← Chapters

မင်းကို စောင့်နေမယ်

Vol. 79 Ch. 1102

မင်းကို စောင့်နေမယ်

Vol. 79 Ch. 1102

“ ရှားရိုယင် … ဒီကြာပန်းက ငါ့တကယ့် ခန္ဓာကိုယ်ပဲ။ ငါသာ ဝိညာဉ်ကို ဖျက်စီးပစ်ဖို့ ဆုံးဖြတ်လိုက်ရင် မင်းဆီမှာ သာမာန် ကြာပန်းတစ်ပွင့်ပဲ ကျန်နေခဲ့မှာ။ အများဆုံး မင်းကိုတော့ ဝိဇ္ဇာတပိုင်းအဆင့် ရောက်ဖို့ ငွေရောင်အခွင့်အရေးတော့ ပေးနိုင်လောက်ပါရဲ့ …” ဝိဇ္ဇာသူတော်စင် သခင်မက ဒေါသတရားများကို ထိန်းထားလိုက်သည်။ သူမက ရှားရိုယင် အဆင့်တက်လှမ်းနိုင်မည့် ကျောက်တုံးတစ်တုံးလို မဖြစ်ချင်ပေ။

ရှားရိုယင်က အာရုဏ်ဦး တိမ်အလင်းကို ရပ်တန့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်  “ အရှင်မက ဝိဇ္ဇာလေ။ ကျွန်မက အရှင်မရဲ့ ခန္ဓာကိုယ်ကို ရထားပေမဲ့ အရှင်မဆီမှာ ပြန်လည်ဝင်စားခွင့် ရှိပါသေးတယ် ”

“ ဟားဟား …. ငါ့မှတ်ဉာဏ်တွေ အကုန်ပျောက်သွားပြီးမှ ပြန်လည်ဝင်စားတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ ” ဝိဇ္ဇာသူတော်စင် သခင်မက အရမ်းအားနည်းနေသော်လည်း ရယ်မောနိုင်သေး၏။

“ ဘာလိုချင်တာလဲ ” ရှားရိုယင်က ကွယ်ပျောက်စ ပြုနေသည့် ကမ္ဘာဦး စိတ်ဝိညာဉ်ကို အေးစက်စက် စိုက်ကြည့်လိုက်ရင်း ပြောလိုက်သည်။ သူမက ဝိဇ္ဇာသူတော်စင် သခင်မသည် မှတ်ဉာဏ်များ အားလုံး ပျောက်ဆုံးသွားခဲ့လျှင်ပင် ပြန်လည်ဝင်စားခွင့် မပေးသင့်ကြောင်း ဆုံးဖြတ်ထားပြီးပြီ ဖြစ်၏။

ဟိုးအရင်နှစ်များတုန်းက သူမ ချစ်ရသည့် အမျိုးသားကိုပင် သတ်ပစ်ခဲ့သည်။ သူမ အမြင်၌ ဤ ဝိဇ္ဇာသူတော်စင် သခင်မက ဘာမှ မဟုတ်ပေ။ သူမက ဝိဇ္ဇာအဆင့် မရောက်သေး၍သာ ဖြစ်၏။ အကယ်၍ သူမသာ ဝိဇ္ဇာအဆင့် ရောက်နေပါက သူမ မည်မျှကြိုးစားစေကာမူ ဝိဇ္ဇာသူတော်စင် သခင်မအား ပြန်လည်ဝင်စားခြင်းမှ တားဆီးနိုင်မည့် နည်းလမ်း မရှိကြောင်း အကြမ်းဖျင်း နားလည်သွားပေမည်။

“မင်းကို မေးခွန်းတစ်ခုပဲ မေးချင်တယ်။ ကောင်းကင်တာအို ဖိအားအောက်မှာ မင်းက ဘာလို့ ဘာမှမဖြစ်ရတာလဲ။ တကယ်လို့ မင်း မဖြေဘူးဆိုရင် ငါ နာကြည်းချက်နဲ့ သေဆုံးသွားရရင်တောင် မင်းဆီမှာ ကြာပန်းကို ထားခဲ့မှာ မဟုတ်ဘူး ” ဝိဇ္ဇာသူတော်စင် သခင်မ၏ အားဖျော့နေသည့် ကမ္ဘာဦး စိတ်ဝိညာဉ်က ရှားရိုယင်အား စိုက်ကြည့်လိုက်သည်။

သူမက ထိုအကြောင်းအရင်းကို အလွန်တရာ သိချင်နေမိသည်။ သူမက ကောင်းကင်တာအို၏ ဖိအားအကြောင်းကို ကောင်းကောင်း သိထား၏။ အကယ်၍ တိုက်ခိုက်ခံရပါက ထိုနေရာပတ်လည်ရှိ လူတိုင်းပေါ်တွင် ကောင်းကင်တာအို ဖိအား ကျရောက်လာမည်သာ ဖြစ်ပေသည်။ ကံကြမ္မာ ထိပ်သီး ရတနာ မပိုင်ဆိုင်ထားသရွေ့ ဖြစ်သည်။ သို့သော်လည်း ကံကြမ္မာ ထိပ်သီး ရတနာ ပိုင်ဆိုင်ထားလျင်ပင် အစီအရင်ဂိတ်အား ကပ်နိုင်မည် မဟုတ်သေးပေ။

သူမက ရှားရိုယင်တွင် ကံကြမ္မာ ထိပ်သီး ရတနာ မပိုင်ဆိုင်ထားကြောင်း သိပေ၏။ ထို့အပြင် သူမက ထိုအစီအရင်ကို တိုက်ခိုက်စဉ်က ရှားရိုယင်သည် သူမနှင့် ဆယ်မီတာပင် မကွာဝေးပေ။

သူမက အစီအရင်ကို တိုက်ခိုက်ပြီးသည်နှင့် ကောင်းကင်တာအို ဖိအားကို ခံစားခဲ့ရသည်။ ဤသည်မှာ ရှားရိုယင်လည်း အတူတူ ဖြစ်သင့်ပေသည်။ ရှားရိုယင်က သက်ရောက်မှု မခံရဘဲ သူမကိုပင် မည်သို့ ပိတ်လှောင်ထားနိုင်သနည်း။ သူမနှင့် သူမတပည့်များက တစ်ကြိမ်မက တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြည့်ကြသည်။ သူတို့တိုက်ခိုက်သည့်အချိန်တိုင်း ရှားရိုယင်လည်း  ကောင်းကင်တာအိုအောက်  ဖိနှိပ်ခံခဲ့ရ၏။

“ တကယ်လို့ ကျွန်မက ပြောပြရင် ကြာပန်းနီ ခန္ဓာကိုယ်ကို လိုလိုလားလား ပေးမှာလား ” ရှားရိုယင်က ဝိဇ္ဇာသူတော်စင် သခင်မ၏ အားနည်းလှသည့် ကမ္ဘာဦး စိတ်ဝိညာဉ်လေးအား ကြည့်ကာ ပြောလိုက်သည်။

ဝိဇ္ဇာသူတော်စင် သခင်မ၏အ သံက ဖြည်းဖြည်းချင်း ပို၍ တိုးလျော့လာသည်

“ မင်းကို ကြာပန်းနီ ပေးမယ်လို့ ကျိန်ဆိုတယ်။ မင်း အဲဒီအပေါ်မှ အမှတ်အသား ထားပြီးတော့ မင်းရဲ့ ရတနာအဖြစ် သန့်စင်နိုင်တယ် ”

ဤအားနည်းလှသည့် အခြေအနေအောက်တွင် ဝိဇ္ဇာသူတော်စင် သခင်မက ကျမ်းသစ္စာ ကျိန်ဆိုလိုက်သေး၏။

“ ကောင်းပြီလေ ပြောပြမယ် ” ရှားရိုယင်က မထူးမခြားနား ပြောလိုက်သည်  “ ကျွန်မက လူသားတာအိုကို ကျင့်ကြံလို့ပဲ ”

“ မဖြစ်နိုင်တာ ” ဝိဇ္ဇာသူတော်စင် သခင်မက ရေရွတ်လိုက်သည်

“ ငါ မင်းရဲ့ ကျင့်စဉ်ကို သိပါတယ်။ မင်းက လူသားတာအိုကို ကျင့်ကြံတာ မဟုတ်ပါဘူး ”

ရှားရိုယင်က သရော်ဟန်ဖြင့်

“ ကျွန်မက တာအိုနှစ်မျိုးကို ကျင့်ကြံတယ်။ ကျွန်မက ဝိညာဉ်လမ်းကြောင်းနဲ့ ချီသွေးကြော နှစ်ခုလုံး ပိုင်ဆိုင်ထားတယ်။ ကျွန်မရဲ့ ဝိညာဉ်လမ်းကြောင်းက ဝိညာဉ်ကြောကနေ ကျင့်ကြံတာ ဖြစ်ပြီးတော့ ချီသွေးကြောကတော့ လူသားတာအိုအတွက် လျို့ဝှက်ချက်ပဲ …. ဘယ်သေမျိုးမဆို ကျင့်ကြံလို့ ရစေတဲ့ လျိူ့ဝှက်ချက်တစ်ခု ”

“ ယီရှန်းနဲ့ အခြားလူတွေကို လျူရှင်းဆီ သွားရှာခိုင်းတာ မထူးဆန်းတော့ပါဘူး။ မင်းက လျူရှင်းရဲ့ အမွေအနှစ် ရထားတာကိုး ” ဝိဇ္ဇာသူတော်စင် သခင်မက ရုတ်ချည်း အသိပြန်ဝင်လာသည်။ သူမကမ္ဘာဦး စိတ်ဝိညာဉ်လေး ပို၍ မှိန်ဖျော့လာလေ၏။

ရှားရိုယင်က လှောင်ပြောင်ကာ

“ ဘယ်က လျူရှင်းလဲ … ကျွန်မက အစစ်အမှန် လူသားတာအိုကို ကျင့်ကြံတာ။ စစ်မှန်တဲ့ လူသားတာအိုတစ်ခုတည်းကသာ ချီသွေးကြောနဲ့ ဝိညာဉ်လမ်းကြောင်း အရေအတွက်ကို အတူတူ ပိုင်ဆိုင်စေတာ ….

ကျွန်မက ဝိညာဉ်လမ်းကြောင်း ၁၀၁ ခု ပိုင်ဆိုင်ထားတယ်။ တစ်ချိန်တည်းမှာ ချီသွေးကြော ၁၀၁ ခုကိုလည်း ပိုင်ဆိုင်ထားတယ်။ စစ်မှန်တဲ့ လူသားတာအိုဆီမှာ ဝိညာဉ်ကြော ရှိနေဖို့ မလိုဘူး။

ချီသွေးကြောတွေက တစ်ဆင့် လှည့်ပတ်ပြီးတော့ မိုးမြေစွမ်းအားတွေကို စုပ်ယူလို့ ရတယ်။ လူသားတာအိုမှာ သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းလည်း ရှိတယ် …. ”

ဝိဇ္ဇာသူတော်စင် သခင်မက ရှားရိုယင် စကားများကို ကြားသောအခါ

“မင်းက တကယ့် ပါရမီရှင်ပဲ …. အရင်တုန်းက တစ်ယောက်ကလည်း သေမျိုးတွေက တာအိုလမ်းစဉ်ထဲ ဝင်ရောက်နိုင်လိမ့်မယ်လို့ ပြောခဲ့တာ … အမှန်ဖြစ်နေခဲ့တာပဲ ”

ဝိဇ္ဇာသူတော်စင် သခင်မက ထိုစကားများကို ပြောလိုက်ပြီးနောက် ရှားရိုယင်၏ မျက်ဝန်းများက မျှော်လင့်မထားစွာ မှေးမှိန်ကျသွားသည်

“ ကျွန်မက ပါရမီရှင် မဟုတ်ဘူး။ တကယ့် ပါရမီရှင်က သေမျိုးတစ်ယောက် …. ကျွန်မကရဲ့ လူသားတာအိုက သူ့ဆီကနေ သင်ယူထားတာ။ သူက ချီသွေးကြောတွေကို ဖွင့်ပြီးတော့ သေမျိုးတွေကို ကျင့်ကြံဖို့ လမ်းကြောင်းကို အစပြုပေးခဲ့တဲ့သူပဲ ”

“ မင်းရဲ့ အကျင့်နဲ့ဆိုရင် သူ့ကို သတ်လိုက်ပြီမလား ” ဝိဇ္ဇာသူတော်စင် သခင်မက သရော်လိုက်သည်။ ထိုစဉ် သူမ၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ အရိပ်တစ်ခုထက် မပိုတော့ပေ။

ရှားရိုယင်၏ လေသံမှာ တည်ငြိမ်နေပြီး

“ သူ့ကို သတ်လိုက်တာ လွတ်မြောက်ခွင့် ပေးလိုက်တာမျိုးပဲ။ သူက ကျွန်မ နှလုံးသားထဲမှာ အမြဲတမ်း ရှိနေမှာ … နှစ်တစ်ရာလောက်တောင် မနေရတာထက်စာရင် ဒါက ပိုကောင်းတယ်လေ ”

“ဒီလိုဆိုတော့ ငါဆီမှာ အဖော်ရှိနေသားပဲ ” ဝိဇ္ဇာသူတော်စင် သခင်မက သူမဘာသာ ရေရွတ်လိုက်သည်။ သူမက ရှားရိုယင်၏ ကျေးဇူးရှင် ဖြစ်သော်လည်း သူမအား လုပ်ကြံခဲ့သေး၏။ လူသားတာအိုကို ဖန်တီးခဲ့သော ထိုလူအကြောင်းကိုတော့ ပြောနေဖို့ပင် မလိုတော့ပေ။

ရှားရိုယင်က ဝိဇ္ဇာသူတော်စင် သခင်မ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။ ထိုကမ္ဘာဦး စိတ်ဝိညာဉ် ပျောက်ကွယ်သွားသည့်နောက် သူမက ကြာပန်းကို အပြည့်အဝ ထိန်းချုပ်နိုင်မည်မှန်း သိလိုက်သည်။

“ နောက်ဆုံး တောင်းဆိုချက်တစ်ခု ရှိတယ်။ ငါနဲ့ အတူတူ ကံမကောင်းရှာတဲ့ အဲဒီကောင်ကို ကြည့်ပါရစေဦး ” ထိုစကားများ ပြောပြီးနောက် ဝိဇ္ဇာသူတော်စင် သခင်မ၏ ကမ္ဘာဦး စိတ်ဝိညာဉ်သည် ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။

ရှားရိုယင်က ကမ္ဘာဦးစိတ်ဝိညာဉ် ငွေရောင်အမျှင်လေး ကျန်ရှိနေလျှင်ပင် ဝိဇ္ဇာသူတော်စင် သခင်မက ဤကြာပန်းနီအား ဖျက်စီးပစ်ဖို့ အားကောင်းသေးကြောင်း အသေအချာ သိထား၏။

ဤကြာပန်းနီက သူမအတွက် အလွန်အရေးကြီးပေသည်။ သူမက ဝိဇ္ဇာသူတော်စင် သခင်မတွင် ပိအန်းပန်းကဲ့သို့သော ရတနာများစွာ ရှိမှန်း သိထား၏။ အကယ်၍ သူမသာ ကြာပန်းကို ရထားလျှင် ဝိဇ္ဇာသူတော်စင် သခင်မ၏ ကမ္ဘာကို ဖွင့်နိုင်မည့် အခွင့်အရေး ရှိလာပေမည်။ သူမက ဝိဇ္ဇာသူတော်စင် သခင်မ၏ ကမ္ဘာကို မဖွင့်နိုင်လျှင်ပင် ဤကြာပန်းနှင့် လုံလောက်ပြီ ဖြစ်၏။

ထို့ကြောင့် သူမက ဤတောင်းဆိုချက်အား မငြင်းဆန်တော့ပေ။ သူမက လက်မြှောက်ကာ လေထဲ၌  ပုံရိပ်တစ်ခု ရေးဆွဲပြလိုက်၏။ စမ်းသပ်ခန်းအတွင်း ထိုင်ကာ စမ်းသပ်ရေး ပြွန်များကို ဂရုတစိုက် စစ်ဆေးနေသည့် လူငယ်လေး တစ်ဦးပုံ ပေါ်လာသည်။

မကြာခင် ထိုလူငယ်လေးက တစ်ခုခု ရှာတွေ့သွားဟန် ပေါ်ကာ တံခါးဘက်သို့ လှည့်ကာ စတင် ရယ်မောလိုက်၏။

“ သူလား ” ဝိဇ္ဇာသူတော်စင် သခင်မက မိုဝူကျိအား ချက်ချင်း မှတ်မိလိုက်သည်။ ဤသည်မှာ ယခင်က သူမနှင့် တွေ့ခဲ့သော လျူရှင်း ဖြစ်နေ၏။

လက်ရှိ မိုဝူကျိနှင့် ယခင် မိုဝူကျိတို့ကြားတွင် မဆိုစလောက် ကွဲပြားချက်လေး ရှိသော်လည်း ဝိဇ္ဇာသူတော်စင် သခင်မက သူမ မှန်ကန်ကြောင်း သိလိုက်သည်။ သူမ တွေ့ခဲ့သည့် လျူရှင်းကား မိုဝူကျိသာ ဖြစ်နေပေသည်။

ယခင် လျူရှင်းက သူမအား  တည့်တိုးကြည့်ကာ

“ ကျုပ်က လျူရှင်း မဟုတ်ဘူး။ တာအိုရောင်းရင်း ယီရှန်းက အထင်မှားနေတာ” ဟု ပြောဆိုခဲ့ဖူးသည်။

သူမက မိုဝူကျိသည် ဤစကားများကို တမင် ပြောခဲ့သည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ သူမ မြင်ခဲ့သည့်သူမှာ အမှန်တကယ် လျူရှင်း မဟုတ်ကြောင်း သိလိုက်ရတော့သည်။

“ ဟားဟား … ငါ မင်းကို စောင့်နေမယ်  …” ဝိဇ္ဇာသူတော်စင် သခင်မက စတင် ရယ်မောလိုက်သည်။ သူမအသံတွင် ပေါ့ပါးမှုများ ပါဝင်နေလေ၏။ ထိုရယ်မောသံနှင့်အတူ အားဖျော့နေသော ကမ္ဘာဦး စိတ်ဝိညာဉ်လေးမှာ ပျောက်ကွယ်သွားတော့သည်။

သူမတွင် ပေါ့ပေါ့ပါးပါး ရယ်မောလောက်ရမည့် အကြောင်းအရင်း ရှိ၏။ အကြောင်းမှာ သူမက မိုဝူကျိ၏ အံ့အားသင့်စရာကောင်းမှုကို ရှင်းရှင်းလင်းလင်း သိထား၍ ဖြစ်သည်။ မိုဝူကျိက နတ်ဘုရားဘုရင် အဆင့်မျှသာ ဖြစ်သော်လည်း သူမ မျက်စိရှေ့အောက်မှ လွတ်မြောက်သွားသေးသည်။ နောင်အခါ မိုဝူကျိသာ သဟဇာတ နတ်ဘုရားအဆင့် ရောက်လာလျှင် သဟဇာတ နတ်ဘုရား ရှားရိုယင်က သူ့ပြိုင်ဖက် ဖြစ်မည် မဟုတ်ပေ။

ရှားရိုယင်က မိုဝူကျိကို သတ်ပစ်ခဲ့သည်။ သူမက မိုဝူကျိသည် ရှားရိုယင်အပေါ် လက်စားချေဖို့ လက်လျော့လိုက်ပြီဟု သေချာပေါက် ယုံကြည်နေမိ၏။ သူမ၏ မှန်းဆချက်များမှာ မှန်ကန်ကြောင်း ယုံကြည်ပေသည်။ မိုဝူကျိ သူမနှင့် စကားပြောစဉ်အခါက  မောက်မာခြင်းလည်း မရှိသလို နှိမ့်ချခြင်းလည်း မရှိပေ။ သူက ပထမအကြိမ် လှည့်စားခံပြီးနောက် ဒုတိယအကြိမ် ထပ်ခံမည့် လူစားမျိုးတော့ မဟုတ်ပေ။ ထို့ကြောင့် သူမက  မိုဝူကျိ ရှားရိုယင်ကို သတ်ပစ်မည့်အချိန်ကို စောင့်ဆိုင်းနေရမည်။

အကယ်၍ မိုဝူကျိသာ ချီသွေးကြောများကို ဖွင့်၍ သေမျိုးများအတွက် ကျင့်ကြံရေးလမ်းစဉ်ကို ရှာဖွေပေးခဲ့သူ အမှန်တကယ် ဖြစ်နေလျှင် သူမက  ဤနေရာ၌ စောင့်ဆိုင်းနေရမည်။ သူမက မိုဝူကျိ သေချာပေါက် ပြန်လာလိမ့်မည်ဟု ယုံကြည်နေမိ၏။

ရှားရိုယင် သတိမထားမိလိုက်သည့်အချိန် မထင်မရှား အစက်အပြောက်လေး တစ်ခုက ကြေးမုံမှ ထွက်ကျလာလေသည်။ ထိုအခါက အစီအရင်ဂိတ်ရှေ့ရှိ မြေကြီးထဲ စိမ့်ဝင်သွားလေ၏။

ရှားရိုယင်က ဝိဇ္ဇာသူတော်စင် သခင်မ ရယ်မောသည့် အကြောင်းအရင်းကို မသိသော်လည်း ရယ်မောသံ၌ စိတ်ပေါ့ပါးမှု အရိပ်အယောင်ကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူမက မျက်မှောင်ကျုတ်လိုက်မိ၏။ သို့သော်လည်း သူမက စဉ်းစားမနေတော့ပေ။ သူမက ကြာပန်းကို ယူကာ ကြေးမုံကို ပြန်သိမ်းလိုက်ပြီး အစီအရင်ဂိတ်ပေါက်ကို တိုက်ခိုက်လိုက်သည်။

အကယ်၍ ယီရှန်းတို့သာ ဤနေရာ၌ ရှိနေလျှင် အံ့ဩသွားကြပေမည်။ ရှားရိုယင်က ကောင်းကင်တာအို၏ ဖိအားကို မခံစားရပေ။ ထိုမျှတင် မကသေးဘဲ ရှားရိုယင်က အစီအရင်ဂိတ်ပေါက်ကို ဖွင့်လိုက်နိုင်ပြီး လျှပ်တစ်ပြက်အတွင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။

………..…

မိုဝူကျိက ကျင့်ကြံရေးကို ရပ်တန့်လိုက်သည်။ အချိန်စက်ဝန်းပြား၌ နှစ်များစွာ ကုန်လွန်သွားလေပြီ။ ထိုအချိန်အတွင်း သူက နတ်ဘုရားဘုရင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပြီး သဘာဝငါးမျိုး လွတ်မြောက်ရေး ပညာရပ်နှင့် မြစ်မှ ကုန်းမြေ ပြောင်းလဲရေး ပညာရပ်တို့ကို နားလည်သဘောပေါက်ခဲ့သည်။

ထိုမျှတင် မကသေးဘဲ သူက နတ်ဘုရား ကန့်သတ်ရေး အစီအရင်ပြားများစွာကိုလည်း ပြုလုပ်နိုင်ခဲ့သည်။

မိုဝူကျိက ထွက်သွားတော့မည့်ဆဲဆဲတွင် စကြဝဠာမျိုးစေ့အတွင်းရှိ အဆုံးမဲ့ စည်းမျည်းများကို တွန့်ဆုတ်တွန့်ဆုတ် ကြည့်လိုက်မိသည်။ အကယ်၍ ဖြစ်နိုင်ပါက ဤနေရာမှ ထွက်မသွားလိုပေ။

သို့သော်လည်း အကယ်၍ သူ ထွက်မသွားလျှင် သူ့ကျင့်ကြံဆင့်က နတ်ဘုရားဘုရင် ပြီးပြည့်စုံခြင်းအဆင့်၌သာ တန့်နေပေမည်။ ဤကမ္ဘာက သူ့အား ကျင့်ကြံနိုင်စေသော်လည်း မိုးကြိုးစမ်းသပ်ချက် ခံယူနိုင်ရန် လှုံ့ဆော်နိုင်မည် မဟုတ်ချေ။

သူ့ကျင့်ကြံဆင့်ကို မြင့်တင်ခြင်းက အရေးကြီးဆုံး ဖြစ်၏။

သူ ကြိုးစားကြည့်နိုင်မည့် တစ်ခုတည်းသော အရာမှာ ဤစကြဝဠာမျိုးစေ့အား ချိတ်ပိတ်ကြည့်ဖို့ ဖြစ်၏။ သူ မိုးကြိုးစမ်းသပ်ချက်ကို အောင်အောင်မြင်မြင် ခံယူပြီးနောက် ဤစကြဝဠာမျိုးစေ့အတွင်းသို့ ပြန်လာကာ ကျင့်ကြံနိုင်ပေမည်။

မိုဝူကျိက ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် စကြဝဠာမျိုးစေ့မှ ထွက်လာလိုက်သည်။ တစ်ချိန်တည်းတွင် နတ်ဘုရားကန့်သတ်ရေး အစီအရင်ပြား တစ်ရာကို ထုတ်ကာ အစီအရင်သင်္ကေတများကို ရေးထွင်းလိုက်၏။

မိုဝူကျိအား စိတ်ပျက်သွားစေသည်က သူ့အစီအရင်ပြား ဆယ်ခုတည်းသာ အသက်ဝင်လာသည်။ သူ့အစီအရင်သင်္ကေတများ  ဖြစ်ပေါ်မလာခင် စကြဝဠာမျိုးစေ့က အလင်းနက်အဖြစ် ပြောင်းလဲကာ ကျယ်ပြောလှသော အာကာပြင်ကြီးထဲ၌ ပျောက်ကွယ်သွားလေသည်။ အသက်ဝင်လာသော အစီအရင်ပြားများက စကြဝဠာမျိုးစေ့ ပျောက်ကွယ်အားကြောင့် တစစီ ဖြစ်သွားလေ၏။

မိုဝူကျိက စိတ်စွမ်းအားကို မြန်မြန် ဖြန့်ကျက်လိုက်သည်။ သူ့အနေနှင့် စကြဝဠာမျိုးစေ့ အရိပ်အယောင်ကို မည်သို့ ရှာနိုင်မည်နည်း။

မကြာခင် မိုဝူကျိက စိတ်အခြေအနေကို ထိန်းညှိကာ သက်ပြင်းသာ ချလိုက်တော့သည်။

ဆိုလိုသည်မှာ သူနှင့် စကြဝဠာမျိုးစေ့ကြားတွင် ကံစပ်ပုံ မပေါ်ပေ။ ကံကောင်းစွာဖြင့် သူက ထိုစကြဝဠာမျိုးစေ့၏ အကူအညီဖြင့် များစွာ ရရှိခဲ့သည်။ ဘာကိုမှ အတင်းအကျပ် လုပ်နေစရာ မလိုပေ။ အကယ်၍ အတင်းအကျပ် လုပ်ဖို့ လိုအပ်လာလျှင် အဓိပ္ပါယ် မရှိတော့ပေ။ စိတ်ကို ရှင်းရှင်းလင်းလင်း ထားသည်က ပို၍ ကောင်းပေသည်။

***

All Chapters