← Chapters

ကပ်ဆိုးကြီး စစ်တလင်း

Vol. 80 Ch. 1107

ကပ်ဆိုးကြီး စစ်တလင်း

Vol. 80 Ch. 1107

ဤနား ရောက်သည့်အခိုက် မုန့်ယဲ့က မိုဝူကျိအား ကြည့်ကာ မေးလိုက်သည်။

“နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာပြီးတဲ့နောက်မှာ လော့ရှုက ဘာဖြစ်လို့ နတ်ဘုရားကမ္ဘာက ကျင့်ကြံသူတွေကို နတ်ဘုရားမျှော်စင်တစ်ခု ဆောက်စေချင်ခဲ့တာလဲ မင်းသိလား။ အကြောင်းရင်းကတော့ နတ်ဘုရားမျှော်စင်ဆိုတာက အတုဖြစ်နေတောင်မှပဲ ကမ္ဘာခုနစ်ကမ္ဘာလုံးကို ဖြတ်သန်းသွားလာနိုင်တဲ့ တစ်ခုတည်းသော ရတနာ ဖြစ်နေလို့ပဲ။ မင်းကြားထားတာ မမှားဘူး။

လော့ရှုက အက်ကွဲကြောင်းကနေ ရလာတဲ့ ပစ္စည်းတွေနဲ့ နတ်ဘုရားမျှော်စင်အတု ဆောက်ချင်ခဲ့တာ။ သူက အဲ့ဒီမျှော်စင်အတုကို သုံးပြီး နတ်ဘုရားကမ္ဘာဆီ လာမယ်။ ပြီးရင် တကယ့် နတ်ဘုရားမျှော်စင်အစစ်ကို သွားရှာမယ်ပေါ့ကွာ”

မိုဝူကျိက ခေါင်းငြိမ့်လိုက်၏။ တကယ့် နတ်ဘုရားမျှော်စင်အစစ်သည် ကံကြမ္မာထိပ်သီး ရတနာတစ်ခု ဖြစ်သည်။ လော့ရှုကဲ့သို့ ဝိဇ္ဇာတစ်ယောက်သည်ပင်လျှင် မျှော်စင်ကို လိုချင်မက်မောပေလိမ့်မည်။

မုန့်ယဲ့က မိုဝူကျိ ဘာတွေးနေမှန်း ပြောနိုင်သည်။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။

“နတ်ဘုရားမျှော်စင်က ကံကြမ္မာထိပ်သီး ရတနာတစ်ခု ဖြစ်တာကြောင့်မလို့ လော့ရှုက အဲ့ဒါကို လိုချင်နေတယ်လို့ မင်း တွေးနေတာမလား။ ဟုတ်ပါတယ်လေ… အဲ့ဒါက လူတိုင်းရဲ့မျက်လုံးတွေကို လောဘရမ္မက်တို့နဲ့ နီရဲသွားစေနိုင်တဲ့ တကယ့် ရတနာတစ်ခုပဲကိုး။ ဒါပေမဲ့ ပိုပြီးအဓိကကျတဲ့ အကြောင်းအရင်းက ရောက်လာတော့မယ့် ကမ္ဘာပျက်  ကပ်ဆိုးကြီးကြောင့်ကွ”

ဤနားလေး ရောက်သည့်အချိန်တွင် မုန့်ယဲ့က မိုဝူကျိအား သေချာကြည့်လိုက်သည်။ မိုဝူကျိ၏ တည်ငြိမ်သော မျက်နှာအမူအယာကို သတိပြုမိပြီးနောက် သူက အံ့အားသင့်စွာ မေးလိုက်သည်။

“တာအိုရောင်းရင်းမို… မင်း ကမ္ဘာပျက်ကပ်ဆိုးကြီးအကြောင်း ကြားထားပြီးသားလား”

မိုဝူကျိက ခပ်တည်တည်ပင် ပြောလိုက်သည်။

“ဆက်ပြီးတော့သာ ပြောပါ ”

သူ နတ်ဘုရားသင်္ချိုင်းဂူသို့ ရောက်ခဲ့သည့်အကြောင်းကိုကော ဝိဇ္ဇာသူတော်စင် သခင်မနှင့် တွေ့ခဲ့သည့်အကြောင်းကိုပါ အလွယ်တကူ ထုတ်ပြောပြ၍ မဖြစ်ပေ။

ဤကိစ္စအား မိုဝူကျိက နှိုက်နှိုက်ချွတ်ချွတ် မသိချင်မှန်း မုန့်ယဲ့က သိလိုက်သည်။ ထို့ကြောင့် သူက ထိုအကြောင်းအား ဆက်မပြောတော့ချေ။ သူက ပြောလက်စ စကားကို ပြန်ဆက်လိုက်သည်။

“ကပ်ဆိုးကြီးက ရောက်လာတော့မယ်။ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ သေကြေပျက်စီးကုန်ကြလိမ့်မယ်။ အဲ့ဒါတင် မကဘူး… စကြဝဠာကြီးလည်း အကြီးအကျယ်ပျက်စီး အထိနာသွားလိမ့်မယ်။ ဒီလိုကပ်ဆိုးကြီး ဖြစ်နေတဲ့အချိန်မှာ ကျဆုံးဖို့ အသင့်တော်ဆုံးနေရာက နတ်ဘုရားမျှော်စင်ပဲပေါ့ကွာ…”

“ခင်ဗျား ပြောချင်တာက နောက်လာမယ့် ကပ်ဆိုးကြီးအတွက် စစ်တလင်းကလည်း နတ်ဘုရားမျှော်စင်မှာပဲ ဖြစ်လာလိမ့်မယ်ဆိုပြီးတော့လား”

မိုဝူကျိက ထိတ်လန့်တကြား မေးလိုက်သည်။

မုန့်ယဲ့က အသက်ရှူလိုက်ပြီးမှ ပြောပြသည်မှာ

“ဟုတ်တယ်။ ဒါကြောင့်မို့လို့ နတ်ဘုရားမျှော်စင်ကို ကိုင်တွယ်ထိန်းချုပ်ထားတဲ့သူက ကပ်ဆိုးကြီးရဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်”

“ဟွမ်တိက နတ်ဘုရားမျှော်စင်ကို ပိုင်ဆိုင်ထိန်းချုပ်ထားတယ် မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး သူက ရိုးရိုးသာမန် အာဏာစက်ပိုင်နတ်ဘုရားအဖြစ်ကို ရောက်သွားရတာတုန်းဗျ”

မိုဝူကျိက မေးလိုက်သည်။

မုန့်ယဲ့က အထင်သေးစွာ ပြောလိုက်သည်။

“အဲ့ဒီ ဝက်ခေါင်း ဟွမ်တိက နတ်ဘုရားမျှော်စင်ကို ပိုင်ဆိုင်ဖို့ တကယ်ထိုက်တန်လို့လား။ သူက သူများတွေရဲ့ အကွက်ချလုပ်ကြံတာကို ခံရရုံတင် မကဘူး… သူရဲ့နတ်ဘုရားမျှော်စင်ကိုပါ စစ်တလင်း အဖြစ် ခံခဲ့သေးတယ်။ အဲ့လိုအသိဉာဏ်မျိုးနဲ့ သူက ဟိုကြာပန်းနီလောက်တောင် အဖြစ် မရှိဘူး”

“ခင်ဗျား ဘာကိုဆိုလိုတာလဲ”  မိုဝူကျိက ချက်ချင်း မေးလိုက်သည်။

“ဝိဇ္ဇာတွေရဲ့အရေအတွက်က အကန့်အသတ်ရှိတာ မင်း သိတယ်မလား”   မုန့်ယဲ့က မေးလိုက်သည်။

မိုဝူကျိက ခေါင်းငြိမ့်ကာ

“ကျုပ် ကြားဖူးတယ်။ ဘာကြောင့် အဲ့လိုဖြစ်ရတာလဲ”

မုန့်ယဲ့က ပြောလိုက်သည်။

“ဟွမ်တိ ဝိဇ္ဇာတစ်ယောက် ဖြစ်လာနိုင်တဲ့ အကြောင်းရင်းက သူက သောက်ကံတွေ ဇွတ်ကောင်းပြီး နတ်ဘုရားမျှော်စင်ကို ပိုင်ဆိုင်နိုင်ခဲ့လို့ပဲကွ။ ဒီကံကြမ္မာထိပ်သီးရတနာနဲ့ သူက သူရဲ့ဝိဇ္ဇာတာအိုကို အတည်ဖြစ်စေခဲ့ပြီး ဝိဇ္ဇာအဆင့်ထဲကို တက်လှမ်းနိုင်ခဲ့တာ။ သူရဲ့တာအိုက ဘာမှန်း ကျုပ်တောင် မသိဘူးရယ်”

မုန့်ယဲ့၏ အသံထဲတွင် အထင်သေးခြင်းကို ကြားနိုင်သည်။

“တာအိုရောင်းရင်းမုန့်က ဝိဇ္ဇာတာအိုကို ဘယ်လိုအတည်ပြုနိုင်ခဲ့သလဲဆိုတာကို ကျုပ် သိချင်မိတယ်ဗျ”

မုန့်ယဲ့၏ ကိုယ်ပွားကပင် အလွန်အားကောင်းနေလေပြီ။ မိုဝူကျိက မုန့်ယဲ့၏တာအိုသည် မည်သည့်တာအို ဖြစ်သနည်းအား အမှန်တကယ် သိချင်မိသည်။ နောက်နောင်တွင် သူတို့သည် ပြိုင်ဖက်ရန်သူတွေ ဖြစ်ကောင်းဖြစ်လာနိုင်သည်။

မိုဝူကျိက ထိုမေးခွန်းကို မေးလိုက်သည့်အခိုက် မုန့်ယဲ့က မိုဝူကျိ ဘာတွေးနေမှန်း သိလိုက်သည်။ သူက မဲ့ရွဲ့ကာ

“တာအိုရောင်းရင်းမို… ကျုပ်တို့ကြားမှာ ဘာပဋိပက္ခမှ မရှိဘူးလေ။ ကျုပ်တို့တွေက မိတ်ဆွေ ဖြစ်သင့်တာဗျ။ မင်းရဲ့မိတ်ဆွေက နတ်ဘုရားမျှော်စင်ကို သိတယ်။ အခု ဟွမ်တိ ပေါ်လာပြီဆိုတော့ သူက ဝက်ဦးနှောက်ပဲ ရှိနေဦးတော့ ကျုပ် နတ်ဘုရားမျှော်စင်ကို ပိုင်ဆိုင်နိုင်ချေက သုညနားထိ ဇောက်ထိုးဆင်းသွားပြီဗျ။ နတ်ဘုရားမျှော်စင်နဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ ပြဿနာတွေ မရှိမှတော့ ကျုပ်တို့တွေ မိတ်ဆွေ ဖြစ်သင့်တယ်လေ”

မိုဝူကျိက ဂရုမစိုက်စွာ ပြောလိုက်သည်။

“ခင်ဗျားက ကျုပ်ကို ဘာတွေများ ကူညီနိုင်လို့လဲ”

“ကျုပ် မင်းအတွက် ဟွမ်တိကို ကူရှာပေးနိုင်တယ်”

မုန့်ယဲ့က မဆိုင်းမတွ ပြောလိုက်၏။

မိုဝူကျိက အေးစက်စက် ရယ်ကာ

“ကျုပ်လည်း နတ်ဘုရားမျှော်စင်ကို အရင်က ရောက်ဖူးတယ်။ အရင်က နတ်ဘုရားမျှော်စင်မှာ ရှိခဲ့ဖူးတဲ့ စီနီယာအစ်မကျီလီကို ဟွမ်တိက အာရုံခံနိုင်မှတော့ ကျုပ်ကိုလည်း သူ သေချာပေါက် အာရုံခံနိုင်မှာပဲ။ ကျုပ်က သူ့ကို သွားရှာနေစရာ မလိုဘူးဗျ။

သူက ကျုပ်ကို လာရှာမယ့်သူ။ ကျုပ်က ဟွမ်တိကို ရှာဖို့အတွက် ခင်ဗျားရဲ့အကူအညီကို လိုဦးမတဲ့လား”

ဤစကားများမှာ အလိမ်အညာများသာ ဖြစ်သည်။ သူ နတ်ဘုရားမျှော်စင်သို့ ရောက်ဖူးသည်မှာ မှန်သော်လည်း ဟွမ်တိသည်ပင် ထိုအရာကို အာရုံခံနိုင်လိမ့်မည် မဟုတ်ပေ။

ပထမဆုံးအချက်အနေနှင့် နတ်ဘုရားမျှော်စင်ထဲတွင် သူ နေခဲ့သည့်အချိန်က သိပ်တိုတောင်းလွန်းသည်။ ဒုတိယအချက်အနေနှင့် သူ၏တာအိုမှာ လူသားတာအို ဖြစ်နေသည်။ နတ်ဘုရားဘုရင်အဆင့်သို့ တက်လှမ်းပြီးသွားသည့်နောက်တွင် သူ၏ တာအိုနှင့် ထိပ်တိုက်ရင်ဆိုင်လာသော မည်သည့်စိတ်စွမ်းအားနှင့် အငွေ့အသက်တို့မဆို လူသားတာအို၏ တိုက်စားခြင်းကို ခံကြရပေလိမ့်မည်။ သူ၏ ကိုယ်ပေါ်တွင် နတ်ဘုရားမျှော်စင်သို့ သူရောက်ခဲ့သည့် ခြေရာခံစရာ သဲလွန်စများ အမှန်တကယ် ရှိနေခဲ့လျှင်ပင် ယခုအချိန်လောက်ဆို အတိုက်စားခံရပြီးသွားလောက်လေပြီ။

မုန့်ယဲ့က အံကြိတ်ရင်း ပြောလိုက်သည်။

“ကျုပ် ဝိဇ္ဇာရှစ်ပါးအကြောင်းကို ပြောပြနိုင်တယ်။ ကမ္ဘာပျက်ကပ်ဆိုးကြီး ရောက်မလာခင်မှာ ဒါက မင်းအတွက် သေချာပေါက် အသုံးဝင်လိမ့်မယ်”

မိုဝူကျိက တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျုပ်နဲ့ ခွန်းယွင်နဲ့က ညီအစ်ကိုတွေဗျ။ ဟို ကျဲဟိန်ဆိုတဲ့ ကောင်က ကျုပ်ရဲ့ညီလေး လုပ်ချင်နေတာ။ ကျုပ်က သူ့ကို လက်ခံရမှာ အပျင်းတစ်နေလို့သာရယ်။ ဝိဇ္ဇာရှစ်ပါးအကြောင်း ကျုပ်ကို ပြောပြဖို့ ခင်ဗျားကို လိုမယ်လို့ ထင်လား”

အမှန်တကယ်တွင် ဝိဇ္ဇာရှစ်ပါးအကြောင်း မိုဝူကျိက ဘာဆိုဘာမျှ မသိချေ။ သူက ကြာပန်းနီဆိုသူမှာ မည်သူနည်းဟုပင် မေးချင်မိသေးသည်။ သို့သော် သူက ထိုအကြောင်းကို မုန့်ယဲ့အား လုံးဝ ပြောလိမ့်မည် မဟုတ်ပေ။

“ဒါကြောင့်ကိုး…”

မုန့်ယဲ့က သူ့ဘာသာသူ ရေရွတ်လိုက်၏။ ခဏကြာပြီးနောက်တွင် သူက သက်ပြင်းကို ချရင်း ပြောလိုက်သည်။

“နတ်ဘုရားအာဏာစက်တွေအကြောင်း ကြားတုန်းက မင်း ဘာဖြစ်လို့ မအံ့သြတာလဲဆိုပြီး ကျုပ်က စဉ်းစားနေတာ။ လက်စသတ်တော့ မင်းက ပင်မနတ်ဘုရား ၁၀၈ ပါးထဲက ၂ ယောက်ကို သိကျွမ်းပြီးသား ဖြစ်နေတာကိုး။ ကြည့်ရတာ ဟွမ်တိ ဘာကြောင့် ထောင်ထျဲ့တောင်ကြားဆီ သွားသလဲဆိုတာ မင်း သိပြီးသားထင်တယ်”

“ဒါပေါ့ဗျ။ သူက ထောင်ထျဲ့ဒယ်အိုးကို လိုချင်လို့လေ။ ဒါပေမဲ့ သူသွားလည်း အလကားဖြစ်မှာပါပဲ။ ထောင်ထျဲ့ဒယ်အိုးကို ခွန်းယွင်က ယူသွားပြီ”

မိုဝူကျိ၏ စကားများကို ကြားသောအခါ မုန့်ယဲ့က မိုဝူကျိသည် သူ့အား လိမ်ညာနေခြင်း မဟုတ်မှန်း သိလိုက်သည်။ မိုဝူကျိက အမှန်တကယ် သိနေခြင်း ဖြစ်သည်။

“တကယ်လို့ ဟွမ်တိက တကယ်ပဲ ဒဏ်ရာအပြင်းအထန် ရထားတာမျိုး ဒါမှမဟုတ် သူရဲ့ကျင့်ကြံဆင့်ကို ပြန်မရသေးတာမျိုး ဆိုရင်တော့ သူ့ကို ရှင်းဖို့ ကျုပ် မင်းကို ကူညီနိုင်တယ်။ ဒါပေမဲ့ မင်း အရင်ဆုံး ခွန်းယွင်နဲ့ ကျဲဟိန်တို့ကိုလည်း ကူညီဖို့ ပြောနိုင်ရမယ်”

မုန့်ယဲ့က အံကိုကြိတ်ကာ ပြောလိုက်သည်။

အစပိုင်းတွင် သူက ဟွမ်တိ သေပြီထင်၍ နတ်ဘုရားမျှော်စင်ကို လိုချင်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ ဟွမ်တိ အသက်ရှင်နေသေးကြောင်း သိသောအခါ သူ ကြောက်မိ၏။ ဟွမ်တိအား ဝက်ဦးခေါင်းသော ဘာသော သူပြောနေသည်များကိုသာ မကြည့်လေနှင့်။ သူမုန့်ယဲ့သည် ဟွမ်တိအား ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိ တကယ်မရှိချေ။

မိုဝူကျိက အသာရယ်ကာ

“တာအိုရောင်းရင်းမုန့်… ခင်ဗျားရဲ့ ဒီတောင်းဆိုမှုကြီးနဲ့ ခင်ဗျားက ကျုပ်ရဲ့ဖီကာရွံ့စေးကို လိုချင်သေးတယ်လား”

“မင်းလိုချင်တဲ့ဟာ ဘာမဆို ပြောပြနိုင်တယ်။ ကျုပ် တတ်နိုင်တဲ့ဟာသာ ဖြစ်နေသရွေ့ ကျုပ်ပေးမယ်”

မုန့်ယဲ့က အံကြိတ်ရင်း ပြောလိုက်သည်။

ဤဖီကာရွံ့စေးတုံးသည် စကြဝဠာတစ်ခွင်လုံးတွင် တစ်ခုတည်းသော ကျန်နေသေးသည့်အပိုင်းအစ ဖြစ်ကောင်းဖြစ်နေနိုင်သောကြောင့်သာ ဤမျှ လိုက်လျောနေခြင်း ဖြစ်သည်။ အကယ်၍ ဤအခွင့်အရေးကို သူ လွဲချော်ခဲ့ပါက ဤလိုအခွင့်အရေးမျိုး နောက်တစ်ကြိမ် လုံးဝထပ်ရနိုင်တော့မည် မဟုတ်ချေ။ တာအိုကိုယ်ထည် အသစ်တစ်ခုကို တည်ဆောက်နိုင်သည့် ရတနာများစွာ ရှိသည်။ သို့သော် သူ့အား ဝိဇ္ဇာတစ်ပိုင်းအဆင့် သို့မဟုတ် ဝိဇ္ဇာအဆင့်ထိ ရောက်အောင် လုပ်ပေးနိုင်သော တစ်ခုတည်းသောရတနာမှာ ဖီကာရွံ့စေး ဖြစ်သည်။

ကူရှင်းရန်က ပင်းထန်းဝါးကို ရရှိရန် အင်မတန်အားတက်သရော ဖြစ်နေသည်ကိုသာ မကြည့်လေနှင့်။ တာအိုကိုယ်ထည်အသစ် တည်ဆောက်ရာတွင် ပင်းထန်းဝါးသည် ဖီကာရွံ့စေးအား လုံးဝ မယှဉ်နိုင်ပေ။ သို့သော် ပင်းထန်းဝါးက ဖီကာရွံ့စေးထက် ပိုသာသည့်နေရာအချို့ ရှိသည်မှာ မှန်၏။ ၎င်းသည် ကျင့်ကြံသူ၏ ဝိညာဉ်ကို ကုသပေးနိုင်သည်။ ဝိညာဉ်ကြောများကို သန့်စင်ပေးနိုင်သည်။ ထို့နောက် ကစဉ့်ကလျားဖြစ်နေသော တာအိုစည်းမျဉ်းများကို ဖြေရှင်းပေးနိုင်သည်။ ဤအရာများသည်ကား ဖီကာရွံ့စေး မလုပ်ပေးနိုင်သော အရာများ ဖြစ်၏။

မိုဝူကျိက ခေါင်းကိုယမ်းလိုက်ကာ

“တာအိုရောင်းရင်းမုန့်… ကျုပ်မှာ ရတနာတွေ အများကြီးပဲ ရှိတယ်။ ခင်ဗျားရဲ့ဟာတွေ ဘာတစ်ခုမှ ကျုပ် မလိုအပ်ဘူးဗျ။ ဒီလိုဆိုမှတော့ အခုပဲ နှုတ်ဆက်ခဲ့ပါတယ်ဗျာ”

မိုဝူကျိက မုန့်ယဲ့နှင့် တကယ့်ကို အလုပ် အတူတူတွဲ မလုပ်ချင်ပေ။ မုန့်ယဲ့သည် ဉာဏ်များပြီး ကောက်ကျစ်ကြောင်း သူ ပြောနိုင်သည်။ ထို့အပြင် ဟွမ်တိ ဒဏ်ရာရထားပြီးမှသာ သူက ကူညီမည် ဖြစ်သည်။ ဤကဲ့သို့ သူရဲဘောကြောင်သူများနှင့် မိုဝူကျိက အလုပ်အတူတူ တွဲလုပ်ရန် အင်မတန် ပျင်းသည်။ ခွန်းယွင်နှင့်တော့ မတူချေ။ ခွန်းယွင်သည် ထိုနည်းတူ ဉာဏ်များသော်လည်း သူက မုန့်ယဲ့ထက် ပို၍ သတ္တိရှိသည်။

မိုဝူကျိက သူနှင့် အလဲအလှယ် မလုပ်ချင်သည်ကို မြင်သောအခါ မုန့်ယဲ့က အမြန်ပြောလိုက်၏။

“တာအိုရောင်းရင်းမို… မင်း ဟွမ်တိကို သတ်နိုင်ခဲ့ရင်တောင်မှ မင်းရဲ့စီနီယာအစ်မကို ကယ်နိုင်မှာ မဟုတ်ဘူး။ မင်းမှာ ရတနာတစ်မျိုး လိုနေတယ်”

“ဘယ်ရတနာလဲ”

မိုဝူကျိက သင်္ကာမကင်း မေးလိုက်သည်။

“မင်းရဲ့ စီနီယာအစ်မရဲ့ အသိစိတ်ပင်လယ်က ဟွမ်တိ ဖျက်စီးတာကို ခံထားရတယ်လေ။ ပင်းထန်းဝါးကပဲ သူမကို ကယ်နိုင်မှာ။ ပင်းထန်းဝါးကို ရှာနိုင်တဲ့ နေရာတစ်ခုကို ကျုပ် သိထားတာရှိတယ်…”

မိုဝူကျိက ချက်ချင်း သဘောပေါက်သွားသည်။ အကယ်၍ ကျီလီက အသက်ရှင်နေသေးလျှင်ပင် သူမ၏ အသိစိတ်ပင်လယ်နှင့် ဝိညာဉ်ကြောများမှာ သေချာပေါက် ပျက်စီးနေပေလိမ့်မည်။ မုန့်ယဲ့၏ စကားများမှာ မှန်နေသည်။ ပင်းထန်းဝါးကသာလျှင် သူမအား ကူညီနိုင်သည့် အကောင်းဆုံးရတနာ တကယ် ဖြစ်နေလေသည်။

အစက သူ့ဆီတွင် ပင်းထန်းဝါးတစ်ခု ရှိသည်။ ကံမကောင်းစွာပင် သူက ထိုအရာကို ကူရှင်းရန်နှင့် အလဲအလှယ် လုပ်ခဲ့ပြီးလေပြီ။

နောင်တတရားအတွက် ဖြေဆေး မရှိချေ။ ကူရှင်းရန်အား သွားရှာရန်လည်း အင်မတန် နောက်ကျလွန်းသွားပြီမှန်း မိုဝူကျိက သိသည်။ ယခုအချိန်လောက်ဆို ကူရှင်းရန်က ပင်းထန်းဝါးအား သုံးပြီးနေလောက်လေပြီ။ ဖြစ်နိုင်သည်မှာ အချိန်စက်ဝန်းပြားကို ပြန်လုယူနိုင်ရန်အတွက် ကူရှင်းရန်က မိုဝူကျိအလာကိုပင် စောင့်မျှော်ကောင်း စောင့်မျှော်နေလောက်၏။

“ခင်ဗျားက ပင်းထန်းဝါးကို ဘယ်မှာ ရှာလို့ရမှန်း သိတယ်ပေါ့”

သူ့ဆီမှာ ပင်းထန်းဝါး မရှိတော့ကြောင်း သတိရသွားသောအခါ မိုဝူကျိက အမြန် မေးလိုက်သည်။

မုန့်ယဲ့က မိုဝူကျိ၏ စိတ်ဝင်စားမှုကို ခံစားနိုင်သည်။ သူက ခိုင်ခိုင်မာမာ ပြောလိုက်သည်။

“ဟုတ်တယ်… ကျုပ်သိတယ်”

“ပင်းထန်းဝါးနဲ့ ကမ္ဘာဦးစွမ်းအားတွေ ပေါ်လာတဲ့နေရာတစ်ခုကို ကျုပ် ကြားဖူးထားတာရှိတယ်။ ပြီးတော့ တခြားရတနာတစ်မျိုးလည်း ရှိသေးတယ်။ အဲ့ဒါက…”

မိုဝူကျိက တမင်တကာ စကားကို နှေးပြောလိုက်သည်။

ခွန်းယွင်က ပင်းထန်းဝါးနှင့် ကမ္ဘာဦးစွမ်းအားတို့အကြောင်း ကြားသောအခါ သူက မိုဝူကျိအား သူ့ကို ထိုကျိုးပဲ့ဂြိုလ်ဆီသို့ ခေါ်သွားပေးစေချင်ခဲ့သည်။ ယခုအချိန်အထိ ခွန်းယွင် ပြောနေသည့် ရတနာမှာ မည်သည့်ရတနာမှန်း မိုဝူကျိက မသိသေးချေ။ ထိုရတနာမှာ စကြဝဠာ၏ မျိုးစေ့ ဖြစ်မည်ဟုတော့ သူ မထင်ပေ။

အကယ်၍ စကြဝဠာ၏ မျိုးစေ့ကိုသာ ရည်ညွှန်းနေသည်ဆိုပါက ခွန်းယွင်က ထိုမျှ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ပါ့မည်လော။

စကြဝဠာ၏ မျိုးစေ့ကဲ့သို့ ရတနာမျိုးဖြင့် သာမန်ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ဝိဇ္ဇာအဆင့်ထဲ တက်လှမ်းရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

“မင်းပြောနေတာ ရေခဲသဘာဝ အမြုတေကိုမလား။ လူတိုင်း ဒီအချက်ကို သိကြသားပဲ။ ပင်းထန်းဝါးနဲ့ ရေခဲသဘာဝအမြုတေက ဒွန်တွဲနေတယ်ဆိုတာရယ်၊ ပင်းထန်းဝါးက ရှင်သန်ဖို့အတွက် ကမ္ဘာဦးစွမ်းအား လိုအပ်တယ်ဆိုတာရယ်ကို”

မုန့်ယဲ့က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။

မိုဝူကျိက ခွန်းယွင် ပြောနေသည်မှာ စကြဝဠာ၏ မျိုးစေ့ မဟုတ်ဘဲ ရေခဲသဘာဝအမြုတေမှန်း နောက်ဆုံးတော့ သိရလေပြီ။

ရေခဲသဘာဝအမြုတေသည် ထိပ်သီးရတနာ တစ်မျိုး ဖြစ်သည်မှာ မှန်သော်လည်း စကြဝဠာ၏ မျိုးစေ့နှင့် နှိုင်းယှဉ်ရန်မှာကား အဝေးကြီးပဲ ဖြစ်သည်။

“တာအိုရောင်းရင်းမုန့်… ကျုပ် ခင်ဗျားနဲ့အတူ အလုပ်လုပ်ဖို့ သဘောတူတယ်။ ခင်ဗျားသာ ကျုပ်ကို ပင်းထန်းဝါးရှိတဲ့နေရာကို ရှာဖို့ခေါ်သွားပေးပြီး ဟွမ်တိကို အပြတ်ရှင်းဖို့ ကူညီပေးသရွေ့ ကျုပ် ခင်ဗျားကို ဖီကာရွံ့စေး နည်းနည်းပေးမယ်”

ယခုအချိန်၌ မုန့်ယဲ့၏ သွားများမှာ အံကြိတ်ရလွန်းသဖြင့် နာပင် နာနေလေပြီ။ မိုဝူကျိသည် မလွယ်သည့်သူ တစ်ယောက်မှန်း သူသိသည်။

သူ ပြောနိုင်လိုက်သည်မှာ

“ဒီလိုဆိုမှတော့ ကျုပ် မင်းကို ဝိဇ္ဇာရှစ်ပါးအကြောင်း အရင်ပြောပြထားမယ်။ ဒါဆို မင်းလည်း ဟွမ်တိအကြောင်း နည်းနည်းပါးပါး နားလည်ထားပြီးသား ဖြစ်သွားတာပေါ့။ မဟုတ်ရင် ဟွမ်တိရဲ့ကျင့်ကြံဆင့်က တော်တော်ကြီး နိမ့်သွားရင်တောင်မှပဲ ကျုပ်တို့တွေ သူ့ကို အပြတ်ရှင်းဖို့ တတ်နိုင်ချင်မှ တတ်နိုင်လိမ့်မယ်”

မိုဝူကျိက တစ်ခုခု ပြောချင်နေသည့်ဟန် ပြင်နေသည်ကို မြင်သောအခါ မုန့်ယဲ့က လက်ပြကာ တားလိုက်ပြီး

“မင်း ဘာပြောချင်လဲ ကျုပ်သိပါတယ်။ ကျုပ်မင်းကို တစ်ခုပဲ ပြောချင်တယ်။ အဲ့ဒါကတော့ ထောင်ထျဲ့က ဟွမ်တိကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်နိုင်တာနဲ့ပဲ ကျုပ်တို့တွေလည်း ဟွမ်တိကို သတ်နိုင်လိမ့်မယ်လို့ တစ်ထစ်ချ တွက်ထားလို့ မရဘူးဆိုတာပဲ။

နောင်ကျရင် ထောင်ထျဲ့ဆိုတာ ဘယ်လိုတည်ရှိမှုမျိုးလဲဆိုတာ မင်း သိလာလိမ့်မယ်။ အဲ့ဒါက ဝိဇ္ဇာတစ်ယောက်အောက် လုံးဝကို အားမနည်းတဲ့ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ကွ”

***

All Chapters