မိတ်ဆွေဟောင်းတစ်ယောက်၏ သေဆုံးမှု
Vol. 80 Ch. 1105
မိုဝူကျိက သူ့ရှေ့မှ အာကာပြင် ဗလာဟင်းလင်းဆီသို့ လက်ဆန့်ထုတ်ကာ ဆုပ်ကိုင်လိုက်၏။ လခြမ်းကွေးပုဆိန်လှံရှည်က သူ့လက်ထဲသို့ ရောက်ရှိလာသည်။ ထို့နောက် သူက အလွန့်အလွန် ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဟုတ်တယ်။ ကျုပ်ဆီမှာ ဖီကာရွံ့စေး ရှိတယ်။ ခင်ဗျားမှာ အရည်အချင်းရှိရင် ကျုပ်ဆီကနေ လာလုယူလေ”
မုန့်ယဲ့က မြင်းမြီးတုတ်ကို ဆတ်ခနဲ ရိုက်ထုတ်လိုက်ကာ မိုဝူကျိဆီသို့ သန်းထောင်ပေါင်းများစွာသော အဖြူရောင်အမွေးတို့ကို ပစ်လွှတ်လိုက်၏။
“မင်းက ငါ တွေ့ဖူးသမျှထဲမှာ မာန်အထောင်ဆုံး သဟဇာတ နတ်ဘုရား ငတိပဲ။ မင်းမှာ အဲ့လိုစကားတွေ ပြောဖို့ အဆင့်မှီ မမှီကို ကြည့်ကြည့်ရအောင်…”
မုန့်ယဲ့က ဗြုန်းစားကြီး ရပ်သွားသည်။ သူ၏ သန်းထောင်ပေါင်းများစွာသော အမွေးတို့က သူစီစဉ်ထားသည့် နည်းအတိုင်း မရွေ့လျားဘဲ ဖြစ်နေသည်ကို တွေ့ရှိသွားသည်။ မိုဝူကျိက သူတို့အား အလွယ်တကူပင် တားဆီးနိုင်လိုက်သည်။ ထို့အခါ မုန့်ယဲ့က သဘာဝ စွမ်းအားလက်တစ်ဖက်ဖြင့် မိုဝူကျိအား ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။
မိုဝူကျိက သည့်ထက်ပို၍ အားနည်းနေလျှင်ပင် မုန့်ယဲ့၏ သဘာဝစွမ်းအားလက်၏ ဖမ်းဆုပ်ခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။ မိုဝူကျိ၏ လခြမ်းကွေး ပုဆိန်လှံရှည်ကလည်း သန်းထောင်ပေါင်းများစွာသော လှံအလင်းတန်းများကို ထုတ်လွှတ်လိုက်ကာ ထိုအလင်းတန်းတို့က မုန့်ယဲ့၏ သန်းထောင်ပေါင်းများစွာသော အမွေးတို့ဆီသို့ ရောက်ရှိသွားသည်။ လေထုထဲတွင် နတ်သဘာဝစွမ်းအားတို့ အပြင်းအထန် ပေါက်ကွဲကုန်ကြလေ၏။
မိုဝူကျိကော မုန့်ယဲ့ကပါ ယွဲ့မင်အား မသေစေချင်သည့် အချက်ကြောင့်သာ မဟုတ်ပါက ယွဲ့မင်သည် တစ်စစီဖြစ်အောင် ဆုတ်ဖြဲခံလိုက်ရနေလောက်လေပြီ။ သင်္ဘောပျံသည်ကား နှစ်ဦးသား၏ သဘာဝစွမ်းအားနှင့် စွမ်းအားစက်ကွင်းတို့၏ ကြီးမားသော အင်အားများကြောင့် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားနှင့်လေပြီ။
ယွဲ့မင်သည် နောက်ဆုတ်သင့်မှန်း သိလိုက်သည်။ ဤကဲ့သို့ ကြောက်မက်ဖွယ် တိုက်ပွဲမျိုးတွင် သူမသည် ပုရွက်ဆိတ် တစ်ကောင်ထက် မပိုမှန်း သိပေသည်။
တစ်ချိန်တည်းမှာပင် သူမက ထွက်ပြေးဖို့လည်း မကြိုးစားပေ။ အကယ်၍ သူမသာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီး မိုဝူကျိကလည်း ရှုံးသွားခဲ့လျှင် နယ်လှည့် ဝိဇ္ဇာမုန့်ယဲ့သည် သူမအား အလွယ်တကူ ဖမ်းနိုင်မည်မှန်း သိသည်။ ဒုတိယအချက်အနေနှင့် မိုဝူကျိ နတ်ဘုရားမျှော်စင်သို့ မည်သို့ ဝင်ရောက်ခဲ့သနည်း၊ နတ်ဘုရားမျှော်စင်ထဲမှ လူတစ်ယောက်ကို သူ ဘယ်လိုကယ်တင်ခဲ့သနည်းနှင့် သူကယ်ခဲ့သောလူမှာ မည်သူ ဆိုသည့်အချက်ကိုလည်း သိလေသည်။
“ဘုန်း… ဘုန်း… ဘုန်း”
ယွဲ့မင် နောက်ဆုတ်ပြီးသွားသည့်နောက်တွင် မိုဝူကျိနှင့် မုန့်ယဲ့တို့သည် ပိုမိုပြင်းထန်စွာ သည်းကြီးမည်းကြီး တိုက်ခိုက်လာကြလေသည်။ သူတို့က လေထုထဲတွင် ရပ်နေရင်းဖြင့် သူတို့၏ လျို့ဝှက်ပညာရပ်တို့ကို တစ်ဖက်လူဆီသို့ အဆက်မပြတ် ပစ်လွှတ်နေကြသည်။ သူတို့၏ ပတ်ပတ်လည်ရှိ အာကာပြင်ထဲတွင် သေးငယ်သော အာကာပြင် အက်ကွဲကြောင်းများ အဆက်မပြတ် ဖြစ်ပေါ်နေလေ၏။
“မင်းမှာ တကယ့်ကို အစွမ်းတချို့တော့ ရှိနေသားပဲ။ အရာအားလုံး အမွေးအဖြစ်သို့ ပြောင်းစေ… အရာအားလုံး ပုံရိပ်ယောင်တစ်ခု ဖြစ်လာစေ…”
မုန့်ယဲ့၏ မြင်းမြီးတုတ်ထဲမှ အမွေးတို့သည် ရုတ်တရက် ကမ္ဘာတစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားသည်။
ဤကမ္ဘာအတွင်း၌ အရာအားလုံးမှာ စိုးရိမ်စရာ ကောင်းနေသည်။ စိုးရိမ်မှုတို့ဖြင့် အသက်ဆက်ရှင်နေမည့် အစား အရာအားလုံးကို လက်လွတ်ကာ ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလိုက်ပါ့လား…
အကယ်၍ ပုံရိပ်ယောင်တစ်ခု ဖြစ်လာရန် ဆန္ဒမရှိပါက သန်းထောင်ပေါင်းများစွာသော စိုးရိမ်ခြင်းအမွေးတို့ကို ပြန်ဖြည်ရန် မိမိ၏ အသိဉာဏ်ကို ဖြည်းဖြည်းချင်း အသုံးပြုဖို့ လိုအပ်ပေလိမ့်မည်။
မိုဝူကျိသည်ကား ထိုစိုးရိမ်ခြင်း အမွေးတို့ထဲသို့ ရုတ်တရက် ဆွဲယူခံလိုက်ရသည်။ သူက ချက်ချင်းပင် ထင်ယောင်ထင်မှား ဖြစ်နေရာမှ နိုးထလာကာ သူ့ပတ်ပတ်လည်ရှိ ကမ္ဘာကို တအံ့တသြ စိုက်ကြည့်လိုက်သည်။ ဤဘိုးတော်က သူ၏ သက်ရှိလောကနှင့် ပုံစံတူသည့် လျို့ဝှက်ပညာရပ်တစ်ခုကို သုံးလိုက်ခြင်း ဖြစ်သည်။ သက်ရှိလောကသည် သူ အကျွမ်းကျင်ဆုံးဖြစ်သော လျို့ဝှက်ပညာရပ်များထဲမှ တစ်ခုဖြစ်သည်။ ဤသည်မှာ ကျွမ်းကျင်သူတစ်ယောက်၏ ရှေ့တွင် မိမိ၏ မဆိုစလောက် စွမ်းရည်လေးကို လာပြနေခြင်းနှင့်သာ တူနေလေတော့သည်။
မိုဝူကျိသည် ထိုသန်းထောင်ပေါင်းများစွာသော စိုးရိမ်ခြင်းအမွေးများ အတွင်း၌ ပုံရိပ်ယောင် တစ်ခုအဖြစ်သို့ ပြောင်းလဲရန် ဆန္ဒမရှိပေ။ သူက နောက်မဆုတ်ရုံသာမက အဆုံးအစမရှိသည့် စိုးရိမ်ခြင်း အမွေးများဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ သူ၏ လက်ချောင်းဖြင့် ရှေ့သို့ ထိုးစိုက်လိုက်သည်။
သက်ရှိလောကတိုက်ကွက်…
မိုဝူကျိ၏ သက်ရှိလောကကို အမြဲတန်း ကျင့်ကြံသူများအပေါ်တွင်သာ အသုံးပြုဖူးခဲ့သည်။ ဤသည်မှာ သက်ရှိလောကကို လျို့ဝှက်ပညာရပ် တစ်ခုအပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် သုံးလိုက်ခြင်း ဖြစ်သည်။
သက်ရှိလောကထဲတွင် သေခြင်းနှင့် ရှင်ခြင်း၊ စိုးရိမ်ခြင်းနှင့် ပျော်ရွှင်ခြင်း၊ အရာအားလုံးမှာ လူသားတစ်ယောက်၏ အတွေးများသာ ဖြစ်ကုန်သည်။
ဤကမ္ဘာထဲတွင် လူသားများသည် အသက်ရှင်ဖို့ တစ်ခုတည်းကိုသာ အလိုရှိကြသည်။ လောကနိယာမများအကြောင်း ပြောနေဖို့လည်း မလိုသလို ထိုသန်းထောင်ပေါင်းများစွာသော စိုးရိမ်ခြင်း အမွေးများကို ပြန်ဖြည်စရာလည်း မလိုပေ။
ငါသည်ကား လူသားတစ်ယောက်… ငါ့ဆီမှာ ဉာဏ်ပညာကြီးကြီးမားမား မရှိပေ။
ဤလူသားကမ္ဘာထဲမှာ ငါက အသက်ရှင်ဖို့ကိုသာ လိုလားတောင့်တသည်။
ဤစိုးရိမ်ခြင်းအမွေးတွေကို ပြန်ဖြည်ဖို့ အသိဉာဏ်ကို သုံးမည့်အစား အားလုံးကို မီးရှိူ့ပစ်လိုက်ရအောင်ပါလား…
အမွေးများကို ပြန်ဖြည်နေစရာ မလိုတော့ပေ…
ပညာရှင်နှလုံးသား မီးတောက်… ငါ့အတွက် လောင်ကျွမ်းလိုက်စမ်း…
“ဝုန်း”
မီးတောက်တိုင်ကြီးတစ်တိုင်က ပေါက်ကွဲထွက်လာကာ မီတာထောင်ချီကျော် မြင့်တက်သွားလေသည်။
ဤသက်ရှိလောကထဲတွင် ထိုသန်းထောင်ပေါင်းများစွာသော စိုးရိမ်ခြင်းအမွေးတို့သည် မီးတောက်တိုင်၏ လောင်မြိုက်ခြင်းကို ခံလိုက်ရသည်။ အရာအားလုံး ရှင်းလင်းသွားကာ သူတို့၏ ဘေးပတ်လည်မှ အာကာပြင်မှာလည်း ယခုအချိန်တွင် ဟာလာဟင်းလင်း ဖြစ်သွားလေ၏။
မုန့်ယဲ့က ဆက်လက်မတိုက်ခိုက်ပေ။ သူက မိုဝူကျိအား တည်ငြိမ်စွာ စိုက်ကြည့်လိုက်ရင်း ပြောလိုက်သည်။
“မင်းက သဟဇာတနတ်ဘုရားတစ်ယောက် ဖြစ်နေပေမဲ့ မင်းမှာ ငါ့ကို အဲ့ဒီစကားတွေ ပြောဖို့ တကယ့်အရည်အချင်း ရှိနေသားပဲ။ တကယ်လို့ ငါ မင်းကို အနိုင်တိုက်နိုင်ခဲ့ရင်တောင်မှ မင်းကို အသေသတ်ဖို့တော့ ငါ့အတွက် ခက်ခဲလိမ့်မယ်လို့ ယုံတယ်”
မိုဝူကျိက စက်ဆုပ်စွာ ပြောလိုက်သည်။
“တာအိုကိုယ်တော်အိုကြီး… ခင်ဗျား ဟန်ဆောင်နေတာတွေ ရပ်လိုက်လို့ မရဘူးလား။ ခင်ဗျား ကျုပ်ကို အနိုင်ယူနိုင်မယ်လို့ ထင်နေရင်တော့ ခင်ဗျား အိမ်မက်မက်နေတာပဲ”
နတ်ဘုရားအာဏာစက်နှင့် ထိုဘိုးတော်များအားလုံးသည် သူတို့၏ အထက်နေရာများတွင် ဟိတ်ဟန်ကြီးများဖြင့် မောက်မောက်မာမာ နေနေကြသည်။ သူတို့အတွက် တခြားသက်ရှိ သတ္တဝါအားလုံးမှာ ပုရွက်ဆိတ်များနှင့် ဘာမျှ မခြားပေ။ ထိုအာဏာစက်ပိုင် နတ်ဘုရားများအပေါ်တွင် မိုဝူကျိက တစ်စက်ကလေးမျှ အကောင်းမြင်၍ မရပေ။ မိုဝူကျိ သတ်ဖြတ်သည့်အချိန်တွင် သူ့ဆီမှာ ထိုသို့သတ်ဖြတ်ရသည့် အကြောင်းအရင်း တိတိကျကျ ရှိနေစမြဲ ဖြစ်သည်။ သို့သော် အာဏာစက်ပိုင်နတ်ဘုရား အများစုသည် အကြောင်းအရင်းမရှိ ကြုံရာကျပန်း စိတ်ထင်တိုင်း အကြီးအကျယ် သတ်ဖြတ်လေ့ ရှိကြသည်။
ထိုအာဏာစက်ပိုင် နတ်ဘုရားများ၏ အရှေ့ရောက်သွားသည့် သာမန်ကျင့်ကြံသူ တစ်ယောက်သည်ကား လူသားတစ်ယောက်ရှေ့မှ ငါးတစ်ကောင်နှင့် ဘဝတူအဖြစ် ရောက်သွားလေသည်။
မိုဝူူကျိသည် မုန့်ယဲ့အား သူအနိုင်တိုက်နိုင်မည် မဟုတ်ကြောင်းကိုလည်း ခန့်မှန်းမိသည်။ သို့သော် သူတို့နှစ်ယောက် ကြားမှ အင်အားကွာခြားချက်မှာ သိပ်မကြီးချေ။ ထို့အပြင် သူဆိုသည့် မိုဝူကျိအား သတ်နိုင်လိမ့်မည်ဟု ထင်နေပါက မုန့်ယဲ့တစ်ယောက် အိမ်မက်မက်နေခြင်းသာ ဖြစ်ရမည်။
မုန့်ယဲ့ကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် ပုံမှန်အားဖြင့် တခြားသတ္တဝါများကို ပုရွက်ဆိတ်များသဖွယ်သာ သတ်မှတ်ပြုမူလေ့ရှိသော်လည်း သူ့ဆီတွင် ကြီးမားသည့် သည်းခံနိုင်စွမ်းလည်း ရှိနေသည်။ မိုဝူကျိ၏ ထိုစကားလုံးများသည် သူ၏ ဒေါသကို မဆွနိုင်လိုက်ချေ။ သူက တည်တည်ငြိမ်ငြိမ်ပင် ဆက်ရှိနေကာ ပြောလိုက်သည်။
“ဒီကိုယ်က ငါ့ ကိုယ်ပွားတစ်ခု သာသာရယ်။ မင်း နိုင်ခဲ့ရင်တောင် ဘာမှ ဂုဏ်ယူနေစရာ မရှိဘူး ”
ဤသည်က မုန့်ယဲ့၏ ကိုယ်ပွားတစ်ခုသာ ဖြစ်နေကြောင်း ကြားသောအခါ မိုဝူကျိ၏ ရင်ထဲ လေးသွားသည်။ အကယ်၍ ကိုယ်ပွားတစ်ခုကပင် သည်မျှ အားကောင်းနေပါက တကယ့် မုန့်ယဲ့အစစ်ဆိုလျှင် မည်မျှတောင် အားကောင်းလေမည်နည်း။
သို့သော် မိုဝူကျိက ချက်ချင်း ပြန်သတိထားမိလိုက်သည်။ မုန့်ယဲ့သည်လည်း ခွန်းယွင်ကဲ့သို့ ဖြစ်နေနိုင်ကာ ဤကိုယ်ပွားတစ်ခုသာ ကျန်နေသည်လည်း ဖြစ်နိုင်သည်။
“ငါ မင်းကို နတ်ဘုရားမျှော်စင်ရဲ့ ဇာစ်မြစ်ကို ပြောပြမယ်။ ဒါပေမဲ့ မင်း ငါ့ကို ဖီကာရွံ့စေး ပေးရမယ်… ဘယ်လိုလဲ”
မုန့်ယဲ့က မိုဝူကျိ၏ အတွေးတို့ကို ရိပ်မိပုံပေါ်သည်။ သူက ဂရုမစိုက်သည့်လေသံဖြင့် စကားဆက်ပြောလိုက်သည်။
မိုဝူကျိက မဲ့ကာ
“ခင်ဗျားရဲ့ သတင်းက တယ်လည်း တန်ဖိုးကြီးလှချည်လားဗျ”
“ဒါက အပေးအယူတစ်ခုလေ။ ငါက ဖီကာရွံ့စေးကို အလကားပေးဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူးကွာ။ မင်းမှာလည်း မင်းလိုချင်တဲ့ပစ္စည်းတွေ ရှိမယ်လို့ ယုံတယ်။ မင်းသာ ပြောပြမယ်ဆိုရင် ငါ မင်းကို ပေးကောင်းပေးနိုင်လိမ့်မယ် ”
မုန့်ယဲ့က မိုဝူကျိအား ကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေကာ မည်သည့် စိတ်ခံစားချက်မှ ရှိနေပုံ မပေါ်ပေ။
သို့သော် မိုဝူကျိက သူ၏ စိတ်လှုပ်ရှားမှုကို သေချာပေါက် အာရုံခံမိသည်။ ဤသို့အာရုံခံနိုင်ရသည့်အကြောင်းရင်းမှာ မိုဝူကျိ၏ စကြဝဠာအပေါ် သဘောပေါက် နားလည်မှုကြောင့် ဖြစ်လေသည်။ ဖီကာရွံ့စေးသည် မုန့်ယဲ့အတွက် အင်မတန် အရေးကြီးကြောင်း မိုဝူကျိက သေချာသည်။
မုန့်ယဲ့က သူ့အား အနိုင်မတိုက်နိုင်သည် မဟုတ်ပေ။ ထိုအစား သူလှည့်ထွက်ပြေးမည်ကို မုန့်ယဲ့က စိုးရိမ်နေခြင်း ဖြစ်သည်။ မှန်ပေသည်။ လေလွတ်မြောက်ရေး နည်းစနစ်၊ သဘာဝငါးမျိုး လွတ်မြောက်ရေး ပညာရပ်နှင့် မြေကျုံ့ ပညာရပ်တို့ ပိုင်ဆိုင်တတ်မြောက်ထားသော မိုဝူကျိအား မုန့်ယဲ့၏ တကယ့် ကိုယ်အစစ်နှင့်ဆိုလျှင်ပင် လိုက်ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။
အဘယ်ကြောင့်များ မုန့်ယဲ့သည် ဖီကာရွံ့စေးအတွက် အလွန်စိတ်လှုပ်ရှားနေရသနည်း။ တစ်ခုတည်းသော အကြောင်းအရင်းသည်ကား မုန့်ယဲ့၏ စကားများသည် မှန်နေကာ ယခုကိုယ်မှာ ကိုယ်ပွားတစ်ခုသာ ဖြစ်နေသောကြောင့် ဖြစ်မည်။ ထို့အပြင် မုန့်ယဲ့တွင် ဤကိုယ်ပွားတစ်ခုသာ ကျန်တော့သည်လည်း ဖြစ်နိုင်သည်။ သူ၏ တကယ့်ကိုယ်အစစ်နှင့် တခြားကိုယ်ပွားများသည် ပြီးခဲ့သော ကပ်ဆိုးကြီးအတွင်း အကုန်လုံး ပျက်စီးပျောက်ကွယ်သွားသောကြောင့် ဖြစ်ပေလိမ့်မည်။
သူ့တွင် ဤကိုယ်ပွားတစ်ခုတည်းသာ ရှိသောကြောင့် ဖီကာရွံ့စေးသည် သူ့အတွက် အင်မတန် အဖိုးတန် အရေးကြီးနေလေသည်။ ဖီကာရွံ့စေးကိုသာ သူရယူနိုင်ခဲ့ပါက သူ၏ တကယ့် ကိုယ်အစစ်ကိုပင် ပြန်လည် တည်ဆောက်ကောင်း တည်ဆောက်နိုင်ပေလိမ့်မည်။
မုန့်ယဲ့က လက်ကို ဝေ့လိုက်သည့်အခါ မိုဝူကျိ၏ ဘေးတွင် ကျောက်ထိုင်ခုံတစ်လုံး ပေါ်လာသည်။ မုန့်ယဲ့ကိုယ်တိုင်ကလည်း ကျောက်ထိုင်ခုံတစ်လုံးကို ယူကာ ထိုင်ချလိုက်သည်။ ထို့နောက် သူက ထပ်မံ လက်ဝေ့လိုက်သောအခါ ကျောက်စိမ်းခရားတစ်ခုနှင့် ကျောက်စိမ်းခွက်နှစ်ခွက်တို့ ပေါ်လာပြန်သည်။ သူက မိုဝူကျိ၏ ခွက်ထဲသို့ အစိမ်းရောင်အရည်အား ခွက်အပြည့် ထည့်ပေးကာ ပြောလိုက်သည်။
“ဒါက ကျုပ် အခွင့်ကြုံလို့ ရယူနိုင်ခဲ့တဲ့ စကြဝဠာ သဘာဝ အဆီအနှစ်တချို့ပဲ။ တာအိုရောင်းရင်း… မြည်းကြည့်ကြည့်ပါဦးလားဗျ။ ပြီးတော့ ဒီက တာအိုရောင်းရင်းရဲ့ နာမည်ကို ကျုပ် မသိရသေးပါလား”
စကြဝဠာ သဘာဝအဆီအနှစ်လား…
မိုဝူကျိက ဤနာမည်ကို ယခင်က ကြားဖူးသည်။ ဤသည်မှာ ပထမတန်းစား ကျင့်ကြံခြင်း အရင်းအမြစ်တစ်ခု ဖြစ်သည်မှာ ကြိမ်းသေသည်။ မိုဝူကျိက တွေဝေမနေဘဲ ကျောက်စိမ်းခွက်ကို ကောက်ကိုင်လိုက်သည်။ သူက တစ်ခွက်လုံးကို တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။
ချက်ချင်းပင် အေးမြမြ ခံစားချက်လေးတစ်ခုက မိုဝူကျိ၏ ကိုယ်ထဲမှ ချီသွေးကြော တစ်ခုချင်းစီတိုင်းတွင် ပြည့်နှက်သွားသည်။ သူ၏ ချီသွေးကြောများကို ပေါကြွယ်လှသော သဘာဝစွမ်းအားဖြင့် အားဖြည့်ပေးနေသကဲ့သို့ ခံစားလိုက်ရသည်။ အကယ်၍ ယခုအချိန်တွင် စတင်ကျင့်ကြံလိုက်မည် ဆိုပါက သဟဇာတ နတ်ဘုရားအဆင့် ၁ ကို ကျော်ဖြတ်နိုင်ပြီး အဆင့် ၂ ထဲသို့ပင် တက်လှမ်းနိုင်လောက်မည်ဟု မိုဝူကျိက ခန့်မှန်းလိုက်သည်။
“ပစ္စည်းကောင်းပဲ”
မိုဝူကျိက မနေနိုင်ဘဲ ချီးကျူးလိုက်၏။
မိုဝူကျိက ဘာမှမပြောဘဲ တစ်ခွက်လုံး ကုန်အောင် သောက်ပစ်လိုက်သည်ကို မြင်သောအခါ မုန့်ယဲ့က ကြောင်အသွားသည်။ သူက မိုဝူကျိ တွေဝေနေသည့်အချိန်တွင် ထိုခွက်ကို သူ့ဘာသာသူ သောက်ရန် ကြံရွယ်ထားခြင်း ဖြစ်သည်။ ဤသည်မှာ စကြဝဠာ သဘာဝအဆီအနှစ် ဖြစ်၏။ သာမန်ရိုးရိုး သောက်စရာ အရည် မဟုတ်ချေ။ သူ့မှာ စကြဝဠာထဲတွင် နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ပြီးသည့်နောက်တွင်မှ အဆီအနှစ် ပမာဏ နည်းနည်းလေးကိုသာ ရယူပိုင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
“ဒီကတာအိုရောင်းရင်းက တကယ့်ကို ရဲရင့်ပြီး လွတ်လပ်ပွင့်လင်းတာပဲကိုး။ မင်းက အရည်ထဲမှာ အဆိပ်ခပ်ထားမှာကို မကြောက်ဘူးပဲ”
မုန့်ယဲ့က သက်ပြင်းမချဘဲ မနေနိုင် ဖြစ်သွားသည်။ မိုဝူကျိအပေါ် သူ၏ ထင်မြင်ချက်မှာလည်း အကြီးအကျယ် ပြောင်းလဲသွားသည်။
သူ တခြားကျင့်ကြံသူများ၏ အသက်များကို တန်ဖိုးမထားပုံကိုသာ မကြည့်လေနှင့်။ မိုဝူကျိကဲ့သို့ ရဲရင့်ဖြောင့်မတ်သောသူမျိူးနှင့် တွေ့သောအခါ သူက မချီးကျူးဘဲ မနေနိုင်ဖြစ်မိသည်။
မိုဝူကျိက စိတ်ထဲတွင် ကျိတ်ရယ်လိုက်သည်။
အဆိပ်လား… မည်သည့်အဆိပ်ကများ သူ၏ အဆိပ်ဖြေလမ်းကြောင်းကို ကျော်ဖြတ်နိုင်လောက်အောင်အထိ အားပြင်းမည်ကို သူတကယ် မသိချေ။
“ဒီစကြဝဠာ သဘာဝအဆီအနှစ် တစ်ခွက်ကို ဝေမျှသောက်သုံးစေတဲ့အတွက် တာအိုရောင်းရင်းမုန့်ယဲ့ကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ ကျုပ်က မိုဝူကျိလို့ ခေါ်ပါတယ်။ ကျုပ်က နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ပါ”
မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ ခပ်တည်တည်ပင် ပြောလိုက်သည်။ မုန့်ယဲ့လို လူမျိုးနှင့် သေချာပေါက် မိတ်ဆွေ ဖြစ်လာနိုင်လိမ့်မည် မဟုတ်မှန်း မိုဝူကျိက ယုံကြည်သည်။ အကယ်၍ သူတို့ကြားတွင် ပတ်သက်မှု တစ်ခုခု ရှိလာခဲ့ပါကလည်း ဤသည်မှာ အကျိုးအမြတ်ပေါ် မူတည်သည့် ပတ်သက်မှုမျိုးသာ ဖြစ်ပေလိမ့်မည်။
“တာအိုရောင်းရင်းမိုရဲ့အသက်က သိပ်ကြီးလောက်ဦးမယ် မထင်ဘူး… ဟုတ်တယ်မလား။ မင်းက ပြန်လည်ကောင်းမွန်လာခါစ နတ်ဘုရားကမ္ဘာကနေ လာခဲ့တာများလားလို့ တွေးနေတာ”
မုန့်ယဲ့က အသာ ရယ်လိုက်သည်။
မုန့်ယဲ့၏ စကားကို ကြားသောအခါ မုန့်ယဲ့သည် နတ်ဘုရားကမ္ဘာ၏ ပြန်လည်ကောင်းမွန်လာမှု ဖြစ်နေသည့် ကာလအတွင်း အကျိုးအမြတ်အကြီးကြီးများကို သေချာပေါက် ရရှိခဲ့သည်မှန်း မိုဝူကျိက သိလိုက်သည်။ ထို့ကြောင့်သာ သူ၏ ကိုယ်ပွားသည် ဤမျှ အားကောင်းနေခြင်း ဖြစ်မည်။
“စီနီယာက မိုဝူကျိလို့ ခေါ်တယ်လား” ယွဲ့မင်က စိတ်လှုပ်ရှားစွာ လျှောက်လာပြီး မေးလိုက်သည်။
မိုဝူကျိက ခေါင်းငြိမ့်ကာ “အမှန်ပဲ။ ကျုပ်က မိုဝူကျိပါ။ ခင်ဗျား ကျုပ်ကို သိလို့လား”
ယွဲ့မင်က ရုတ်တရက် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကာ
“ယွဲ့မင် ကျေးဇူးရှင်ကို ဂါရဝပြုပါတယ်”
မိုဝူကျိက ယွဲ့မင်အား နားမလည်ဟန်ဖြင့် ကြည့်ကာ
“ကျုပ် ခင်ဗျားကို မသိဘူး။ ဘယ်တုန်းကများ ကျုပ်က ခင်ဗျားရဲ့ကျေးဇူးရှင် ဖြစ်သွားရတာတုန်းဗျ”
ယွဲ့မင်က တရှုံ့ရှုံ့ငိုရင်း ပြောပြသည်မှာ “စီနီယာက ကျွန်မသခင်မရဲ့ ကျေးဇူးရှင်ပါ”
“ခင်ဗျားရဲ့ သခင်မက ဘယ်သူလဲ”
မိုဝူကျိ အလောတကြီး မေးလိုက်သည်။
ယွဲ့မင်၏ မျက်လုံးများမှာ နီရဲလာကာ ပူဆွေးသောကတို့က မျက်ဝန်းများထဲ ဖြတ်ပြေးသွားသည်။
“ကျွန်မသခင်မက ကျီလီပါ။ သူမက ကျွန်မကို ပြောတယ်… ကျွန်မ သွားရှာရမှာက ဖင်း…”
ဤနေရာသို့ ရောက်သည့်အချိန်တွင် ယွဲ့မင်က တစ်စုံတစ်ခုကို ရုတ်တရက် စဉ်းစားမိသွားပုံပေါ်သည်။ သူမက မုန့်ယဲ့ဘက်သို့ လှည့်ကြည့်ကာ ဆက်မပြောတော့ချေ။
ကျီလီ၏ နာမည်ကို ကြားသောအခါ မိုဝူကျိက အမြန်မေးလိုက်သည်။
“ခင်ဗျားသခင်မ ကျီလီ အဆင်ပြေရဲ့လား”
သူက ကျီလီအား အမှတ်မထင် ကယ်ခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်းတွင် သူမအပေါ် သူတင်နေသည့် ကျေးဇူးကြွေးက သူမ သူ့အပေါ်တင်နေသည့် ကျေးဇူးကြွေးထက် ပိုများလေ၏။
“ကျွန်မသခင်မက သေသွားပြီရှင့်” ယွဲ့မင်က ဆို့နင့်စွာ ပြောလိုက်သည်။
***