← Chapters

သက်ရှိများအားလုံးကို ထိန်းကျောင်းခြင်း

Vol. 62 Ch. 852

သက်ရှိများအားလုံးကို ထိန်းကျောင်းခြင်း

Vol. 62 Ch. 852

ဤ အခွင့်အရေးအကြီးမှာ ဝမ်ပေါင်လဲ့၏ ဘဝတစ်လျှောက်လုံး၌ တစ်ကြိမ်သာ ကြုံတွေ့နိုင်သည့် အခွင့်အရေးကြီး တစ်ခုကဲ့သို့ပင်။

သူသည် ဝိညာဉ်အဘိုးကြီးအား ဝါးမျိုစုပ်ယူခဲ့ပြီးနောက် သူ၏ ဝိညာဉ်ထဲ၌ ကြီးမားကျယ်ပြောသည့် သမုဒ္ဒရာကြီးတစ်စင်း ပေါ်ပေါက်လာသည့်အလား ခံစားလိုက်ရ၏။ ယခုတွင် သူသည် ထို သမုဒ္ဒရာကြီးအား သူ၏ ကျင့်ကြံခြင်းစွမ်းအားများအဖြစ် ပြောင်းလဲပစ်ရတော့မည် ဖြစ်သည်။

တစ်ချိန်ထဲမှာပင် သူသည် ထိုသမုဒ္ဒရာကြီးမှာ သူ ထင်မှတ်ထားသည့်အတိုင်း သူ၏ ခန္ဓာကိုယ်ထဲ၌သာ ပိတ်မိနေခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။ ၎င်းမှာ ဖြည်းဖြည်းချင်း လွင့်ပါးပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားရသည်။ သူသည် အမှောင်ကလေးငယ်တစ်ယောက်ဖြစ်ရာ ထိုကဲ့သို့သော လွင့်ပါးပျောက်ကွယ်မှုများမှာ အမှောင်ပညာရပ်နှင့် မသက်ဆိုင်ကြောင်း သိရှိထားပြီးသားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမှောင်ဂိုဏ်းမှာ ဝိညာဉ်များကို ထိန်းကျောင်းပေးပြီး အသန့်စင်ဆုံးသော ဝိညာဉ်များကိုသာလျှင် ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ပြန်ပို့ပေးနိုင်ရန် အလေးပေး ဆောင်ရွက်ကြသောကြောင့်ပင်။ ၎င်းတို့၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် ဝိညာဉ်စွမ်းအားများမှာမူ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးထဲသို့ ပြန်ရောက်သွားကြမည်ဖြစ်သည်။

သို့သော် သူ၏ ခန္ဓာကိုယ်ထဲမှ သမုဒ္ဒရာကြီးမှာမူ မိုးကောင်းကင်နှင့် ကမ္ဘာကြီးထဲသို့ လွင့်ပါးပျောက်ကွယ်သွားနေခြင်း မဟုတ်ဘဲ ‌အခြားနေရာတစ်ခုဆီသို့ စီးဆင်းသွားနေသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ ထိုခံစားချက်အား ရှင်းလင်းစွာ ဖော်ပြနိုင်စွမ်း မရှိပါသော်လည်း အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နေသောကြောင့် သူ၏ခန့်မှန်းချက်မှာ မမှားနိုင်ကြောင်း ယုံကြည်နေ၏။

" ဘာလဲဟ " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အံ့ဩတုန်လှုပ်သွားရ၏။ ထို့နောက် သူသည် အဆုံးမဲ့မျိုးနွယ်စုအကြောင်း တွေးမိလိုက်သဖြင့် သူ၏ စိတ်ထဲ၌ နောက်ထပ် ခန့်မှန်းချက်တစ်ခု ပေါ်ပေါက်လာတော့သည်။

" မဟုတ်မှလွဲရော.... ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း သံသရာစက်ဝန်းကို ဖောက်ထွက်နိုင်ဖို့ အဆုံးမဲ့မျိုးနွယ်စု သုံးတဲ့ ပညာရပ်လို့ လူတွေ ပြောပြောနေကြတဲ့ ပညာရပ်ကြီးက အတုအယောင်တစ်ခုများ ဖြစ်နေတာလား။ အဲဒီပညာရပ်ရဲ့ အဓိကရည်ရွယ်ချက်က တာအိုနယ်မြေ တစ်ခုလုံးရဲ့ စွမ်းအားတွေကို သူတို့ရဲ့ ခန္ဓာကိုယ်တွေထဲရောက်အောင် စုပ်ယူဖို့များဖြစ်နေမလား။ အမှောင်ဂိုဏ်းက လူသေတွေရဲ့ ဝိညာဉ်တွေကို ထိန်းကျောင်းပေးပြီးတော့ အဆုံးမဲ့မျိုးနွယ်စုက သက်ရှိတွေအားလုံးကို ထိန်းကျောင်းပေးတာများ ဖြစ်နေမလား "

သူသည် သူ၏ ခန့်မှန်းချက် မှန်မမှန် မသိပါသော်လည်း သူ ပင်ပင်ပန်းပန်း ကြိုးစားကာ ရယူခဲ့ရသည့် အခွင့်အရေးကြီးအား ယခုလို ပျောက်ကွယ်သွားခွင့် မပေးနိုင်ကြောင်း ကောင်းကောင်းကြီး သိထား၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ ဝိညာဉ်အား ထိုသမုဒ္ဒရာကြီး စီးဝင်သွားသည့် နေရာကြီးအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။ ထိုအခါ သူသည် ရေလွှဲပေါက်များကို ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသောကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ သမုဒ္ဒရာကြီးမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာတော့သည်။

ထိုသို့ စီးဆင်းလာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏ ဝိညာဉ်ခန္ဓာကိုယ်၏ ကျင့်ကြံခြင်းအဆင့်မှာ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်မှ ဖောက်ထွက်သွားသည်ကို ချက်ချင်းခံစားမိလိုက်၏။ ထိုအခါ သူ၏ဝိညာဉ်မှာလည်း တုန်ရီသွားရပြီး သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာလည်း ယမ်းခါနေတော့သည်။

သူသည် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်မှ အစောပိုင်း ထာဝရဝိညာဉ်အဆင့်သို့ ချက်ချင်းဖောက်ထွက်သွား၏။

ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ မိမိ၏ဝိညာဉ်အား နတ်ဘုရားဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသလို ခန္ဓာကိုယ်ထဲတွင် အညစ်အကြေးများ ကင်းစင်နေမည် ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံခြင်းစွမ်းအင်များကို လည်ပတ်သွားစေလိုက်မည်ဆိုပါက သဘာဝ မွှေးရနံ့တစ်ခုမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားမည် ဖြစ်သည်။ ထို့အပြင် သူတို့မှာ သူတို့၏ ဝိညာဉ် ပြောင်းလဲသွားမှုကြောင့် စွမ်းအင်စက်ကွင်းတစ်ခုနှင့် ဆင်တူသည့် စွမ်းအားတစ်မျိုးကိုလည်း ရရှိပိုင်ဆိုင်သွားဦးမည် ဖြစ်သည်။ ထိုစွမ်းအားမှာ ပေတစ်ထောင် ပတ်ပတ်လည်သို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး ထိုနယ်မြေကြီးအား သူ၏ ပိုင်နက်တစ်ခုအဖြစ် ပြောင်းလဲပေးလိုက်မည် ဖြစ်သည်။

ထို ပိုင်နက်ထဲတွင် ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေသည့်လူများမှာ အထူးပညာရပ်များ သို့မဟုတ် ဓမ္မရတနာများကို ပိုင်ဆိုင်ထားခြင်းမရှိပါက ချက်ချင်းပင် ဖိနှိပ်ချုပ်တည်းခံလိုက်ရမည်သာ ဖြစ်သည်။

ဤ အခွင့်အရေးကြီးမှာ ထိုမျှလောက်နှင့် ပြီးသွားဦးမည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ ထိုဝိညာဉ်အဘိုးကြီးအား ဝါးမျိုခဲ့စဥ်တုန်းက ထို ဝိညာဉ်အဘိုးကြီး တစ်ယောက်တည်းကိုသာ ဝါးမျိုမိခဲ့ခြင်း မဟုတ်ပေ။ သူသည် ဝိညာဉ်တစ်သန်း၏ ချီများနှင့် ဝိညာဉ်နဂါးဆယ့်နှစ်ကောင်၏ ချီများကိုပါ ဝါးမျိုမိလိုက်သလို ဖြစ်သွားသည် မဟုတ်ပါလော။

သို့ဖြစ်ရာ သူ၏ဝိညာဉ်ထဲ၌ ပေါ်ပေါက်လာသည့် သမုဒ္ဒရာကြီးမှာ အလွန်အင်မတန်မှ ခမ်းနားထည်ဝါနေတော့သည်။

ထို့ကြောင့် သူသည် တစ်အောင့်ခန့် ရပ်တန့်သွားလိုက်ပြီးနောက် ရေလွှဲတံခါးများကို နောက်ထပ်တစ်ကြိမ် ထပ်ဖွင့်ကာ သူ၏ ဝိညာဉ်ထဲရှိ သမုဒ္ဒရာကြီးအား ရှေ့သို့ ဆက်လက်စီးဆင်းသွားစေလိုက်၏။

ထိုအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ချက်ချင်းဆိုသလိုပင် ထိုးတက်သွားပြီး သူ၏ခန္ဓာကိုယ်ထဲ၌ ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားတော့သည်။ ထို့နောက် တော်ဝင်သင်္ချိုင်းကုန်းထဲရှိ မိုးကောင်းကင်ကြီးမှာ အပြင်းအထန် တုန်ရီသွားပြီး ဧရာမဝဲကြီးတစ်ခုကို ဖန်တီးပေးလိုက်၏။ ထိုဝဲကြီးကြောင့် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားရစဉ် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ထပ်၍ တိုးတက်သွားတော့သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အစောပိုင်း ထာဝရဝိညာဉ်အဆင့်၏ ထိပ်ဆုံးအဆင့်သို့ ချက်ချင်းရောက်ရှိသွား၏။ သူသည် အထူးတလည် ကြိုးစားအားထုတ်နေစရာပင် မလိုပေ။ သူ၏လမ်းတစ်လျှောက်ရှိ အခက်အခဲအတားအဆီးများ အားလုံးမှာ အရှိန်အဟုန်ဖြင့် စီးဆင်းလာသည့် သမုဒ္ဒရာကြီး၏ ပြင်းအားကို မခံနိုင်ဘဲ တစ်စစီ ကြေမွပျက်စီးသွားကြသည့် အလားပင်။

ထို့ကြောင့် သူသည် သာမန်ကျင့်ကြံသူများကဲ့သို့ ဆယ်နှစ်ကျော် အချိန်ပေး၍ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို သန့်စင်ကာ တည်ငြိမ်အောင် ပြုလုပ်နေစရာ မလိုတော့ပေ။

" ဒီ ခံစားချက်ကြီးက... ငါ လိုချင်နေတဲ့ ခံစားချက်ကြီးပဲကွ " ဝမ်ပေါင်လဲ့မှာ အလွန်အမတန်မှ စိတ်လှုပ်ရှားနေရပြီ ဖြစ်သည်။ သူသည် သူ၏ဝိညာဉ်ထဲရှိ သမုဒ္ဒရာကြီးအား တစ်ခဏမျှ ဖိနှိပ်ချုပ်တည်းလိုက်ပြီးနောက် အံကြိတ်ကာ ၎င်းအား နောက်ထပ်တစ်ကြိမ်ထပ်၍ စီးဆင်းခွင့် ပေးလိုက်ပြန်သည်။

ထိုအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ပို၍ပင် အရှိန်အဟုန်ပြင်းစွာ ထိုးတက်သွားတော့သည်။ သူသည် အစောပိုင်း ထာဝရဝိညာဉ်အဆင့်မှ အလယ်အလတ် ထာဝရဝိညာဉ်အဆင့်သို့ ချက်ချင်း ဖောက်ထွက်သွား၏။

ဝမ်ပေါင်လဲ့မှာ အလယ်အလတ် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ်သို့ ရောက်သွားသည်နှင့် အသံကုန် အော်ဟစ်မြည်တမ်းလိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ထစ်ချုန်းသံများနှင့် အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်လာနေသည့် တုန်ခါမှုလှိုင်းများမှာလည်း ဆယ်ဆတိတိ ပို၍ အားကောင်းလာ၏။

ထို အက်ကွဲသံများကြောင့် ဝမ်ပေါင်လဲ့မှာ အခြားရွေးချယ်စရာမရှိတော့ဘဲ သူ၏ ဝိညာဉ်ထဲမှ သမုဒ္ဒရာကြီးအား တစ်ခဏမျှ ထိန်းချုပ်ထားလိုက်ရတော့သည်။ တစ်ချိန်ထဲမှာပင် ကောင်းကင်ယံထဲရှိ ဝဲကြီးမှာ အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေပြီး မြေပြင်ကြီးမှာလည်း အပြင်းအထန် တုန်ရီနေ၏။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု ပျံ့လွင့်လာတော့သည်။

" ငါ... ဆက်ကြိုးစားလို့ ရ‌ပါသေးတယ် " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြန်ပွင့်မလာသေးပေ။ သူသည် အလွန်အင်မတန်မှ အရေးကြီးသော အချိန်အပိုင်းအခြား တစ်ခုထဲ၌ ရောက်နေသည်ဖြစ်ကြောင်း သိထား၏။ သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းမှာ ဤ အခွင့်အရေးကြီးအပေါ် မူတည်နေသည် မဟုတ်ပါလော။ သို့သော် သူ ‌တောင့်ခံထားနိုင်မည့် အချိန်ပေါ်တွင်လည်း မူတည်နေသေးသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ တိုးတက်လာနေစဉ် သူ၏ ဝိညာဉ် ခန္ဓာကိုယ်ကြီးမှာလည်း ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သည့် အနေအထားသို့ ရောက်ရှိလာသောကြောင့်ပင်။ မကြာသေးမီတုန်းက ထွက်ပေါ်လာခဲ့သည့် အက်ကွဲသံများနှင့် ထစ်ချုန်းသံများကြောင့် သူသည် အလွန်အင်မတန်မှ နာကျင်နေရပြီး သူ၏ဝိညာဉ်ကြီး ကြေမွပျက်စီးသွားတော့မည့်အလား ခံစားနေခဲ့ရ၏။

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော နာကျင်မှုများကို ဂရုမစိုက်ပေ။

သူသည် သူ့ကိုယ်သူ မညှာတတ်သည့် လူတစ်ယောက် မဟုတ်ပါလော။ ထို့ကြောင့် ထိုအခိုက်အတန့်တွင် သူသည် တွေဝေးတုံ့ဆိုင်းနေခြင်းမရှိဘဲ ရေလွှဲတံခါးများအား ပြန်ဖွင့်လိုက်ပြီးနောက် သမုဒ္ဒရာကြီးအား အရှိန်အဟုန်ပြင်းစွာ ဆက်လက်စီးဆင်းခွင့် ပေးလိုက်တော့သည်။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ တန်းတန်းမတ်မတ် စီးဝင်လာသဖြင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ ထိုးတက်သွားရပြန်သည်။

သူ၏ ဝိညာဉ်ထဲ၌ ထစ်ချုန်းသံများ မြည်ဟည်းလာသလို သူ၏ ခန္ဓာကိုယ်ထဲမှ အက်ကွဲသံများ ပို၍ကျယ်လောင်လာချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ကြောက်ခမလန်းလိလိ မြင့်တက်သွား၏။ ၎င်းမှာ အလယ်အလတ် ထာဝရဝိညာဉ်အဆင့်၏ ထိပ်ဆုံးအဆင့်နားအထိ ရောက်ရှိသွားပြီဖြစ်သည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ ‌ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ပေ။

အကယ်၍ တစ်ယောက်ယောက်သာ သူ၏ရှေ့တွင် ရှိနေမည်ဆိုပါက သူ၏ ဝိညာဉ်ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ မရေမတွက်နိုင်လောက်အောင် ရှိနေသည်ကို မြင်လိုက်ရမည်သာ ဖြစ်သည်။

ထိုသို့ ဖြစ်နေရခြင်းမှာ ယခုအကြိမ်တွင် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားများသည် အရှိန်အဟုန်ပြင်းစွာ ထိုးတက်သွားခဲ့သောကြောင့် သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ ၎င်းတို့အား အချိန်မီချေဖျက်နိုင်စွမ်း မရှိတော့သောကြောင့်ပင်။ သို့ဖြစ်ရာ ထိုဖြစ်စဉ်ကြီးမှာ အတင်းအဓမ္မ အစာကျွေးခံနေရခြင်းနှင့် ဆင်တူပေသည်။ ထို့ကြောင့် သူ၏ တိုးတက်မှုနှုန်းမှာ ကြောက်ခမန်းလိလိ မြန်ဆန်နေပါသော်လည်း ဘေးထွက်ဆိုးကျိုးများ ရှိနေဆဲပင်။

ဝမ်ပေါင်လဲ့မှာ လောဘတက်ကာ သူ၏ခန္ဓာကိုယ်အား မညှာမတာ ဆက်ဆံနေခဲ့သောကြောင့်သာ ယခုလို ဖြစ်လာရခြင်းဖြစ်ပေသည်။ အကယ်၍ သူသည် အစောပိုင်း ထာဝရဝိညာဉ်အဆင့်အထိသာ ဖောက်ထွက်သွားခဲ့မည် ဆိုပါက သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ ယခုလိုဖြစ်နေမည် မဟုတ်ပေ။ သို့သော် သူသည် ထိုစွမ်းအားများကို ဖြည်းဖြည်းချင်းသာ စုပ်ယူနေမည်ဆိုလျှင် အချိန်အကြာကြီး ပေးနေရမည်ဖြစ်သည်။ လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ အချိန်ဆွဲနေပါက သူ မစုပ်ယူမိခဲ့သည့် စွမ်းအားများ လွင့်ပါးပျောက်ကွယ်သွားမည်ကို စိုးရိမ်နေရသည် မဟုတ်ပါလော။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှိတ်ကာ အခြေနေတစ်ခုလုံးအား အကဲဖြတ်သုံးသပ်လိုက်ပြီးနောက် အံကြိတ်၍ တာအိုဂါထာတော်အား စိတ်ထဲ၌ ရွတ်ဖတ်လိုက်တော့သည်။

တစ်ချိန်ထဲမှာပင် သူသည် ထာဝရကြယ်မီးတောက်နှင့် ထိုမီးတောက်ထဲရှိ ဂြိုဟ်အဆင့် လက်ဖဝါးကြီးတို့ကိုပါ အသုံးပြုကာ ၎င်းတို့၏ စွမ်းအားများကို သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာအောင် ပြုလုပ်လိုက်၏။ သူသည် ထိုစွမ်းအားများကို ပြင်ပဖိအားများအသွင် ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်ကြီးအား အတွင်းပိုင်းမှနေ၍ ပေါက်ကွဲသွားခြင်း မရှိအောင် အတင်းအဓမ္မ တားဆီးလိုက်ခြင်းဖြစ်သည်။

" ငါ မယုံဘူးကွာ " ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ အော်ဟစ်မြည်တမ်းလိုက်ချိန်တွင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ထပ်၍ ပေါက်ကွဲထွက်ပေါ်လာပြန်သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ကြီးမှာ အပြင်းအထန် တုန်ရီသွားရပြီး ပေါက်ကွဲသွားတော့မည့်ပုံ ပေါက်နေ၏။ သို့သော် ထိုအချိန်တွင် ထာဝရကြယ်မီးတောက်မှာ သူ့အား ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွား၏။ ဂြိုဟ်အဆင့် လက်ဖဝါးကြီးမှာလည်း အပြင်ဘက်သို့ ပျံထွက်လာပြီး သူ၏အထက်၌ ရစ်ဝဲကာ သူ၏ ခန္ဓာကိုယ်ကြီးအား ဖိနှိပ်ချုပ်တည်းထားလိုက်တော့သည်။

ထို့ကြောင့် ပေါက်ကွဲပျက်စီးသွားတော့မည့်ပုံ ပေါက်နေသည့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကြီးမှာ ပြန်လည်တည်ငြိမ်သွား၏။ ထို့နောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အရှိန်အဟုန်ပြင်းစွာ ထိုးတက်သွားသဖြင့် သူသည် အလယ်အလတ် ထာဝရဝိညာဉ်အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားတော့သည်။

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ ဝိညာဉ်ထဲရှိ သမုဒ္ဒရာကြီးမှာ နှစ်ဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့ပေသည်။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် အသိစိတ်ပျောက်သွားသည့် မျက်ဝန်းများဖြင့် ထို ကျန်ရှိနေသေးသည့် နှစ်ဆယ်ရာခိုင်နှုန်းအား ဆက်လက် စီးဆင်းသွားစေလိုက်ပြန်သည်။

" ဖောက်ထွက်စေ " ဝမ်ပေါင်လဲ့ ထိုသို့ စိတ်ထဲတွင် အော်ဟစ်လိုက်သောအခါ တာအိုဂါထာတော်ကြီး၏ စွမ်းအားများ ကျဆင်းလာ၏။ ထိုစွမ်းအားများမှာ ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောအခါ ၎င်းမှာ အပြင်းအထန် တုန်ရီသွားပြီးနောက် ပြန်လည်တည်ငြိမ်သွားပြန်သည်။ ထို့နောက် ထိုသမုဒ္ဒရာကြီး၏ လက်ကျန်နှစ်ဆယ်ရာခိုင်နှုန်း သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသောအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ နောက်ထပ်တစ်ကြိမ် ထိုးတက်သွားတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ မိုးခြိမ်းသံကဲ့သို့သော ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ထို အသံများ ကမ္ဘာကြီးတစ်ခုလုံးထဲ၌ ပဲ့တင်ထပ်နေစဉ် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နောက်ဆုံးအဆင့်အထိ မြင့်တက်သွားတော့သည်။ ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် သူ၏ အလယ်အလတ် ထာဝရဝိညာဉ်အဆင့်မှာ ထပ်၍ ဖောက်ထွက်သွားပြီဖြစ်သည်။

သူသည်... နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်သို့ ရောက်ရှိသွား၏။

ထိုသို့ ဖောက်ထွက်သွားခြင်း၏ အကျိုးဆက်ကြောင့် သူ၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီနေရပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုစလုံး ထက်ခြမ်းခွဲခံလိုက်သကဲ့သို့ ခံစားနေရသဖြင့် အသံကုန်အော်ဟစ်မြည်တမ်းလိုက်ရ၏။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေပြီး သူ၏နောက်တွင် နတ်ဆိုးမျက်လုံးကြီး ပေါ်ပေါက်လာပြီဖြစ်သည်။ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း ပေါ်ပေါက်လာပြီးနောက် သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံကာ အားဖြည့်ပေးနေ၏။ ၎င်းတို့မှာ သူ သူ၏ခန္ဓာကိုယ်အား တည်ငြိမ်အောင်ပြုလုပ်ကာ ပြန်လည်ပြုပြင်နိုင်ရန် အလို့ငှာ အချိန်ဆွဲပေးထားနိုင်ရန် ထာဝရကြယ်မီးတောက်၊ ဂြိုဟ်အဆင့်လက်ဖဝါးကြီးနှင့် တာအိုဂါထာတော်ကြီးတို့ဖြင့် ပေါင်းစည်းသွားကြပြီး ထိုခန္ဓာကိုယ်ကြီးအား အစွမ်းကုန် ဖိနှိပ်ချုပ်တည်းပေးထားကြတော့သည်။

" ငါ တောင့်ခံထားမှဖြစ်မယ်။ တောက်ကွာ။ ဒါ ငါ့ရဲ့ဘဝတစ်လျှောက်လုံး ကြုံတွေ့ဖူးခဲ့သမျှ အခွင့်အရေးတွေ အားလုံးထဲမှာ အကောင်းဆုံး အခွင့်အရေးကြီးပဲ။ ဘယ်သူ့ကိုမှ မပေးနိုင်ဘူး "

ထိုအချိန်တွင် နတ်မျက်လုံးလူမှုအဖွဲ့အစည်း ပင်မဂြိုဟ်၏ မြေကြီးအောက်ရှိ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ် လဲလျောင်းနေသော ခေါင်းတလားကြီးမှာလည်း စတင်တုန်ရီလာ၏။ ထို့နောက် ထာဝရဝိညာဉ်အဆင့် စွမ်းအင်လှိုင်းများ စတင်ထွက်ပေါ်လာတော့သည်။ ထိုစွမ်းအင်လှိုင်းများ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်အထိ မြင့်တက်သွားချိန်တွင် လျှို့ဝှက်ဆန်းကြယ် မျက်နှာဖုံးလေးမှာလည်း အရောင်တောက်ပလာ၏။ ထို့နောက် မမလေး၏ အသက်ရှူသံ တိုးတိုးလေးများ ထွက်ပေါ်လာသည်ကို ကြား‌နိုင်ပေသည်။

" ဒီ ဝမ်ပေါင်လဲ့‌ဆိုတဲ့ကောင်က တော်တော်လေးကို လောဘကြီးတာပဲ။ သူ့ကိုယ်သူလည်း ညှာမယ် မရှိဘူး။ ကျင့်ကြံခြင်းအဆင့် တိုးတက်ချင်ရုံလောက်နဲ့ အသက်ကိုပါ လောင်းကြေးထပ်နေရတယ်လို့ "

" ထားပါတော့လေ။ ငါ သူ့ကို ကူညီလိုက်ပါ့မယ်။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ သူ့ရဲ့ ကိုယ်ပွားက တောင့်ခံနိုင်မှာမဟုတ်ဘဲ ပေါက်ကွဲပျက်စီးသွားမှာ သေချာတယ်။ ဘယ်သူကမှ ဒီလိုလုပ်ရပ်မျိုး လုပ်နိုင်မှာမဟုတ်ဘူး။ သူလည်း အတူတူပဲ။ သူ လုံးဝ အောင်မြင်နိုင်မှာ မဟုတ်ပါဘူးလေ " မမလေးမှာ ချောင်းဟန့်လိုက်ပြီး သူမ ယခင်တုန်းက ကြိမ်ဖန်များစွာ ပြောခဲ့ဖူးသည့် စကားများနှင့် ဆင်တူသော စကားလုံးများကို ရေရွတ်လိုက်တော့သည်..

All Chapters