ့ ငါက အမတမှော်ဝင်ပစ္စည်းကိုရယူဖို့ ရောက်လာတာဆိုတော့... ငါ့ရဲ့ပြိုင်ဘက်တွေက နည်းမယ်တော့မထင်ဘူး ၊ ဒါက ငါသိပြီးသားအန္တရယ်တစ်ခုပဲ ၊ ရန်သူတစ်ယောက်ထပ်တိုးလို့လည်း ပြဿနာတော့ မရှိပါဘူး”
“ဒါပေမဲ့ သတင်းတွေထွက်ပေါ်လာပြီးကတည်းက ငါ အရင်ဆုံး ဒီနေရာကိုရောက်လာတာပဲ ၊ ပထမဆုံးရောက်လာတဲ့အတွက် ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချရမှာပေါ့”
ကွမ်းလီတဲ့က ဝါဒတောင်ကို ငုံ့ကြည့်ရင်း...
“ငါက အစကတည်းက မင်းတို့ဝါဒတောင်ကို ဖျက်ဆီးပစ်ဖို့ မင်းတို့ရန်သူတွေနဲ့ လက်တွဲဖို့ ရည်ရွယ်ခဲ့တာ ၊ ဒါက အချိန်ကုန်သက်သာတယ်လေ ၊ ပြီးတော့ ငါလိုချင်တဲ့ပစ္စည်းကို သူတို့လည်းယူလို့မရပါဘူးလေ”
“အရှေ့တောင်ထိပ်တန်းအရှင်သခင်’ချောင်’ ရဲ့ မျက်နှာရှိနေလို့ မင်းတို့ကိုယ်မင်းတို့ကယ်တင်ဖို့ အခွင့်အရေးပေးခဲ့တာ ၊ မင်းတို့ကလက်မခံဘူးဆိုတော့ မုန့်လောက်နဲ့မရရင် စားသောက်ပွဲနဲ့ဖိတ်ခေါ်ရတော့မှာပေါ့”
ပြောပြီးသည်နှင့် ကြယ်စင်ရောင်များတောက်ပနေသည့် ကြီးမားသောလက်ဖဝါးကြီးက ကောင်းကင်ထက်မှ ဝါဒတောင်ထက်သို့ ဆင်းသက်လာသည်။
ဧရာမကြယ်ခြွေလက်ဖဝါးကြီးက ဝိညာဉ်နယ်မြေတစ်ခုလုံး ကမ္ဘာမြေပေါ်မှ ဖယ်ရှားပစ်တော့မည့်အလား အရှိန်အဟုန်ဖြင့် ကျရောက်လာသည်။
ရန်တိက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး သူ့လက်ထဲမှ ကောင်းကင်နဂါးဓားကို အလျားလိုက် ပင့်မြှောက်ဝှေ့ယမ်းလိုက်သည်။
အိပ်ပျော်နေရာမှ နိုးထလာသည့် နတ်ဘုရား (၅)ပါးပမာ သူ၏ခန္ဓာကိုယ်ထဲမှ အတွင်းအင်္ဂါ (၅)ခုက တုန်ခါသွားသည်။
ထို့နောက် ရန်တိ၏ခန္ဓာကိုယ်ကို ဝန်းရံထားသည့် ရောင်စင် (၅)မျိုးထွက်ပေါ်လာပြီး အလင်းမြူမှုံများအဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက်မှာတော့ ရောင်စဉ် (၅)မျိုးကမြင့်တက်လာပြီး ကောင်းကင်နဂါးဓားထက်တွင် စုစည်းသွား၏။
အလင်းရောင်များ လွင့်ပျံလာသည်နှင့်အမျှ ထိုအလင်းရောင်များက ဆင်းသက်လာသည့် ကွမ်းလီတဲ့၏လက်ဖဝါးကို ပိတ်ဆို့ထားသည့် အတားအဆီးတစ်ခုပမာ ဖြစ်သည်။
ကောင်းကင်တစ်ခုလုံးကိုလွှမ်းခြုံထားသည့် ကြီးမားသောလက်ဖဝါးကြီးမှာ ဝိညာဉ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားနိုင်ခြင်း မရှိတော့ဘဲ လျှို့ဝှက်ဆန်းကျယ်သောတန်ခိုးစွမ်းအားများ ဆုံးရှုံးသွားကာ သာမန်လူတစ်ယောက်၏ လက်ဖဝါးတစ်ဖက်အဖြစ် တဖြည်းဖြည်း သေးငယ်သွားသည်။
ရန်တိ၏တိုက်ခိုက်မှုကို ဖိနှိပ်ထားသည့် ကွမ်းလီတဲ့၏ဖြူစင်သောလက်ဖဝါးကို တွေ့မြင်နိုင်သည်။ သူက လက်မောင်းကိုပိုမိုအားစိုက်ထုတ်ကာ တိုက်ခိုက်လိုက်သည်။
ထို့နောက် များပြားလှစွာသောကြယ်စင်များလှည့်ပတ်သွားပြီး ဥက္ကာပျံများကြွေဆင်းသည့်ပမာ တိုက်ခိုက်မှုက ပိုမိုလျှင်မြန်လာသည်။
ကြယ်ရောင်တောက်ပနေသည့် လက်ဖဝါးကြီး တစ်ဖန်ပြန်ပေါ်လာပြီး ကောင်းကင်ကိုလွှမ်းခြုံသွားကာ ရန်တိနှင့် ဝါဒတောင်ကို ဖိနှိပ်လိုက်ပြန်သည်။
ရန်တိက မျက်နှာတစ်ချက်မပျက်ဘဲ အမူအရာတည်ငြိမ်နေဆဲပင်။
သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ့ခန္ဓာကိုယ်အနှံမှ သွေးကြောဆုံချက်များကိုဖွင့်လိုက်ရာ အဖြူရောင်နှင့်အနက်ရောင် ရောယှက်နေသည့် ယင်နှင့်ယန်စွမ်းအားများထွက်ပေါ်လာကာ အချင်းချင်းအားဖြည့်ပေးလျှက် အဆက်မပြတ် စီးဆင်းနေသည်။
ကွမ်းလီတဲ့၏ ကြီးမားသောလက်ဖဝါးပြင်မှ ကြယ်စင်ရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြန်သည်။
ကွမ်းလီတဲ့မျက်နှာက တည်ကြည်လေးနက်သွားသည်။
“ယွိချင်အဆက်အနွယ်က ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာနဲ့ ယင်ယန်ကောင်းကင်ကျမ်းစာ တန်ခိုးစွမ်းအားတွေနဲ့ ဘာလို့ဆင်တူနေရတာလဲ”
တာအိုဆရာ’ရှီ’ နှင့် ဧကရာဇ်ရွှမ်ချန်တို့သည်လည်း မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားကြသည်။ စောစောကလည်း သူတို့ ဤသို့သော လက္ခဏာများကို တွေ့မြင်ခဲ့ရသော်လည်း အနည်းငယ် မရေမရာဖြစ်နေရသည်။
သို့သော် လေးကြိုးမှထွက်သွားသောမြားကို တားဆီးရန်မဖြစ်နိုင်ပေ။
ကွမ်းလီတဲ့က ယိုးမင်ဂမ္ဘီရစက်ဝန်းကို အသဲအသန်လိုချင်နေသဖြင့် လှုပ်ရှားလိုက်ပြီဖြစ်ရာ သူ့အတွက် နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။
တာအိုဆရာ’ရှီ’ နှင့် ဧကရာဇ်ရွှမ်ချန်က ဒီအတိုင်းရပ်ကြည့်မနေဘဲ ချက်ချင်းပင် တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူများကို ရန်တိနှင့် ဝါဒတောင်အား တိုက်ခိုက်စေလိုက်သည်။
နဝမအဆင့် သိုင်းသူတော်စင်ဖြစ်သူ ကွမ်းလီတဲ့ကလည်း တိုက်ခိုက်နေသည်ဖြစ်ရာ ဝါဒတောင်ရင်ဆိုင်နေရသော ဖိအားသည် ယခင်ကနှင့် ချက်ချင်းပြောင်းလဲသွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက...
“အဖေနဲ့ သဟဇာတတော့မဖြစ်ပေမယ့် အခု ယူသုံးလိုက်ပါ”
ရန်တိက ပန်ပန်ထံမှ ကမ္ဘာမြေဖျက်ဆီးကောင်းကင်ဝါးမျိုဓားသေတ္တာကို ယူလိုက်ပြီး ဓားသေတ္တာထက်သို့ အသာပုတ်လိုက်သည်။
ဓားသေတ္တာအဖုံးပွင့်သွားပြီး အနက်ရောင်အလင်းတန်းများ ကောင်းကင်ထက်သို့ လွင့်ပျံသွား၏။
ဝါဒတောင်တွင် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများစွာရှိသော်လည်း ရန်တိနှင့် လိုက်ဖက်ညီသည့်လက်နက်က မရှိသလောက်ရှားပါးသည်။
ထူးကဲယင်သရဖူကို ဘေးဖယ်ထားမည်ဆိုလျှင် မိစ္ဆာဓားတောင်းတျဲနှင့် ရွှမ်ဧကရာဇ်လှံရှည်တို့က ရန်တိနှင့် သဟဇာတမဖြစ်သလို နေရိပ်နတ်ဓားသည်လည်း တကယ့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်လာရန်အတွက် ကြီးမားသောအောင်မြင်မှု မရရှိသေးပေ။
ထို့ကြောင့် ရန်တိက သိုင်းသူတော်စင် စတုတ္ထအဆင့်ရောက်ခဲ့စဉ်ကတည်းက အသုံးပြုခဲသော ကောင်းကင်နဂါးဓားကို သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ရောက်သည်အထိ အသုံးပြုနေပြီး ထိုဓားက သူ၏ဓားတာအိုနှင့် ပိုပြီး အံဝင်ခွင်ကျ ဖြစ်သည်။
ထူးကဲယန်စည်းတံဆိပ်ကိုအသုံးပြုမည်ဆိုပါကလည်း ပထမအချက်အနေဖြင့် မဟာနေမင်းကျမ်းဂန်ကိုအရင်ဆုံး လေ့လာရမည် ဖြစ်သည်။ ဒုတိယအနေဖြင့် ရန်ကျောက်ကဲက သမုဒ္ဒရာကမ္ဘာသို့သွားရောက်ပြီး တံခါးပိတ်ကျင့်ကြံနေသဖြင့် ထိုပစ္စည်းက ရန်ကျောက်ကဲနှင့်ပါသွားပြီး ဝါဒတောင်တွင် မကျန်ရစ်ခဲ့ပေ။
ယခု ရန်တိ အသုံးပြုလိုပါက အသုးပြုနိုင်ရန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
မိစ္ဆာဓားတောင်းတျဲသည် ပန်ပန်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့၏လက်ထဲတွင်ထက်ဆာလျှင် ရန်တိလက်ထဲတွင် ပိုပြီး အသုံးဝင်နိုင်၏။
ရန်တိက မိုးအောက်မြေပြင်တွင် တစ်ဖက်သွားဓားသိုင်းဖြင့် ကျော်ကြားသူဖြစ်သော်လည်း သူက နှစ်ဖက်သွားဓားသိုင်းလည်း ကျွမ်းကျင်သူ ဖြစ်သည်။
သူက အစွန်းရောက်ရှစ်ပါး သိုင်းပညာ (၈)ရပ်ကို ကောင်းကောင်းကျွမ်းကျင်သူများထဲမှ တစ်ယောက်ဖြစ်ပြီး မဟာမိုးမြဓားသိုင်းနှင့် ခုနစ်စဉ်ကြယ်ဓားသိုင်းများကို ကျင့်ကြံထားသည်မဟုတ်ပါလား။
မိုးမြေတစ်ခွင် မရပ်တန့်နိုင််သော အရှိန်အဟုန်ဖြင့် သူ၏ထက်မြက်သော ဓားဝိညာဉ်ကထင်ရှာသည်။ ထိုဓားဝိညာဉ်က တစ်ဖက်သွားဓားအသုံးပြုခြင်းဖြင့် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။
သို့သော် သူ့အတွက် နှစ်ဖက်သွားဓားအသုံးပြုမည်ဆိုလျှင်လည်း အဆင်ပြေလေသည်။
မိစ္ဆာဓားတောင်းတျဲ၏အယူအဆသည် ရန်တိ၏ ထက်မြက်သော ရည်ရွယ်ချက်နှင့် အနည်းငယ် ကွဲလွဲနေသည်မှာ အမှန်ပင်။
သို့ပေသိ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ကျင့်ကြံထားသောသိုင်းစွမ်းအားနှင့်ပေါင်းစပ်လိုက်ပါက ထူးခြားသောတန်ခိုးစွမ်းအားကို သက်သေပြနိုင်ပေမည်။
သို့ရာတွင်...
ရန်တိက ခေါင်းခါယမ်းရင်း...
“မလိုဘူး...”
ထို့နောက် သူ၏ပုံရိပ်က ဝါဒတောင်ထက်သို့ ဆင်းသက်လာသည်။
ဒါကိုမြင်တော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရွှမ်ဧကရာဇ်လှံရှည်ကိုသိမ်းဆည်းလိုက်ပြီး ပန်ပန်၏မူလနေရာကို အစားထိုးလိုက်ကာ ပိုမိုအားကောင်းသော မိစ္ဆာဓားတောင်းတျဲကို ကိုင်ဆောင်လိုက်သည်။
ရန်တိက တောင်အောက်သို့ဆင်းလာပြီး ယွမ်ကျန်းဖုန်း ၊ မြောက်သမုဒ္ဒရာကိုယ်ပွား ၊ ဖန်းယွင်ရှန်းတို့နှင့်အတူ ထိုက်ယီချိုးဖျက်အစီအရင်ကို တစ်ဖန်ပြန်လည် တည်ဆောက်လိုက်လေ၏။