← Chapters

သဟဇာတ နတ်ဘုရားအဆင့်

Vol. 79 Ch. 1103

သဟဇာတ နတ်ဘုရားအဆင့်

Vol. 79 Ch. 1103

မိုဝူကျိက ထိုအတွေးဖြင့်  ပြန်လည် တည်ငြိမ်လာအောင် ထိန်းလိုက်သည်။ သူက ရှေ့တစ်လှမ်း တိုးလာကာ နတ်ဘုရား ကန့်သတ်ရေး အစီအရင် ဆယ်ခုကို ပစ်လွှတ်လိုက်သည်။ ဧရာမ ဥက္ကာခဲကြီးက သူ့ခြေထောက်အောက် ရပ်တန့်သွားလေ၏။

မိုဝူကျိက ထိုဥက္ကာခဲပေါ် ရပ်ကာ အစီအရင်အလံများစွာနှင့် ဖန်ဆင်းမှု နတ်ဝိညာဉ်သွေးကြောများကို ထုတ်ယူလိုက်သည်။ သူက သဟဇာတ နတ်ဘုရား မိုးကြိုးစမ်းသပ်ချက်ကို ခံယူတော့မည် ဖြစ်ပေသည်။

သူက နတ်ဘုရားဘုရင် ပြီးပြည့်စုံခြင်းအဆင့်၌ ရပ်တန့်နေသည်မှာ ကြာမြင့်လှလေပြီ။ ထို့အပြင်  သူက စကြဝဠာမျိုးစေ့ထဲ ကျင့်ကြံနေရသောကြောင့် စည်းမျည်းအမျိုးမျိုးအပေါ် နားလည်နိုင်စွမ်းမှာ နက်နဲလာသည်။ ထိုစဉ် ပြင်ပအကူအညီပင် မလိုအပ်တော့ပေ။ လူသားကျင့်စဉ်ကို လှည့်ပတ်လိုက်သည့်အခါ သူ့မိုးကြိုးစမ်းသပ်ချက်က ကျရောက်လာသည်။

တုတ်ခိုင်သော မိုးကြိုးချက်များက မိုဝူကျိ ခန္ဓာကိုယ်ပေါ် ကျရောက်လာကာ သွေးသံရဲရဲ ဒဏ်ရာများ ဖြစ်လာစေသည်။ မိုဝူကျိ၏ လျှပ်စီးအဆီအနှစ် စုပ်ယူနိုင်စွမ်းဖြင့် သူ့ဝိဇ္ဇာရုပ်ခန္ဓာအဆင့်ကို ထည့်ပေါင်းလိုက်သည့်အခါ ဤသဟဇာတ နတ်ဘုရား မိုးကြိုးစမ်းသပ်ချက်မှာ သူ့အား မှော်ရတနာ ထုတ်သုံးစေရလောက်အောင်အထိ အားမကောင်းသေးပေ။

မိုးကြိုးချက် တတိယအသုတ် ကျဆင်းလာသည့်အခါ မိုဝူကျိက သဟဇာတ နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားလေ၏။

ထို့နောက် မိုးကြိုးချက်များက မိုဝူကျိအား ဒဏ်ရာ မပေးစေနိုင်တော့ပေ။ တစ်ဖက်တွင် မိုဝူကျိက လျှပ်စီးအဆီအနှစ်များကို ဆက်တိုက် စုပ်ယူနေသောကြောင့် သူ့ ကျင့်ကြံဆင့်မှာ ဆက်တိုက် မြင့်တက်နေပေသည်။

သူ့ယခင် မိုးကြိုးစမ်းသပ်ချက်များနှင့် မတူညီသည်က ဤတစ်ခုမှာ ခုနှစ်ရက်တာ ကြာမြင့်လေ၏။

ခုနှစ်ရက် ကြာမြင့်ပြီးနောက် မိုးကြိုးတိမ်များက ပျောက်ကွယ်သွားကာ နေရာတစ်ခုလုံး ပြန်လည် တည်ငြိမ်လာသည်။ မိုဝူကျိ ခြေထောက်အောက်ရှိ ဥက္ကာခဲမှာ အမှုန့်ဖြစ်သွားလေပြီ။ ထိုမျှတင် မကသေးဘဲ မိုဝူကျိ ထုတ်ယူထားသော နတ်ဝိညာဉ်သွေးကြောတို့မှာလည်း အစအနမကျန် ပျောက်ကွယ်သွားလေ၏။

ထိုအရာများကို မိုဝူကျိက မစုပ်ယူလိုက်ရပေ။ ထို့အစား သူတို့က မိုးကြိုးချက်များကြောင့် ပျက်စီးသွားခြင်း ဖြစ်ပေသည်။

မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ သဟဇာတ နတ်ဘုရား အဆင့် ၁ ၌ အခြေကျသွားလေသည်။ သူ့တစ်ကိုယ်လုံးမှာ သဘာဝစွမ်းအားများဖြင့် တောက်ပနေလေ၏။ ထိုစွမ်းအားများကို ပြန်ရုတ်သိမ်းပြီးနောက် သူက သေမျိုးတစ်ယောက်ထက် မပိုတော့ပေ။

မိုဝူကျိက ပိအန်းပန်း အပိုင်းအစလေး ထည့်ထားသည့် ကျောက်စိမ်းသေတ္တာကို ထုတ်ယူလိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက သက်ပြင်းချကာ လူသားကမ္ဘာထဲ ပြန်ထည့်ထားလိုက်သည်။

သူက ထိုအပိုင်းအစများမှ တခြားသော ပန်းများ၏ တည်နေရာကို အာရုံမခံနိုင်ပေ။

ယခု သူက သဟဇာတ နတ်ဘုရား အဆင့် ၁  ရောက်နေပြီ ဖြစ်၍ ဝိဇ္ဇာတပိုင်းနှင့် ရင်ဆိုင်နိုင်လောက်ပြီလား ….

မိုဝူကျိက ထိုအတွေးဖြင့် လခြမ်းကွေး ပုဆိန်လှံရှည်အား ဆွဲထုတ်လိုက်ပြီး  ဝှီးခနဲ ဝေ့ယမ်းလိုက်သည်။

ငွေရောင် အလင်းတန်းတစ်ခု ပေါ်လာလေ၏။ ထိုငွေရောင် အလင်းတန်းလေးက ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှု ရှိနေသည့်အလား နေရာကို အက်ကြောင်း ဖြစ်လာစေသည်။

မိုဝူကျိက မချီးမွမ်းနိုင်ခင် လခြမ်းကွေး ပုဆိန်လှံရှည်၏ အငွေ့အသက်မှာ ပြောင်းလဲသွားကြောင်း ခံစားမိလိုက်၏။

မိုဝူကျိက စိတ်အားတက်ကြွစွာ ရယ်မောလိုက်သည်။ သူ သဟဇာတ နတ်ဘုရားအဆင့် ရောက်သွားသည်နှင့် လခြမ်းကွေး ပုဆိန်လှံရှည်သည် အဆင့်မြင့် နတ်ဘုရား လက်နက် ဖြစ်လာလိမ့်မည်ဟု မထင်ထားပေ။

နောက်ဆုံးတွင် သူ မိုဝူကျိက  သင့်တော်သည့် လက်နက်ကောင်းတစ်ခု ရှိသွားလေပြီ။ အနည်းဆုံးတော့ သူ အန္တရာယ် ကျရောက်နေသည့် အချိန်တိုင်း ခွန်းဝူဓားအပေါ် မှီခိုနေဖို့ မလိုတော့ချေ။

သူ လခြမ်းကွေး ပုဆိန်လှံရှည်ကို ပြန်သိမ်းလိုက်ပြီးနောက် စိတ်ထဲ တွေးမိသွားသည်။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်က စကြဝဠာအတွင်းမှ သတ်ဖြတ်ငွေ့များနှင့် စွမ်းအားများကို စုပ်ကာ အဆင့်တက်နိုင်ပေသည်။ သူ့လူသားကမ္ဘာအတွင်းတွင် တိုက်ပွဲများ မရှိသောကြောင့် သတ်ဖြတ်ငွေ့လည်း မရှိပေ။ အကယ်၍ သူသာ ပုဆိန်လှံရှည်ကို အဆင့်တက်လိုလျှင် နောက်ကျောတွင် ထားထားခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။

မိုဝူကျိက ထိုအတွေးဖြင့် ပုဆိန်လှံရှည်ကို ထုတ်ကာ နောက်ကျောတွင် လွယ်ထားလိုက်သည်။ ထို့နောက် သူက စန်းကျန့်ရှင်း ပေးလိုက်သည့် သလင်းကျောက်အား ထုတ်ကြည့်လိုက်သည်။

နောက်ဆုံးတော့ သူ ပြန်သွားတော့မည် ဖြစ်၏။ သူသာ ထိုဝိဇ္ဇာများနှင့် မတွေ့သရွေ့ ထိုလူက လျူရှင်း ဖြစ်နေလျှင်ပင်  သူ့အနေနှင့် ကြောက်နေဖို့ မလိုပေ။

လျူရှင်းက ခွန်းယွင်တို့လိုမျိုး အဆင့်တူ လူတစ်ယောက်သာ ဖြစ်၏။ မိုဝူကျိက လျူရှင်းသည် ခွန်းယွင်ထက် များစွာ အားကောင်းနေလိမ့်မည်ဟု မထင်ပေ။ အနည်းဆုံးတော့ သူက ဝိဇ္ဇာတပိုင်းအဆင့်ကို အချိန်တိုအတွင်း မြန်မြန် ပြန်ရောက်ဦးမည် မဟုတ်ပေ။

ခွန်းယွင်က အသိစိတ်ပင်လယ်နှင့် ဝိညာဉ်ကို ထိန်းထားနိုင်ပေသည်။ တစ်ဖက်တွင် လျူရှင်း၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း အစစ ဖြစ်သွားပြီး အသိစိတ်အမျှင်လေးလည်း နိဗာန တိတ်ဆိတ်မှုပင်လယ်ထဲ ကျရောက်သွားပြီ မဟုတ်ပါလော။ သူက  ဘယ်လိုလုပ် စွမ်းအား မြန်မြန် ပြန်ရလာနိုင်မည်နည်း။

မိုဝူကျိ စိတ်ထဲ ဝိဇ္ဇာထန်းဟန်အကြောင်း တွေးမိသွားသည်။ သူသည်လည်း ဝိဇ္ဇာအနေနှင့် ကျင့်ကြံဆင့် ပြန်ရဖို့ရာ ခက်ခဲလောက်ပေသည်။ သို့သော် ဤလူသာ ဝိဇ္ဇာတပိုင်းအဆင့်အထိ စွမ်းအား ပြန်ရသွားခဲ့လျှင်တော့ ဖြစ်နိုင်ခြေ ရှိ၏။ ကံကောင်းသည်က မိုဝူကျိတွင်လည်း နည်းလမ်းများစွာ ရှိနေသည်။ သူက သဟဇာတ နတ်ဘုရား ဖြစ်လာရုံတင် မကဘဲ မြေကျုံပညာရပ်၊ သဘာဝငါးမျိုး လွတ်မြောက်ရေး ပညာရပ်နှင့် လေလွတ်မြောက်ရေး ပညာရပ်တို့ကိုလည်း ထိန်းချုပ်နိုင်သွားပြီ ဖြစ်၏။

မိုဝူကျိက လွတ်မြောက်ရေး ပညာရပ်အရ ပြောရလျင် ဝိဇ္ဇာများပင် သူနှင့် ယှဉ်နိုင်မည် မဟုတ်ကြောင်း ယုံကြည်၏။ အကယ်၍ သူသာ ထန်းဟန်ကို တွေ့ခဲ့ပြီး ထိုသူ၏ ပြိုင်ဖက် မဖြစ်ခဲ့လျှင် ထွက်ပြေးရုံသာ တတ်နိုင်ပေမည်။

မိုဝူကျိ၏ စိတ်စွမ်းအားကို သလင်းကျောက်ထဲ ပို့လွှတ်လိုက်သည့်အခါ ကြောင်အမ်းမိသွားသည်။ ဂြိုလ်ပျက်ကြီး ပျက်စီးသွားပြီးနောက်တွင် သူ့အား စကြဝဠာမျိုးစေ့မှ အာကာပြင် အနက်ပိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုမျိုးစေ့၏ လှုပ်ရှားသွားလာသည့် အမြန်နှုန်းသည် အလင်းနှုန်း ဖြစ်၏။ မိုဝူကျိက နှစ်တစ်ထောင်ကျော်ကြာ ခေါ်ဆောင်ခံလာရသည် ဖြစ်သောကြောင့် လမ်းပျောက်သွားလေပြီ။

မိုဝူကျိက အချိန်တစ်ခုကြာသည့်အထိ လှည့်လည်သွားလာဖို့ လိုအပ်နေကြောင်း တွေးမိလိုက်သည့်အခါ သူ့စိတ်စွမ်းအားထဲ၌ ပျံသန်းရေး ရတနာကို အာရုံခံမိလိုက်သည်။

မိုဝူကျိက နှစ်ခါတွေးမနေဘဲ သူ့ပုံရိပ်က မူလနေရာမှ ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။

သဘာဝငါးမျိုး လွတ်မြောက်ရေး ပညာရပ် ဖြစ်စေ၊ မြေကျုံ့ပညာရပ် ဖြစ်စေ သို့မဟုတ် လေလွတ်မြောက်ရေး နည်းစနစ် ဖြစ်စေ အားလုံးက အလွန်တရာ မြန်ဆန်လှသည်။

ဤပျံသန်းရေး ရတနာက အာကာပြင်အတွင်း သွားလာနေခြင်းသာ ဖြစ်၏။ မိုဝူကျိအား အာရုံခံမိပြီးနောက် ထိုပျံသန်းရေး ရတနာက အထိတ်တလန့် ဖြစ်သွားသည့် ဌက်တစ်ကောင်အလား အရှိန်မြင့်လိုက်သည်။

မိုဝူကျိက စိတ်ထဲမှသာ ကျိန်ဆဲလိုက်တော့သည်။

သူက လမ်းကြောင်း မေးချင်ရုံလေးပါ … ဘာလို့များ ထွက်ပြေးနေရတာလဲ ….

ဤကျယ်ပြောလှသည့် အာကာပြင်ကြီးအတွင်း၌ ပျံသန်းရေး ရတနာတစ်ခုကို တွေ့ဖို့ရာ အတော်လေး ကံကောင်းနေပြီ ဖြစ်၏။ မိုဝူကျိက ထိုအခွင့်အရေးအား လက်မလွှတ်လိုပေ။ သူက လေရွေ့ပြောင်းစွမ်းရည်ကို ဆက်တိုက် ထုတ်သုံးကာ သူတို့နှစ်ဦးကြား အကွာအဝေး၌ မြေကျုံ့ပညာရပ်ကို ထုတ်သုံးလေသည်။

နေ့တစ်ဝက်ကြာမြင့်ပြီးနောက် မိုဝူကျိက ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူ့အမြန်နှုန်းမှာ နတ်ဘုရားအလျှင်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သော်လည်း ထိုသင်္ဘောပျံက အမြန်နှုန်းကို ဆက်တိုက် တိုးမြင့်နေလိမ့်မည်ဟု မထင်ထားပေ။ သူက ကြားအကွာအဝေးကို ချုံ့လိုက်နိုင်သော်လည်း အချိန်တိုအတွင်း လိုက်မမီနိုင်ပေ။

ဤသည်မှာ သူ့အတွက် အခွင့်မသာသလို ဖြစ်စေသည်။ လူတစ်ယောက်က ကားနောက် ပြေးလိုက်နေသလို ဖြစ်နေ၏။ အစပိုင်းတွင်သာ သူ့အမြန်နှုန်းက အမြန်ဆုံး ဖြစ်နေပေမည်။ အကယ်၍ ဆက်လိုက်နေပါက ကွာဟချက်မှာ ကြီးလာမည်သာ ဖြစ်၏။

ထိုသင်္ဘောပျံလည်း အတွေးအတူတူ ဖြစ်၏။ မိုဝူကျိနှင့် သူတို့ကြားရှိ ကွာဟချက်မှာ နည်းလာသော်လည်း သူတို့က စိုးရိမ်နေဟန် မပေါ်ပေ။

မိုဝူကျိက ဆက်တိုက် လိုက်လာလျှင်ပင် အချိန်အတော်ကြာသည့်အထိ ရူးရူးမူးမူး လိုက်လာနိုင်မည် မဟုတ်ပေ။

ကံဆိုးစွာဖြင့် မိုဝူကျိက ချွင်းချက် ဖြစ််နေ၏။ သူ့တွင် သဘာဝစွမ်းအား အမြောက်အမြား ရှိရုံသာမက အသိစိတ်ပင်လယ်အတွင်း ခရမ်းရေကန်လည်း ရှိထားသေး၏။ အကယ်၍ မလုံလောက်သေးပါက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းတို့ ရှိနေသေးသည်။

လဝက်ကြာမြင့်ပြီနောက် ထိုသင်္ဘောပျံက စတင် စိုးထိတ်လာမိသည်။ အကယ်၍ တခြားသူသာ သူတို့ နောက်လိုက်လာသည်ဆိုပါက ထိုလူက နှေးကွေးသွားကာ ကျန်ရစ်ခဲ့မည် ဖြစ်၏။ သို့သော်လည်း ထိုမကောင်းဆိုးဝါးက ပို၍ မြန်မြန်လာကြောင်း တွေ့လိုက်ရသည်။

နောက်ထပ် ရက်တချို့ ကုန်ဆုံးသွားလေသည်။ သင်္ဘောပျံက မိုဝူကျိကို မရှောင်နိုင်တော့ကြောင်း သိ၍ မိုဝူကျိအား စောင့်နေရန် ဆုံးဖြတ်လိုက်ကြသည်။

မူလက မိုဝူကျိသည် လမ်းကြောင်းကို မေးမြန်းလိုရုံမျှ ဖြစ်သော်လည်း ယခုအခါ လဝက်မျှ အချိန်ကုန်လိုက်ရ၍ အတော်လေး စိတ်ဆတ်နေသည်။

သူက ခြေတစ်လှမ်းတည်းဖြင့် သင်္ဘောပျံပေါ် ဆင်းသက်လိုက်သည်။ သူက ကာကွယ်ရေး အစီအရင်အတွင်း မဝင်ပေ။ ထို့အစား သူက အာကာပြင် သင်္ကေတတချို့သာ စတင် ရေးထွင်းထားလိုက်၏။

“ ဒီက တာအိုရောင်းရင်း ကျုပ်တို့ကြားမှာ ဘာရန်ငြိုးမှလည်း မရှိပါဘူး။ ဘာလို့များ ဆက်တိုက် လိုက်နေရတာလဲ ” မေးလိုက်သူမှာ နှာကောက်ကောက်နှင့် လူလတ်အရွယ် အမျိုးသားတစ်ဦး ဖြစ်၏။ သူက မိုဝူကျိအား မကျေမနပ် ကြည့်ကာ ပြောလိုက်သည်။

ထိုစဉ် သူ့အကြောက်တရားများကလည်း ကြီးထွားလာသည်။ အကြောင်းမှာ သူက မိုဝူကျိ၏ ကျင့်ကြံဆင့်ကို မမြင့်နိုင်၍ ဖြစ်၏။

သူက နတ်ဘုရားဘုရင် အဆင့် ၆ သာ  ရှိသေး၏။ မိုဝူကျိက တစ်ချက်ကြည့်ရုံဖြင့် ထိုလူလတ်အရွယ် အမျိုးသား၏ ကျင့်ကြံဆင့်ကို ထိုးဖောက်မြင်လိုက်ရသည်။ သူက ဤလူသည် ထူးဆန်းကြောင်း ခံစားမိနေ၏။ ထို့အပြင် သင်္ဘောပျံ အတွင်းပိုင်းကိုလည်း အတားအဆီးများနှင့် ကာကွယ်ထားလေရာ သူ့စိတ်စွမ်းအားပင် အပြည့်အဝ မထိုးဖောက်နိုင်ပေ။

လမ်းကြောင်းကို မေးဖို့ရာ ရည်ရွယ်ထားသည့် မိုဝူကျိက အေးစက်စက် ပြန်ဖြေလိုက်သည်။ ဤတစ်ကြိမ်၌ သူက သင်္ဘောပျံ ကာကွယ်ရေး အစီအရင်အတွင်း ဝင်လိုက်ပြီး သင်္ဘောပျံအား ခြုံငုံကြည့်ကာ

“ မင်းတို့တွေ တစ်ခုခု မှားတာ လုပ်ထားလို့လား။ ဘာလို့ ထွက်ပြေးတာလဲ ”

“ ကျုပ်တို့က အာကာပြင်အတွင်း သွားလာနေရုံလေးပါ။ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ ” ခပ်ဩဩ အသံတစ်သံ ထွက်ပေါ်လာသည်။ ဖြူဖတ်ဖြူရော် လူငယ်လေးတစ်ဦး ထွက်လာသည်။ အကယ်၍ ဖြူဖျော့နေသည့် သူ့အသားရောင်ကြောင့်သာ မဟုတ်လျှင် အတော်လေး ကြည့်ကောင်းပေလိမ့်မည်။

ထိုလူငယ်လေးက အတွင်းပိုင်းမှ ထွက်လာသည်နှင့် မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားက အထဲ ဝင်ရောက်သွားလေသည်။

သူက နေ့ဘက် မမြင်နိုင်သည့် ပူဆွေးသောကရောက်ဖွယ် မြင်ရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဖြစ်ချင်တော့ အတွင်းပိုင်း၌ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရလေသည်။ ထိုအမျိုးသမီး၏ ရုပ်ရည်မှာ သာမာန် ဖြစ်နေပြီး သူမ ကျင့်ကြံဆင့်မှာလည်း နတ်ဘုရားအုပ်စိုးသူအဆင့်သာ ရှိဟန် ပေါ်၏။

“ ငါက သူများကိစ္စ ဝင်ပါရတာ သဘောကျတယ်။ ဖယ်စမ်း  …. သင်္ဘောပျံပေါ် ရှာကြည့်မယ် ” မိုဝူကျိက ရှေ့တိုးလာကာ ဖြူဖတ်ဖြူရော် လူငယ်လေးအား ဘေးသို့ တိုးတိုက်လိုက်သည်။

ထိုလူငယ်လေးက နတ်ဘုရားဘုရင် အဆင့် ၄ မျှသာ ရှိသေး၏။ မိုဝူကျိ၏ အမြင်၌ ထိုသူမှာ ပါးမွှားလေသာ ဖြစ်ပေသည်။

ဖြူဖတ်ဖြူရော် လူငယ်လေးက ရက်ရက်စက်စက် ရယ်မောလိုက်ပြီး   “ ဝင်ရှုပ်ချင်မှတော့ အားကောင်းနေဖို့တော့ လိုတယ် ”

သူက ပြောလိုက်ရင်း အစီအရင်အလံများစွာကို ပစ်လွှတ်လိုက်သည်။ နှာကောက် နတ်ဘုရားဘုရင်သည်လည်း လှုပ်ရှားလိုက်၏။

မကြာခင် သူတို့နှစ်ယောက်က ကြောင်အမ်းသွားကြတော့သည်။ သူတို့၏ သင်္ဘောပျံပေါ်ရှိ အစီအရင်သည် အသက်ဝင်မလာပေ။ ကြည့်ရသည်မှာ အမည်မသိ အားတစ်ချို့၏ ချုပ်နှောင်မှုကို ခံထားရဟန် ပေါ်နေ၏။

မဟုတ်သေးဘူး …. အစီအရင် တာအို စွမ်းအားပဲ …

နှာကောက် နတ်ဘုရားဘုရင်က ထိုအကြောင်း တွေးမိသွားစဉ် မိုဝူကျိက ပြောလိုက်၏

“ မင်းတို့နှစ်ယောက်က ငါ့ကို အဆင့် ၇ ထောင်ချောက်အစီအရင်လေးနဲ့ ဖမ်းချင်နေတာလား … ကောင်းပြီလေ ငါ့အတွက် ဒီအစီအရင်က အရမ်းကို အားနည်းလွန်းတယ် ”

မိုဝူကျိက လက်ကို မြှောက်လိုက်၏။ အစီအရင်မှာ အက်သံများ ထွက်ပေါ်လာပြီးမှာ အမှုန့်ဖြစ်သွားလေသည်။

“ အဆင့် ၈ နတ်ဘုရား အစီအရင် ဧကရာဇ် …. ” နှာကောက် နတ်ဘုရားဘုရင်၏ မျက်နှာ အနေအထားမှာ ပြောင်းလဲသွားလေ၏။ သူက မိုဝူကျိ၏ အစီအရင်တာအိုသည် အဆင့် ၇ ထက် သေချာပေါက် ကျော်လွန်နေကြောင်း တန်းနားလည်လိုက်ပေသည်။ ထိုသူကား အဆင့် က ပညာရှင်သာ ဖြစ်ရမည်။

“ မင်းတို့တွေ မသမာတာ ဘာတွေ လုပ်လာတာလဲ  ” မိုဝူကျိက လက်တစ်ချက် အဝေ့ဖြင့် အတွင်းပိုင်း ကာကွယ်ရေး အစီအရင်အား  ဖျက်စီးပစ်လိုက်သည်။

***

All Chapters