← Chapters

အထက်ဘုံကမ္ဘာသို့ အမှန်တကယ်တက်ရောက်လာသည့် ‘ရန်ကျောက်ကဲ’

Vol. 62 Ch. 876

အထက်ဘုံကမ္ဘာသို့ အမှန်တကယ်တက်ရောက်လာသည့် ‘ရန်ကျောက်ကဲ’

Vol. 62 Ch. 876

အခန်း (၈၇၆) အထက်ဘုံကမ္ဘာသို့ အမှန်တကယ်တက်ရောက်လာသည့် ‘ရန်ကျောက်ကဲ’

ရန်ကျောက်ကဲက ချက်ချင်းပင် ကာကွယ်သူအရှင်သခင်’ကျန်း’ နောက်သို့ အလွန်လျှင်မြန်လွန်းသည့်အရှိန်အဟုန်ဖြင့် ရောက်ရှိသွားသည်။

တာ့ရွှမ်တိုင်းပြည် အသုံးပြုသည့်သိုင်းပညာက ‘မီးငါးသွယ် ငှက်ခုနစ်ကောင်’ လှံရှည်ပညာဖြစ်ပြီး လျှင်မြန်မှုအရှိန်အဟုန်ဖြင့် ကျော်ကြားသည်။

အရင်က ကျူတောပင်လယ်ဒေသတွင် လှုပ်ရှားနေသော အင်အားစုများကြားတွင် ‘မီးငါးသွယ် ငှက်ခုနစ်ကောင်’ လှံရှည်ပညာ၏ အရှိန်အဟုန်ကို ယှဉ်နိုင်သူဆို၍ ကွမ်းမင်ဂိုဏ်းမှ အလင်းတန်းတစ်ထောင်သိုင်းပညာသာလျှင် ရှိခဲ့သည်။

သိုင်းသူတော်စင် ဆဋ္ဌမအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်သော ကာကွယ်သူအရှင်သခင်’ကျန်း’ သည် သေဆုံးသွားပြီဖြစ်သည့် ဧကရာဇ်ရွှမ်မုထက် ကျင့်ကြံခြင်းအဆင့်နိမ့်ကျသည့်တိုင် အခြားသူများထက်တော့ အရည်အချင်းသာလွန်သည်မှာ ငြင်းမရသည့်ကိစ္စပင်။

သူက လှည့်ထွက်ပြေးရန်တွေးထားသော်လည်း ရန်ကျောက်ကဲနှင့် ရင်ဆိုင်ရသည့်အခါ မဟာဂဠုန်လှံရှည်သိုင်းပညာကို ချက်ချင်းအသုံးပြု တိုက်ခိုက်လိုက်သည်။

သို့သော် ရန်ကျောက်ကဲက သူ့ထက်ပိုပြီး လျှင်မြန်သည်။

“မင်းက တာ့ရွှမ်တိုင်းပြည်ရဲ့ ကာကွယ်သူအရှင်သခင်’ကျန်း’ လား”

တာ့ရွှမ်မင်းဆက်မှ ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များ၏ ပုံတူများကို မြင်ဖူးပြီးသားဖြစ်သောရန်ကျောက်ကဲက တစ်ဖက်လူမည်သူဖြစ်ကြောင်း ချက်ချင်းမှတ်မိသွားသည်။

သူက ခေါင်းခါယမ်းကာ ပြုံးလိုက်ရင်း...

“အရင်တုန်းက ယိုးမင်ဂိုဏ်းခွဲတစ်ခုမှာ ငါတို့ရင်ဆိုင်တွေ့ခဲ့ကြသေးတယ် ၊ ဒါပေမဲ့ အဲဒီတုန်းက ငါတို့ မဆုံလိုက်ကြဘူး ၊ မဟုတ်လို့ကတော့ အဲဒီတုန်းက ဆိုးဆိုးရွားရွားအခြေအနေတွေသာရင်ဆိုင်ရရင် ဒီနေ့ မင်းနဲ့ဒီလိုမျိုး စကားပြောနေနိုင်မှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက သူ့ကိုအရူးလုပ်ရန် ကြိုးစားနေသည်ဟု တွေးမိသည့်အတွက် ကာကွယ်သူအရှင်သခင်’ကျန်း’ ဒေါသထွက်သွားသည်။

ထိုစဉ်အချိန်က ရန်ကျောက်ကဲက ကျန့်မုနတ်သစ်သားယပ်တောင်အကူအညီဖြင့် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ ရောက်ရှိလာခဲ့ပြီး ယိုးမင်ဂိုဏ်းခွဲတစ်ခုတွင် ခေတ္တနေထိုင်ခဲ့ကြောင်း ကာကွယ်သူအရှင်သခင်’ကျန်း’ က မသိရှိခဲ့ပေ။

အဲဒီနောက်မှာတော့ ရန်ကျောက်ကဲတည်းခိုနေထိုင်သည့် ယိုးမင်ဂိုဏ်းခွဲကို ကာကွယ်သူအရှင်သခင်’ကျန်း’ ကိုယ်တိုင် လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

ထိုအချိန်က ရန်ကျောက်ကဲက သိုင်းသူတော်စင်တစ်ယောက်ပင် မဖြစ်သေးဘဲ သူ၏ တန်ခိုးစွမ်းအားက ကာကွယ်သူအရှင်သခင်’ကျန်း’ ထက်များစွာ နိမ့်ပါးသည်။

လက်ရှိတွင် ကာကွယ်သူအရှင်သခင်’ကျန်း’ က သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ပင် ရှိနေဆဲဖြစ်ပြီး ရန်ကျောက်ကဲက သိုင်းသူတော်စင် ပဉ္စမအဆင့်သို့ရောက်ရှိပြီဖြစ်ရာ သူ၏စွမ်းအားက ရန်သူကို ဖိနှိပ်နိုင်နေပေပြီ။

ပြောရလျင်တော့ နှစ်အနည်းငယ်လည်း ကြာမြင့်ခဲ့ပြီ မဟုတ်ပါလား။

ဤအဖြစ်အပျက်များကို ပြန်စဉ်းစားကြည့်မိတော့ ရန်ကျောက်ကဲ အ‌တော်လေး စိတ်ခံစားချက်များသွာသည်။

ကာကွယ်သူအရှင်သခင်’ကျန်း’က နှာတစ်ချက်မှုတ်ရင်း...

“’ရန်’ အိမ်ကကောင်လေး ၊ သိပ်မာန်တက်မနေနဲ့ “

“မင်း ကျင့်ကြံခြင်းအဆင့်တက်တာ အရမ်းမြန်တယ်ဆိုပေမယ့် အတွေ့အကြုံနည်းသေးတယ် ၊ ငါတို့ တာ့ရွှမ်တိုင်းပြည်ဘိုးဘေးတွေ အခု ကျူတောပင်လယ်ဒေသကို ပြန်ရောက်လာကြပြီ ၊ မိုးအောက်မြေပြင်မှာ သူတို့ရဲ့အရှိန်အဟုန်ကို ဘယ်သူမှ ရပ်တန့်လို့ရမှာမဟုတ်ဘူး”

သူက ခါးသက်စွာဖြင့်...

“မင်း အခု အမြီးကုပ်ပြီး ကျူတောပင်လယ်ဒေသက ထွက်ပြေးမယ်ဆိုရင်တောင် လွတ်အောင်ပြေးနိုင်မှာ မဟုတ်ဘူး”

ထိုစကားကြားတော့ ရန်ကျောက်ကဲက မနေနိုင်ဘဲ ရယ်မောလိုက်သည်။

“မင်းကိုသတ်တာ အသုံးမဝင်ဘူးလို့ ငါ့ကိုအရိပ်အမြွက်ပြောနေတာလား ၊ ဒါဖြင့် မင်းကိုလွှတ်လိုက်ပြီး ငါ အခုချက်ချင်းထွက်ပြေးရမလား ၊ ဘယ်လိုအခြေအနေမျိုးမှာ ငါ ခဏလောက် ရှင်သန်နိုင်မလဲ”

ရန်ကျောက်ကဲ၏ လှောင်ပြောင်သည့်စကားကိုကြားတော့ ကာကွယ်သူအရှင်သခင်’ကျန်း’ အနည်းငယ် မျက်နှာပျက်သွားသည်။

ရန်ကျောက်ကဲ ခေါင်းခါယမ်းရင်း မျက်နှာထက်မှအပြုံးရိပ်ပျောက်ကွယ်သွားသည်။

သူက တည်ကြည်လေးနက်စွာဖြင့်...

“တကယ်တော့ ဒီနေ့က ဒီ’ရန်’ အထက်ဘုံကမ္ဘာကို တက်ရောက်တဲ့နေ့ပဲ”

“မင်းတို့ တာ့ရွှမ်မင်းဆက်နဲ့ ငါတို့ကြားက ရန်ငြိုးတွေကို မေ့ထားပြီး မင်းနဲ့တိုက်ခိုက်တဲ့ပွဲက ဒီ’ရန်’ အထက်ဘုံကမ္ဘာကို တက်တဲ့နေ့မှာ ပထမဆုံးရင်ဆိုင်တဲ့တိုက်ပွဲအဖြစ် သတ်မှတ်လိုက်ကြရအောင်”

ရန်ကျောက်ကဲက ကာကွယ်သူအရှင်သခင်ကျန်းကိုကြည့်ရင်း တည်ငြိမ်စွာဖြင့်...

“မင်းနဲ့အစပြုလိုက်တာပေါ့”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက်ကို မြှောက်လိုက်ပြီး ကာကွယ်သူအရှင်သခင်’ကျန်း’ ၏ ဦးခေါင်းထက်သို့ ရိုက်နှက်ချလိုက်သည်။

ကာကွယ်သူအရှင်သခင်’ကျန်း’ ကလည်း ဒေါသတကြီး ကြုံးဝါးအော်ဟစ်လိုက်၏။ သူက ဘဲတစ်ကောင်လို သေမှာကိုတော့ ထိုင်စောင့်မနေနိုင်ပေ။ ရသမျှစွမ်းအားဖြင့် တန်ပြန်တိုက်ခိုက်ရမည်သာ ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲ လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်နှင့် ကာကွယ်သူအရှင်သခင်’ကျန်း’ မှာ မိုးကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာပြီး မိုးမြေတစ်ခုလုံး ပြောင်းပြန်လန်သွားသလို ခံစားလိုက်ရသည်။

မိုးနှင့်မြေကို ပြောင်းပြန်လန်သွားစေသော ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားက သူ၏ခန္ဓာကိုယ် မလှုပ်ရှားနိုင်အောင် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားလိုက်သည်။

ကာကွယ်သူအရှင်သခင်’ကျန်း’ ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရက တောက်လောင်နေသောမီးတောက်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်သို့ ပျံတက်သွားသည့်တိုင် တစ်ခဏအတွင်း ချက်ချင်းငြိမ်းသတ်သွားခဲ့သည်။

မှောင်လှန်သွားသေသာ မိုးနှင့်မြေကြားတွင် မီးလျှံများက တဖြည်းဖြည်း လျော့နည်းပျောက်ကွယ်သွား၏။

ကာကွယ်သူအရှင်သခင်’ကျန်း’ ၏ မျက်လုံးများက သူ့ထံသို့ကျရောက်လာသည့် ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကို စူးစိုက်ကြည့်နေရင်း တုန်လှုပ်ခြောက်ခြားနေသည့်တိုင် မည်သည့်တန်ခိုးစွမ်းအားမှ ထုတ်ဖော်နိုင်ခြင်းမရှိသလို လက်ဝါးရိုက်ချက်ကို ရှောင်လွှဲနိုင်စွမ်းလည်း မရှိပေ။

ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို အရင်က ရင်ဆိုင်ခဲ့ဖူးသူ များစွာရှိသည်။ ထိုသူများအားလုံး စိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုများစွာ ခံခဲ့ရပြီး ယခု ကာကွယ်သူအရှင်သခင်’ကျန်း’ သည်လည်း ကြောက်မက်ဖွယ်ရာ ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည်ဟု ခံစားနေရသည်။

ထိုလက်ဝါးရိုက်ချက်က မိုးမြေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ပြီး တည်ရှိမှုအားလုံးကို လွဲချော်သွားစေသည်။

သူက ခုခံရန်ကြိုးစားသည့်တိုင် ၊ ရှောင်တိမ်းရန် ကြိုးစားသည့်တိုင် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကို လွှဲရှောင်ရန်မှာ မတတ်နိုင်ခဲ့ပေ။

“ဝုန်း...”

ရန်ကျောက်ကဲလက်ဝါးရိုက်ချက်ကျရောက်လာသည်နှင့် ကြောက်မက်ဖွယ်ရာအသံကြီးက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

ကာကွယ်သူအရှင်သခင်’ကျန်း’ သည် သူနှင့်အတူယူဆောင်လာသည့် အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကိုပင် ထုတ်ဖော်အသုံးပြုရန် အချိန်မရလိုက်ဘဲ ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ဖြင့် ငယ်ထိပ်တစ်ခုလုံး ကွဲကြေကာ အသက်ပျောက်သွားတော့၏။

လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ရန်သူကို သတ်ဖြတ်ပြီးနောက် ရန်ကျောက်ကဲက ကာကွယ်သူအရှင်သခင်’ကျန်း’ ထံမှ ရတနာပစ္စည်းများကို ရှာဖွေယူငင်လိုက်ပြီး တစ်ချက်ပင်မကြည့်ဘဲ မီးပြင်းဖို (၂)ခုအတွင်းသို့ ပစ်ထည့်လိုက်သည်။

ထို့နောက်မှာတော့ ရန်ကျောက်ကဲက အနောက်မြောက်ဘက်ရှိ ဝါဒတောင်တည်ရှိရာ ဝိညာဉ်နယ်မြေသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

သူက လျှင်မြန်သောအရှိန်အဟုန်ဖြင့် အဆုံးမရှိသော ပင်လယ်သမုဒ္ဒရာများကို ဖြတ်ကျော်သွားသည်။

အချိန်တစ်ခုအထိ ခရီးနှင်ပြီးနောက် ရန်ကျောက်ကဲစိတ်ထဲတစ်ချက်လှုပ်ရှားသွားပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်၏။

ထိုအခါ သူ့ထံသို့ တည့်တည့်မတ်မတ်ရောက်လာနေသည့် ဓားအလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုဓားအလင်တန်းက အချိန်ရေစီးကြောင်းဓားအလင်းတန်းဖြစ်ပြီး အဆုံးမရှိသလို ကျယ်ပြန့်ခမ်းနားလွန်းသည်။

အလင်းရောင်က တောက်ပခြင်းမရှိသော်လည်း ရေစီးကြောင်းတစ်ခုပမာ သိမ်မွေ့သည်။ ထိုဓားအလင်းတန်း ဖြတ်သန်းသွားရာ မိုးမြေတစ်ခွင် နေရာတစ်ခုလုံးက မှိန်ဖျော့ဝေဝါးသွားလေသည်။

ထို့နောက် မိုးမြေတစ်ခွင်တွင် စကားသံတစ်သံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“ရန် ... ကျောက်... ကဲ”

ထိုစကားသံထဲတွင် အဆုံးမရှိသော မုန်းတီးမှုများ  အပြည့်အဝ ပါဝင်နေပေသည်။

ထိုသူကိုမြင်တော့ ရန်ကျောက်ကဲက အော်ဟစ်ရယ်မောလိုက်ရင်း...

“ခန်းဖင်း... မင်းရောက်လာတာ သိပ်ကောင်းတယ်”

ထိုသူက တာ့ရွှမ်တိုင်းပြည်မှ ရှန်လင်ဓား (၁၀)လက်၏ ခေါင်းဆောင် ၊ ကျူတောပင်လယ်ဒေသတွင် နံပါတ်(၁) တန်ခိုးစွမ်းအားရှင် အမတကူးပြောင်းခြင်း ကနဦးအဆင့် သိုင်းသူတော်စင် ခန်းဖင်းပင် ဖြစ်၏။

‘ခန်း’ သခင်မ သေဆုံးရခြင်းကြောင့် သူက ရန်ကျောက်ကဲအပေါ် ရန်ငြိုးဖွဲ့ခဲ့ပြီး ၊ နောက်ပိုင်းမှာတော့ သဘာဝပသာဒနယ်မြေ ပင်လယ်ရေအောက်ရှိ တောင်းတျဲအသေကောင် တွင်းနက်ကြီးထဲတွင် ပိတ်မိနေခဲ့သည်။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးမှ သူ့ကိုယ်သူ ရုန်းထွက်လာနိုင်ခဲ့ခြင်းပင်။

ခန်းဖင်း၏ ဒေါသအမျက် ၊ မုန်းတီးမှုအားလုံးက ယခုအချိန်တွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များအဖြစ် ပြတ်ပြတ်သားသား ပြောင်းလဲသွားသည်။

သို့သော် ခန်းဖင်း၏မျက်နှာအမူအရာတွင် မည်သည့်ဒေါသကိုမှ တွေ့မြင်ရခြင်းမရှိဘဲ သူ၏စကားသံကတော့ ကြားရသူတိုင်း ကျောရိုးထဲစိမ့်သွားလောက်အောင် တုန်လှုပ်ချောက်ချားသွားစေသည်။

“ရန်ကျောက်ကဲ ဒီတစ်ခါတော့ မင်းကိုကာကွယ်ပေးမယ့် လင်ဟန့်ဟွာ မရှိတော့ဘူး”

ရန်ကျောက်ကဲက ခန်းဖင်း၏အကြည့်ကိုတည့်တည့်ရင်ဆိုင်ကာ ပြုံးလိုက်ရင်း...

“အဲဒီတုန်းက ယင်စန်းတောင်ဓားဘုရင် မလှုပ်ရှားဘူးဆိုရင်တောင် မင်း ငါ့ကိုတားဆီးနိုင်မှာ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ဒီနေ့တော့ မင်းကိုကာကွယ်ပေးမယ့်သူမရှိမှာဘဲ ငါက စိုးရိမ်မိသေးတယ်”

သူက ဆက်ပြောသည်။

“အရင်တုန်းက ငါ့အဖေ အက်ဘုံကမ္ဘာကိုတက်လာတော့ သူ့ရဲ့ဓားကို ယာဇ်ပူဇော်ဖို့အတွက် ဧကရာဇ်ရွှမ်မုကို ယာဇ်ပူဇော်ခဲ့တယ် ၊ နယ်မြေအသစ်တစ်ခုကိုရောက်တဲ့အခါ ဒီလိုအလုပ်မျိုးက တကယ့်ကိုပျော်ရွှင်စရာပဲလေ”

“ဒီနေရာမှာ ငါလည်း ငါ့အဖေနဲ့ အမြင်တူတယ်”

ရန်ကျောက်ကဲက ကောင်းကင်ထက်တွင် မတ်တတ်ရပ်ရင်း ခေါင်းတစ်ချက်ညိတ်လျှက် ခန်းဖင်းကို ကြည့်လိုက်သည်။

“အိုး... မတူတာလေးတွေတော့ရှိတယ် ၊ ငါ့အဖေက သူ့ရဲ့ တစ်ဖက်သွားဓားအတွက်ယာဇ်ပူဇော်ခဲ့တာ ၊ ငါကတော့ ငါ့ရဲ့နှစ်ဖက်သွားဓားအတွက် မင်းကို ယာဇ်ပူဇော်မှာ”

ရန်ကျောက်ကဲကိုကြည့်ရင်း ခန်းဖင်းက အချိန်မဖြုန်းဘဲ ဓားဖြင့် ထိုးစိုက်ချလိုက်သည်။

“ငါ့ကိုတော့ မင်းရဲ့ဓားအတွက် ယာဇ်ပူဇော်လို့ရမှာမဟုတ်ဘူး ၊ မင်းရဲ့ခေါင်းကိုဖြတ်ပြီး ငါ့မိန်းမအတွက် ယာဇ်ပူဇော်မယ်”

သဘာဝပသာဒနယ်မြေ ၊ ပင်လယ်ရေအောက်တွင်းနက်ထဲတွင် ပိတ်မိနေသည့်နှစ်များအတွင်း ခန်းဖင်း၏ဓားက သံချေးတက်မသွားသေးပေ။

သူ၏ အချိန်ရေးစီးကြောင်းဓားသိုင်းသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အရှိန်အဟုန်ကို ပိုင်ဆိုင်ထားပြီး ထက်ရှသွက်လက်လျှက် ရန်ကျောက်ကဲ ပထမဆုံးအကြိမ် ရင်ဆိုင်ရစဉ်ကနှင့် အတူတူပင် ဖြစ်ပြီး တစ်ချက်လေးပင် အားနည်းသွားခြင်း မရှိပေ။

ရန်ကျောက်ကဲကလည်း သူ၏ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခြင်း မရှိပေ။

ရန်ကျောက်ကဲသည် သိုင်းသူတော်စင် စတုတ္ထအဆင့်ပင် မဟုတ်တော့ဘဲ သိုင်းသူတော်စင် ပဉ္စမအဆင့်ရောက်နေပြီဖြစ်ကြောင်း ခန်းဖင်း တုန်လှုပ်ချောက်ချားစွာ သိလိုက်ရသည်။

ဟိုစဉ်တစ်ချိန်က သူ၏ဓားချက်အောက်မှ ထွက်ပြေးရန်ကြိုးစားခဲ့သော ဤလူငယ်လေး၏ကျင့်ကြံခြင်းအဆင့်က ယခု သူနှင့်ပင် သိပ်မကွာတော့ပေ။

ထို့ပြင် ကျင့်ကြံခြင်းအဆင့်မြင့်တက်လာသည်နှင့်အမျှ အခြားသူများအပေါ် အမြဲတမ်း လွှမ်းမိုးနိုင်စွမ်းမြင့်မားခဲ့သော ဤလူငယ်၏ တန်ခိုးစွမ်းအားက မည်မျှ ကြောက်စရာကောင်းလာပါမည်နည်း။

ခန်းဖင်းသည်လည်း ထိုအချက်ကို ထိုးဖောက်သိမြင်နိုင်ခြင်း မရှိပေ။

သို့သော် သေဆုံးသွားသော ဇနီးဖြစ်သူအတွက် လက်စားချေမည်ကိုတော့ မည်သူမှ တားဆီးနိုင်မည် မဟုတ်ပေ။

သူနှင့် ရန်ကျောက်ကဲကြားမှ ရန်ငြိုးရန်စသည် တစ်မိုးအောက်တည်းတွင် အတူရှင်သန်ရန်ပင် မဖြစ်နိုင်သည့်အလား ကြီးမားလှ၏။

ထို့ကြောင့် သူက ချက်ချင်းတိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီး တိမ်လွှာအလင်းဓားကို ဆွဲထုတ်လိုက်သည်။

အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘တိမ်လွှာအလင်းဓား’ နှင့် ခန်းဖင်း၏တန်ခိုးစွမ်းအားပေါင်းစည်းလိုက်သည့်အခါ သူ၏တန်ခိုးစွမ်းအားက ရှန်လင်ကျီနီးပါး မြင့်မားလာသည်။

သူ၏ဓားချက်အောက်တွင် သူ့အရှေ့မှ မိုးမြေတစ်ခွင်လုံး ပရမ်းပတာဗလာနယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်က ရှိသမျှခွန်အား အကုန်လုံးအသုံးပြုပြီး ရင်ဆိုင်ခုခံခဲ့ရသော ဤရန်သူကို ရန်ကျောက်ကဲက တည်ငြိမ်စွာကြည့်လိုက်သည်။

“အချန်ရေစီးကြောင်းဓားသိုင်း...”

ရန်ကျောက်ကဲက ရယ်မောရင်းဆိုသည်။

“အချိန်ရေစီးကြောင်းဓားသိုင်းဆိုတာက ဒီကမ္ဘာမှာ အရမ်းစွမ်းအားကြီးမားတယ်ဆိုတာ အမှန်ပါပဲ ၊ တစ်ချက်တည်းနဲ့ အရာများစွာကို ပြောင်းလဲပစ်နိုင်တယ်”

ထို့နောက် ရန်ကျောက်ကဲလက်ထဲတွင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည့် မီးပြင်းဖို (၂)ခု ပေါ်လာသည်။

ရန်ကျောက်ကဲက မီးပြင်းဖို (၂)ခုကို လက်ဖြင့်အသာပုတ်လိုက်ရာ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုနှင့် ချိတ်ဆက်ထားခြင်းမှ ကွဲကွာသွားသည်။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအတွင်းမှ ခရမ်းရောင်အလင်းတန်းများ ကောင်းကင်ထိတိုင် ထိုးဖောက်ထွက်ပေါ်လာပြီး အစိမ်းရောင်ဝါးကိုင်းတစ်ကိုင်း လေထုထဲသို့ ဖြည်းညင်းစွာမြင့်တက်လာသည်။

ထိုဝါးကိုင်းက ဝါးဆစ် (၇)ဆစ်ရှိနေပြိး (၇)ပေတိတိ ရှည်လျားလေသည်။

All Chapters