← Chapters

ဝိဇ္ဇာတစ်ယောက် ဖြစ်လာရန်အတွက် ခက်ခဲပုံ

Vol. 80 Ch. 1108

ဝိဇ္ဇာတစ်ယောက် ဖြစ်လာရန်အတွက် ခက်ခဲပုံ

Vol. 80 Ch. 1108

မိုဝူကျိက မေးလိုက်သည်မှာ

“ဘာဖြစ်လို့ စကြဝဠာထဲမှာ ဝိဇ္ဇာရှစ်ပါးပဲ ရှိနေတာတုန်း။ ဒီအရေအတွက်က အတိုးအလျော့ လုပ်လို့ မရဘူးလား”

မုန့်ယဲ့က ဖြေလိုက်သည်

“ပြောရရင်တော့ အရှည်ကြီးပဲ။ ကျုပ် အတိုချုံးပြီး ပြောပြမယ်။ စကြဝဠာကြီး စတင်ဖြစ်ပေါ်လာတဲ့ အချိန်တုန်းက မိုးမြေစည်းမျဉ်းတွေက အရှင်းလင်းဆုံး အနေအထားမှာ ရှိနေတယ်။ ဒီလိုအချိန်မျိုးမှာ ကျင့်ကြံရတာကလည်း အလွယ်ကူဆုံး ဖြစ်ခဲ့တယ်။

အဲ့ဒါက ဘာနဲ့တူလဲဆိုတော့… နတ်ဘုရားကမ္ဘာ ပြန်လည်ကောင်းမွန်လာတာနဲ့ တူတယ်။ နတ်ဘုရားကမ္ဘာ ပြန်လည်ကောင်းမွန်လာတဲ့အချိန်မှာ ကျင့်ကြံရတဲ့ ပတ်ဝန်းကျင်အနေအထားက စကြဝဠာ စတင်ဖြစ်ပေါ်လာတုန်းကနဲ့ ဆင်နေတယ်။ ဒါကြောင့်လည်း အဲ့ဒီအချိန်တုန်းက ကျင့်ကြံသူတွေရဲ့ ကျင့်ကြံနှုန်းတွေက အလွန်အမင်း မြန်ဆန်ခဲ့ကြတာပေါ့ကွာ။

ဒါပေါ့… နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာတဲ့အဖြစ်က စကြဝဠာကြီး စတင်ဖြစ်ပေါ်လာတဲ့အဖြစ်နဲ့ ယှဉ်ရင် အဆင့် တော်တော်လေး နိမ့်နေသေးတယ်ပေါ့ကွာ။ ဒါကြောင့်လည်း စကြဝဠာစဖြစ်တုန်းက အဆင့်မြင့်ကျင့်ကြံသူတွေ အများကြီး ထွက်ပေါ်လာခဲ့တာပေါ့”

“တာအိုရောင်းရင်းမုန့်… ခင်ဗျား ပြောသလိုဆို ဝိဇ္ဇာရှစ်ပါးက စကြဝဠာကြီး စတင်ဖြစ်ပေါ်လာတဲ့ အချိန်တုန်းက မွေးဖွား ဖြစ်တည်လာတာလား။ ခင်ဗျားကလည်း အဲ့လိုလူတွေထဲက တစ်ယောက်လား”

မိုဝူကျိက မေးလိုက်သည်။

မုန့်ယဲ့က ခေါင်းယမ်းကာ

“စကြဝဠာကြီး မွေးဖွားဖြစ်တည်လာမှုက ဝိဇ္ဇာတွေကို ပေါ်ထွက်လာစေတာ မှန်တယ်။ ဒါပေမဲ့ အဲ့ဒီ့ဝိဇ္ဇာတွေက ရှည်လျားလွန်းတဲ့ အချိန်စီးကြောင်းတွေထဲမှာ မြူမှုန်တွေအဖြစ် ရောက်ကုန်ကြပြီ။ ကျုပ်ကတော့ အဲ့ဒီ့အချိန်တုန်းက မွေးဖွားပေါ်ထွက်လာတဲ့ အဆင့်မြင့် ကျင့်ကြံသူတွေထဲက တစ်ယောက် မဟုတ်ဘူး။ လက်ရှိ ရှိနေတဲ့ ဝိဇ္ဇာရှစ်ပါးစလုံးက နောက်ပိုင်းမှ ပေါ်လာတဲ့သူတွေချည်းပဲ။ သူတို့အားလုံးက သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာတွေကို ရှာဖွေပြီး အဆင့်မြင့် ကျင့်ကြံသူတွေ ဖြစ်လာကြတာမျိုး”

“ဘာလို့ ရှစ်ယောက်တည်း ရှိနေရတာလဲ”

“ဘာလို့လဲဆိုတော့ စကြဝဠာရဲ့တာအိုစည်းမျဉ်း ကန့်သတ်ချက်တွေကြောင့်မို့လို့ပဲ။ ဝိဇ္ဇာရှစ်ပါးနဲ့တင် တာအိုစည်းမျဉ်း အကန့်အသတ်ကို ကျော်လွန်တော့မယ်။ တကယ်လို့ ၉ ယောက်မြောက် ဝိဇ္ဇာသာ ပေါ်ထွက်လာခဲ့မယ်ဆိုရင် မိုးမြေစည်းမျဉ်းတွေက ပြိုလဲလာပြီး အရာအားလုံးကို ချေမွပစ်လိမ့်မယ်”

မုန့်ယဲ့ ရှင်းပြသည်များကို ကြားသောအခါ မိုဝူကျိ၏ ရင်ထဲ တဒိတ်ဒိတ် ခုန်လာလေသည်။

ကောင်းကင်တာအိုမှ ကန့်သတ်ချက်များကြောင့်တဲ့လား…

ဆိုလိုသည်မှာ သူ၏ လူသားတာအိုက မည်မျှပင် အားကောင်းလာပါစေ သူက ဝိဇ္ဇာနတ်ဘုရားအဆင့်သို့ ရောက်အောင် ဘယ်တော့မှ တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။

 အကယ်၍ သူသာ ဝိဇ္ဇာအဆင့်သို့ တက်လှမ်းသွားပါက ကောင်းကင်တာအိုမှ ဖိအားများကို သူရင်ဆိုင်ရပြီး ကြေမွသွားမည်လော…

ချက်ချင်းဆိုသလိုပင် မိုဝူကျိက ဤအတွေးတို့ကို ဘေးဖယ်ထားလိုက်သည်။ သူက လူသားတာအိုကို ကျင့်ကြံသည်ဖြစ်ရာ သူ့အနေနှင့် ကောင်းကင်တာအို၏ ဖိအားများကို မခံစားရချေ။ ကောင်းကင်တာအိုသည် ဝိဇ္ဇာများနှင့် နတ်ဘုရားများကို ဖိနှိပ်ထားနိုင်သော်လည်း သူကဲ့သို့ လူသားတစ်ယောက်ကို ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ပေ။

အကယ်၍ မုန့်ယဲ့သည် သည့်ထက်ပို၍ အတွေ့အကြုံများနေလျှင်တောင် သူက ဤအခိုက်အတန့်လေး၌ မိုဝူကျိ ဘာတွေးနေသည်ကို မပြောနိုင်ချေ။ သူက ဆက်ပြောလိုက်သည်။

“ဝိဇ္ဇာရှစ်ပါးထဲမှာ ကြာပန်းနီက ပါတယ်ဆိုရုံပဲ ရှိတာ…”

“ကြာပန်းနီက ဘယ်သူလဲ”

မိုဝူကျိက စောစောကတည်းက ဤမေးခွန်းကို မေးချင်ခဲ့သည်။

မုန့်ယဲ့က သူ့လက်ကို မြှောက်ကာ ကြာပန်းနီ တစ်ပွင့်ပေါ်တွင် မတ်တပ်ရပ်နေသော အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ယောက်ကို ရေးဆွဲပြလိုက်သည်။

“သူမက ကြာပန်းနီပဲ။ စကြဝဠာရဲ့ကံကြမ္မာကို ခွဲဝေထားတဲ့ နည်းလမ်းကြောင့် ဝိညာဉ်အပင်တစ်မျိုးက နတ်ဘုရားအာဏာစက်တစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ တခြားဝိဇ္ဇာတွေရဲ့ နည်းလမ်းတွေအတိုင်း ကြာပန်းနီက ၈ ယောက်မြောက်ဝိဇ္ဇာ ဖြစ်လာခဲ့တယ်။ သူမကို ဝိဇ္ဇာသူတော်စင် သခင်မလို့ ခေါ်ကြတယ်။

သူမက ပရိယာယ် မကြွယ်ဘူး။ အဲ့ဒါကို သူမဘာသာလည်း သိတယ်။ ဒါကြောင့်လဲ သူမက တခြားဝိဇ္ဇာတွေနဲ့ ပတ်ပတ်သက်သက် သိပ်မရှိဘဲ သူမရဲ့ဝိဇ္ဇာသူတော်စင် ရေကန်မှာပဲ တစ်ယောက်တည်း နေလေ့ရှိတယ် ”

ထိုဝိဇ္ဇာသူတော်စင်သခင်မ၏ ကိုယ်ထည် အစစ်အမှန်သည်ကား ကြာပန်းနီတစ်ပွင့် ဖြစ်နေသည်ကိုး။

မိုဝူကျိက ခေါင်းငြိမ့်လိုက်သည်။ နောက်ဆုံးတော့ သူမ၏ မျက်စိအောက်မှ သူ ထွက်ပြေးလွတ်မြောက်လာနိုင်ရသည့် အကြောင်းအရင်းကို မိုဝူကျိက နားလည်သွားလေသည်။

“တကယ်လို့ ဝိဇ္ဇာတစ်ပိုင်းအဆင့်ကို ကျော်ဖြတ်ပြီး ဝိဇ္ဇာအဆင့်ထဲ တက်လှမ်းချင်တယ်ဆိုရင် လက်ရှိဝိဇ္ဇာရှစ်ပါးထဲက တစ်ယောက်ယောက် ကျသွားတာကို စောင့်ကို စောင့်ရမှာလား”

အကယ်၍ သူသာ ဝိဇ္ဇာအဆင့်သို့ တက်လှမ်းသွားပါက မိုးမြေစည်းမျဉ်းများ၏ ဖိအားကို ရင်ဆိုင်ရလိမ့်မည် မဟုတ်မှန်း မိုဝူကျိက ယုံကြည်သော်လည်း သူက ဤမေးခွန်းကို မေးလိုက်ဆဲဖြစ်သည်။

မုန့်ယဲ့က ခေါင်းငြိမ့်ကာ

“အမှန်ပဲ။ ဝိဇ္ဇာတစ်ပါး ကျသွားပြီဆိုတာနဲ့ ဝိဇ္ဇာတစ်ပိုင်း ကျင့်ကြံသူတွေ အားလုံးက အဲ့ဒါကို အာရုံခံမိလိမ့်မယ်”

“ဒါဆို ဟွမ်တိ ကျသွားပြီလို့ ခင်ဗျား အာရုံခံမိလား”

မိုဝူကျိက မုန့်ယဲ့၏ စကားများကို သိပ်မယုံကြည်ပေ။

မုန့်ယဲ့က အိုးတိုးအန်းတန်းဖြစ်သွားကာ

“ကျုပ်လည်း သေမလို ဖြစ်ခဲ့ရတာလေ။ ကျုပ်ရဲ့ကျင့်ကြံဆင့်က အတော်ကြီးကို နိမ့်ကျသွားတယ်။ ဒါကြောင့် ဝိဇ္ဇာတွေ ကျသလား မကျသေးဘူးလားကို အာရုံခံစရာ နည်းလမ်း ကျုပ်မှာ မရှိဘူး”

“ဒါဆို ခင်ဗျားက အခု ဝိဇ္ဇာတစ်ပိုင်း အဆင့်မှာတောင် မရှိဘူးဆိုတဲ့ သဘောလား”

မိုဝူကျိ၏ ရင်ထဲ အေးခဲသွားသည်။ အကယ်၍ မုန့်ယဲ့သည် ဝိဇ္ဇာတစ်ပိုင်းအဆင့်တွင် ရှိမနေပါဘဲ သူကဲ့သို့ သဟဇာတ နတ်ဘုရားအဆင့်တွင် ရှိနေပါလျက်နှင့် ဤမျှလောက် တိုက်ရည်ခိုက်ရည်ကို ပိုင်ဆိုင်သေးပါက ဝိဇ္ဇာတစ်ယောက်သည် မည်မျှလောက်တောင် အားကောင်းလိုက်မည်နည်း။

“ကျုပ်ရဲ့ဒီကိုယ်ပွားက ဝိဇ္ဇာတစ်ပိုင်းအဆင့်ကို တက်လှမ်းပြီးကာစပဲ ရှိသေးတယ်။ တကယ်လို့ ကျုပ် ဖီကာရွံ့စေးကိုသာ မရဘူးဆိုရင် ကျုပ် ဝိဇ္ဇာတစ်ပိုင်း အစောပိုင်းအဆင့်မှာပဲ ရပ်နေရလိမ့်မယ်။ အခု ကမ္ဘာပျက်ကပ်ကြီးကလည်း ရောက်လာတော့မယ်ဆိုတော့ စကြဝဠာကြီးက အလွန့်အလွန်ကို မထင်မရှား ဝိုးတိုးဝါးတားတွေ ဖြစ်လာပြီ။ ဒါကြောင့်မို့ ကျုပ် အာရုံခံလို့ မရတဲ့ အကြောင်းအရာတွေ အများကြီးပဲ ”

မိုဝူကျိက မုန့်ယဲ့၏ စကားများကို အင်တင်တင်ဖြင့် လက်ခံလိုက်သည်။

“ဒါဆို ကျုပ် ခင်ဗျားကို မေးချင်တာ တစ်ခုရှိတယ်”

“တာအိုရောင်းရင်းမို… မေးချင်တာ မေးပါ။ ကျုပ်တို့တွေက တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်ကြမယ့် မိတ်ဆွေတွေပဲဟာ။ မင်းရဲ့ကိစ္စက ကျုပ် ကိစ္စပဲပေါ့”

မုန့်ယဲ့က သူ၏ ရင်ဘတ်ကို ပုတ်ကာ တက်ကြွစွာ ပြောလိုက်သည်။

မိုဝူကျိက မုန့်ယဲ့၏ စကားများကို မယုံကြည်ပေ။

“တာအိုရောင်းရင်းမုန့်… ကျုပ် မေးချင်တာတွေက… ဝိဇ္ဇာတစ်ယောက် ဘယ်လိုဖြစ်လာတာလဲ၊ ဝိဇ္ဇာအဆင့်ထဲ ဝင်ရောက်သွားပြီးတဲ့အချိန်မှာ နတ်ဘုရားအာဏာစက် တစ်ခုကို ပိုင်ဆိုင်မှာလား၊ ဒါမှမဟုတ် ဝိဇ္ဇာအဆင့်ထဲ မဝင်နိုင်ခင်ကတည်းက နတ်ဘုရားအာဏာစက် တစ်ခုကို ရယူ ပိုင်ဆိုင်ထားရမှာလား”

မိုဝူကျိ၏ မေးခွန်းများကို ကြားသောအခါ မုန့်ယဲ့က ခါးသက်စွာ ရယ်ကာ

“တာအိုရောင်းရင်းမို… ဒီမေးခွန်းက သာမန်မေးခွန်းမျိုး မဟုတ်ဘူး။ ဒီဟာကို ဘယ်သူ့ကိုမှ ကျုပ် ပြောပြမှာမဟုတ်ဘူး။ ကျုပ်ရဲ့တပည့် ဖြစ်နေရင်တောင်မှပဲ ဒီအကြောင်းတွေကို အလွယ်တကူ ပြောပြမှာမဟုတ်ဘူးဗျ…”

မိုဝူကျိက လက်ယမ်းလိုက်ကာ

“တာအိုရောင်းရင်းမုန့်… တကယ်လို့ ဒါတွေ ပြောဖို့ကို ခက်ခဲတယ်လို့ ခင်ဗျားတွေးနေရင်လည်း ပြောပြမနေပါနဲ့တော့။ ကျုပ် မသိရလည်း ကိစ္စမရှိဘူး”

မုန့်ယဲ့က အလောတကြီး ပြောလိုက်သည်။

“မဟုတ်တာ။ တခြားသူတွေကို ကျုပ် ဒီကိစ္စတွေ ပြောပြမှာ မဟုတ်ပေမဲ့ တာအိုရောင်းရင်းမိုကို မပြောပြနိုင်စရာ ဘာမှမရှိပါဘူးဗျာ။ နတ်ဘုရားအာဏာစက်က နောက်မှလာပြီး ဝိဇ္ဇာအဆင့်က အရင်လာတာဗျ။

သဟဇာတ နတ်ဘုရားအဆင့်နဲ့ ဝိဇ္ဇာတစ်ပိုင်း အဆင့်တို့ ကြားက ကွာခြားမှုကြီးက မိုးနဲ့မြေလိုပဲ။ အရင်ဆုံး မင်းရဲ့တာအိုစည်းမျဉ်းနဲ့ မင်းရဲ့ကမ္ဘာကို ပြီးပြည့်စုံအောင် လုပ်ဖို့ လိုတယ်။ ဝိဇ္ဇာတစ်ပိုင်းအဆင့် တစ်ယောက်အတွက် သူရဲ့ဝိဇ္ဇာတာအိုကို အတည်ပြုဖို့ဆို နည်းလမ်းတွေ သန်းထောင်ချီရှိပေမဲ့ တကယ် အလုပ်ဖြစ်တဲ့ နည်းလမ်းက နည်းနည်းပဲ ရှိတယ်”

“အဲ့ဒါ ဘာကို ဆိုလိုတာလဲ”  မိုဝူကျိက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

မုန့်ယဲ့ ရှင်းပြသည်မှာ

“ကောင်းကင်တာအိုစည်းမျဉ်းတွေအရ ဘယ်တာအိုမဆို ဝိဇ္ဇာအဆင့်ထဲ တက်လှမ်းနိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ တာအိုအနည်းငယ်ကပဲ တကယ်တမ်း အောင်မြင်ခဲ့တယ်”

မိုဝူကျိက သဘောပေါက်သွားသည်။ တစ်ခုက သီအိုရီ ဖြစ်ကာ နောက်တစ်ခု လက်တွေ့ ဖြစ်၏။ ထိုသီအိုရီအား မည်သူကများ စတင်ဖွင့်ခဲ့သနည်းအား မိုဝူကျိက သိချင်မိသည်။ ဖြစ်နိုင်သည်မှာ ခန့်မှန်းချက် တစ်ခုထက် ပိုပုံမပေါ်ပေ။

မုန့်ယဲ့က အင်မတန် အကဲဖြတ် တော်သည်။ သူက မိုဝူကျိ၏ မျက်နှာအမူအယာကို တစ်ချက်ကြည့်လိုက်ပြီးနောက် စတင် ရယ်မောလိုက်သည်။

“တာအိုရောင်းရင်းမို… စကြဝဠာထဲက ဘယ်တာအိုမဆို ဝိဇ္ဇာအဆင့်ထဲ ဝင်နိုင်တယ်ဆိုတဲ့ ခံယူချက်က ခန့်မှန်းချေတစ်ခု စိတ်ကူးတစ်ခု သက်သက်ပဲလို့ ခင်ဗျား သေချာပေါက် တွေးနေတာမလား”

“အဲ့လိုပဲ မဟုတ်ဘူးလားဗျ”

“မဟုတ်ဘူး… ကမ္ဘာဦးစကြဝဠာထဲမှာ မိုးမြေစည်းမျဉ်းတွေက အရမ်းကို သိသာထင်ရှားတယ်။ သက်ရှိအားလုံးက တာအိုကို ကျင့်ကြံအားထုတ်နိုင်ကြတယ်။ အဲ့ဒီအချိန်တုန်းက သူတို့ရဲ့ ကျင့်ကြံနှုန်းတွေက အရမ်းကို မြန်ဆန်ခဲ့ကြတယ်။ အဲ့ဒီအချိန်အခါတုန်းက သူတို့ရဲ့ဝိဇ္ဇာတာအိုတွေကို အတည်ပြုခဲ့တဲ့ အဆင့်မြင့်ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင်ပဲ ရှိခဲ့တယ်။

ဒါပေမဲ့ စကြဝဠာရဲ့ တာအိုစည်းမျဉ်း ကန့်သတ်ချက်တွေကြောင့် သူတို့ရဲ့ပြိုင်ဖက်တွေကို ဖျက်စီးသတ်ဖြတ်ပစ်ဖို့ လိုအပ်လာခဲ့တယ်။ အဲ့ဒါက ပထမဦးဆုံး ကမ္ဘာဦးကပ်ဆိုးကြီးပေါ့ဗျာ။ မရေမတွက်နိုင်တဲ့ အဆင့်မြင့်ကျင့်ကြံသူတွေက စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး ကျဆုံးသွားတာတွေကလည်း မရေမတွက် နိုင်လောက်အောင်ကို များပြားခဲ့တယ်လေ။ ဝိဇ္ဇာတစ်ယောက် သေသွားတာမျိုးကတောင် ပုံမှန် ဖြစ်စဉ်တစ်ခုလို ဖြစ်ခဲ့တာ…”

မုန့်ယဲ့က ရှင်းပြလိုက်သည်။

မိုဝူကျိက ခေါင်းငြိမ့်ကာ နောက်ထပ် ဘာမျှထပ်မမေးတော့ချေ။

မုန့်ယဲ့က ရှင်းပြလိုက်၏။

“အခုအချိန်မှာ ဝိဇ္ဇာတာအိုကို အတည်ပြုရတာက ဟိုအရင် စကြဝဠာကြီး စတင်ဖြစ်ပေါ်ကာစတုန်းကလောက် မလွယ်ကူတော့ဘူး။ လူသိများ အကျော်ကြားဆုံး နည်းလမ်းကတော့ အလောင်းသုံးလောင်းကို သီးခြားစီ ခွဲထားတဲ့နည်းပဲ”

“တာအိုရောင်းရင်းမုန့်…ခင်ဗျားက ခင်ဗျားရဲ့အလောင်းသုံးလောင်းကို သီးခြားစီခွဲထားဖို့ လုပ်ခဲ့ပုံပဲ… ဟုတ်လား”

မိုဝူကျိက မုန့်ယဲ့၏ ကိုယ်ပွားကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ဤမုန့်ယဲ့၏ ကိုယ်ပွားမှာ မုန့်ယဲ့ သီးခြားစီ ခွဲထားသော အလောင်းများထဲမှ တစ်ခုဖြစ်လိမ့်မည်ဟု သူက ခန့်မှန်းလိုက်သည်။

မုန့်ယဲ့က သူ့ဘာသာသူ အပြစ်တင်ဟန်ဖြင့် ခေါင်းခါကာ

“မဟုတ်ပါဘူးဗျာ…တကယ်လို့ ကျုပ်သာ ကျုပ်ရဲ့အလောင်းသုံးလောင်းကို သီးခြားစီ ခွဲထားနိုင်ခဲ့မယ်ဆိုရင် ကျုပ် ဒီမှာ ဒီလို ထိုင်နေမှာ မဟုတ်ဘူးဗျ”

သူက သူ့အကြောင်းကို ဆက်မရှင်းပြချေ။ သူ ဆက်ပြောပြသည်မှာ

“နောက်တစ်နည်းကတော့ ကံကြမ္မာထိပ်သီး ရတနာတစ်ခုကို ပိုင်ဆိုင်ဖို့ပဲ။ အဲ့ကောင် ဟွမ်တိက အဲ့လိုမျိုး ဝိဇ္ဇာတစ်ယောက်ပေါ့ကွာ။ ဒါကြောင့် သူရဲ့နတ်ဘုရားမျှော်စင်ကို ဆုံးရှုံးတဲ့နေ့က သူ ဝိဇ္ဇာတစ်ယောက် မဟုတ်တော့တဲ့နေ့ပဲ။ ဒီအချက်ကြောင့်လည်း ကျုပ်က မင်းနဲ့အတူတူ ဟွမ်တိကို ရှင်းဖို့ လုပ်ရဲတာ”

“ပြောချင်တာက တကယ်လို့ ဟွမ်တိသာ ဝိဇ္ဇာတစ်ယောက် အမှန်တကယ် ဖြစ်လာခဲ့မယ်ဆိုရင် ခင်ဗျားက သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရဲမှာ မဟုတ်ဘူးလို့ ဆိုလိုတာလား”

မိုဝူကျိက မုန့်ယဲ့အား ကြည့်ကာ မေးလိုက်သည်။

မုန့်ယဲ့က အေးစက်စွာ ရယ်လိုက်ရင်း

“တာအိုရောင်းရင်းမို… မင်းရဲ့ပါရမီက အရမ်းထူးချွန်ပြီး မင်းရဲ့စွမ်းရည်တွေကလည်း အံ့သြစရာ ကောင်းပါတယ်။ ဒါပေမဲ့ မင်း ဒီ့ထက်ပိုပြီး အားကောင်းနေရင်တောင်မှ မင်းကိုယ်တိုင် ဝိဇ္ဇာအဆင့်ကို မရောက်သေးခင် မင်းက ဝိဇ္ဇာတစ်ယောက်ကို သွားယှဉ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ကိုယ့်သေတွင်း ကိုယ်သွားတူးသလိုပဲ ဖြစ်လိမ့်မယ်”

“ခင်ဗျားဆိုလိုတာက ဝိဇ္ဇာတွေကို ဝိဇ္ဇာတွေကပဲ ရင်ဆိုင်နိုင်တယ်ပေါ့။ မဟုတ်ရင် သေချာပေါက် သေလိမ့်မယ်ပေါ့လေ”

မိုဝူကျိက ဤအချက်ကို လက်မခံပေ။ အကယ်၍ သူသာ ဝိဇ္ဇာတစ်ပိုင်း အလယ်အလတ်အဆင့် သို့မဟုတ် နောက်ပိုင်းအဆင့်ထဲသို့ တက်လှမ်းနိုင်ခဲ့ပါက ဝိဇ္ဇာများကိုပင် တိုက်ခိုက်နိုင်သည်အထိ သူ အားကောင်းလိမ့်မည်ဟု သူက ယုံကြည်သည်။

မုန့်ယဲ့က ငြိမ်ကျသွားသည်။ အချိန်အနည်းငယ်ကြာပြီးမှ သူက ပြောလိုက်သည်။

“မင်း မလွဲမသေ သေရလိမ့်မယ်လို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ အောင်မြင်နိုင်ချေက အင်မတန့် အင်မတန်ကို နည်းလွန်းတာမျိုး။ အရင်တုန်းက အဲ့လိုအဖြစ်မျိုး တကယ်ရှိခဲ့ဖူးတယ်။ သဟဇာတ နတ်ဘုရားအစောပိုင်းအဆင့်မှာပဲ ရှိသေးတဲ့ ငတိတစ်ကောင်က ဝိဇ္ဇာထုံမင်ကို အောင်အောင်မြင်မြင် ရင်ဆိုင် တိုက်ခိုက်နိုင်ခဲ့တယ်ကွ”

“ဝိဇ္ဇာတာအိုကို အတည်ပြုဖို့အတွက် တခြားနည်းလမ်းတွေအကြောင်း ကျုပ်ကို ပြောပြပါဦး”

အကယ်၍ သူတို့တွေ ဤအကြောင်းကိုသာ ဆက်ပြောနေပါက ဟွမ်တိနှင့်ရင်ဆိုင်ရန် သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ဖို့ရာ မုန့်ယဲ့တစ်ယောက် ကြောက်လာကောင်း ကြောက်နိုင်လာသည်ဟု မိုဝူကျိက သိလိုက်သည်။

မုန့်ယဲ့ကလည်း ဝိဇ္ဇာတွေနှင့် ရင်ဆိုင်ရသည့် ဖြစ်ရပ်များအကြောင်း ဆက်မပြောတော့ချေ။

“မိမိရဲ့ကိုယ်ပိုင်ကမ္ဘာကို သုံးပြီး တာအိုအတည်ပြုတာမျိုး၊ မိမိရဲ့ကိုယ်ပိုင် တာအိုစည်းမျဉ်းကို သုံးပြီး တာအိုကို အပြည့်အဝ နားလည်လာအောင် လုပ်ပြီး တာအို အတည်ပြုတာမျိုး… တကယ့်တကယ်တမ်းမှာ နည်းလမ်းတွေ အများကြီးပဲ ရှိတယ်။

ဒါပေမဲ့ ကျုပ်က နည်းနည်းလောက်ပဲ သိတယ်။ ကျုပ်က နယ်လှည့် ဝိဇ္ဇာသုံးဦးထဲက တစ်ယောက်ဖြစ်နေပေမဲ့ တကယ့် ဝိဇ္ဇာအစစ်တစ်ယောက် ဖြစ်ဖို့ဆို လီပေါင်း ၁၀၈၀၀၀ တောင် ဝေးနေပါသေးတယ်ဗျာ”

( အနောက်ဖက်သို့ ခရီးသွားခြင်း ၏ ခရီးအကွာအဝေး)

“ဒါဆို နတ်ဘုရားကမ္ဘာဆီကို ဘယ်လိုပြန်သွားရမလဲ ခင်ဗျားသိလား”

မိုဝူကျိက ဟွမ်တိနှင့် မည်သို့ ရင်ဆိုင်ရမည်နည်းအား သိချင်၍သာ ဝိဇ္ဇာများအကြောင်း မေးခြင်းဖြစ်သည်။ ယခု သူက အခြေအနေအရပ်ရပ်ကို အကြမ်းဖျင်း သိပြီးပြီ ဖြစ်လေရာ နတ်ဘုရားကမ္ဘာသို့ ပြန်သွားရန် စိတ်စောနေမိသည်။

မုန့်ယဲ့က မတ်တပ်ရပ်လိုက်ပြီး

“နတ်ဘုရားကမ္ဘာနဲ့ အဆင့်တူတဲ့ ဂြိုလ်ကမ္ဘာတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ မင်း ပြောတဲ့တစ်ခုက ဘယ်ဟာလဲဆိုတာ ကျုပ်သိပါတယ်။ လာ… ကျုပ် လမ်းပြပေးမယ်”

***

မုန့်ယဲ့က အမွေးတိုင်တစ်တိုင်စာ အချိန်ကိုသာ သုံးကာ မိုဝူကျိနှင့် ယွဲ့မင်တို့အား အာကာပြင် ကျွန်းတစ်ကျွန်းဆီသို့ ခေါ်ဆောင်သွားလိုက်သည်။ သူတို့ရောက်သွားသည့်အချိန်တွင် မုန့်ယဲ့သည် ဤကျွန်းပေါ်တွင် ကူးပြောင်းအစီအရင်တစ်ခု ခင်းကျင်းထားမှန်း မိုဝူကျိက သဘောပေါက်သွားသည်။ ကြည့်ရသည်မှာ ဤဘိုးတော်သည်ကား နတ်ဘုရားကမ္ဘာသို့ ပြန်လာဖို့ရာ အမြဲတမ်း အဆင်သင့်ဖြစ်နေအောင် လုပ်ထားဟန်တူသည်။

သုံးယောက်သား ကူးပြောင်းအစီအရင်ကို သုံးကာ အာကာပြင်ထဲရှိ နောက်ထပ် ကူးပြောင်းအစီအရင်တစ်ခုဆီသို့ ရောက်သွားကြသည်။ ၁၀ ရက်ကြာ ပျံသန်းပြီးသွားသည့်နောက်တွင် မိုဝူကျိ၏ စိတ်စွမ်းအားက နတ်ဘုရားကုန်းမြေကို ရှာတွေ့လိုက်၏။

မုန့်ယဲ့ဝင်လာသည့် အဝင်ပေါက်သည် ယခင် မိုဝူကျိ သုံးခဲ့သည့်တစ်ခုနှင့် အတူတူပင် ဖြစ်သည်။ ကြည့်ရသည်မှာ ထိုအပေါက်ကို သိသည်မှာ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် တစ်ခုတည်း မဟုတ်လောက်ချေ။

၁၀ ရက်တာ ခရီးအတွင်း မိုဝူကျိက မုန့်ယဲ့အား နတ်ဘုရားမျှော်စင်အကြောင်း မေးမြန်းခဲ့ပြီး ကျီလီကလည်း နတ်ဘုရားကမ္ဘာသို့ ရောက်လာရန် ထောင်ထျဲ့တောင်ကြားကို အသုံးပြုခဲ့မှန်း သိခဲ့ရသည်။

ကြည့်ရသည်မှာ ထောင်ထျဲ့တောင်ကြားသည် နတ်ဘုရားကမ္ဘာနှင့် အင်မော်တယ်ကမ္ဘာတို့ကြားမှ အဆက်အသွယ် လမ်းကြောင်းတစ်ခု ဖြစ်နေဟန် တူသည်။ အကယ်၍ သူ ကျီလီကို ကယ်တင်နိုင်ခဲ့ပါက အင်မော်တယ်ကမ္ဘာဆီသို့ တစ်ခေါက် ပြန်သွားပြီး ကြည့်နိုင်ပေလိမ့်မည်။

***

All Chapters