ဝိဇ္ဇာသူတော်စင် သခင်မ၏ အမုန်းတရား
Vol. 79 Ch. 1101
ယီရှန်း၊ မီရှား၊ လုအာ၊ ကြာညီအစ်မ ခုနှစ်ဖော်နှင့် သစ်ရွက် ညီအစ်မ ခုနှစ်ဖော်တို့ ထွက်သွားပြီးသည့်နောက် ဝိဇ္ဇာသူတော်စင် သခင်မက ဝတ်စုံနီ မိန်းမပျိုလေးအား ပြောလိုက်သည်
“ ရိုယင် … ငါ့တပည့်အားလုံးထဲမှာ မင်းက ဉာဏ်အကောင်းဆုံးပဲ။ မင်းကြောင့်သာ မဟုတ်ရင် အဲဒီမြေခွေးအိုကြီးတွေ မတိုင်ခင် ဒီပြီးပြည့်စုံတဲ့ နတ်ဘုရားကမ္ဘာကို အရင်ရောက်လာနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ မင်းရဲ့ ဇာစ်မြစ်ကို ဘယ်လိုမှ နားမလည်တော့ မင်းကို သဘောမကျခဲ့ဘူး … ”
“ တပည့် စိုးထိတ်မိပါတယ် …” ဝတ်စုံနီ မိန်းမပျိုလေးက မြန်မြန် ဒူထောက်ကာ ပြောလိုက်၏ “ တပည့်လည်း နတ်ဘုရားအရိုက်အရာ ရေကန်မှာ ဘယ်လိုလုပ် ပေါ်လာတယ်ဆိုတာကို တကယ် မသိတာပါ ”
ဝိဇ္ဇာသူတော်စင် သခင်မက နူးနူးညံ့ညံ့ ပြုံးလိုက်ပြီး လက်ဝေ့ကာ ဝတ်စုံနီ မိန်းမပျိုလေးအား ဆွဲထူပေးလိုက်သည်
“ မင်းက ဘယ်အရိုက်အရာခံ နတ်ဘုရားရဲ့ ပြန်လည် ဝင်စားမှုလဲဆိုတာ မသိပေမဲ့ မင်းက ငါ့အပေါ် သစ္စာရှိတာကို သိပါတယ်။ ဝိဇ္ဇာသူတော်စင် ရေကန်မှာကတည်းက မင်းရဲ့ သဘောထားကို သိခဲ့လို့ ဒီကို ငါနဲ့အတူတူ ခေါ်လာတာပဲ ”
ဝိဇ္ဇာသူတော်စင် ရေကန်သည် အရိုက်အရာခံ နတ်ဘုရားများကြား လူသိများသည့် နေရာတစ်ခု ဖြစ်ပေ၏။ ဝိဇ္ဇာသူတော်စင် သခင်မ ဂူပိတ်လေ့ကျင့်သည့်အချိန်တိုင်း ဝိဇ္ဇာသူတော်စင် ရေကန်ဝန်းကျင်၌ တာအိုလှိုင်းတွန့်များ ဝန်းရံလျက် ရှိ၏။ ထို့ကြောင့် ဝိဇ္ဇာသူတော်စင် သခင်မ လက်အောက်ရှိ တပည့်များက ထိုအခွင့်အရေးကို အသုံးချကာ ကျင့်ကြံကြပေသည်။
ရှားရိုယင်သာ ချွင်းချက် ဖြစ်၏။ သူမက ထိုအခွင့်အရေးကို လက်လျော့ရုံသာမက ဝိဇ္ဇာသူတော်စင် ရေကန်အနား၌ စောင့်ကြပ်ပေးလေ့ ရှိသည်။ ပုရွက်ဆိတ်တစ်ကောင် ရှိလျှင်ပင် ရေကန်အနားသို့ ကပ်ခွင့် မပြုသလို ဝိဇ္ဖာသူတော်စင် သခင်မ၏ ကျင့်ကြံရေးအား မနှောင့်ယှက်စေရန် အသေအချာ စောင့်ကြပ်ပေးလေသည်။ သူမက နေ့စဉ်ရက်ဆက် ထိုသို့ ပြုမူလေ့ ရှိ၏။
ဝိဇ္ဇာသူတော်စင် ရေကန်အနားရှိ တာအိုလှိုင်းတွန့် လှည့်ပတ်မှုကြောင့် တာအိုစည်းမျည်း ကျောက်များပင် ဖြစ်ပေါ်လာတတ်သည်။ ထိုတာအိုစည်းမျည်းကျောက်များက ကျင့်ကြံသူတိုင်းအတွက် အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်ပေသည်။ ဝိဇ္ဇာသူတော်စင် သခင်မလက်အောက်ရှိ တပည့်တိုင်းတွင် ထိုသို့ ကျောက်တစ်ခုစီ ရရှိထားကြသော်လည်း ရှားရိုယင် တစ်ယောက်တည်းသာ ထိုကျောက်အား ဝိဇ္ဇာသူတော်စင် ရေကန်ဆီ ပြန်ထားပေးလိုက်ခြင်း ဖြစ်၏။
တစ်ခါက ဝိဇ္ဇာသူတော်စင် သခင်မ လက်အောက်ရှိ တပည့်တစ်ယောက်က ရှားရိုယင်အား တာအိုစည်းမျည်းကျောက်များကို မယူဘဲ ရေကန်ဆီ ပြန်ထားသည့်အကြောင်း မေးမြန်းသည့်အခါ ရှားရိုယင် ဖြေလိုက်ပုံကား
“ ဒီတာအိုစည်းမျည်းကျောက်တွေက ဝိဇ္ဇာသူတော်စင် သခင်မရဲ့ တာအိုအရှိန်အဝါကြောင့် ဖြစ်လာတာလေ။ သူတို့က တန်ဖိုးများများစားစား မရှိပေမဲ့ စွမ်းအားအရင်းအမြစ်တော့ ဖြစ်နေသေးတယ်။ တကယ်လို့ ငါ ဒီကျောက်ကို ယူလိုက်ရင် ဝိဇ္ဇာသူတော်စင် သခင်မအပေါ် သက်ရောက်မှု မရှိမှန်း သိပေမဲ့လည်း ပြန်ထားပေးတာက ပိုကောင်းမယ်လို့ ထင်လို့ … ”
“ မင်းရဲ ပါရမီက မဆိုးပေမဲ့ ထူးချွန်နေတာတော့ မဟုတ်ဘူး။ ငါ အမြဲတမ်း သိချင်နေတာ။ မင်းရဲ့ အရိုးသက်တမ်းက အရမ်းအရွယ်မရောက်သေးပေမဲ့ မင်းရဲ့ကျင့်ကြံဆင့်က ကြာညီအစ်မ ခုနှစ်ဖော်နဲ့ သစ်ရွက် ညီအစ်မ ခုနှစ်ဖော်တို့နဲ့ အတူတူပဲလားလို့ ” ဝိဇ္ဇာသူတော်စင် သခင်မက ရှားရိုယင်အား ကြည့်ကာ မေးလိုက်သည်။
သူမက ရှားရိုယင်အကြောင်း စုံစမ်းခဲ့ပေသည်။ သူမ စွမ်းရည်နှင့် ဗဟုသုတများဖြင့် ရှားရိုယင်သည် မည်သည့် အရိုက်အရာခံ နတ်ဘုရား၏ ပြန်လည် ဝင်စားခြင်း ဖြစ်ကြောင်း ရှာမတွေ့ပေ။ သို့သော်လည်း ရှားရိုယင်က သူမနောက် နှစ်ထောင်ချီ လိုက်လာသည့်အတွက် ရှားရိုယင်သည် သူမအပေါ် သစ္စာရှိကြောင်း ခံစားမိပေ၏။ ရှားရိုယင်က သူမဆီမှ မည်သည့်အရာမှလည်း မတောင်းဆိုဖူးပေ။ သူမ၏ တစ်ခုတည်းသော တောင်းဆိုမှုမှာ ဝိဇ္ဇာသူတော်စင် သခင်မ ဘေးတွင် နေဖို့ရာသာ ဖြစ်၏။
ရှားရိုယင်က ထိုအကြောင်း ကြားလိုက်သည့်အခါ မြန်မြန် ဦးညွှတ်၍
“ ဒီတပည့်ဆီမှာ ပြန်လည် ဝင်စားခြင်း ကြေးမုံလို့ ခေါ်တဲ့ ရတနာတစ်ခု ရှိပါတယ် ”
ထိုသို့ပြောလိုက်ပြီး ရှားရိုယင်က ရှေးဟောင်း ကြေးမုံတစ်ချပ်ကို ထုတ်ကာ ဝိဇ္ဇာသူတော်စင် သခင်မဆီ ပေးလိုက်သည်။
“ ဒါက ရှန်းထျန်း ပြန်လည်ဝင်စားခြင်း ကြေးမုံလား ” ဝိဇ္ဇာသူတော်စင် သခင်မက ထိုကြေးမုံကို လက်ခံလိုက်သည့်အခါ လှုပ်လှုပ်ရှားရှား ဖြစ်သွားလေ၏။ သူမက ပြန်လည် ဝင်စားခြင်း ကြေးမုံအတွင်းရှိ တာအိုစီးဆင်းမှုကို စစ်ဆေးကြည့်လိုက်သည်။ အမွေးတိုင်ဝက်စာခန့် ကြာမြင့်ပြီးနောက် သူမက သက်ပြင်းချကာ
“ မင်းက တော်တော် ကံကောင်းတာပဲ … ပြန်လည် ဝင်စားခြင်း ကြေးမုံက ရှန်းထျန်း ရတနာပဲ။ ဒီဟာကို တိုက်ခိုက်ရေး မှော်ရတနာအဖြစ်တင် သုံးလို့ မကဘူး။ ကျင့်ကြံရေး ရတနာအနေနဲ့လည်း အသုံးဝင်တယ်။
ပြောကြတာတော့ ပြန်လည် ဝင်စားခြင်း ကြေးမုံက အချိန်စီးဆင်းမှုကို ပြောင်းလဲနိုင်တယ်တဲ့ … ပြန်လည် ဝင်စားခြင်း ကြေးမုံထဲမှာ သေမျိုးတစ်ယောက် ပြန်လည်ဝင်စားဖို့ ကြာချိန်က အပြင်ဘက်မှာ တစ်နှစ်လောက်ပဲ ကြာတယ်တဲ့ … ”
ရှားရိုယင်က ချက်ချင်း တုံ့ပြန်လိုက်သည်
“ ဟုတ်ပါတယ် အရှင်မ … ကြေးမုံထဲမှာ နှစ်တစ်ရာက အပြင်မှာ တစ်နှစ်နဲ့ ညီမျှပါတယ်။ ပြီးတော့ ကြေးမုံထဲမှာ လေ့ကျင့်တာက အရိုးသက်တမ်းကို တိုးမသွားစေဘူး ”
“ မထူးဆန်းတော့ပါဘူး ” ဝိဇ္ဇာသူတော်စင် သခင်မက ခေါင်းညိတ်လိုက်သည်။ သူမက ရှားရိုယင်သည် ငယ်ရွယ်သော်လည်း ကြာညီအစ်မ ခုနှစ်ဖော်၊ သစ်ရွက် ညီအစ်မ ခုနှစ်ဖော်တို့နှင့် တန်းတူလိုက်နိုင်သည့် အရည်အချင်းကို ပြောနေခြင်း ဖြစ်၏။
ရှားရိုယင်က မြန်မြန် ပြောလိုက်သည် “ ဒီကြေးမုံက တပည့်အတွက် အသုံးမလိုတော့ပါဘူး။ တပည့်က အရှင်မကို ပေးချင်ပါတယ် ”
ဝိဇ္ဇာသူတော်စင် သခင်မ မျက်နှာအထက်၌ အပြုံးလေးတစ်ပွင့် ပေါ်လာကာ
“ မင်းရဲ့ကြင်နာမှုကိုပဲ လက်ခံလိုက်ပါ့မယ်။ ငါက ဝိဇ္ဇာတစ်ပါးဆိုတော့ မင်း ငါ့လက်အောက်မှာ ရှိလာတာလည်း ကြာလှပြီ။ မင်းကို ဘာမှမပေးရသေးဘူးလေ။ မင်းရဲ့ ရတနာကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ … မင်းပဲ သိမ်းထားလိုက်ပါ။ ဒီကြေးမုံက မင်းအတွက် အရေးပါတဲ့ ရတနာ ဖြစ်မှာပါ ”
“ အရှင်မ … ဒီတပည့်လေးက ဒီအစီအရင်ဂိတ်ပေါက်ကို ဖြတ်ပြီး နတ်ဘုရား နားခိုရာနယ်မြေဆီ ဝင်နိုင်မဲ့ ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် တွေးမိသွားတယ် ” ရှားရိုယင်က ကြေးမုံကို ပြန်လက်မခံလိုက်ပေ။ ထို့အစား သူမက ပေါ့ပေါ့ပါးပါး ပြောလိုက်လေ၏။
“ အို ဘာများလဲ ” ဝိဇ္ဇာသူတော်စင် သခင်မက ချက်ချင်း မေးလိုက်သည်။
ရှားရိုယင်က ကြေးမုံကို ညွှန်ပြကာ
“ ဒီကြေးမုံက ရှန်းထျန်းရတနာဆိုတော့ ကျွန်မတို့ ကြေးမုံရဲ့ တာအိုစည်းမျည်းကို အသက်သွင်းလိုက်မယ်။ ပြီးတော့ ကြေးမုံထဲကနေပြီး အစီအရင်ဂိတ်ကို တိုက်ခိုက်လိုက်ရင် မိုးမြေ ဖိအားက ကြေးမုံထဲက အာကာပြင်အပေါ် သက်ရောက်မှု မရှိလောက်တော့ဘူး။ တကယ်လို့ ဖိအား ရှိနေသေးရင်တောင် အချိန်စည်းမျည်းကို ချိုးဖောက်နိုင်မှာ မဟုတ်လောက်ဘူး ”
ဝိဇ္ဇာသူတော်စင် သခင်မက အနည်းငယ် ပြန်တွေးလိုက်ပြီးနောက် ခေါင်းခါကာ
“ အသုံးဝင်မှာ မဟုတ်လောက်ဘူး။ ငါက အပြင်ပလောကနဲ့ ကြေးမုံကြား အချိန်ကွာခြားနေပေမဲ့ အစီအရင်ကို တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ အဲလိုဆိုရင်တောင် ကောင်းကင်တာအို ဖိအားကို ရင်ဆိုင်ရဦးမှာပဲ …. ဒီကြေးမုံက ကံကြမ္မာ ထိပ်သီးရတနာ မဟုတ်ဘူးလေ။ ရှန်းထျန်း ရတနာအဆင့်ပဲ ရှိတာ။ ဒီဖိအားက အချိန်ကွာဟချက်ကို လျစ်လျူရှုပြီး ငါ့ဆီ ရောက်လာဦးမှာ ”
ရှားရိုယင်က ဆက်ပြောလိုက်သည်
“ အရှင်မ … ဒီတပည့် ကြိုးစားကြည့်ပါရစေ။ တကယ်လို့ အလုပ်မဖြစ်ရင်တော့ ကျွန်မတို့တွေ လက်လျော့လိုက်ကြတာပေါ့။ ဘာဖြစ်ဖြစ် နောက်နည်းလမ်းက စောင့်နေဖို့ပဲလေ ”
ဝိဇ္ဇာသူတော်စင် သခင်မက ရယ်မောကာ
“ မင်းပြောတာ မှန်တယ်။ ငါတို့တွေ ဒီမှာ ဆက်နေရင်း စောင့်လို့ ရတယ်။ ဒါပေမဲ့ မင်းရဲ့ စွမ်းရည်က အရမ်းနိမ့်တော့ အစီအရင်ဂိတ်ပေါက်ကို ကြေးမုံအတွင်းကနေ တိုက်နိုင်မှာ မဟုတ်ဘူး။ ငါပဲ ကြိုးစားကြည့်လိုက်မယ်။ တကယ်လို့ အလုပ်ဖြစ်သွားရင်တော့ အချိန်ခြွေတာပြီးသား ဖြစ်တာပေါ့ ”
ရှားရိုယင်က အသိအမှတ်ပြုကာ သူမ မှော်ရတနာ အာရုဏ်ဦးတိမ်အလင်းကို ဆွဲထုတ်လိုက်သည်
“ ကျွန်မ ဘေးကနေ စောင့်နေပေးပါ့မယ်။ တကယ်လို့ အရှင်မ အက်ကြောင်းဖွင့်နိုင်တာနဲ့ ချက်ချင်း ဝင်ကူပေးပါ့မယ် ”
ဝိဇ္ဇာသူတော်စင် သခင်မက ခေါင်းညိတ်လိုက်ပြီး
“ ငါ အက်ကြောင်း ဖွင့်လိုက်တာနဲ့ ကောင်းကင်တာအို ဖိအားတွေက အားနည်းလာလိမ့်မယ်။ အဲဒီအချိန် မင်း တိုက်ခိုက်ဖို့ အသင့်တော်ဆုံးပဲ ”
ဝိဇ္ဇာသူတော်စင် သခင်မက ကြေးမုံကို သူမရှေ့သို့ ယူဆောင်လိုက်ပြီးနောက် အထဲ ဝင်ချလိုက်သည်။ ကြေးမုံ အသက်ဝင်လာပြီးနောက် ဝိဇ္ဇာသူတော်စင် သခင်မက ပျောက်ကွယ်သွားလေ၏။ ဝိဇ္ဇာသူတော်စင် သခင်မကဲ့သို့ ပညာရှင်မှလွဲ၍ မည်သူကမှ အချိန်စီးဆင်းမှု မတူညီသည့် နေရာနှစ်ခုကြား တိုက်ခိုက်မှုကို လုပ်နိုင်မည် မဟုတ်ပေ။
ရှားရိုယင်က ကြေးမုံကို စိတ်အားထက်သန်စွာ ကြည့်နေလေ၏။ သူမ စွမ်းရည်နှင့် ကျင့်ကြံဆင့်ဖြင့် စိတ်စွမ်းအားက အသက်ဝင်လာပြီဖြစ်သော ကြေးမုံအတွင်း မထိုးဖောက်နိုင်တော့ပေ။
သို့သော်လည်း သူမက တခြားလူများနှင့် ကွဲပြားပေသည်။ အကြောင်းမှာ ထိုကြေးမုံက သူမ အပိုင် မဟုတ်ပါလော။
ဤ ဝိဇ္ဇာသူတော်စင် သခင်မက ကြေးမုံ အမြင့်ဆုံးနှုန်းအထိ ရောက်သည့်အထိ စောင့်ဆိုင်းနေပြီးနောက် အနီရောင် ဓားရှည်တစ်ချောင်းကို ထုတ်ကာ အစီအရင်ဂိတ်ဆီ ပိုင်းဖြတ်ချလိုက်သည်။
“ ဝုန်း ” အနီရောင်ဓားချက်က အစီအရင်ဂိတ်ပေါ် ကျရောက်သည်နှင့် ကြောက်မက်ဖွယ် ကောင်းကင်တာအို ဆင်းသက်လာ၏။ အားကောင်းလှသည့် တိုက်ကွက်မှ သဘာဝစွမ်းအားများမှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ တစ်ချိန်တည်းမှာ ဝိဇ္ဇာသူတော်စင် သခင်မ၏ တာအိုအငွေ့အသက်များနှင့် စည်းမျည်းတို့က ထိုဖိအား၏ ဖိနှိပ်မှုအောက် ကျရောက်သွားသည်။ သူမ တစ်ကိုယ်လုံးမှာ အပြင်းအထန် အားလျော့နည်းသွားလေ၏။
“ ရိုယင် … မဖြစ်နိုင်ဘူး။ ကောင်းကင်တာအိုက နှစ်တစ်ရာလောက် အချိန်ကွာဟချက်ကို မမှုဘူး။ ငါ့တာအိုအငွေ့အသက်တွေကို ဖိနှိပ်ထားလိုက်ပြီ ” ဝိဇ္ဇာသူတော်စင် သခင်မ၏ အသံက ကြေးမုံအတွင်းမှ အားဖျော့စွာ ထွက်ပေါ်လာသည်။ ထို့နောက် သူမက ကြေးမုံအတွင်းမှ ထွက်လာဖို့ ကြိုးစားလိုက်၏။
“ အရှင်မ ကျွန်မ ကြိုးစားကြည့်ပါရစေဦး ” ရှားရိုယင်က ဝိဇ္ဇာသူတော်စင် သခင်မ ထွက်လာသည့်အထိ မစောင့်နေဘဲ ကြေးမုံအတွင်း ဝင်ရောက်လာလိုက်သည်။ တစ်ချိန်တည်းမှာ သူမ မှော်ရတနာမှ အလင်းတန်းက ဝိဇ္ဇာသူတော်စင် သခင်မအပေါ် ကျရောက်လာလေ၏။
“ ရှားရိုယင် … မင်း …” ကောင်းကင်တာအို ဖိအားအောက် ကျရောက်နေသည့် ဝိဇ္ဇာသူတော်စင် သခင်မက ရှားရိုယင်အား ဒေါသတကြီး ကြည့်လိုက်သည်။ သူမက အာရုဏ်ဦးတိမ် အလင်းအောက်တွင် ပိတ်လှောင်ခြင်း ခံလိုက်ရသည်။ အကယ်၍ သူမသာ ရှားရိုယင် တွေးနေသည့်အရာကို မသိလျှင် ဝက်တစ်ကောင်လို တုံးအနေပေမည်။
“ အရှင်မ ပြောတော့ အရှင်မက ကြာပန်းလေးဆို … အဲဆိုလည်း ရတနာလို ကောင်းကောင်း နေမှပေါ့။ ဘာလို့များ ကျွန်မတို့ လူသားတွေနဲ့ တိုက်ချင်နေရတာလဲ …. ကျွန်မက ဝိဇ္ဇာအရိုက်အရာ ရချင်တယ်။ ဒါပေမဲ့ အရှင်မလိုမျိုး ကြာပန်းနီ လိုအပ်နေတယ် …” ရှားရိုယင်က ပြောလိုက်ရင်း လက်ဟန်များစွာ ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းမှာ ပြန်လည် ဝင်စားခြင်း ကြေးမုံထဲရှိ အာကာပြင်မှာ ရုတ်ချည်း ပြောင်းလဲသွားကာ ဝိဇ္ဇာသူတော်စင် သခင်မအား အပြည့်အဝ ပိတ်လှောင်ထားလိုက်လေသည်။
“ မင်းလိုမျိုး တိရစ္ဆာန်ကို ကယ်မိတာကိုက ငါ့အမှား ” ဝိဇ္ဇာသူတော်စင် သခင်မက ခါးသီးစွာ ရေရွတ်လိုက်သည်။
ရှားရိုယင်၏ မျက်နှာမှာ ခံစားချက်ကင်းမဲ့လျက် ရှိကာ လက်ဟန်များက ဖြည်းဖြည်းချင်း ပိုမြန်လာသည်။ ဝိဇ္ဇာသူတော်စင် သခင်မ၏ ခန္ဓာကိုယ်မှ သွေးမြူများ ထွက်ပေါ်လာပြီး သူမ ဦးခေါင်းအထက်၌ ကြာပန်းနီလေး စတင် ဖြစ်ပေါ်လာသည်။ ထို့အပြင် သူမ ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်လာလေ၏။
“ ဝုန်း ” ရှားရိုယင်၏ အာရုဏ်ဦး တိမ်အလင်းအောက် ချုပ်နှောင်ခံရပြီးနောက် ဝိဇ္ဇာသူတော်စင် သခင်မ၏ ကိုယ်လုံးလှလှလေးက ပေါက်ကွဲထွက်သွားသည်။ ဤခပ်ဖျော့ဖျော့ ကြာပန်း ပုံရိပ်လေးက ပိုမို ပြတ်သားထင်ရှားလာသည်။
ရှားရိုယင်၏ အသံက အေးအေးဆေးဆေး ထွက်ပေါ်လာပြီး
“ အရှင်မအတွက် နှစ်ထောင်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့တာဆိုတော့ ဒီကြာပန်းလေးနဲ့ ပြန်ပေးမယ်ဆိုရင် လုံလောက်ပါပြီ။ တကယ်လို့ ကျွန်မသာ အရှင်မနောက်ကို ထပ်လိုက်နေမယ်ဆိုရင် အရှင်မဆီမှာ ပြန်ပေးနိုင်တာ ဘာမှ မကျန်တော့ဘူး ”
“ အရမ်းမုန်းတယ် ” ထိုစကားများကို ရေရွတ်လိုက်ပြီးနောက် ဝိဇ္ဇာသူတော်စင် သခင်မ၏ ကမ္ဘာဦး စိတ်ဝိညာဉ်က မှေးမှိန်လာလေ၏။ သူမက ကပ်ဘေးအတွင်း မကျရောက်ခဲ့ဘဲ ပုရွက်ဆိတ်တစ်ကောင်၏ လှည့်စားခြင်းကို ခံခဲ့ရသည်။
သူမက လှည့်စားခြင်းကို မကြိုက်သောကြောင့် တခြားသော ဝိဇ္ဇာများနှင့် အပတ်အသတ် မလုပ်ခဲ့ပေ။ သူမ လက်ခံခဲ့သော တပည့်အားလုံးမှာ သူမအပေါ် အလွန်တရာ သစ္စာရှိကြသည်။ သူမက ဤကြင်နာတတ်သည့် အားအနည်းဆုံး တပည့်လက်ထဲ၌ ကျရောက်သွားလိမ့်မည်ဟု မထင်ထားမိပေ။
အကယ်၍ သူမသာ ဤသို့ ဖြစ်မည်မှန်း သိခဲ့လျှင် ထန်းဟန်ကဲ့သို့ ကပ်ဘေးနှင့်သာ ပြေးရင်ဆိုင်လိုက်မည်။
***