← Chapters

မနက်ဖြန် ငါသွားသတ်မယ်

Vol. 15 Ch. 204

မနက်ဖြန် ငါသွားသတ်မယ်

Vol. 15 Ch. 204

“ငါက ဒီနည်းစနစ်ကို သုံးပိုင်းခွဲလိုက်တယ်။ ဒီဓားသိုင်းတွေဟာ ဓားတစ်ချက်စာ စွမ်းအားပဲ ရှိတယ်ဆိုပေမဲ့ ကောင်းကင်ဘုံအဆင့်နဲ့ အသက်ရှုကြိမ်တစ်ရာ ယှဉ်တိုက်နိုင်တယ်”

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက သစ္စာရှိတပည့်တွေကို ရွေးချယ်ပြီး လေ့ကျင့်ပေးသရွေ့ သူတို့က ဒီဓားနည်းစနစ်ကို နှစ်ခြောက်ဆယ်အတွင်း အောင်မြင်နိုင်လိမ့်မယ်”

“ဒီဓားနည်းစနစ်နဲ့ဆို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မယ်”

မော့ရှန့်ဟွာ ထရပ်ကာ ဓားဆေးလုံးကို စားပွဲပေါ်၌ တင်လိုက်၏။

“ဟင်း… ငါ ပြင်ပဘုံတွေသို့ သွားကြည့်ဦးမယ်။ မတော်တဆတစ်ခုခုမရှိရင် ရာစုနှစ်တချို့ကျရင် ငါ ပြန်လာနိုင်မယ်။ ဒါပေမဲ့လည်း သံယောဇဉ်တွယ်စရာတော့ သိပ်မရှိပါဘူးလေ”

ထို့နောက် သူသည် အပြင်သို့ ပျံသန်းကာ ပျောက်ကွယ်သွား၏။

ဓားနည်းစနစ်သုံးခုမှာ ဓားစံအိမ်၏အမွေအနှစ်ဖြစ်လာပြီး ဓားဆေးလုံးသည်ကား ရတနာခန်းဆောင်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းဓားဆေးလုံးသည် အကြီးအကဲများထံသို့ အကြိမ်ကြိမ် လက်ဆင့်ကမ်းရောက်ရှိသွားခဲ့ကာ နောက်ဆုံး၌ စွန်းမူထံသို့ ရောက်သွားခဲ့သည်။

နှစ်သုံးထောင် ကြာမြင့်သည့်တိုင် ထိုဓားစံအိမ်စီနီယာမှာ ပြန်ရောက်လာခြင်း မရှိတော့ပါ။

အနောက်ဘက်ကုန်းမြေတွင်ကား ပြင်ပဘုံသားများ ကျူးကျော်သော သတင်းများ ထွက်ပေါ်လာသော်လည်း အာကာသအက်ကြောင်းနှင့်ပတ်သက်၍ကား မည်သည့်သတင်းမှ မထွက်ပေါ်လာခဲ့ပါ။

ဟူး…

ဓားဆေးလုံးသည် တုန်ခါသွားကာ ဓားချီများ ဟန်မူယဲ့၏သွေးကြောများထဲသို့ စီးဆင်းသွားသည်။

ထိုဓားချီများမှာ ဂိုဏ်းမှ အကြီးအကဲများ ဓားဆေးလုံးကို သန့်စင်ခြင်းခြင်းမှ စုစည်းလာခြင်းများ ဖြစ်သည်။ ဓားချီသည် သိပ်သည်းသော်လည်း အရောအနှောများ၏။

အသက်ရှုကြိမ်တစ်ရာခန့် ကြာပြီးနောက် ဓားချီများ ပျက်ပြယ်သွားသည်။

ဟန်မူယဲ့က သူ၏ဓားချီကို ဓားဆေးလုံးနှင့် ပေါင်းစပ်ရန် ပြင်လိုက်စဉ်မှာပင် ဓားဆေးလုံး၌ ဖျော့တော့သော ဝိညာဉ်စွမ်းအားအလင်းတစ်ခု ဖြစ်ပေါ်လာသည်။

ကျောက်စိမ်းရောင်အလင်းတစ်ခုသည် ဟန်မူယဲ့အား ခြုံလွှမ်းလာ၏။

“ဓားစံအိမ်မှာ နည်းစနစ်သုံးခုကို ပေါင်းစပ်နိုင်တဲ့ ဂျူနီယာတစ်ယောက် ပေါ်လာတာလား”

“ငါက မော့ရှန်းဟွာပဲ။ အံ့ဖွယ်နေမင်းဓားနည်းစနစ်ကို တစ်နှစ်အတွင်း အောင်မြင်အောင် ဘယ်လို ကျင့်ကြံခဲ့တာလဲ”

“မင်းဟာ အံ့ဖွယ်နေမင်းနည်းစနစ်ကို ကျင့်ကြံရင် မင်းဟာ အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင် ဖြစ်နိုင်တယ်။ အရင်တုန်းက အမတ်ချုပ်ကြီးဟာလည်း ငါ့ကို အလယ်ပိုင်းကုန်းမြေသို့ ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ ငါ မသွားခဲ့ဘူး။ မင်း အလယ်ပိုင်း ကုန်းမြေကို တစ်ခေါက် သွားကြည့်သင့်တယ်”

“ဓားဆေးလုံးထဲက လျှို့ဝှက်ချက်ကို ရှာတွေ့မှတော့ မင်းဟာ အတော်လေး ဉာဏ်ကောင်းတဲ့သူလို့ ဆိုနိုင်တယ်။ ဒီဆုလဘ်ကို ယူလိုက်ပါ”

မော့ရှန့်ဟွာ၏အသံတွင် ဂုဏ်ယူဝင့်ကြွားဟန်များ အတိုင်းသား ပါနေသည်။ အလွန်တရာသန့်စင်သော ဝိညာဉ်စွမ်းအားတစ်ခုသည် ဓားဆေးလုံးမှနေ၍ ဟန်မူယဲ့၏ရင်ဘတ်ထဲသို့ ဒီရေလှိုင်းအလား စီးဆင်းလာသည်။

ဟန်မူယဲ့က မျက်တောင်ပင့်လိုက်၏။

ထိုစီနီယာက သူ့အား ဆုလာဘ်ပေးမည်ဟု ဆိုသော်လည်း စမ်းသပ်မှုအနည်းငယ်လည်း ပါဝင်ကြောင်း သူ နားလည်သည်။

သူသာ ဝိညာဉ်လိပ်ပြာဓားနည်းစနစ်ကို မလေ့ကျင့်ဖူးပါက သူသည် ထိုဝိညာဉ်စွမ်းအားများကို လက်ခံနိုင်မည် မဟုတ်သလို ဒဏ်ရာပင် ပြင်းပြင်းထန်ထန် ရသွားနိုင်သည်။

ဟူး…

သူ၏စိတ်နယ်ပယ်မှ ဝိညာဉ်လိပ်ပြာဓားချီများသည် အသက်ဝင်လာကြကာ ဝိညာဉ်လိပ်ပြာဓားနည်းစနစ်သည် အံ့ဖွယ်နေမင်းဓားနည်းစနစ်အဖြစ် စုစည်းလာ၏။

ဓားဆေးလုံးမှ ဝိညာဉ်လိပ်ပြာဓားချီသည် ချက်ချင်း သိမ်မွေ့သွားကာ အစိမ်းရောင်ဓားတစ်လက်အဖြစ် သူ၏စိတ်နယ်ပယ်၌ နေရာယူသည်။

ထိုဓားငယ်လေး ပေါ်လာသည်နှင့် ထူစွန်းရှစ် ပေးထားခဲ့သော ဝိညာဉ်လိပ်ပြာဓားသည် ချက်ချင်း ဘေးကို နေရာဖယ်ပေးရ၏။

ထိုဓားငယ်သည်ကား ထူစွန်းရှစ်၏ဝိညာဉ်ဓားထက် ပိုမိုစုစည်းပေသည်။

ဟန်မူယဲ့က သူ၏လက်ထဲမှ ဓားဆေးလုံးကို မျက်လုံးဖွင့်ကြည့်ကာ ဝမ်းသာသွားသည်။

ဓားစံအိမ်ကို လွန်ခဲ့သော နှစ်သုံးထောင်က တာဝန်ယူခဲ့သော စီနီယာမော့ရှန့်ဟွာသည် တစ်နှစ်အတွင်း ဤသို့သော ဝိညာဉ်လိပ်ပြာဓားအား စုစည်းနိုင်ခြင်းမှာ မယုံကြည်ချင်စရာ ကောင်း၏။

ဓားဘုရင်ယွမ်ထျန်းနှင့် မော့ရှန့်ဟွာ။

ထိုသို့သော ဓားသမားများမှာ အစစ်အမှန် ထက်မြက်သူများ ဖြစ်ကြသည်။

ဓားဆေးလုံးကို တင်းတင်းဆုပ်ရင်း ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးများအား အဆက်မပြတ် ဖြိုဖျက်သည်။

သူက သည်ဓားဆေးလုံးကို သန့်စင်နိုင်သရွေ့ ကောင်းကင်စက်ဝန်းဓားဝင်္ကပါအား အသုံးပြုနိုင်ပြီ ဖြစ်သည်။ သူက ကြယ်သုံးစင်းဝင်္ကပါဓားသိုင်းအား တည်ဆောက်ကာ အလွန်အားကောင်းသော တိုက်ခိုက်စွမ်းရည်အား ထုတ်ဖော်နိုင်၏။

ဓားချီနှင့် သဘာဝစွမ်းအားများ ဟန်မူယဲ့အနီးတွင် အဆက်မပြတ် ပေါက်ကွဲနေခဲ့ကာ သူ့ထံမှ ထူးဆန်းသော အလင်းများ ဖြစ်ပေါ်လာနေသည်။

သူ၏စွမ်းအင်ကျင့်ကြံခြင်းသည် အခြေခံအုတ်မြစ်အဆင့်သို့ ရောက်ပြီးနောက် ဟန်မူယဲ့မှာ ဓားဆေးလုံးကို ပိုမိုမြန်ဆန်စွာ သန့်စင်လာနိုင်သည်။

….

နောက် ၂ ရက် ကြာမြင့်သွားသည်။ နေ့ပိုင်း၌ တိုက်ပွဲများမှာ ပြင်းထန်နေဆဲ ဖြစ်သည်။

ထန်ချီနှင့် ဟယ်ရွမ်ချီတို့ ဦးဆောင်သော ကျင့်ကြံသူများသည် မိစ္ဆာများနှင့် သွေးစွန်းတိုက်ပွဲများ ဆင်နွဲကြ၏။

ဟယ်ရွှမ်ချီ၏ဓားနှစ်လက်သိုင်းသည် ထူးဆန်းစွာ အလွန်လိုက်ဖက်နေကာ ဟာကွက်မရှိသော သူ့သိုင်းက အဆင့်တူမိစ္ဆာများအား ကူရာမဲ့စေသည်။

သူ၏တိုက်ပွဲစွမ်းဆောင်ရည်ကား ကောင်းမွန်လွန်းရကား ထန်ချီသည်ပင် အတော်လေး မှေးမှိန်သွားရသည်။

နေဝင်လျှင် တိမ်မြုံကမ်းပါးမှ ကျင့်ကြံသူများသည် ဟယ်ရွှမ်ချီအား ဂုဏ်ယူစွာ ကြိုဆိုကြ၏။ သို့သော်လည်း ဟယ်ရွှမ်ချီ၏ပုံစံမှာကား အသက်မဲ့နေဟန်ရသည်။ သူသည် တခြားလူများကို သိပ်ဂရုမစိုက်ဘဲ သီးသန့်ထွက်ခွာသွားရာ သူ့နောက်ကျောမှ မြင်ရသော ပုံစံမှာ အတော်လေး အထီးကျန်ဆန်လှသည်။

လူအများအပြားက ကမ်းပါးတွင် ရပ်‌နေသော ဟန်မူယဲ့အား လှမ်းကြည့်ကြသည်။ စီနီယာအစ်ကိုဟန်သည် အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး ၂တုံးဖြင့် ဓားသိုင်းများ သင်ပေးသည်။

မည်သည့်ဓားသိုင်းမဆို တစ်ခေါက် ကစားပြသည်နှင့် စီနီယာအစ်ကိုဟန်သည် အားနည်းချက် အားသာချက်များကို ပြောပြနိုင်ရုံမက ပိုကောင်းလာအောင်လည်း အကြံပေးနိုင်၏။

မည်သူက သူတို့၏စွမ်းရည် မတိုးတက်လိုဘဲ နေမည်နည်း။ သူတို့က ဝိညာဉ်ကျောက်တုံး ၂၀၀ ခန့်သာ သုံးစွဲရန် လိုသည်။

ဟွမ်လောင်လျှိုနှင့် ကောင်းရှောင်ရွှမ်တို့က ဝိညာဉ်ကျောက်တုံးများ လက်ခံရန် တာဝန်ယူကာ ဟန်မူယဲ့က တပည့်များအား အချိန်တစ်ခုပေးကာ ဓားသိုင်းများ သင်ပေးသည်။

သူက တစ်ညလျှင် လူသုံးဆယ်ခန့် သင်ကြားပေးနိုင်၏။

တတိယမြောက်နေ့တွင် တောင်ကုန်းအောက်သို့ ဆင်းကာ အားတက်သရော ဝင်ရောက်တိုက်ခိုက်သော လူပေါင်း သုံးဆယ်ခန့် ရှိလာသည်။ သူတို့သည် ဟယ်ရွှမ်ချီနှင့်အတူ ရွှပ်ရွှမ်ရွှံရွှံ ပူးပေါင်းတိုက်ခိုက်ကြ၏။

ထို့အတူ သူတို့က တကိုယ်တော်ကျင့်ကြံသူများနှင့် ဂိုဏ်းငယ်များမှ ကျင့်ကြံသူများ ဖိအားအောက်ရောက်နေသောအချိန်များ၌ ဝင်ရောက်ကူပေးကြသည်။

တတိယမြောက်ည၌ ဟန်မူယဲ့သည် ဂိုဏ်းသားများအား ထုံးစံအတိုင်း ဓားသိုင်းသင်ပေးကာ လူစုခွဲလိုက်သည်။

ဟွမ်လောင်လျှိုက လုချန်းဖျင်နှင့် ကောင်းရှောင်ရွှမ်တို့အား စခန်းသို့ ဦးဆုံးပြန်ရန် ပြောသည်။ ထို့နောက် သူသည် ဟန်မူယဲ့နှင့်အတူ ကျောက်တုံးကြီးတစ်တုံးအား မှီလျှက် ထိုင်၏။

သူတို့က တောင်ခြေမှ အခြေစိုက်စခန်းအား ကြည့်နေကြသည်။ ထိုနေရာတွင် မီးပုံများ နေရာအနှံ့ရှိနေပြီး အော်သံများ သက်ပြင်းချသံများကိုလည်း မကြာမကြာ ကြားရနိုင်သည်။

“မနက်ဖြန် ငါ သွားသတ်မယ်”

အတန်ကြာ တိတ်ဆိတ်နေပြီး ဟွမ်လောင်လျှိုက ပြောသည်။

ဟန်မူယဲ့က သူ့အား ပြန်ကြည့်သည်။

“ဒီလူနှစ်သိန်းလောက်ဟာ နဂိုက ညီမဖျင်ကို ရှာဖို့ ငါ့နောက်ကို လိုက်ခဲ့ကြတဲ့သူတွေပဲ။ သူတို့ တိမ်မြုံကမ်းပါးကို ရောက်လာတာ ငါ့အပြစ်မကင်းဘူး”

ဟွမ်လောင်လျှို၏မျက်လုံးက အနီရောင်သန်းလာသည်။ သူက အသံကို နှိမ့်ကာ ပြောသည်။

“ဒီမှာ အကြောင်းပြချက်မရှိဘဲ ဘယ်သူမှ မသေချင်ကြဘူး”

ဟန်မူယဲ့ ခေါင်းညိတ်သည်။

တကိုယ်တော်ကျင့်ကြံသူများနှင့် ဂိုဏ်းငယ်ကျင့်ကြံသူများသည် အမှန်တကယ်လည်း ဟွမ်လောင်လျှိုကြောင့် စုစည်းလာကြခင်း ဖြစ်သည်။

နောက်ပိုင်းတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက သူတို့အား ခေါ်ယူကာ ဆုကြေးများ ရက်ရောစွာ ပေးလျှက် တိမ်မြုံကမ်းပါးသို့ ခေါ်လာခဲ့သည်။

သည်နေရာတွင် သူတို့ ထွက်သွား၍ မရတော့ပါ။

ဟန်မူယဲ့သည် ဟွမ်လောင်လျှိုကို လာရောက်ကယ်တင်ခြင်း ဖြစ်သည်။ သို့သော် သူသည်သာ တိမ်မြုံကမ်းပါးကို ကာကွယ်ရန် တာဝန်ဖြင့် ဆိုပါက သူသည်လည်း ထွက်သွား၍ မရပါ။

တိမ်မြုံကမ်းပါးသို့ ရောက်လာသူတိုင်းသည် တိမ်မြုံကမ်းပါးအား အသက်ပေးကာကွယ်ရမည်။

ခွင့်ပြုချက်မရှိဘဲ ထွက်ခွာခြင်းက သစ္စာဖောက်ခြင်း ဖြစ်သည်။

သူတို့ ထွက်ပြေး၍ ရသည်။ သို့သော် ထိုသို့ ထွက်ပြေးပါက အနောက်ဘက်ကုန်းမြေတွင် သူတို့အတွက် နေရာရှိတော့မည် မဟုတ်ပါ။

“အစ်ကိုဟွမ်… ဂရုစိုက်ပါ…”

ဟန်မူယဲ့က ပြောသည်။

ဟွမ်လောင်လျှိုက ပြုံးသည်။

“စိတ်မပူနဲ့… ငါ့မှာ ဂရုစိုက်ပေးရမယ့် ညီမဖျင် ရှိသေးတယ်။ ငါ မသေပါဘူး”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“အစ်ကိုဟွမ်… မနက်ဖြန် ကျုပ်တို့ တိုက်ပွဲသွားရတော့မယ်။ ဒီည တစ်ခုခု ချန်ထားခဲ့ရင် မကောင်းဘူးလား”

သူ့စကားကို ကြားလျှင် ဟွမ်လောင်လျှို၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီး တမုဟုချင်း နီမြန်းသွားသည်။

All Chapters