မိုးကောင်းကင်ကြီးအား အရူးလုပ်သည့် ပညာရပ်
Vol. 62 Ch. 851
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏... ဝိညာဉ်အဘိုးကြီး သူ၏ ခန္ဓာကိုယ်အား သိမ်းပိုက်ရန် ကြိုးစားနေခဲ့သည်မှာ အလွန်အင်မတန်မှ ကြာမြင့်နေပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာလည်း အနည်းငယ်ခန့် ပင်ပန်းလာရတော့သည်။ အမှောင်မီးတောက်များကို အဆက်မပြတ်ထုတ်လွှတ်ကာ ထိုအဘိုးကြီးကို ခြောက်လှန့်နိုင်ရန် အလို့ငှာ သူ၏ ဝါးမျိုခြင်းသစ်စေ့နှင့် ဓားအိမ်လေးတို့အား မရပ်မနား တုန်ရီနေအောင် ပြုလုပ်နေရသည်မှာ အလွန်အင်အတန်မှ မောပန်းနွမ်းနယ်စရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။
ထို့အပြင် ဝိညာဉ်အဘိုးကြီး၏ ဝိညာဉ်အား ဝါးမျိုစုပ်ယူနိုင်ရန် ၎င်းအား ထပ်ခါတလဲလဲ ကိုက်နေရသည်မှာလည်း ငြီးငွေ့စရာ ကောင်းလာ၏။
အရေးအကြီးဆုံး အချက်မှာမူ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ခုခံကာကွယ်ရန် ကြိုးစားနေခြင်းမရှိတော့ဘဲ ဝါးမျိုစုပ်ယူခြင်းအပိုင်းကိုသာ အာရုံစိုက်လိုက်သည့်တိုင်အောင် ဝိညာဉ်အဘိုးကြီးမှာ ပညာရပ်အမျိုးမျိုး ထုတ်သုံးနေဆဲဖြစ်သောကြောင့် စိတ်ပင်ပန်းစရာ ကောင်းနေဆဲပင်။
" ထားပါတော့လေ။ ငါက သဘောကောင်းတဲ့ လူတစ်ယောက်ဆိုတော့ သက်ကြီးရွယ်အိုတွေကို လေးစားသမှုပြုတဲ့အနေနဲ့ သူ့ကို ဆက်ပြီးတော့ ဒုက္ခခံခိုင်းလိုက်ပါ့မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူ ကျေနပ်နေတော့သည်။ သို့သော် အပေါ်ယံတွင်မူ သူသည် ကြံရာမရဖြစ်နေသည့်ပုံစံ ဟန်ဆောင်ကာ ဝိညာဉ်အဘိုးကြီး၏ ဝိညာဉ်တစ်စိတ်တစ်ပိုင်းအား ထပ်၍ ဝါးမျိုလိုက်ပြန်သည်။
ယခုတွင် သူသည် ထို ဝိညာဉ်အဘိုးကြီး၏ ဝိညာဉ်ထဲမှ ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါးအထိ ဝါးမျိုစုပ်ယူပြီးသွားပြီ ဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် ဝမ်ပေါင်လဲ့မှာ သူ စတင်ပြောင်းလဲလာသည်ကို အာရုံခံမိနေပြီ ဖြစ်သည်။ သူသည် သိမ်းပိုက်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားပြီး မျက်လုံးများပြန်ပွင့်လာမည့် အချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထာဝရဝိညာဉ်အဆင့်သို့ ဖောက်ထွက်သွားလောက်ပြီဖြစ်ကြောင်း ခံစားနေရ၏။
ထို့အပြင် သူသည် အစောပိုင်း ထာဝရဝိညာဉ်အဆင့်တွင်သာ ရပ်နေမည် မဟုတ်ဘဲ အလယ်အလတ် ထာဝရဝိညာဉ်အဆင့်သို့ ချက်ချင်းရောက်ရှိသွားနိုင်ခြေ ရှိပေသည်။ အမှန်အတိုင်းဆိုရလျှင် သူသည် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်အထိ ရောက်ရှိသွားနိုင်ရန်ပင် မျှော်လင့်နိုင်ပေသည်။
" ထားလိုက်ပါတော့လေ။ ငါ ဒီတစ်ခေါက်တော့ အပင်ပန်းခံလိုက်ပါ့မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သက်ပြင်းချလိုက်ပြီးနောက် ဝိညာဉ်အဘိုးကြီးအား ထပ်၍ ခုန်အုပ်လိုက်ပြန်သည်။ သို့သော် ယခုအကြိမ်တွင်မူ သူ ထိုဝိညာဉ်အဘိုးကြီးအား လှမ်းကိုက်လိုက်သည့် အချိန်တွင် ထိုဝိညာဉ်အဘိုးကြီးမှာ ရုတ်တရက်ဆိုသလို အော်ဟစ်မြည်တမ်းလိုက်၏။ ထို့နောက် ကျန်ရှိနေသေးသည့် သူ၏ ဝိညာဉ် အစိတ်အပိုင်းများမှာ လွင့်ပါးပျောက်ကွယ်သွားကြတော့သည်။ သူသည် ထပ်မံ ကြိုးစားနေခြင်းမရှိတော့ဘဲ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။
ဤ သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်ကြီးတစ်ခုလုံးမှာ ထူးဆန်လွန်းနေသောကြောင့် ဝိညာဉ်အဘိုးကြီးမှာ တုန်လှုပ်ချောက်ချားသွားရခြင်း ဖြစ်ရပေမည်။ ထို့ကြောင့် သူသည် လက်လျှော့ကာ ထိုနေရာမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။ သို့သော် သူသည်.. ဝမ်ပေါင်လဲ့၏ ဝိညာဉ်ခန္ဓာကိုယ်ကြီးထဲသို့ ရောက်နေသည်ဖြစ်ရာ သူ သူဆန္ဒရှိသည့်အတိုင်း အဝင်အထွက် လုပ်နိုင်မည်မဟုတ်ပေ။
ဝိညာဉ်အဘိုးကြီးမှာ ဝမ်ပေါင်လဲ့အား အသုံးချကာ နတ်ဆိုးမျက်လုံးပညာရပ်အား လေ့ကျင့်ရင်း သူတို့နှစ်ယောက်၏ ကြားတွင် သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်အတွက် အထောက်အကူပြုနိုင်သည့် အချိတ်အဆက်တစ်ခုကို ဖန်တီးနိုင်ခဲ့၏။ သို့သော် ဝမ်ပေါင်လဲ့မှာလည်း ထို အချိတ်အဆက်အား အသုံးပြုနိုင်စွမ်း ရှိနေသောကြောင့် ထို ဝိညာဉ်အဘိုးကြီးမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိဘဲ ဖြစ်နေရတော့သည်။
" နတ်ဆိုးမျက်လုံးပညာရပ် " ဝမ်ပေါင်လဲ့ ထိုသို့ ရေရွတ်လိုက်သောအခါ သူ၏ ဝိညာဉ်ခန္ဓာကိုယ်ကြီးမှာ တုန်ရီသွားပြီး သူ၏ ဝိညာဉ်မှာလည်း ချက်ချင်းဆိုသလိုပင် အနက်ရောင် မျက်လုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားကာ အချုပ်အနှောင်တစ်ခုကို ဖန်တီးပေးလိုက်၏။ ထို့ကြောင့် ဝိညာဉ်အဘိုးကြီးမှာ ထိုလုပ်ငန်းစဉ်ထဲမှ ထွက်ခွာသွားနိုင်စွမ်း မရှိတော့သဖြင့် နာကျည်းစွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။
" တာအိုရောင်းရင်းဝမ်။ ငါ မှားသွားပါတယ်။ ငါ မင်းကို တောင်းပန်ပါတယ်ကွာ။ မင်း လိုချင်တာမှန်သမျှ ငါ ပေးပါ့မယ်။ ငါတကယ်ကို မှာသွား... "
" ကျုပ်ကို ဖေဖေကြီးလို့ခေါ်။ အဲတာဆို စဉ်းစားပေးမယ် "
" ဖေဖေကြီး။ ကျွန်တော် တကယ့်ကို မှားသွားပါတယ်ဗျ။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို လွှတ်ပေးပါ "
" စဉ်းစားပြီးသွားပြီ။ ကျုပ်ကို ဖေဖေကြီးလို့ခေါ်လည်း မလွှတ်ပေးနိုင်ဘူး။ ဘာမှ စိတ်ကူးယဉ်မနေနဲ့ "
" ဝမ်ပေါင်လဲ့။ မင်း တော်တော်တရားလွန်လာပြီနော် "
" ဟုတ်တယ်။ ကျုပ် တရားလွန်တော့ရော ဘာဖြစ်လဲ " ဝမ်ပေါင်လဲ့မှာ နှာမှုတ်ကာ ရယ်မောလိုက်ပြီးနောက် ဝိညာဉ်အဘိုးကြီးအား နောက်ထပ်တစ်ကိုက် ထပ်ကိုက်လိုက်ပြန်သည်။
" အားးး " ဝိညာဉ်အဘိုးကြီးမှာမူ အသိစိတ် ပျောက်သွားသည့်အလား အသံကုန်အော်ဟစ်လိုက်ပြီး ကျင့်ကြံခြင်းပညာရပ်များကို တစ်ခုပြီးတစ်ခု သွေးရူးသွေးတန်းနှင့် ထုတ်သုံးနေတော့သည်။
" ကိုးဆတစ်ဆ မူလရင်းမြစ်ပညာရပ် "
" နတ်ဆိုးမျက်လုံး ကောင်းကင်ဘုံပညာရပ် "
" အထီးကျန်ဗဟိုချက် ပညာရပ် "
သူသည် ကျင့်ကြံခြင်းပညာရပ် ဆယ်ခုကျော်အား တစ်ပြိုင်တည်း ထုတ်သုံးခဲ့သည့်တိုင်အောင် နောက်ဆုံးတွင် ဘာမှထူးမလာခဲ့ပေ။ ဝမ်ပေါင်လဲ့မှာမူ အဆက်မပြတ် ဝါးမျိုစုပ်ယူနေသောကြောင့် သူ၏ ဝိညာဉ်ခန္ဓာကိုယ်၏ ရှစ်ဆယ်ရာခိုင်နှုန်းကျော်မှာ ပျောက်ကွယ်သွားရပြီ ဖြစ်သည်။ ယခုတွင် သူ၏ ဝိညာဉ်ဦးခေါင်းသာလျှင် လေထဲ၌ ရစ်ဝဲနေပြီး သူ၏မျက်ဝန်းများထဲတွင် ကြံရာမရဖြစ်ကာ မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းသွားသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။
သူသည် လုံးဝ လက်လျှော့လိုက်ရပြီ ဖြစ်သည်။ သို့သော် သူသည် အားအင်များကုန်ခန်းကာ မောပန်းနွမ်းနယ်နေရသည့်တိုင်အောင် ယခုလိုဖြစ်သွားရသည့် အကြောင်းအရင်းကို သိချင်နေဆဲပင်...
" ဝမ်ပေါင်လဲ့။ ငါ သိထားတဲ့ လျှို့ဝှက်ချက်တစ်ခုနဲ့ မင်းဆီက အဖြေတစ်ခုနဲ့ လဲမယ်။ ဘာလို့ ငါ့ရဲ့ သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်ကြီး ဒီလိုဖြစ်သွားရတာလဲဆိုတာ ပြောပြကွာ... " နောက်ဆုံးတွင် ဝိညာဉ်အဘိုးကြီးမှာ ဝမ်ပေါင်လဲ့အား အသက်မပါသည့် မျက်ဝန်းများဖြင့်ကြည့်ကာ ရေရွတ်လိုက်တော့သည်။
" ဘာ လျှို့ဝှက်ချက်လဲ။ ပြောပြ " ထိုအခါ ကျန်ရှိနေသေးသည့် ဝိညာဉ်အစိတ်အပိုင်းများအားလုံးကို တစ်ပြိုင်တည်း စားပစ်ရန် ပြင်နေသည့် ဝမ်ပေါင်လဲ့မှာ ပြန်မေးလိုက်၏။
" နတ်ဆိုးမျက်လုံးပညာရပ်က ငါ့ရဲ့ မူပိုင် ကျင့်ကြံခြင်းပညာရပ် မဟုတ်ဘူး။ အဲဒီ ပညာရပ်က အပြင်ဘက်မှာရှိတဲ့ ရုပ်တုကြီးလိုပဲ ကြယ်သုသာန်လို့ ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ် နေရာတစ်ခုကနေ ရောက်လာတာ။ အဲဒီနေရာက အဆုံးမဲ့ကြယ်နယ်မြေထဲမှာဆိုရင် ဒဏ္ဍာရီလာ လျှို့ဝှက်နယ်မြေတစ်ခုပဲ။ အဲဒီနေရာကို သွားချင်နေကြတဲ့ ထိပ်သီးအဆင့် မိသားစု မျိုးနွယ်စုတွေနဲ့ ဂိုဏ်းတွေဆိုရင် ရေတွက်လို့ မရနိုင်လောက်အောင်ကို ရှိတယ်။ ငါ့မှာ တခြားလူတွေ ယဇ်ပူဇော်ပွဲ ကျင်းပပြီး အဲဒီနေရာကို သွားတဲ့အချိန် ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေး လိုက်သွားနိုင်မယ့် နည်းလမ်းတစ်ခု ရှိတယ်ကွ "
" ငါ့ရဲ့ဝိညာဉ်ထဲမှာ အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖို့ စဉ်းစားမနေနဲ့။ ငါက အတားအဆီးတစ်ခုနဲ့ ချုပ်နှောင်ထားတာမလို့ ငါ့ရဲ့ဝိညာဉ်ကို ရှာဖွေလိုက်တာနဲ့ အဲဒီ အချက်အလက်တွေက ပျောက်သွားမှာ။ ကဲ။ အခု မင်း ငါ မေးတဲ့မေးခွန်းကို ဖြေမှာလား " ဝိညာဉ်အဘိုးကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် မျှော်လင့်တကြီးဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။
သူသည် ဝမ်ပေါင်လဲ့ဆီမှ အဖြေလိုချင်နေသည်ဟု ပြောခဲ့ပါသော်လည်း အမှန်တကယ်တွင်မူ သူ့ကိုယ်သူ ကယ်တင်နိုင်ရန် လှည့်စားပြောဆိုခဲ့ခြင်းသာ ဖြစ်သည်။ သူ၏ အတွေးထဲတွင်မူ အခြား အကြံအစည်ပေါင်း မြောက်မြားစွာ ရှိနေ၏။ သူသည် ယခုအကြိမ်တွင် မအောင်မြင်ဘဲ ကျရှုံးသွားခဲ့ရသည့်တိုင်အောင် ဝမ်ပေါင်လဲ့သာ မပြတ်မသား ဖြစ်သွားပြီး သူ့အား အခွင့်အရေးတစ်ခု ပေးလိုက်မည်ဆိုပါက ဒုတိယမြောက် အကြိမ်တွင် မအောင်မြင်နိုင်စရာ အကြောင်းမရှိပေ။
သူသည် ဝမ်ပေါင်လဲ့ ထိုသို့ မပြတ်မသား ဖြစ်သွားရုံနှင့် သေဘေးမှ လွတ်မြောက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ထား၏။ သူ၏ လျှို့ဝှက်ချက်နှင့် ပတ်သတ်၍မူ သူသည် ဝမ်ပေါင်လဲ့အား ပြောပြရန် ရည်ရွယ်ထားပြီးသား ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထို လျှို့ဝှက်ဆန်းကြယ် နယ်မြေထဲသို့ ဝင်နိုင်သည့် နည်းလမ်းနှစ်ခုရှိနေသောကြောင့်ပင်။ ပထမနည်းလမ်းမှာ တရားဝင်နည်းလမ်းတစ်ခု ဖြစ်ပြီး ဒုတိယနည်းလမ်းမှာမူ အထူးနည်းလမ်းတစ်ခု ဖြစ်၏။ သူသည် သူ သက်ရှိထင်ရှားရှိနေခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ထို တရားဝင်နည်းလမ်းအား သူ၏ မျိုးနွယ်စုထဲမှ လူများဆီသို့ လက်ဆင့်ကမ်းပေးခဲ့ပြီးသား ဖြစ်သည်။ သို့သော် သူသည် အထူးနည်းလမ်းကိုမူ အခြားသူများအား ဒုက္ခပေးရာ၌ အသုံးပြုရန် ကြံရွယ်ထားပါသော်လည်း သူ၏ သက်တမ်းတစ်လျှောက်လုံး၌ အသုံးပြုခွင့်မရခဲ့ပေ။
ယခုတွင်မူ သူသည် ထိုနည်းလမ်းဖြင့် ဝမ်ပေါင်လဲ့အား ဒုက္ခပေးတော့မည် ဖြစ်သည်။ ဝမ်ပေါင်လဲ့တစ်ယောက် ဆုံးဖြတ်ချက်များ ဝေဝါးသွားပြီး သူ၏နည်းလမ်းကို အသုံးပြုလိုက်မည်ဆိုပါက သူသည် လက်ရှိအခြေအနေကြီးအား ပြန်လည်ထိန်းချုပ်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။
" စိတ်ဝင်စားစရာပဲ " ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ မှေးသွားပြီး ဝိညာဉ်အဘိုးကြီးအား စိုက်ကြည့်ကာ ရယ်မော၍ ဆိုလိုက်တော့သည်။
" ခဗျားရဲ့ သိမ်းပိုက်ခြင်းလုပ်ငန်းစဉ် ကျရှုံးသွားရတဲ့ အကြောင်းအရင်းလား။ သိပ် ပြောပြလို့ရတာပေါ့ အရူးကြီးရ။ ကျုပ်ရဲ့ လက်ရှိခန္ဓာကိုယ်က ကိုယ်ပွားတစ်ခု ဖြစ်နေတာလေ။ ခဗျားက ကျုပ်ရဲ့ကိုယ်ပွားကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ။ ရူးနေလားဗျ။ ကျုပ်က ခဗျားကြီး အောင်မြင်သွားပါစေ ဆိုပြီးတော့ကို ဆုတောင်းနေတာ။ တကယ်လို့ ခဗျားသာ အောင်မြင်သွားခဲ့မယ်ဆိုရင် ခဗျားက ကျုပ်ရဲ့ကိုယ်ပွား ဖြစ်သွားမှာလား " ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ အဖြေပြန်ပေးလိုက်တော့သည်။
ထိုအဖြေကြောင့် ဝိညာဉ်အဘိုးကြီးမှာ သူ၏ဝိညာဉ်အား မိုးကြိုးရေအချက်ပေါင်းများစွာ ပစ်ခတ်သွားသည့်အလား ခံစားလိုက်ရ၏။ သူသည် အမျိုးမျိုးခန့်မှန်းထားခဲ့ပြီးသား ဖြစ်ပါသော်လည်း ထိုအဖြေအား လုံးဝမတွေးမိခဲ့ပေ။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာပြီး ပေါက်ကွဲပျက်စီးသွားတော့မည့်အလား ဖြစ်သွားရတော့သည်။
" မဖြစ်နိုင်တာ " ဝိညာဉ်အဘိုးကြီးမှာ အသံကုန်အော်ဟစ်မြည်တမ်းလိုက်၏။ ဤဖြစ်ရပ်ကြီးတစ်ခုလုံးမှာ သူ့အတွက် ပြက်လုံးကြီးတစ်ခုလို ဖြစ်နေသည် မဟုတ်ပါလော။ သူသည် အချိန်အကြာကြီးပေးကာ အကြံအစည်များ ရေးဆွဲ၍ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသလို ပညာရပ်ပေါင်းမြောက်မြားစွာနှင့် လှည့်ကွက်ပေါင်း မြောက်မြားစွာကိုလည်း အသုံးပြုခဲ့ရပေသည်။ သို့သော် နောက်ဆုံးတွင်မူ သူ သိမ်းပိုက်ရန် ဆန္ဒပြင်းပြနေခဲ့သည့် အရာကြီးမှာ ပုံရိပ်ယောင်ကိုယ်ပွားတစ်ခုသာ ဖြစ်နေကြောင်း သိလိုက်ရ၏။
ထို့ကြောင့် သူသည် လုံးဝ ဖြစ်နိုင်စရာအကြောင်းမရှိဟု ခံစားလိုက်ရခြင်းဖြစ်သည်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ ကိုယ်ပွားတစ်ခုသာ ဖြစ်နေမည်ဆိုပါက သူ သတိမထားမိစရာအကြောင်း လုံးဝမရှိပေ။ သို့သော်....
" တစ်ယောက်ယောက်က မိုးကောင်းကင်ကြီးကို အရူးလုပ်၊ ငါ့ရဲ့ အာရုံခံနိုင်စွမ်းကို နှောင့်ယှက်ခဲ့ပြီးတော့ ငါ့ကို အထင်လွဲသွားအောင် လုပ်ခဲ့တာပဲ ဖြစ်ရမယ် " ဝိညာဉ်အဘိုးကြီးမှာ ထိုဖြစ်နိုင်ခြေတစ်ခုကိုသာ တွေးမိလိုက်၏။ ထို့ကြောင့် သူသည် ဒေါသစိတ်များ မွှန်ထူသွားရပြီး အမျက်ချောင်းချောင်းထွက်ကာ မကျေမချမ်း ဖြစ်သွားရတော့သည်။ တစ်အောင့်ခန့်အကြာတွင် သူသည် စကားပြောရန် ပြင်လိုက်ပါသော်လည်း... ဝမ်ပေါင်လဲ့၏ ဝိညာဉ်ခန္ဓာကိုယ်ကြီး သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေသည်ကို မြင်လိုက်ရ၏။
" မင်း ငါပြောမယ့် နည်းလမ်းကို မသိချင်... " ဝိညာဉ်အဘိုးကြီးမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရပြီဟု ခံစားလိုက်ရသဖြင့် အော်ပြောလိုက်၏။ သို့သော် သူ စကားမဆုံးခင်မှာပင် သူ၏ ဝိညာဉ်ထဲမှ ကျန်ရှိနေသည့် အစိတ်အပိုင်းများမှာ ဝမ်ပေါင်လဲ့၏ ဝါးမျိုစုပ်ယူခြင်းကို ခံလိုက်ရတော့သည်။
သူသည် အသက်သေဆုံးသွားခဲ့ပြီး ဖြစ်ပြီး ဝိညာဉ်ခန္ဓာကိုယ် တစ်ခုအဖြစ်သာ ကျန်ရှိနေသည် မဟုတ်ပါလော။ အကယ်၍ သူသာ တခြားတစ်ယောက်ယောက်၏ လက်ထဲတွင် သေဆုံးသွားမည်ဆိုပါက သူရောက်နေသည့် ဝိညာဉ်ကိုးပါးနယ်မြေမှာ ပိတ်ဆို့ခံထားရသည် ဖြစ်ရာ အချုပ်အနှောင်အချို့ ရှိနေသေးသောကြောင့် သူ့အတွက် အသက်ပြန်ရှင်နိုင်ခြေ အနည်းငယ်ခန့် ရှိသေးပေသည်။ သို့သော် အမှောင်ဂိုဏ်းသားတစ်ယောက်၏ လက်ချက်ဖြင့် သေဆုံးသွားရသည့် လူများမှာမူ ထိုအခွင့်အရေးမျိုး ရရှိကြမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော ဝမ်ပေါင်လဲ့မှာ သူ့အား ဝါးမျိုလိုက်စဉ်တုန်းက စကားတစ်ခွန်း ပြောလိုက်သောကြောင့်ပင်။
" မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီး ကွဲကွာသွားတဲ့အချိန် ကံကြမ္မာစက်ဝန်း ရပ်လိမ့်မယ်.... "
သူ ထိုသို့ ဆိုလိုက်ချိန်တွင် ဝမ်ပေါင်လဲ့၏ ဝိညာဉ်ထဲမှ တစ်စုံတစ်ခု ထိခိုက်ပျက်စီးသွားသည့် အသံ ထွက်ပေါ်လာတော့သည်။
နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ပထမဆုံး ဧကရာဇ်ကြီးမှာ ခန္ဓာနှင့်ဝိညာဉ် နှစ်ခုစလုံး ချေမှုန်းခံလိုက်ရခြင်း ဖြစ်ပေသည်။
" သိချင်တာပေါ့ဟ။ ဒါပေမဲ့ ဒီအရှုပ်ထုပ်တွေကို မရှင်းဘဲ ထားခဲ့ရင် ကျုပ်အတွက် အကျိုးမရှိနိုင်ဘူးဆိုတာကိုလည်း ကျုပ်က သိထားပြီးသားလေ။ ပြီးရင် ခရမ်းရောင် ရွှေလူမှုအဖွဲ့စည်းက စဉ်စားဆင်ခြင်ဉာဏ်မရှိတဲ့ လူတွေမှ မဟုတ်ဘဲ။ အဲတာမလို့ ခဗျားတစ်ယောက်ပဲ အဲဒီနည်းလမ်းကို သိထားတာ လုံးဝမဖြစ်နိုင်ဘူး " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ ရေရွတ်လိုက်၏။ သူသည် ဝိညာဉ်အဘိုးကြီး၏ စကားများကြောင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း အားအင်ချည့်နဲ့သော နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရသည့် အကြောင်းရင်းကို ခန့်မှန်းမိသွားတော့သည်။ အကယ်၍ နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှာ ကြယ်သုသာန်နှင့် ပတ်သတ်သည့် လျှို့ဝှက်ချက်ကိုသာ သိရှိထားခြင်းမရှိပါက ထို လူမှုအဖွဲ့အစည်းနှစ်ခုမှာ ယခုလို ပူးပေါင်းနိုင်ခြေ လုံးဝမရှိကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်နေ၏။
" ရှဲ့ဟေးရန်ဆိုတဲ့ကောင်က အဖွဲ့သုံးဖွဲ့နဲ့ အပေးအယူလုပ်ခဲ့ပြီး သူ အချိန်အကြာကြီး ရင်းနှီးမြှုပ်နှံထားခဲ့တဲ့ ငါနဲ့ သူ့ရဲ့ကြားက ဆက်ဆံရေး ထိခိုက်သွားရတဲ့အထိ လုပ်ခဲ့တာဆိုတော့... သူ့ဆီမှာ အဲဒီ ကြယ်သုသာန်နဲ့ ပတ်သတ်တဲ့ အစီအစဉ်တွေ ရှိနေလောက်တယ် "
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးနေရင်း သူ၏ ဝိညာဉ်ခန္ဓာကိုယ်ကြီး၏ စွမ်းအားများနှင့် ပေါက်ကွဲထွက်လာတော့မည့်အလား ဖြစ်နေသည့် အားကောင်းသော တုန်ခါမှုလှိုင်းများကို ခံစားမိလိုက်သဖြင့် သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်အကြောင်း ပြန်၍ သတိရသွားတော့သည်။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးဖြစ်သူ ချန်ရှင်းမှာ ထိုစဉ်တုန်းက သူ့အား ကူညီပေးခဲ့ပြီး သူ့အတွက် အခွင့်အရေးကြီးတစ်ခုကို ချန်ရစ်ပေးထားခဲ့ခြင်းဖြစ်ကြောင်း ကိုးဆယ်ရာခိုင်နှုန်းအထိ သေချာနေ၏။
" ဂိုဏ်းတူအစ်ကိုကြီး ဘယ်ရောက်နေတာလည်းဗျာ... " ဝမ်ပေါင်လဲ့မှာ လွမ်းဆွတ်တမ်းတကာ ကျေးဇူးတင်လိုသည့် စိတ်များဖြင့် သက်ပြင်းချလိုက်၏။ ထို့နောက် သူ၏ ဝိညာဉ်မှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွားတော့သည်။ သူ သူ၏ခန္ဓာကိုယ်အား ပြန်လည်ထိန်းချုပ်လိုက်သည့် အချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထိုးတက်သွား၏။