← Chapters

ကျီလီအား သတ်သည့်လူ

Vol. 80 Ch. 1106

ကျီလီအား သတ်သည့်လူ

Vol. 80 Ch. 1106

“ကျီလီ သေသွားပြီတဲ့လား”

မိုဝူကျိက သူ့ဘာသာသူ ရေရွတ်လိုက်သည်။

ထိုအကြွင်းမဲ့ လှပသော မိန်းမပျိုလေး၏ ပုံရိပ်အား မိုဝူကျိ ပြန်လည် မြင်ယောင်လာမိသည်။ သူမသည် နှစ်ပေါင်းများစွာ အင်မော်တယ် ပိတ်လှောင်ရေးအစီအရင်ထဲတွင် အပိတ်လှောင်ခံထားရသဖြင့် ပိန်လှီပြီး ပင်ပန်းနွမ်းနယ်နေသည့်ပုံ ပေါက်နေသည့်တိုင်အောင် သူမ၏ အလှမှာ တောက်ပသိသာနေဆဲ ဖြစ်သည်။

ထို့အပြင် အသက်ရှူ မှားသွားစေလောက်သည့် ထိုမျက်ဝန်းတစ်စုံ…

အကယ်၍ ကျီလီသာ သူမကိုယ်သူမ အနည်းငယ်လောက် ပြည့်ဖြိုးကျန်းမာလာအောင် လုပ်လိုက်ပါက သူမသည် သူတွေ့ဖူးသမျှ မိန်းမလှများအားလုံးအနက် အလှပဆုံး မိန်းမလှလေး ဖြစ်လိမ့်မည်ဟု မိုဝူကျိက ယုံကြည်သည်။

မိုဝူကျိသည် များစွာသော မိန်းမလှများကို မြင်ဖူးတွေ့ဖူးသည်။ ဝိဇ္ဇာသူတော်စင် သခင်မနှင့် ယီရှန်းတို့သည်လည်း အင်မတန် လှပကြသည်။ သို့သော် ထိုအမျိုးသမီးတို့သည် သူ့အား မာနကြီး မာန်ဝင့်နေသည့် ခံစားချက်ကို ပေးသည်။ ကျီလီနှင့် သူမ၏ ပညာရှင် အလှတရားတို့ကသာလျှင် သူ့အား မီးရှူးမီးပန်းများ ပွင့်နေသကဲ့သို့ ခံစားမှုမျိုး ပေးစွမ်းနိုင်လေသည်။ သူမသည်ကား တကယ့်ကို ဂန္ဓဝင် စာတင်လောက်သည့် အနုပညာလက်ရာ တစ်ရပ်ပင် ဖြစ်၏။

တစ်ချိန်တည်းမှာပင် မိုဝူကျိသည် ကျီလီ၏ အကြင်နာ မေတ္တာကြီးမားမှုကိုလည်း လေးစားမိသည်။ သူမနှင့် မသက်ဆိုင်သော ကိစ္စဖြစ်နေပါလျက်နှင့် သူမက မိုဝူကျိကို အားနာစွာ တောင်းပန်ခဲ့သေးသည်။ သူတို့တွေ အပြန်အလှန်ပြောဆိုဖြစ်ခဲ့သည့် ထိုအချိန်ခဏလေးအတွင်း၌ သူမက သုံးခါတိတိ တောင်းပန်ခဲ့သည်။ ထိုအချိန်တုန်းက ကျီလီသည် မဟာယီရှန်း အင်မော်တယ် တစ်ယောက်ဖြစ်သည့် သူ့ထက် အဆများစွာ အားကောင်းနေသည့်သူ ဖြစ်သည်။

အင်မော်တယ် ပိတ်လှောင်ရေးအစီအရင်အတွင်း ပိတ်မိနေသော တခြားကျင့်ကြံသူများသာဆိုလျှင် သူတို့သည် မိုဝူကျိအား အသိစိတ်ကျောက်များ တတ်နိုင်သမျှ များများပေးရန် သေချာပေါက် တောင်းဆိုကြလိမ့်မည်မှာ ဖြစ်သည်။ သို့သော် ကျီလီသည် သူမ၏ ဖခင်ဆီမှ မိုဝူကျိက အကျိုးအမြတ် သိပ်မရခဲ့မှန်း သိသဖြင့် သူမက မိုဝူကျိဆီမှ အသိစိတ်ကျောက် တစ်တုံးမျှ မတောင်းဆိုခဲ့ပေ။ နောက်ပိုင်းတွင် မိုဝူကျိက သူမအား အသိစိတ်ကျောက် အတုံး တစ်သန်းကို ပေးသောအခါ သူမက များလွန်းသည်ဟု ဆိုခဲ့သေး၏။

အပြန်အလှန်အားဖြင့် သူမက သူမ၏ တစ်ခုတည်းသော ကြယ်တာရာလည်ဆွဲကို သူ့အား ပေးခဲ့သည်။ ဤကြယ်တာရာလည်ဆွဲက သူ့အသက်အား တစ်ခါမက ကယ်တင်ခဲ့ဖူးသည်။ ထိုလည်ဆွဲကြောင့်သာ မဟုတ်ပါက အင်မော်တယ် ဧကရာဇ်လေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုများအောက်တွင် သူ အသက်ပျောက်နေလောက်ပြီ ဖြစ်သည်။

ကျီလီက နတ်ဘုရားမျှော်စင်မှ ထွက်လာပြီးသည့်နောက်တွင် သူမက သူ၏ ကျေးဇူးတရားကို ပြန်ဆပ်ရန် မမေ့လျော့ခဲ့ချေ။ သူမက ဖင်းဖန်ကျောင်းတော်သို့ တကူးတက ရောက်လာခဲ့ပြီး ဖင်းဖန်ကျောင်းတော်အား ဘေးဒုက္ခကြီးမှ လွတ်မြောက်အောင် ကူညီခဲ့လေသည်။ သူမက ဖင်းဖန်ကျောင်းတော်အနှံ့မှ ကာကွယ်ရေးအစီအရင်များအား အဆင့်မြှင့်တင်ပေးပြီးမှသာ ပြန်သွားခဲ့သည်။ သူမ၏ အကြင်နာ မေတ္တာတရား ကြီးမားမှုကြောင့် သူမသည် ဖင်းဖန်းကျောင်းတော်အား ကူညီခဲ့သည့် အချိန်တစ်လျှောက်လုံးတွင် လူတစ်ယောက် တစ်လေမျှ မသတ်ခဲ့ချေ။

ဤမျှလောက် ကြင်နာသနားတတ်သော မိန်းကလေးက သေသွားပြီတဲ့လား…

မိုဝူကျိ၏ ရင်ထဲတွင် ရုတ်တရက် ဟာတာတာကြီး ခံစားလိုက်ရ၏။ ဤသည်မှာကား စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်သည့် ဝမ်းနည်းမှုမျိုး ဖြစ်လေသည်။

ဤမျှလောက် မြင့်မားသည့်အဆင့်တစ်ခုထိ ရောက်အောင် ကျင့်ကြံခဲ့ပြီးပြီ ဖြစ်လေရာ သူ့ရင်ထဲမှ တာအိုနှလုံးသားမှာ သေချာပေါက်ခိုင်မာနေပြီ ဖြစ်သည်။ သို့ပေသည့်တိုင် သူတစ်ခါသာ တွေ့ဖူးသော ကျီလီဆိုသည့် ကောင်မလေးကြောင့် သူ၏တာအိုနှလုံးသားမှာ ဂယက်ရိုက်သွားကာ ပူဆွေးသောကကို ခံစားလိုက်ရသည်။

အချိန်တစ်ခုကြာပြီးသည့်နောက်မှ မိုဝူကျိက ခပ်တင်းတင်း ဆုပ်ထားသော သူ့လက်သီးများကို ပြန်ဖြည်လျော့လိုက်သည်။ သူက ယွဲ့မင်အား စိုက်ကြည့်ကာ လေးလေးနက်နက် မေးလိုက်၏။

“အရင်ဆုံး မတ်တပ်ရပ်လိုက်ပါ။ ကျုပ်ကို ပြောပြပါဦး… စီနီယာအစ်မ ကျီလီကို ဘယ်သူသတ်တာလဲ”

ထိုမေးခွန်းကို မေးပြီးသည့်နောက် မိုဝူကျိက အသက်ကို ခပ်ပြင်းပြင်း ခပ်ရှည်ရှည် ရှူထုတ်လိုက်သည်။ သူ့ရင်ထဲတွင် ခံစားနေရသော ဝမ်းနည်းမှုနှင့် ဒေါသတရားတို့ကို ဖြည့်လျော့စရာ ထွက်ပေါက်တစ်ခု ရှိနေသည်။ ထိုအရာမှာ ကျီလီအား သတ်သည့်လူကို လိုက်ရှာရန် ဖြစ်၏။

မုန့်ယဲ့က မိုဝူကျိအား အလေးတယူ ရှိမှန်း သိသာလေသည်။ မိုဝူကျိ၏ စကားများကို ကြားပြီးသည့်နောက် သူက လက်ကို ဝေ့ကာ ယွဲ့မင်၏ ဘေးတွင် ကျောက်ထိုင်ခုံတစ်လုံး နေရာချပေးလိုက်သည်။ သူက သူမအား ထိုင်ရန် လက်ဟန်ပြလိုက်သည်။

ယွဲ့မင်က ဒူးထောက်ရာမှ ပြန်ပြီး မတ်တပ်ရပ်လိုက်သည်။ သို့သော် သူမက မုန့်ယဲ့၏ ထိုင်ခုံပေါ်တွင် မထိုင်ချေ။ ထိုအစား သူမက မတ်တပ်ပဲ ဆက်ရပ်နေကာ မိုဝူကျိအား လေးလေးစားစား ပြောပြလိုက်သည်။

“အဲ့ဒီလူရဲ့နာမည်ကို ကျွန်မ မသိပါဘူး။ ကျွန်မ သိတာက အဲ့ဒီလူက သူ့ရဲ့ခေါင်းပေါ်မှာ အနီရောင် လခြမ်းကွေး သရဖူဆောင်းထားတယ် ဆိုတာရယ်၊ သူ့မျက်နှာက ပိန်ပိန်ရှည်ရှည် ဆိုတာရယ်၊ သူ့မျက်လုံးတွေက မှေးမှေးသေးသေး ဆိုတာရယ်နဲ့ သူက အညိုရောင်ဝတ်ရုံကို ဝတ်ထားတယ် ဆိုတာရယ်ကိုပါ။

သူက ဓားသေးသေး ရှည်ရှည် တစ်လက်ကို သုံးပြီး ကျွန်မသခင်မရဲ့နဖူးထဲ ထိုးစိုက်လိုက်ပြီးတော့ သခင်မရဲ့ အသိစိတ်ပင်လယ်ကို ဆုတ်ဖြဲပစ်လိုက်တာကို ကျွန်မ မြင်ခဲ့ရတယ်။ သခင်မ… သခင်မက သူမ မသေခင်လေးမှာ အင်မော်တယ်လောကရဲ့ ဖင်းဖန်ကျောင်းတော်ကို သွားရှာဖို့နဲ့ စီနီယာကို ရှာဖို့ ကျွန်မကို မှာခဲ့တာပါ…”

ဤတစ်ကြိမ်တွင်ကား သူမ၏ ပူဆွေးသောကများကြောင့် ယွဲ့မင်က ဖင်းဖန်ကျောင်းတော်၏ နာမည်ကို ထုတ်ဖော်ပြောဆိုလိုက်မိလေသည်။

“မင်းသခင်မရဲ့ ကျင့်ကြံဆင့်က ဘယ်ရောက်ပြီလဲ”

မုန့်ယဲ့က ရုတ်တရက် မေးလိုက်သည်။

ယွဲ့မင်က ဤမေးခွန်းကို မသိကျိုးကျွံ မပြုရဲပေ။ သူမက ညင်သာစွာ ပြန်ဖြေလိုက်သည်။

“ကျွန်မသခင်မက သဟဇာတ နတ်ဘုရားအဆင့်အထိ သူမရဲ့ကျင့်ကြံဆင့်ကို ပြန်လည်ရရှိပြီးပါပြီ။ ဒါပေမဲ့ အဲ့ဒါတောင်မှပဲ လခြမ်းကွေးသရဖူနဲ့လူကို ရင်ဆိုင်ဖို့ မလုံလောက်သေးပါဘူးရှင်…”

မုန့်ယဲ့က သက်ပြင်းချကာ

“ကြည့်ရတာ အဲ့ဒီကောင်ရဲ့ ကျင့်ကြံဆင့်က ပြန်မကောင်းသေးဘူးပဲ။ တကယ်လို့ သူရဲ့ကျင့်ကြံဆင့်ကိုသာ ပြန်ရပြီးပြီဆိုရင် မင်းရဲ့သခင်မက ဝိဇ္ဇာတစ်ပိုင်းအဆင့်မှာ ရှိနေရင်တောင် သူ့ရှေ့မှာဆို ပုရွက်ဆိတ် တစ်ကောင်ထက် ပိုမှာမဟုတ်ဘူးရယ်”

ယွဲ့မင်က ခေါင်းကိုယမ်းကာ ပြောလိုက်သည်။

“ အဲ့လိုမဟုတ်ပါဘူး။ လခြမ်းကွေးသရဖူနဲ့လူက ဒဏ်ရာအပြင်းအထန် ရထားလို့ပါ”

မိုဝူကျိက မုန့်ယဲ့အား သင်္ကာမကင်းကြည့်ကာ

“တာအိုရောင်းရင်း မုန့်ယဲ့… အဲ့ဒီလူကို ခင်ဗျား သိတယ်လား”

မုန့်ယဲ့က ခေါင်းငြိမ့်ပြကာ

“ဒါပေါ့… ကျုပ် အဲ့ဒီလူကို သိတာပေါ့ဗျာ။ သိဆို နတ်ဘုရားမျှော်စင်ကို အဲ့ဒီကောင် ပိုင်တယ်လေဗျာ။ ကျုပ် နတ်ဘုရားမျှော်စင်ကို လိုချင်ရတာကလည်း အဲ့ဒီကောင်ရဲ့လက်ထဲကနေ လုယူချင်လို့ပဲ”

“သူက ဘယ်သူလဲ”

မိုဝူကျိ၏ မျက်လုံးများက အေးခဲသွားကာ သူ့အနီးအနားပတ်ပတ်လည်မှ လေထုထဲတွင် သတ်ဖြတ်ငွေ့တို့ ပြည့်နှက်သွားသည်။

သတ်ဖြတ်ငွေ့သည် ယွဲ့မင်အား မရည်ရွယ်သော်လည်း သူမက အလိုလို တုန်ယင်သွားမိဆဲ ဖြစ်သည်။ မုန့်ယဲ့သည်ပင် ရင်ထဲထိတ်သွားရ၏။ သူသည် မိုဝူကျိအတွက် ပြိုင်ဖက် မဖြစ်နိုင်လောက်ဘူးဟုပင် သူက သံသယဝင်မိသည်။ အခြေအနေကို ကြည့်ရသည်မှာ သူအနေနှင့် မိုဝူကျိကို မည်သည်နှင့်မျှ အတင်းအကျပ်လုပ်ရန် ဖြစ်နိုင်ပုံ မပေါ်ပေ။ မိုဝူကျိနှင့် နှစ်ဦးသဘောတူ အပေးအယူလုပ်၍သာ အတူတူလက်တွဲလုပ်ကိုင်ရုံသာ ဖြစ်နိုင်လိမ့်မည်။

“အဲ့လူကို ဟွမ်တိလို့ ခေါ်တယ်”

မုန့်ယဲ့က ပြန်ဖြေလိုက်သည်။

ဟွမ်တိ…

ဤဘိုးတော်၏ နာမည်ကို မိုဝူကျိသည် ယခင်က တစ်ခါမျှ မကြားဖူးချေ။

မိုဝူကျိက ဟွမ်တိကို သိပုံမပေါ်သည်ကို မုန့်ယဲ့က သတိထားမိသည်။ သူက ရှင်းပြသည်။

“ဒီလူ့ကို မသိကြတာ မဆန်းပါဘူး။ ဒါပေမဲ့ မင်း နတ်ဘုရား အာဏာစက်တွေအကြောင်းကိုတော့ သိတယ်မလား”

မိုဝူကျိ ခေါင်းငြိမ့်ပြသည်ကို မြင်သောအခါ မုန့်ယဲ့က ဆက်ပြောလိုက်သည်။

“မင်း ဝိဇ္ဇာရှစ်ပါးအကြောင်းကို သိလား”

“ကျုပ် သူတို့တွေကိုလည်း သိတယ်။ ဒီဟွမ်တိကလည်း ဝိဇ္ဇာတစ်ယောက်လား”  မိုဝူကျိက အံ့အားသင့်စွာ မေးလိုက်၏။

မုန့်ယဲ့က နှာခေါင်းရှုံ့ကာ

“မင်းပြောတာ မှန်တယ်။ ဒီလူ့ကိုကြည့်ရင် မဟုတ်တရုတ် ကောင်တစ်ကောင်လို့ မြင်ရပေမဲ့ သူရဲ့လျို့ဝှက်ပညာရပ်တွေက အရမ်းအံ့သြစရာကောင်းပြီး ကြောက်စရာ ကောင်းတယ်ဗျ။ သူက ဝိဇ္ဇာရှစ်ပါးထဲက တစ်ပါးတောင် ဖြစ်နေသေးတယ်။ ပြီးခဲ့တဲ့ ကပ်ဆိုးကြီးတုန်းက ထန်းဟန်ကော သူကော နှစ်ယောက်စလုံး သူများလုပ်ကြံတာ ခံခဲ့ရတယ်လေ”

“ယွဲ့မင်… အခု အဲ့ဒီ့လူ ဘယ်မှာလဲ”

မိုဝူကျိ၏ ရင်ထဲတွင် သတ်ဖြတ်ငွေ့တို့ ကြီးစိုးသွားသည်။

သူ့ပြိုင်ဖက်က ဝိဇ္ဇာတစ်ယောက် ဖြစ်နေတော့ကော ဘာဖြစ်လဲ…

ယွဲ့မင်က တအိအိငိုရင်း ပြောလိုက်သည်။

“အဲ့ဒီအချိန်တုန်းက ကျွန်မတို့တွေက ပိုင်ရှင်မဲ့ ဂြိုလ်တစ်ခုမှာ ရောက်နေကြတာ။ ကျွန်မ အဲ့ဒီဂြိုလ်ရဲ့တည်နေရာကိုတောင် မသိပါဘူးရှင်။ ကျွန်မသခင်မက ကျွန်မကို ထောင်ထျဲ့တောင်ကြားရဲ့ အစွန်းအဖျားနားကနေ ကယ်တင်ပြီးတဲ့နောက်မှာ ကျွန်မတို့တွေ နတ်ဘုရားကမ္ဘာ ပြန်လည်ကောင်းမွန်လာခြင်းနဲ့ ကြုံကြိုက်ခဲ့ကြတယ်။ သခင်မကော ကျွန်မကော နှစ်ယောက်စလုံးရဲ့ကျင့်ကြံဆင့်တွေက မြန်မြန်ဆန်ဆန်ကြီးကို တိုးတက်လာခဲ့တယ်။

အဲ့ဒီအချိန်မှာပဲ ဧရာမ ထောင်ထျဲ့ကြီးတစ်ကောင်က ထောင်ထျဲ့တောင်ကြားထဲကနေ အရှိန်နဲ့ပြေးထွက်လာတယ်။ အဲ့ဒီသားရဲကောင်ကြီးက သခင်မနဲ့ ကျွန်မကို ဝါးမြိုဖို့ ကြိုးစားခဲ့တယ်။ သခင်မက တိုက်ကွက်ထုတ်တော့မယ့် အချိန်မှာပဲ အဲ့ဒီဟွမ်တိ ရောက်ချလာတယ်။

ဟွမ်တိက အဲ့ဒီထောင်ထျဲ့ကို အဖက်တောင် မလုပ်ဘူး။ သူက သခင်မကိုပဲ စိုက်ကြည့်ပြီး သခင်မက နှစ်ပေါင်းများစွာ နတ်ဘုရားမျှော်စင်ထဲမှာ ပိတ်မိနေပြီး သိပ်မကြာခင်ကမှ လွတ်လာတယ်ဆိုတာ ဟုတ်၊ မဟုတ်ကို မေးလိုက်တယ်။ သခင်မက ခေါင်းငြိမ့်ရုံရှိသေးတယ် အဲ့ဒီဟွမ်တိက သခင်မကို ဖမ်းချုပ်လိုက်တယ်။

အဲ့ဒီ့အချိန်မှာပဲ ထောင်ထျဲ့က ဟွမ်တိကို သူနဲ့တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်တယ်ရှင့်။ ဟွမ်တိ ကြည့်ရတာ အဲ့ဒီထောင်ထျဲ့ကို မှတ်မိသွားပုံပေါ်ပဲ။ သူတို့နှစ်ယောက် တိုက်ရင်းခိုက်ရင်းနဲ့ ကျွန်မ နားမလည်တဲ့ကိစ္စတွေ အများကြီးကိုလည်း ပြောနေကြသေးတယ်။ နောက်ဆုံးမှာတော့ ထောင်ထျဲ့က  သံချေးတက်နေတဲ့ ကျိုင်းတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ဟွမ်တိကို ရိုက်ချပစ်လိုက်တယ်။ ဟွမ်တိက ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူက ထောင်ထျဲ့ကိုလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားအောင် လုပ်နိုင်ခဲ့တယ်။ အဲ့ဒီနောက်မှာ ထောင်ထျဲ့က ဟိန်းသံ အကျယ်ကြီးပြုလိုက်ပြီး သူ့ရှေ့က အာကာပြင်အလွတ်ကို ကိုက်ဆွဲဖြဲပစ်လိုက်တယ်။ ပြီးတော့ ပေါ်လာတဲ့ တွင်းနက်ကြီးထဲ ဝင်ပြေးသွားတော့တာပဲရှင်”

“အဲ့ဒီထောင်ထျဲ့ရဲ့ စစ်မြစ်က မရိုးရှင်းဘူးရယ်။ သူက ဟွမ်တိကို မယှဉ်နိုင်ပေမဲ့ သွားပြီး ရန်စလို့ ကောင်းတဲ့ လူမျိုးလည်း မဟုတ်ဘူး”  မုန့်ယဲ့က ဘေးမှ ရှင်းပြလိုက်သည်။

ထိုကျိုင်းမှာ ခွန်းယွမ်၏ ရတနာမှန်း မိုဝူကျိက သိသည်။ သို့သော် ထိုကိစ္စတွေကို ဂရုစိုက်ချင်စိတ် သူ့တွင် မရှိချေ။ သူက ယွဲ့မင်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။

( မှတ်ချက် - ယခင် ဓားရိုးဟု သုံးထားသော ခွန်းယွင်ရဲ့ ရတနာကို  ကျိုင်းအဖြစ် ပြောင်းလဲသုံးစွဲပါမယ် )

“အဲ့ဒါပြီးတော့ ဘာဆက်ဖြစ်တုန်း”

“ဟွမ်တိ ဒဏ်ရာအပြင်းအထန် ရသွားတာကို မြင်တော့ သခင်မက ကျွန်မကို ခေါ်ပြီး ထွက်သွားဖို့ ကြိုးစားခဲ့တယ်။ သူမ မမျှော်လင့်ထားမိတာက ဟွမ်တိက ဒဏ်ရာအပြင်းအထန် ရနေတာတောင်မှ အားအရမ်းကောင်းနေသေးတဲ့ အချက်ကိုပဲရှင့်။ သူက ဓားပျော့တစ်လက်ကို ဆွဲထုတ်လိုက်ပြီး သခင်မရဲ့နဖူးထဲ ထိုးစိုက်ပစ်လိုက်တယ်။ အဲ့ဒီအချိန်ခဏလေးမှာပဲ သခင်မက ကျွန်မကို စီနီယာကို သွားရှာဖို့ ပြောပြီး ထောင်ထျဲ့ ကိုက်ခဲ့တဲ့ တွင်းနက်ထဲ ကျွန်မကို တွန်းပို့လိုက်တယ်…”

ယွဲ့မင်က ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြနေရင်း ငိုသွားကာ သူမ၏ လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။

သူမက နယ်လှည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူမ၏ သခင်မကို တွေ့ပြီးသည့်နောက်ပိုင်းတွင်မှ သူမသည် ရင်းနှီးနွေးထွေးသည့် ခံစားချက်မျိုးကို သိရှိခဲ့ရသည်။ လွန်ခဲ့သောနှစ် ၁၀၀၀ အတွင်း သူမ၏ သခင်မသည် သူမအပေါ် အထူး ကြင်နာဂရုစိုက်ခဲ့သည်။ သို့သော် သူမ၏ သခင်မက ဟွမ်တိ၏ အသတ်ခံလိုက်ရသည့် အချိန်တွင် သူမမှာ ကြည့်၍ ထွက်ပြေးရုံသာ တတ်နိုင်ခဲ့သည်။

မိုဝူကျိက ယွဲ့မင်အား ဟိုင်မင်နှင့်ဖန်းတို့ကို မည်ကဲ့သို့ တွေ့ဆုံခဲ့ကြောင်း မေးမနေတော့ချေ။ သူက ထောင်ထျဲ့တောင်ကြားသို့ အလျင်အမြန် သွားကြည့်ချင်မိသည်။ ကျီလီ အသက်ရှင်သေးသည်ဟု သူ ထင်နေမိသည်။ တခြားအကြောင်းကြောင့် မဟုတ်ဘဲ နတ်ဘုရားမျှော်စင်ကြောင့် ဖြစ်သည်။

နတ်ဘုရားမျှော်စင်အကြောင်း သိသည့်သူများမှာ ကျီလီနှင့် ယွဲ့မင်သာ ရှိသည်။ ယွဲ့မင်သည် တွင်းနက်ထဲသို့ တွန်းပို့ခံလိုက်ရသဖြင့် ဟွမ်တိက နတ်ဘုရားမျှော်စင်၏ တည်နေရာကို မသိရသေးခင် ကျီလီအား သတ်လိမ့်မည် မဟုတ်ပေ။ ယခု ကျီလီက ထိုလျို့ဝှက်ချက်ကို ဆက်လက် ထိန်းသိမ်းထားဖို့သာ သူမျှော်လင့်မိသည်။

“တာအိုရောင်းရင်းမို… ကျုပ် မှန်းတာ မမှားဘူးဆိုရင် အဲ့ဒီကျီလီက အသက်ရှင်နေလောက်သေးတယ်ဗျ။ ဟွမ်တိကို ကျုပ်သိတယ်။ သူ့ရည်မှန်းချက် မပြည့်မချင်း သူက ကျီလီကို လုံးဝ သတ်မှာမဟုတ်ဘူး”  မုန့်ယဲ့က ပြောလိုက်သည်။

မိုဝူကျိက ခပ်တည်တည် ပြောလိုက်သည်။

“တာအိုရောင်းရင်းမုန့်… ကျုပ် မသိသေးတာတွေကို အခုလို ပြောပြပေးတာကို ထောက်ပြီး ခင်ဗျားနဲ့ယွဲ့မင်တို့ကြားက ကိစ္စကို ကျုပ် ဗွေမယူတော့ပါဘူး။ ရှေ့လျှောက် ကျုပ်တို့တွေ ကိုယ့်လမ်းကိုယ် သွားကြတာပေါ့ဗျာ”

မိုဝူကျိတွင် အင်အားကြီးရန်သူများ မြောက်များစွာ ရှိနေသည်။ ဤမုန့်ယဲ့သည် ရိုးဖြောင့်သည့်သူတစ်ယောက် မဟုတ်ချေ။ ပြဿနာမဖြစ်ရန် တတ်နိုင်သမျှ ရှောင်ထားသည်က ကောင်းပေလိမ့်မည်။

“တာအိုရောင်းရင်းမို… မင်း ဟွမ်တိနဲ့ စာရင်းသွားရှင်းချင်တယ်ဆိုရင် ကျုပ်နဲ့ ပိုပြီးတော့တောင် ပူးပေါင်းသင့်တယ်ဗျ”

မုန့်ယဲ့က မိုဝူကျိ၏ သဘောထားကို စိတ်ထဲမထားချေ။ သူကလည်း မိုဝူကျိသည် လုံးဝသာမန် မဖြစ်နိုင်ကြောင်း မြင်နိုင်လေသည်။

“ခင်ဗျား ဘာကို ဆိုလိုတာလဲ”

မိုဝူကျိက မုန့်ယဲ့အား ကြည့်လိုက်၏။

မုန့်ယဲ့က တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။

“ပထမဆုံးအချက်… နတ်ဘုရားမျှော်စင်ရဲ့ လျို့ဝှက်ချက်ကို မင်းမသိဘူး။ နတ်ဘုရားမျှော်စင်က ကံကြမ္မာထိပ်သီး ရတနာတစ်ခုပဲ။ ဟွမ်တိက ဒီရတနာရဲ့ အကူအညီနဲ့ပဲ အာဏာအင်အားတွေ မြင့်တက်လာခဲ့တာ။ ဝိဇ္ဇာအများစုရဲ့ အကွက်ချလုပ်ကြံခြင်းကို ခံလိုက်ရလို့ အဲ့ဒီရတနာက ပြီးခဲ့တဲ့ ကပ်ဆိုးကြီး အတောအတွင်းမှာ စစ်တလင်းဖြစ်ခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ ဟွမ်တိကိုယ်တိုင်လည်း လုပ်ကြံခံခဲ့ရလို့ သေတော့မလို ဖြစ်သွားခဲ့သေးတယ်။

ဒုတိယအချက်… ဟွမ်တိရဲ့ အကျင့်စရိုက်နဲ့စွမ်းရည်တွေကို မင်း မသိဘူး။

တတိယအချက်… မင်းရဲ့လက်ရှိအင်အားနဲ့ မင်းက ဟွမ်တိရဲ့ ပြိုင်ဖက် မဟုတ်တာ လုံးဝ သေချာတယ်။ မင်းသာ ကျုပ်နဲ့ ပူးပေါင်းမယ်ဆိုရင် မင်းအတွက် ဟွမ်တိကို ကူရှာပေးမယ်လို့ ကျုပ် အာမခံတယ်”

မိုဝူကျိက ဤစကားလုံးများကို ရှင်းရှင်းလင်းလင်း ကြားသည်။ မုန့်ယဲ့က ဟွမ်တိကို ကူရှာပေးမည်ဟုသာ ပြောကာ ဟွမ်တိကို အနိုင်တိုက်ဖို့ ကူချပေးမည်ဟု မပြောချေ။

ယခုအချိန်တွင် မိုဝူကျိက စိတ်ကို ပြန်ပြီးတည်ငြိမ်အောင် လုပ်နိုင်လိုက်ပြီ ဖြစ်သည်။ ဤအဘိုးကြီးများသည် အင်မတန် ဉာဏ်နီဉာဏ်နက်များကြောင်း သူသိသည်။ အကယ်၍ ဂရုမစိုက်မိပါက သူတို့၏ ညစ်ကွက်များထဲတွင် သူ ကျရောက်သွားပေလိမ့်မည်။

ဤသို့ တွေးလိုက်ရင်း မိုဝူကျိက ခေါင်းငြိမ့်ကာ

“ကျုပ်တို့ မပူးပေါင်းခင် တာအိုရောင်းရင်းမုန့်က ကျုပ်ကို အရင်ဆုံး ဝိဇ္ဇာရှစ်ပါးနဲ့ နတ်ဘုရားမျှော်စင်အကြောင်းကို ပြောပြလို့ရမလား။ နတ်ဘုရားမျှော်စင်ကို အလွယ်တကူ ဆောက်လို့ ရနိုင်တယ်လို့ ကျုပ် ကြားမိတယ်ဗျ”

မုန့်ယဲ့က နှာခေါင်းရှုံ့ကာ

“တကယ်လို့ နတ်ဘုရားမျှော်စင်က အလွယ်တကူ ဆောက်ချင်တိုင်း ဆောက်လို့ရနေရင် ကျုပ် မုန့်ယဲ့က အဲ့ဒါကိုရဖို့ ခေါင်းစား ခံနေစရာတောင် လိုတော့မှာမဟုတ်ဘူး”

***

All Chapters