← Chapters

ကပ်ဆိုးကြီးတစ်ခု၏ ရှေ့ပြေး နိမိတ်

Vol. 80 Ch. 1104

ကပ်ဆိုးကြီးတစ်ခု၏ ရှေ့ပြေး နိမိတ်

Vol. 80 Ch. 1104

သင်္ဘောပျံ၏ အတွင်းပိုင်းအခန်းထဲတွင် သာမန်ရုပ်ရည်ဖြင့် အမျိုးသမီး တစ်ဦးတည်းသာ ရှိနေသည်။ မိုဝူကျိ အမြင်၌ သူမ၏ နတ်ဘုရားအုပ်စိုးသူ ကျင့်ကြံဆင့်မှာ အလွန်နိမ့်ကျနေသည်ဟု သတ်မှတ်ရပေမည်။ မိုဝူကျိက ကာကွယ်ရေးအစီအရင်ကို ဆုတ်ဖြဲ၍ ဝင်လာသည်ကို မြင်သောအခါ အချုပ်ခံထားရသော ကောင်မလေးက မိုဝူကျိအား တအံ့တသြ ကြည့်လိုက်၏။ ထို့နောက် သူမက ချက်ချင်းပင် နတ်ဘုရားဘုရင် နှစ်ယောက်၏ မျက်နှာပေါ်မှ အံ့သြထိတ်လန့်သွားသည့် အမူအယာတို့ကို တွေ့လိုက်ရသည်။ သူမကို ကြည့်ရသည်မှာ အခြေအနေအရိပ်အကဲကို အနည်းငယ် နားလည်သဘောပေါက်သွားပုံ ပေါ်ကာ သူမ၏ မျက်လုံးတို့မှာ မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်စ ပြုလာလေသည်။

“ခင်ဗျားက ဘာကြောင့် အဖမ်းခံထားရတာလဲ”

မိုဝူကျိက အမျိုးသမီးအား ကြည့်ကာ သာမန်ကာလျှံကာ မေးလိုက်သည်။

ထိုမေးခွန်းကို မိုဝူကျိ မေးလိုက်သည်နှင့် တစ်ပြိုင်နက်တည်းလိုလိုတွင် ထိုနှာကောက် လူလတ်ပိုင်းအမျိုးသားက မိုဝူကျိဆီသို့ အဆောင်တစ်ခုကို ရုတ်တရက် ပစ်လွှတ်လိုက်၏။

တစ်ချိန်တည်းမှာပင် ထိုဖြူဖပ်ဖြူရော် လူရွယ်ကလည်း  သူ့မှော်ရတနာကို ဆွဲထုတ်လိုက်သည်။

သို့သော် ထိုလူရွယ် မတိုက်ခိုက်လိုက်နိုင်ခင် မိုဝူကျိ ဘေးပတ်ပတ်လည်ရှိ အာကာပြင်စည်းမျဉ်းတို့က ရုတ်တရက် ပြောင်းလဲသွား၏။ ထိုအဆောင်ကို ကြည့်ရသည်မှာ မမြင်နိုင်သည့် လက်တစ်ဖက်ဖြင့် အတားခံထားရပုံ ပေါ်ကာ ညင်ညင်သာသာ ရပ်တန့်သွားသေးသည်။ ထို့နောက်တွင် သဘာဝစွမ်းအား လက်ကြီးတစ်ခုက နှာကောက် လူလတ်ပိုင်း အမျိုးသားအား ဆုပ်ကိုင်လိုက်သည်။ သဘာဝစွမ်းအားလက်နှင့်အတူ တာအိုစည်းမျဉ်းတို့က စတင် စီးဆင်း လှုပ်ရှားလာသည်။ နောက်တစ်ခဏ ချက်ချင်းပင် လူလတ်ပိုင်းအမျိုးသား၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ကိုယ်ခန္ဓာထဲမှ ဆွဲထုတ်ခံလိုက်ရ၏။

မီးလုံးတစ်လုံးကို ပစ်လွှတ်လိုက်သည်နှင့် သူ့ဝိညာဉ်မှာ လောင်ကျွမ်းသွားကာ ခုခံရန် အခွင့်အရေးပင် မရလိုက်ချေ။ အဆောင်မှာ သာမန်စက္ကူ တစ်စပမာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ဖြူဖပ်ဖြူရော် လူရွယ်က ဤအဖြစ်အပျက်ကို မြင်သောအခါ အလိုအလျောက် လှုပ်ရှားမှုတို့အား ရပ်ပစ်လိုက်မိသည်။ သူ၏ ဖြူဖပ်ဖြူရော် မျက်နှာသည်ကား ပို၍ပင် ဖြူဖျော့လာလေ၏။ နတ်ဘုရားဘုရင် တစ်ယောက်အား အသာလေး သတ်ပစ်နိုင်ရန် လူတစ်ယောက်သည် မည်မျှတောင် အားကောင်းလေလိုက်မည်နည်း။ အဆောင်အား အသက်ပင် မသွင်းလိုက်ရချေ။

မိုဝူကျိက မြောက်များစွာသော လက်သင်္ကေတများကို ပုံဖော်၍ အမျိုးသမီးပေါ်မှ အချုပ်အနှောင်များကို ဖြည်ပေးလိုက်သည်။ သူမက အသက်ပြင်းပြင်း တစ်ချက် ရှုသွင်းလိုက်၏။ နောက်ဆုံးတွင်တော့ သူမ စကားပြန်ပြောနိုင်လေပြီ။

မိုဝူကျိက အမျိုးသမီးအား မေးခွန်းများ ဆက်လက် မမေးမြန်းတော့ချေ။ ထိုအစား သူက ဖြူဖပ်ဖြူရော် လူရွယ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ကျုပ်ကို တိုက်ခိုက်ဖို့ ကြိုးစားလည်း အလကားပဲဆိုတာ မင်း သေချာသိနေရက်သားနဲ့တောင် ကျုပ်ကို တိုက်ခိုက်ဖို့ မင်းက ကြိုးစားခဲ့သေးတယ်။ မင်းရဲ့ဘဝက သိပ်ကို အဓိပ္ပာယ်မဲ့နေတယ်လို့ ထင်နေတာလား”

လူရွယ်၏ မျက်လုံးထဲတွင် အကြောက်တရားတို့ ဖြတ်ပြေးသွားသည်။ သူက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီးကာမှ ထောင်ချောက်အစီအရင်သည် မိုဝူကျိ၏ လက်ထဲ ရောက်သွားပြီမှန်း ရုတ်တရက် ပြန်သတိရသွားလေသည်။ သူ ပြောနိုင်လိုက်သည်မှာ

“စီနီယာ… တကယ်တော့ အဲ့လိုလုပ်ရတာက တကယ်လို့ ကျွန်တော်နဲ့ ဖန်းသာ မကြိုးစားခဲ့ဘူးဆိုရင် ကျွန်တော် သေရလိမ့်မယ်ဆိုတာ သိနေလို့ပါပဲ”

“အိုး… ဆက်ပြောပြစမ်းပါဦး”

မိုဝူကျိက အသာပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ သူတို့တွေက နတ်ဘုရားမျှော်စင်ကို လိုချင်တာကြောင့်မို့လို့ပဲ”

မိုဝူကျိ ကယ်လိုက်သော အမျိုးသမီးက ရုတ်တရက် စကားထပြောလိုက်၏။

နတ်ဘုရားမျှော်စင်လား…

မိုဝူကျိ၏ ရင်ထဲ ဂယက်ရိုက်သွားကာ သူ၏အကြည့်တို့က ဖြူဖပ်ဖြူရော် လူရွယ်ပေါ်သို့ ကျရောက်သွားသည်။

နတ်ဘုရားမျှော်စင်ကို သူ သိပေသည်။ ထိုအရာမှာ အင်မော်တယ်လောက၏ ကောင်းကင်လျိုနှင့် မျှော်စင်တစ်ခု ဖြစ်သည်။ နတ်ဘုရားမျှော်စင်အတွင်း၌ မရေတွက်နိုင်သော အားကောင်းသည့် နတ်ဘုရားများစွာကို ပိတ်လှောင်ထားသည်။ ထိုမျှသာမက မျှော်စင်ဆီမှ ကျောက်တုံးတစ်တုံးမှလွဲ၍ တခြား မည်သည့်ရတနာကိုမျှ သူ မထုတ်ယူနိုင်ခဲ့ပေ။

အင်မော်တယ်လောကထဲရှိ နတ်ဘုရားမျှော်စင်အပြင် ဝိဇ္ဇာ လော့ရှုကလည်း နတ်ဘုရားလောကမှ ကျင့်ကြံသူများအား အက်ကြောင်းထဲမှ ထွက်ကျလာသော ပစ္စည်းများဖြင့် နတ်ဘုရားမျှော်စင်တစ်ခု တည်ဆောက်ရန် တောင်းဆိုခဲ့သေးသည်။

ထိုကိစ္စနှစ်ရပ်ကြားမှာ မည်ကဲ့သို့ ပတ်သက်ဆက်စပ်မှုမျိုး ရှိနေမှန်းအား မသိရသေးချေ။

“ဟုတ်ပါတယ်… ကျွန်တော်တို့က နတ်ဘုရားမျှော်စင်ကို လိုချင်တာပါ။ ယွဲ့မင်က နတ်ဘုရားမျှော်စင်ဆီကို ရောက်အောင် ဘယ်လိုသွားရမလဲ ဆိုတာကိုသိတဲ့ တစ်ဦးတည်းသောသူ ဖြစ်နေပါတယ်”

ဖြူဖပ်ဖြူရော်လူရွယ်က ဤကိစ္စအား ပေါက်ကြားခြင်းမှ တားဆီး၍ မရနိုင်မှန်း သိလေသည်။ ထို့ကြောင့် သူက အမှန်အတိုင်း တန်းပြောပြလိုက်ပြီး ယွဲ့မင်အား လက်ညိုးထိုးပြလိုက်၏။

“ခင်ဗျားက နတ်ဘုရားမျှော်စင်ဆီကို ဘယ်လိုသွားရမှန်း သိတယ်ပေါ့”

မိုဝူကျိက ယွဲ့မင်အား ကြည့်ကာ မေးလိုက်သည်။

ယွဲ့မင်က သူမ၏ နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ကာ နှုတ်ပိတ်နေလေ၏။ သိသာစွာပင် မိုဝူကျိက သူမအား ကယ်လိုက်သော်လည်း သူမက မိုဝူကျိကို မယုံကြည်သေးပေ။ စောစောတုန်းက နတ်ဘုရားမျှော်စင်အကြောင်းကို ပြောပြလိုက်သည်မှာ ထိုအကြောင်းအား နောက်ဆုံးတွင် မိုဝူကျိက သိသွားလိမ့်မည် ဖြစ်ကြောင်း သိနေ၍ ဖြစ်၏။

“မင်းတို့တွေ ဒီလောက် အလောတကြီးနဲ့ ဘယ်ကို ဦးတည်ပြီး သွားနေကြတာလဲ”

မိုဝူကျိက နတ်ဘုရားမျှော်စင်အကြောင်း သိပ်စိတ်မဝင်စားချေ။ အကယ်၍ စိတ်ဝင်စားမိလျှင်ပင် အင်မော်တယ်လောကသို့ ပြန်သွားရန် နတ်ဘုရားမျှော်စင်အား မည်သို့ အသုံးပြုရမည်နည်း ဆိုသည့်အကြောင်းကိုသာ ပို၍ စိတ်ဝင်စားမိပေမည်။

သို့သော် မိုဝူကျိက အင်မော်တယ်လောကသို့ အလောတကြီး ပြန်သွားချင်နေသည် မဟုတ်ပေ။ သူသာ ပညာရှိတာအိုအဆောင်အား ပိုမြင့်သည့် အဆင့်တစ်ခု ရောက်အောင် သန့်စင်နိုင်သရွေ့ သူ့အား အင်မော်တယ်လောကသို့ ပြန်ခေါ်သွားနိုင်မည့် အဆောင်တစ်ခုကို သူ သေချာပေါက် ရရှိလာလိမ့်မည် ဖြစ်သည်။

“စီနီယာကို ဖြေကြားအပ်ပါတယ်။ ဂျူနီယာ ဟိုင်မင်နဲ့ဖန်းတို့က ဝိဇ္ဇာ မုန့်ယဲ့ရဲ့ လက်အောက်ခံလူတွေပါ။ ကျွန်တော်တို့က ရတနာတချို့ရဲ့ တည်နေရာတွေကို လိုက်ရှာဖို့အတွက် သခင် မုန့်ယဲ့ဆီကနေ အမိန့်ကို လက်ခံရရှိထားပါတယ်။ အဲ့လိုနဲ့ နောက်ဆုံးမှာ နတ်ဘုရားမျှော်စင်ရဲ့ သတင်းကို ကျွန်တော်တို့ ရှာတွေ့ခဲ့တယ်။

ယွဲ့မင်ကို ကျွန်တော်တို့တွေ ဖမ်းမိတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က ကျွန်တော်တို့ကို သတိပြုမိသွားတယ်။ ပြီးတော့ အဲ့လူက ကျွန်တော်တို့နောက်ကို တောက်လျှောက် လိုက်လာတော့တာပဲခင်ဗျ။ အဲ့ဒါကြောင့်မလို့ စီနီယာက ကျွန်တော်တို့နောက် လိုက်လာတာကို ဂျူနီယာက မြင်မိတဲ့အချိန်မှာ ကျွန်တော်တို့တွေ ဆက်လက် ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ကြတာပါပဲ…”

ဟိုင်မင်၏ လေသံမှာ အင်မတန်ရိုကျိူးကာ လေးစားမှုတို့ဖြင့် ပြည့်နေလေ၏။

“မုန့်ယဲ့ကလည်း ဝိဇ္ဇာတစ်ယောက်လား”

မိုဝူကျိ၏ ရင်မှာ ထိတ်သွားသည်။ အဘယ်ကြောင့် ဝိဇ္ဇာတွေ အများကြီး ရှိနေရသနည်း။

ဖြစ်နိုင်သည်မှာ ဝိဇ္ဇာသူတော်စင် သခင်မ ပြောသလိုများ ဖြစ်နေသည်လား… နောက်ထပ် ကပ်ဆိုးကြီးတစ်ခု ကျရောက်လာတော့မည်လား…

ဟိုင်မင်က မိုဝူကျိ မျက်မှောင်ကျုံ့သည်ကို ရိပ်မိပုံ ပေါ်သည်။ သူက အမြန်ဦးညွှတ်ကာ ပြောလိုက်သည်။

“စီနီယာ… အဲ့ဒီမုန့်ယဲ့ကို တကယ့် ဝိဇ္ဇာအစစ် တစ်ယောက်လို့ သတ်မှတ်လို့မရပါဘူး”

“ဒါဆို သူက နတ်ဘုရား အာဏာစက်ပိုင် မရှိတဲ့ ဝိဇ္ဇာတုတစ်ယောက်လား”

မိုဝူကျိက နတ်ဘုရား နားခိုရာနယ်မြေမှ ဝိဇ္ဇာတု မင်ယွမ်ကို တွေးမိကာ နှာခေါင်းရှုံ့လိုက်သည်။ နတ်ဘုရား အရိုက်အရာ မရှိသည့် ထိုငတိများသည်ကား နတ်ဘုရား အာဏာစက်တစ်ခုကို ပိုင်ဆိုင်နိုင်ရန် နည်းမျိုးစုံသုံး၍ ကြိုးစားနေကြလေသည်။ သူ့ဘာသာသူ ဘွဲ့ခံယူထားသည့်သူပင် ရှိနေလေသည်။

ဟိုင်မင်က ဂရုတစိုက် ရှင်းပြလိုက်သည်။

“မုန့်ယဲ့က နယ်လှည့်ဝိဇ္ဇာ သုံးဦးထဲက တစ်ယောက်ပါ။ ဒီနယ်လှည့်ဝိဇ္ဇာသုံးဦးက ဝိဇ္ဇာတွေကို မယှဉ်နိုင်ပေမဲ့ သူတို့မှာ နတ်ဘုရား အာဏာစက်တွေ ရှိကြတယ်။ နတ်ဘုရား အာဏာစက်တွေအကြောင်း ကိစ္စတချို့ကို ဂျူနီယာ သိထားတာရှိပါတယ်။ စီနီယာ့ကို အသေးစိတ် ရှင်းပြဖို့ ဆန္ဒရှိပါတယ်ခင်ဗျ”

မိုဝူကျိက လက်ခါလိုက်ပြီး ဟိုင်မင်ကို တားလိုက်သည်။ နတ်ဘုရား အာဏာစက်များအကြောင်း သူလည်း ထိုနည်းတူစွာ သေချာသိထားသည်။ နယ်လှည့်သုံးဦးသည် အံ့သြစရာကောင်းသည်မှာ မလွဲဧကန်ပင်။ ထိုသူတို့သည်ကား ဝိဇ္ဇာနတ်ဘုရား အရိုက်အရာများ ပြီးလျှင် ဒုတိယမြောက်ဖြစ်သော အရိုက်အရာခံ နတ်ဘုရားများ ဖြစ်ကြသည်။ ထို့အပြင် သူတို့သည် တာအိုအုပ်စိုးသူ အရိုက်အရာခံလေးဖော်နှင့် အဆင့်တူတွင် ရှိကြသည်။

ကြည့်ရသည်မှာ ထိုဝိဇ္ဇာသူတော်စင် သခင်မ ပြောသည်မှာ မှန်နေဟန် ရှိ၏။ နောက်ထပ် ကပ်ဆိုးကြီးတစ်ခုက နီးကပ်လာလေပြီ။ သို့မဟုတ်ပါက အဘယ်ကြောင့် ထိုဘိုးတော်များ  တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာနေသနည်း။

နောက်ပိုင်းတွင် သူတို့သည် မည်သူက ကပ်ဆိုးကြီးကို အသက်ရှင်ကျန်ရစ်နိုင်လိမ့်မည်နည်းအား ယှဉ်ပြိုင်ကြပေလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော သူတို့သည်ကား တကယ့် ဝိဇ္ဇာအစစ်များ ဖြစ်လာလိမ့်မည်။

မိုဝူကျိက မျက်မှောင်ကျုံ့ကာ အသံတိတ်နေသည်ကို မြင်သောအခါ ဟိုင်မင်ကော ယွဲ့မင်ကပါ သူ့အား မနှောင့်ယှက်သင့်မှန်း သိလိုက်၏။

အနည်းငယ်ကြာပြီးမှ မိုဝူကျိက ရုတ်တရက် မေးလိုက်သည်။

“မုန့်ယဲ့က မင်းတို့ကို ဘယ်ရတနာတွေရဲ့ တည်နေရာကို ရှာစေချင်တာလဲ”

ဤအချိန်အခါ၌ ဟိုင်မင်က ဘာကိုမျှ မဖုံးကွယ်ထားရဲပေ။

“သူက ကျွန်တော်တို့ကို နတ်ဘုရားမျှော်စင်၊ မိုးမြေမီးပြင်းဖို၊ အချိန်စက်ဝန်းပြားနဲ့ ထောင်ထျဲ့ဒယ်အိုးတို့ရဲ့ တည်နေရာတွေကို ရှာဖို့ တာဝန်ပေးထားတာပါ”

မိုဝူကျိ ရင်ထဲ တစ်ချက် ထိတ်သွား၏။ သူက နတ်ဘုရားမျှော်စင်သည် မည်သို့သော ရတနာမျိုးမှန်း မသိချေ။ သို့သော် နောက်ပိုင်းရတနာတွေ အားလုံးမှာ ကံကြမ္မာ ထိပ်သီးရတနာများ ဖြစ်သည်။ ထို့အပြင် သူ့ဆီတွင် မိုးမြေမီးပြင်းဖိုနှင့် အချိန်စက်ဝန်းပြားတို့ ရှိနေသည်။ အကယ်၍ နတ်ဘုရားမျှော်စင်သည်လည်း ကံကြမ္မာထိပ်သီး ရတနာတစ်ခု ဖြစ်နေပါက မုန့်ယဲ့က ဟိုင်မင်တို့ကို ရှာခိုင်းထားသည့် ရတနာအားလုံးမှာ ကံကြမ္မာ ထိပ်သီးရတနာများ ဖြစ်နေသည်ဟု ဆိုလိုနေလေ၏။

ဤနယ်လှည့်ဝိဇ္ဖာကလည်း ကပ်ဆိုးကြီး ကျရောက်လာတော့မည့်အဖြစ်ကို သိနေသည်လော…

 ထို့ကြောင့် သူက သူ့ကိုယ်သူ ကာကွယ်ရန် ကံကြမ္မာထိပ်သီးရတနာတစ်ခုကို ပိုင်ဆိုင်ချင်နေသည်လော…

“မုန့်ယဲ့ကို ဘယ်လိုရှာရမလဲ”

မိုဝူကျိက ဤမုန့်ယဲ့အား ရုတ်တရက်ကြီး တွေ့ချင်သွား၏။ မုန့်ယဲ့သည် တကယ့် ဝိဇ္ဇာအစစ် မဟုတ်ကြောင်းနှင့် အလွန်ဆုံးရှိလှ ဝိဇ္ဇာ တစ်ပိုင်းအဆင့်တွင်သာ ရှိမည် ဖြစ်ကြောင်း သူက သေချာသည်။

သူ၏ လက်ရှိစွမ်းရည်ဖြင့် ဝိဇ္ဇာတစ်ပိုင်းအဆင့် တစ်ယောက်နှင့် မည်သို့မည်ပုံ ရင်ဆိုင်တိုက်ခိုက်နိုင်မည်နည်းအား သူမသိချေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ စမ်းကြည့်ချင်သည်။ မုန့်ယဲ့သည် နယ်လှည့်သုံးဦးထဲမှ နတ်ဘုရားအာဏာစက် တစ်ခုကို ပိုင်ဆိုင်ထားနိုင်သည်ဖြစ်လေရာ သူသည် ဝိဇ္ဇာတစ်ပိုင်းအဆင့်များအနက် ထိပ်ဆုံးတွင် ရှိနေသည်ဟု ဆိုလိုနေလေ၏။ သူ မုန့်ယဲ့နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ပါက ဝိဇ္ဇာအဆင့်အောက်ရှိ မည်သူ့ကိုမဆို သူ ကြောက်စရာ မလိုတော့ကြောင်း ဆိုလိုနေလေသည်။

ကံမကောင်းစွာပင် သူ၏ ကျင့်ကြံဆင့်မှာ အားနည်းနေသေးသည်။ အကယ်၍ သူသာ သဟဇာတနတ်ဘုရား အဆင့် ၁၂ ကို ဝင်ရောက်နိုင်ပါက အကောင်းဆုံး ဖြစ်သွားပေလိမ့်မည်။

ဟိုင်မင်က အမြန်ပြောလိုက်၏။

“ဂျူနီယာက သတ်မှတ်ထားတဲ့ နေရာတစ်နေရာကို ရောက်အောင်သွားပြီး အမှာစကား ပို့လွှတ်ဖို့ကိုပဲ သိပါတယ်။ နယ်လှည့်ဝိဇ္ဇာကို ဘယ်လိုတွေ့ရမလဲဆိုတာကိုတော့ ဂျူနီယာလည်း သေချာမသိပါဘူး”

“ဒါဆို မင်း နတ်ဘုရားမျှော်စင်အကြောင်း ကျုပ်ကို ရှင်းပြနိုင်လား။ နတ်ဘုရားမျှော်စင်က ဘာတွေများ ထူးခြားနေတာလဲ။ ဘာဖြစ်လို့ မင်းတို့က နတ်ဘုရားမျှော်စင်ကို ရှာနေရတာလဲ ဆိုတာကိုပေါ့။ အော် ပြီးတော့ အဲ့ဒီသတ်မှတ်ထားတဲ့နေရာရဲ့ တည်နေရာပြ မြေပုံတစ်ခု ကျုပ်ကို ဆွဲပေးဦး”

မိုဝူကျိက ခပ်တည်တည် ပြောလိုက်သည်။

“ဝုန်း”

မိုဝူကျိ၏ စကားတို့ကို ပြောပြီးရုံသာ ရှိသေးသည့်အချိန်တွင် သင်္ဘောပျံ၏ အပြင်ဘက် ကာကွယ်ရေးအစီအရင်မှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားလေသည်။

တစ်ချိန်တည်းမှာပင် မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းက ကျယ်ပြန့်လာပြီး သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ အားကောင်းသည့် သဘာဝစွမ်းအား ပေါက်ကွဲမှုတစ်ခုနှင့် စိတ်စွမ်းအားတစ်ခုက လွှမ်းခြုံလာကာ မိုဝူကျိ၏ စွမ်းအားစက်ကွင်းအား တစ်စစီ ဆုတ်ဖြဲပစ်ရန် ဟန်ပြင်နေသည်။

“ဝုန်း”

သွေးမြူတစ်ကွက် ပေါက်ကွဲထွက်သွား၏။ မိုဝူကျိနှင့် မလှမ်းမကမ်းလောက်ရှိ ဟိုင်မင်မှာ ပေါက်ကွဲထွက်သွားကာ သူ၏ ဝိညာဉ်မှာလည်း အပြီးအပိုင် ပျောက်ကွယ်သွား၏။

အာကာပြင်ကိုပင် ဆုတ်ဖြဲပစ်နိုင်မည့်ပုံပေါ်သည့် ကြောက်ခမန်းလိလိ ဖိအားတစ်ခုက ရောက်ရှိလာသည်။ သူ၏ ပတ်ပတ်လည်ရှိ အာကာပြင်မှာ ခဲလာပြီး သူ့အား အသက်ရှုရန် ခက်ခဲလာစေမှန်း မိုဝူကျိက ချက်ချင်းခံစားမိလိုက်သည်။

နောက်တစ်ခဏချက်ချင်းပင် သူက သဘာဝစွမ်းအားတို့ကို ဟုန်းခနဲ ဖြစ်ပေါ်သွားစေကာ သူ၏ စွမ်းအားစက်ကွင်းကိုလည်း အင်အားအပြည့် ထုတ်သုံးလိုက်၏။ သူ့ပတ်ပတ်လည်မှ ထိုဖိအားမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။

“မင်းမှာ အရည်အချင်း နည်းနည်းတော့ ရှိသားပဲ”

အေးစက်စက်အသံတစ်သံက ရောက်ရှိလာသည်။ ထို့နောက် ပညာရှိဆန်ဆန် ဟန်ပန်အမူအယာရှိသည့် တာအိုကိုယ်တော်တစ်ပါးက မိုဝူကျိ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းက နတ်ဘုရားမျှော်စင်အကြောင်း သိချင်နေမှတော့ ငါလည်း ပြောပြရတာပေါ့။ ငါ့နေရာအတွက်ကိုတော့…  ငါ မင်းကို အဲ့ဒီနေရာကို ခေါ်သွားပေးလို့ ရတယ်လေ”

မိုဝူကျိက အဖြူရောင် မြင်းမြီးတုတ်တစ်ခုကို ကိုင်ထားသော ဆံပင်အဖြူ၊ မုတ်ဆိတ်အဖြူနှင့် တာအိုကိုယ်တော်အား ကြည့်ကာ ခပ်တည်တည် ပြောလိုက်သည်။

“ခင်ဗျားက ဝိဇ္ဇာယောင်ဆောင်နေတဲ့ မုန့်ယဲ့ဆိုတဲ့ တစ်ယောက်ပဲ ဖြစ်ရမယ်”

“ဟားဟား”

တာအိုကိုယ်တော်က ရယ်လိုက်ကာ

“အသက်ငယ်သူတွေက အသက်ကြီးသူတွေကို ကျော်တက်တယ်ဆိုတာ အမှန်ပဲ။ သဟဇာတ အစောပိုင်းအဆင့်လေး တစ်ယောက်ကများ ငါဆိုတဲ့ မုန့်ယဲ့ကို ဒီလိုအချိုးမျိုးနဲ့ စကားလာပြောရဲတယ်။ အမှန်ပဲ။ ငါက မုန့်ယဲ့ပဲ။ မင်း ငါ့ကို မြင်ချင်နေတာ မဟုတ်ဘူးလား။ ငါ ဒီကို ရောက်လာပြီလေ။ အခု မင်းက နတ်ဘုရားမျှော်စင်ရဲ့ ဇာစ်မြစ်ကို သိချင်နေတယ်မလား။  မင်းကို ဖြည်းဖြည်းချင်း ရှင်းပြလို့ရတယ်”

မိုဝူကျိက သက်ပြင်းချကာ

“တကယ့်ကို မှန်နေတာပဲ”

“ဘာကို မှန်နေတာလဲ”  မုန့်ယဲ့က အရယ်ရပ်လိုက်သည်။

မိုဝူကျိက ပြောလိုက်သည်မှာ

“တကယ့်ကိုပဲ ခင်ဗျားက ဟန်ပန်များပြီး ရွံမုန်းစရာကောင်းတဲ့ ယောကျ်ားတစ်ယောက် ဖြစ်နေတာ အမှန်ပဲ။ ဒီနေ့ နယ်လှည့် ဝိဇ္ဇာတစ်ယောက်က ဘယ်လောက်ထိ အားကောင်းလဲဆိုတာ ကျုပ် ကြည့်ရသေးတာပေါ့ဗျာ။

အော် ဟုတ်သားပဲ… နတ်ဘုရားမျှော်စင်အကြောင်း ဆိုလို့ ကျုပ် အရင်က အဲ့ဒီကို ရောက်ဖူးတယ်ဗျ။ အထဲမှာ အင်မော်တယ်ပိတ်လှောင်ရေး အစီအရင်တစ်ခု ရှိတယ်။ အစီအရင်ကနေ လူတစ်ယောက်ကိုတောင် ကျုပ် ကယ်ခဲ့သေးတယ်။ အိုး… အခုမှ ပြန်သတိရတယ်။ အင်မော်တယ် ပိတ်လှောင်ရေးအစီအရင်ထဲမှာ ဖီကာရွံ့စေး တစ်ပိုင်းတစ်စကိုတောင် ကျုပ် ရခဲ့သေးတယ်…”

“ဘာရယ်… မင်းဆီမှာ ဖီကာရွံ့စေး ရှိတယ်လား”

မိုဝူကျိ၏ စကားများကို မုန့်ယဲ့က ကြားသောအခါ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ချက်ချင်း ဖြစ်ပေါ်လာသည်။ ဤအခိုက်အတန့်၌ သူ၏ ပညာရှိဆန်ဆန် ဟန်ပန်အမူအယာကို မည်ကဲ့သို့များ ဆက်လက် ထိန်းထားနိုင်ပါတော့မည်နည်း။

ယွဲ့မင်ပင်လျှင် စကားတချို့ ပြောချင်နေသည့် ပုံစံမျိုးဖြင့် မိုဝူကျိဘက်သို့ စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်သည်။

***

All Chapters