← Chapters

ဟွမ်တိအား ဝိုင်းထားခြင်း

Vol. 80 Ch. 1111

ဟွမ်တိအား ဝိုင်းထားခြင်း

Vol. 80 Ch. 1111

တုန့်ဆိုင်းခြင်းမရှိဘဲ မိုဝူကျိက လခြမ်းကွေးပုဆိန်လှံရှည်ကို ထုတ်ယူလိုက်သည်။ ထို့နောက် ငွေရောင်မြစ်တစ်စင်း ဆင်းသက်လာသည်။

သဟဇာတ နတ်ဘုရားအဆင့်သို့ ရောက်ပြီးသည့်နောက်တွင် မိုဝူကျိက လေဟုန်ဆန်မြစ် လျို့ဝှက်တိုက်ကွက်ကို အလွယ်တကူ ထုတ်သုံးနိုင်သွားပြီ ဖြစ်သည်။

မှုန်မှိုင်းနေသော ထောင်ထျဲ့တောင်ကြားသည် ဤငွေရောင်မြစ်ကြောင့် ဖြူဖွေးလင်းလက်သွားသည်။ ကျိုင်းတန်းလန်းနှင့် ဟွမ်တိက တအံ့တသြ ရေရွတ်လိုက်သည်။

“ဖျင်ရွှေရယ် အမြစ်မဲ့သံမဏိရယ်နဲ့ လုပ်ထားတဲ့ နတ်လက်နက်ပါလား… ပစ္စည်းကောင်းပဲ”

သူက လက်နက်အား ချီးကျူးစဉ် လက်ကိုလည်း အလှုပ်အရှား မပြတ်ပေ။

“ဝုန်း”

လက်သင်္ကေတတစ်ခုက မိုဝူကျိ၏ လခြမ်းကွေးပုဆိန်လှံရှည်နှင့် ထိပ်တိုက် တွေ့သွားသည်။ ကျဆင်းနေသော ငွေရောင်မြစ်သည် အစိတ်စိတ်အမြွှာမြွှာအဖြစ် တန်းချေမွခံလိုက်ရသည်။ ချက်ချင်းဆိုသလို ငွေရောင် အလင်းတန်းမှာလည်း ပျောက်ကွယ်သွားသည်။

နောက်ထပ် အားပြင်းသော သဘာဝစွမ်းအား တစ်ခုက မိုဝူကျိ၏ ကိုယ်ပေါ်သို့ ထပ်မံကျရောက်လာပြန်သည်။ မိုဝူကျိက ဒုတိယအကြိမ် သွေးအန်သွားကာ သူ၏ နောက်ကျောဘက်တွင်လည်း စူးစူးအောင့်အောင့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာ မိုဝူကျိ၏ လှံရှည်တိုက်ကွက်က ဟွမ်တိ၏ အာကာပြင်ကို အနည်းငယ် စုတ်ဖြဲပစ်နိုင်လိုက်သည်။ ထို့နောက် သူက ခြေတစ်လှမ်းတည်းသာ လှမ်းကာ ဟွမ်တိ၏ စွမ်းအားစက်ကွင်းထဲမှ ပြေးထွက်သွားလိုက်သည်။

ဟွမ်တိက ခဏတုန့်သွားကာ မိုဝူကျိ ပျောက်ကွယ်သွားသည့် နေရာကို တအံ့တသြ ကြည့်လိုက်သည်။

“မြေကျုံ့ပညာရပ် လျို့ဝှက်ကျင့်စဉ်လား”

ထိုအရာကို မျက်ဝါးထင်ထင် တွေ့လိုက်ရပြီးနောက် ဟွမ်တိ၏ မျက်လုံးများမှာ အရောင်လက်သွားသည်။

မြေကျုံ့ပညာရပ်လျို့ဝှက်ကျင့်စဉ်သည် နတ်ဘုရားဧကရာဇ် ၁၂ ပါးထဲမှ တစ်ယောက်ဖြစ်သည့် နတ်ဘုရားဧကရာဇ် ကွေ့ကူသာ ပိုင်ဆိုင်တတ်မြောက်ထားသည့် လျို့ဝှက်ပညာရပ် တစ်ခု ဖြစ်သည်။ ဟွမ်တိက ကွေ့ကူအား ပုဂ္ဂိုလ်ရေးအရ သိကျွမ်းလေရာ ကွေ့ကူသည် သူ၏ လျို့ဝှက်ပညာရပ်ကို အလွယ်တကူ ပေးပစ်မည့်သူ မဟုတ်ကြောင်း ကောင်းကောင်းသိသည်။ ကွေ့ကူသည် သေဆုံးသွားသည့်တိုင်အောင် သူက သူ၏မြေကျုံ့ပညာရပ် လျို့ဝှက်ကျင့်စဉ်ကို လက်လွတ်ခံမည် မဟုတ်ပေ။ မြေကျုံ့ပညာရပ်ကို ထုတ်သုံးသည့်သူများသည် အလွန်ဆုံး ဆင်တူယိုးမှားဖြစ်ရုံသာ လုပ်နိုင်လေသည်။ ဟွမ်တိကဲ့သို့ တကယ့် အဆင့်မြင့် ကျင့်ကြံသူကမူ ထိုတိုက်ကွက်မှာ အစစ်မဟုတ်ကြောင်း ပြောနိုင်၏။

မိုဝူကျိ စောစောလေးက ထုတ်သုံးသွားသည့် မြေကျုံ့ပညာရပ်သည်ကား တကယ့် မြေကျုံ့ပညာရပ် လျို့ဝှက်ကျင့်စဉ်အစစ် ဖြစ်သည်မှာ သေချာပေသည်။ ထို့အပြင် ၎င်းသည် နတ်ဘုရားဧကရာဇ် ကွေ့ကူ၏ လျို့ဝှက်ပညာရပ်အောက် လုံးဝမညံ့ပေ။

ဟွမ်တိသည် ကွေ့ကူအပြင် ဤကဲ့သို့ လျို့ဝှက်ပညာရပ်မျိုးကို ပိုင်ဆိုင်ထားသည့် တခြားပစ္စည်းတစ်ခုကို သိသေးသည်။ ထိုအရာမှာ ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေး ဖြစ်သည်။

ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေး ပညာရပ်မှာ ဝိဇ္ဇာများပင် လိုချင်မက်မောသောအရာ ဖြစ်သည်။ ၎င်းသည်ကား ဖန်ဆင်းမှု ရတနာတစ်ပါး ဖြစ်၏။ နှမြောစရာကောင်းသည်မှာ ထိုအရာကို ကောလာဟလများထဲတွင်သာ ကြားဖူးကာ မည်သူကမှ မမြင်ဖူးခဲ့ချေ။ မြေကျုံ့ပညာရပ် လျို့ဝှက်ကျင့်စဉ်အပြင် ပို၍အစွမ်းထက်သော သန္ဓေပြောင်းလဲရေး ပညာရပ်ပင် ပါရှိသည်ဟု သတင်းများ ပျံ့လျက်ရှိသည်။ ဤသန္ဓေပြောင်းလဲရေး ပညာရပ်သည်ကား လက်ရှိ ရှိနေသည့် တကယ့် စစ်မှန်ပါသည်၊ ကြီးမြတ်ပါသည်ဆိုသော လျို့ဝှက်ပညာရပ်များထက် အဆများစွာ ပို၍ ကြောက်စရာကောင်းသော လျို့ဝှက်ပညာရပ်တစ်ခု ဖြစ်သည်။

အကယ်၍ ဟိုကောင်လေး၏ မြေကျုံ့ပညာရပ်မှာ ကောင်းကင်စိတ်ဝိညာဉ်ပြောင်းလဲရေးမှ ဖြစ်နေခဲ့လျှင်…

ဤသို့တွေးမိသောအခါ အရောင်လက်လာသည်မှာ ဟွမ်တိ၏ မျက်လုံးများသာ မဟုတ်တော့ချေ။ သူ၏ ရင်ထဲတွင်ပါ စတင် စိတ်အား ထက်သန်လာလေသည်။ ခြေတစ်လှမ်းတည်းဖြင့် သူက ထောင်ထျဲ့တောင်ကြား အပေါက်ဝမှ တန်းတန်းမတ်မတ် ပြေးထွက်သွားလိုက်သည်။

“ဝုန်း”

မိုဝူကျိက ထောင်ထျဲ့တောင်ကြားထဲမှ ကမန်းကတန်း ပြေးထွက်လာသည်။ သူက ၂ ကြိမ် တိုက်ခိုက်နိုင်ခဲ့သော်လည်း သူ၏ နောက်ကျောမှာ ဟွမ်တိ၏ လက်ဖြင့် စုတ်ဖြဲခံလိုက်ရဆဲ ဖြစ်သည်။ ကြောက်မက်ဖွယ် သွေးရွှဲနေသော လက်ပုံစံတစ်ခုက သူ၏ နောက်ကျော၌ ဖြစ်တည်နေသည်။

သူ၏ ဝိဇ္ဇာကိုယ်ထည်ကြောင့်သာ မဟုတ်ပါက ဟွမ်တိဆီမှ ထိုနောက်ဆုံး လက်သင်္ကေတသည် သူ၏ နှလုံးကို ဖောက်ထုတ်ရန် လုံလောက်နေပြီ ဖြစ်သည်။

“တာအိုရောင်းရင်းမို…”

မိုဝူကျိ၏ အခြေအနေကို ကြည့်ကို မုန့်ယဲ့က အသံပြုလိုက်သည်။

မိုဝူကျိက အော်ပြောလိုက်သည်။

“တာအိုရောင်းရင်းမုန့်… ကျုပ်နဲ့အတူတူ လာတိုက်ပေး။ ကျဲဟိန်… သေသေချာချာ စောင့်နေလိုက်…”

ဤသို့ပြောပြီးနောက် မိုဝူကျိ၏ လခြမ်းကွေးပုဆိန်လှံရှည်က ပတ်ဝန်းကျင် အာကာပြင်ပေါ်သို့ ချိန်ထားလိုက်သည်။ သူက မဟူရာအရိပ် ချောက်နက် တစ်ခုကို ရိုက်ထုတ်လိုက်သည်။

မုန့်ယဲ့သည် တိုက်ခိုက်ရာတွင် အတွေ့အကြုံများစွာ ရှိသည်။ မိုဝူကျိ သတိပေးစရာ မလိုပါဘဲ သူ၏ လက်ထဲရှိ မြင်းမြီးတုတ်သည် သန်းပေါင်းများစွာသော အမွေးများအဖြစ် ပြောင်းလဲသွားသည်။ ဤများပြားလှသော အမွေးတို့သည် မိုဝူကျိ၏ ပုဆိန်လှံရှည်နောက်မှ ထပ်ကြပ်မခွာ လိုက်ပါလာသည်။

နောက်တစ်ခဏ၌ ဟွမ်တိက မိုဝူကျိ၏ ပုဆိန်လှံရှည် ချောက်နက်အောက်တွင် ပေါ်လာသည်။ ဟွမ်တိအား ချောက်နက်ကို ရှောင်တိမ်းရန် အခွင့်မပေးဘဲ မုန့်ယဲ့၏ များပြားလှသော အမွေးတို့က လွှမ်းခြုံလာသည်။

များပြားလှသောအမွေးတို့သည် ချက်ချင်းဆိုသလို အမွေးကမ္ဘာကြီးတစ်ခု ဖြစ်သွားကာ သူတို့က ဟွမ်တိ၏ ပတ်ပတ်လည်တွင် ရစ်ပတ်ချည်နှောင်လျက် ရှိသည်။ မုန့်ယဲ့သည် ဟွမ်တိအား အင်မတန် ကြောက်သည်။ ထို့ကြောင့် သူက စတင်တိုက်ခိုက်ပါပြီ ဆိုသည်နှင့် အလျှော့ပေးမည်လည်း မဟုတ်သလို တွေဝေနေမည်လည်း မဟုတ်ပေ။

အကယ်၍ ဟွမ်တိသာ ဒဏ်ရာအပြင်းအထန် မရရှိထားပါက မုန့်ယဲ့၏ သန်းပေါင်းများစွာသော အမွေးတို့သည် သူ့အား ယားစေရုံထက် ပိုမည် မဟုတ်ပေ။ ထိုအခြေအနေမှာ သူ၏ လက်ရှိ နိမ့်ကျနေသော ကျင့်ကြံဆင့်နှင့် အခြေအနေကိုသာ ပြောနေခြင်း ဖြစ်သည်။

လက်ရှိအခြေအနေတွင် ဟွမ်တိ၏ ကျင့်ကြံဆင့်မှာ ဝိဇ္ဇာအဆင့်အောက်တွင် ရှိနေကာ ဒဏ်ရာလည်း အပြင်းအထန်ရထားသည်။ ထို့အပြင် ကျိုင်းတန်းလန်းနှင့်လည်း ဖြစ်နေသေးသည်။ ဤသည်က သူ၏ တကယ့် အားအနည်းဆုံး အနေအထား ဖြစ်နေသည်။

ထိုသို့ဆိုလျှင်ပင် သူက အမွေးများ၏ ချုပ်နှောင်ခြင်းမှ ချက်ချင်း ရုန်းထွက်နိုင်လိုက်သည်။ တစ်ပြိုင်တည်းဆိုသလို သူက ဒေါသတကြီး အော်လိုက်သည်။

“မုန့်ယဲ့… မင်းက သတ္တိတွေ သိပ်ရှိနေတယ်ပေါ့လေ… ဟုတ်လား။ နယ်လှည့်ဝိဇ္ဇာလေး ဖြစ်တဲ့ မင်းကများ ငါ့လို တကယ့်ဝိဇ္ဇာအစစ်ကို ချောင်းတိုက်ရဲတယ်ပေါ့”

သူ၏ခေါင်းထက်ရှိ အနီရောင် ဓားသွားသရဖူသည် ပိုးချည်အနီရောင်တန်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ပိုးချည်မျှင်သည် အဆုံးမရှိအာကာပြင်မှ ဆင်းသက်လာကာ မိုဝူကျိ၏ မဟူရာအရိပ် ချောက်နက်း လျို့ဝှက်တိုက်ကွက်နှင့် ထိပ်တိုက်တွေ့သွားသည်။

အင်မတန်ရှည်ကာ အားအလွန်ကောင်းသော မဟူရာအရိပ် ချောက်နက်မှာ ဟွမ်တိ၏ အနီရောင်ဓားသွား သရဖူ၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။ ထိုအခိုက်အတန့်၌ မဟူရာအရိပ် ချောက်နက်ပေါ်တွင် ပွန်းရာတစ်ခု ဖြစ်ပေါ်သွားသည်။ ဤသည်မှာ မိုဝူကျိ၏ မဟူရာအရိပ် ချောက်နက် ပညာရပ်ကို တစ်စုံတစ်ယောက်က အလွယ်တကူ ချိုးဖောက်နိုင်လိုက်သည့် ပထမဆုံးအကြိမ် ဖြစ်သည်။

ထိုအနီရောင်ဓားသွားသရဖူ၏ ပိုးချည်မျှင်သည် ထိုနေရာတွင် ရပ်မနေပေ။ ၎င်းက မုန့်ယဲ့၏ အဆုံးရှိပုံ မပေါ်သည့် အမွေးများဆီသို့ တိုးဝင်သွားသည်။

အနီရောင်ဓားသွား သရဖူ၏ အလင်းတန်းအောက်တွင် အမွေးများမှာ ဧရာမတို့ဟူးတုံးကြီးနှင့်သာ တူနေကာ လျင်မြန်စွာ တစ်စစီ အဖြဲခံလိုက်ရပြီး ယခုချက်ချင်းပင် အစအနမကျန် ပျောက်သွားတော့မယောင် ထင်ရလေသည်။

ကောင်းကောင်းစောင့်ကြပ်ရန် အပြောခံထားရသော ကျဲဟိန်မှာ သူ မြင်လိုက်ရသည်များကြောင့် ဆွံ့အမှင်သက်သွားရသည်။ သူ၏ မျက်နှာမှာ တဖြည်းဖြည်း ပိုပိုပြီး ဖြူဖျော့လာသည်။ အကယ်၍ မိုဝူကျိနှင့် မုန့်ယဲ့တို့သည် ဟွမ်တိနှင့် ရင်ဆိုင်ရန် စီစဉ်နေမှန်းသာ သူသိခဲ့ပါက သူက လုံးဝ လုံးဝ ဝင်ပါမည် မဟုတ်ပေ။

ဝိဇ္ဇာတစ်ယောက်… ဤပုဂ္ဂိုလ်မှာ ဝိဇ္ဇာတစ်ယောက်တည်း…

သူက အရူးတစ်ယောက် မဟုတ်လေရာ ယခုအချိန်တွင်မူ သူ့အတွက် ပြေးစရာနေရာ မရှိတော့ပြီမှန်း သူသိသည်။ ဟွမ်တိ လွတ်သွားသည်နှင့် သူ ကျဲဟိန်သည်လည်း နောင်အနာဂတ်တွင် ကြာကြာ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။ သူ့အနေနှင့် ယခုအချိန် သူလုပ်နိုင်သည့် အရာမှာ တစ်ခုတည်းသာ ရှိသည်။ ထိုအရာမှာ မိုဝူကျိနှင့် မုန့်ယဲ့တို့ကို ဆက်ကူညီရန်သာ ရှိတော့သည်။

လှံရှည်တိုက်ကွက် လေးကွက်အနက် ဟွမ်တိက လေဟုန်ဆန်မြစ်နှင့် မဟူရာအရိပ် ချောက်နက်တို့ကို ချေဖျက်နိုင်ခဲ့သည်။ ထိုသို့ဆိုလျှင်ပင် မိုဝူကျိက မမှုပေ။ သူက နောက်မဆုတ်သည့်အပြင် လက်ချောင်းတစ်ချောင်း ပစ်လွှတ်လိုက်ရင်း ဟွမ်တိဆီသို့ ပြေးဝင်သွားသည်။

သတ္တကမ္ဘာ လက်ချောင်းလျို့ဝှက်ပညာရပ်…သက်ရှိလောကတိုက်ကွက်…

အဆုံးမရှိသော သက်ရှိလောက၏ ပြင်းထန်သော တာအိုအရှိန်အဝါတို့က အာကာပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ၎င်းက စည်းမျဉ်းအားလုံးကို သာမန်လူသား စည်းမျဉ်းများအဖြစ် ပြောင်းလဲပစ်သည်။

ဤကမ္ဘာထဲတွင် လူသားတို့သည် မြူမှုန်ဖုန်မှုန့်တစ်စက်ထက် မပိုပေ။ ယခုအချိန်ပဲဖြစ်စေ နောင်အနှစ်တစ်ရာကြာသည့် အချိန်တွင်ပဲ ဖြစ်စေ လူသားတို့သည် ဖုန်မှုန့်တစ်စက်အဖြစ်သာ ကျန်ရှိနေမည် ဖြစ်သည်။

ဤကမ္ဘာထဲရှိ အရာအားလုံးကို ခန့်မှန်း၍ မရပေ။ သို့သော် အရာအားလုံး လုံးဝ ပျောက်ကွယ်သွားသည့် နေ့တစ်နေ့သည်ကား ရောက်လာစမြဲ ဖြစ်သည်။

အကယ်၍ မုန့်ယဲ့၏ အမွေးများကြောင့်သာ မဟုတ်ပါက ဟွမ်တိသည် မိုဝူကျိ၏ သက်ရှိလောကတိုက်ကွက်မှ လွတ်အောင်ရုန်းနိုင်မည် ဖြစ်သည်။

မုန့်ယဲ့၏အမွေးများ မပျောက်သွားခင် သက်ရှိလောက ပေါ်လာသည်။ ထို့ကြောင့် ဟွမ်တိ၏ စိတ်နှလုံးမှာ ချက်ချင်း ငြိမ်ကျသွားရသည်။ စိတ်ငြိမ်သွားသည်နှင့် သူ၏ ကိုယ်တွင် တန်းလန်းဖြစ်နေသော ကျိုင်း၏ တာအိုအရှိန်အဝါက ပြင်းပြင်းထန်ထန် စတင် ရစ်ပတ်လာလေ၏။ ဟွမ်တိ အလိုချင်ဆုံးအရာ တစ်ခုမှာ သူ ဒဏ်ရာကုစားဖို့အတွက် တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခု ဖြစ်သည်။ သူ့အား တစ်စုံတစ်ယောက်က လာတိုက်သည်ပဲဖြစ်ဖြစ် လာနှောင့်ယှက်သည်ပဲဖြစ်ဖြစ်  မလိုချင်ပေ။

ဤသက်ရှိလောကထဲတွင် တိုက်ခိုက်မှုအားလုံးသည် အရေးမပါတော့သယောင် ထင်ရသည်။

မဟုတ်သေးဘူး… ဒါက ရည်ရွယ်ချက်အဆင့် လျို့ဝှက်ပညာရပ် တစ်ခုပဲ…

ချက်ချင်းဆိုသလို ဟွမ်တိက အသိပြန်ကပ်သွားကာ ဟိန်းသံတစ်ခု ပြုလုပ်လိုက်သည်။ အနီရောင်လခြမ်းကွေး ဓားသွားသရဖူက အာကာပြင်ကို ဖောက်ထွက်သွားသည်။ မိုဝူကျိအား အပိုင်းပိုင်းအတစ်တစ် ဖြစ်သွားအောင် လုပ်ရန် ရည်ရွယ်ထားသည်။

မိုဝူကျိက မရေတွက်နိုင်သော သက်စွန့်ဆံဖျား တိုက်ပွဲများစွာကို ဖြတ်သန်းလာခဲ့ပြီးသူ ဖြစ်လေရာ ဤအခိုက်အတန့်အား အဘယ်ကြောင့် သူက လက်လွတ်ခံမည်နည်း။ လခြမ်းကွေးဓားသွားသရဖူက အာကာပြင်အား မထိန်းချုပ်နိုင်သေးခင် သူက ဒုတိယမြောက်လက်ချောင်းကို ပစ်လွှတ်လိုက်သည်။

သတ္တကမ္ဘာလက်ချောင်း၏ ဒုတိယလက်ချောင်း… မိုးမြေတိုက်ကွက်…

သက်ရှိလောက ပြိုလဲသွားပြီးနောက် မိုးမြေတိုက်ကွက် ကျန်သေးသည်။ မိုဝူကျိက မိုးမြေအတွင်းရှိ အရာအားလုံးကို ထိန်းချုပ်ထားသည်။ အားလုံးမှာ မိုဝူကျိ၏ လက်ချောင်းတစ်ချောင်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ဤလက်ချောင်းသည်ကား မဟာတာအို ဖြစ်နေလေရာ မည်သူကများ ဘာများ လုပ်နိုင်ဦးမည်နည်း။

“ငါ့ရှေ့ကဖယ်စမ်း”

ဟွမ်တိက ဒေါသတကြီး အော်လိုက်သည်။ သူက သူ၏ ကိုယ်ပေါ်ရှိ ကျိုင်းကို ဂရုစိုက်မနေအားတော့ချေ။ သူက တာအိုအရှိန်အဝါကို စတင်လှည့်ပတ်လိုက်ကာ နတ်သဘာဝ စွမ်းအားတို့ ထွက်လာသည်။

အနီရောင်လခြမ်းကွေး ဓားသွားသရဖူက အနီရောင်ဓား အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားသည်။ ထိုအလင်းတန်းက မိုဝူကျိ၏ မိုးမြေလက်ချောင်းအား ဖျက်ဆီးရန်အလို့ငှာ ထိုလက်ချောင်းဆီသို့ တရှိန်ထိုး ပြေးတိုက်လိုက်သည်။ တစ်ပြိုင်တည်းဆိုသလို ဟွမ်တိ၏ကိုယ်ပေါ်ရှိ ကျိုင်းမှ တာအိုအငွေ့အသက် ပေါက်ကွဲမှုတစ်ခု ထုတ်လွှတ်လိုက်သည်။ ဟွမ်တိ၏ ဒဏ်ရာမှ သွေးတွေအများကြီး ထွက်လာကာ သူ၏ ဒဏ်ရာအခြေအနေမှာ ပိုဆိုးသွားလေ၏။ ဝိဇ္ဇာတစ်ယောက်ဖြစ်နေသဖြင့် ဟွမ်တိက ဝါဖျော့ဖျော့သွေးစက်တချို့ အန်ထုတ်လိုက်သည်။

ဟွမ်တိ အသိပြန်မကပ်သေးခင် မုန့်ယဲ့၏ မြင်းမြီးတုတ်က ကျယ်ဝန်းလှသော ကမ္ဘာတစ်ခု အဖြစ် ပြောင်းလဲသွားသည်။ ဤကမ္ဘာကိုယ်တိုင်က အချူပ်အနှောင်တစ်ခု ဖြစ်နေကာ ဟွမ်တိအား ကမ္ဘာထဲတွင် ထိန်းချုပ်ထားရန် ကြိုးစားလိုက်သည်။

မုန့်ယဲ့က မိုဝူကျိ၏ တိုက်ခိုက်ရေးစွမ်းရည်များမှာ မည်မျှ အံ့သြစရာကောင်းလောက်အောင် ကြောက်ဖို့ကောင်းသည်ကို ပြောနိုင်သည်။ သူ၏အတွေ့အကြုံအရ သူက သူ၏ ကိုယ်ပိုင်လျို့ဝှက်ပညာရပ်ဖြင့် မိုဝူကျိအား ထောက်ပံ့ပေးလိုက်သည်။

မိုဝူကျိကလည်း ဤကဲ့သို့ အခွင့်အရေးမျိုးကို လက်လွတ်မခံပေ။ ဒုတိယလက်ချောင်း အဖျက်ဆီးခံလိုက်ရပြီးသည့်အခါ တတိယလက်ချောင်းဖြစ်သည့် ကံတရား တိုက်ကွက် ထွက်ပေါ်လာသည်။ ၎င်းက ဘေးဘက်မှ ထွက်ပေါ်လာကာ ဟွမ်တိဆီသို့ တည့်တည့်ဦးတည်နေသည်။

ဟွမ်တိ၏ ရင်ထဲ လေးသွားကာ သူက ယခုချက်ချင်း ထွက်သွားမှ ဖြစ်တော့မည်မှန်း သိလိုက်သည်။ မုန့်ယဲ့၏ အချုပ်အနှောင် ကမ္ဘာက သူ့အား မပိတ်လှောင်နိုင်ခင် သူ ထွက်သွားမှ ဖြစ်မည်။ သို့မဟုတ်ပါက ဤနေရာတွင် သူတကယ် အရှုံး ပေါ်သွားလိမ့်မည်။ ဤဘာမဟုတ်သည့် သဟဇာတ နတ်ဘုရားပုရွက်ဆိတ်ကောင်၏ လျို့ဝှက်ပညာရပ်များမှာ အရမ်းကို ကြောက်စရာ ကောင်းလွန်းသည်။ သူ၏တာအိုလမ်းကြောင်း တစ်လျှောက်လုံးတွင် ဤကောင်မှာ သူတွေ့ဖူးသမျှ သဟဇာတ နတ်ဘုရားထဲတွင် အစွမ်းအထက်ဆုံးဖြစ်သည်မှာ မလွဲပေ။

သူ သဟဇာတနတ်ဘုရားဖြစ်ခဲ့စဉ်က ဤငတိလောက် အားမကောင်းခဲ့ပေ။

ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းပါသနည်း။

ဝိဇ္ဇာအစစ်ဖြစ်သည့် သူ ဟွမ်တိသည် ဒဏ်ရာအပြင်းအထန်ရပြီး ထွက်ပြေးရသည့်ဘဝ ရောက်လာရသည်။

ဤသည်မှာ မုန့်ယဲ့က အားကောင်းသောကြောင့် မဟုတ်မှန်း ဟွမ်တိက ကောင်းကောင်းသိသည်။ အဓိကမှာ ဤသဟဇာတ နတ်ဘုရားစုတ်က အင်မတန် အားကောင်းနေသောကြောင့် ဖြစ်သည်။ ဤငတိ၏ သတ္တကမ္ဘာ လက်ချောင်းကို ကြည့်ရသည်မှာ သူ့အတွက် သီးသန့်သုံးရန် လုပ်ထားလေသလား မှတ်ရသည်။ အကယ်၍ ဤငတိအား ဆက်လက်ကြီးထွားခွင့် ပေးလိုက်ပါက သူသည် သေချာပေါက် အင်မတန် ကြောက်စရာကောင်းသော တည်ရှိမှုမျိုး ဖြစ်လာပေလိမ့်မည်။ ဤငတိဆီတွင် လျို့ဝှက်ချက် ကြီးကြီးမားမား ရှိကိုရှိရမည်။ သို့သော် ထိုလျို့ဝှက်ချက်ကို ဖော်ထုတ်ရန် သူက မတတ်စွမ်းနိုင်ချေ။ သူ၏ ကိုယ်ထဲတွင် ကျိုင်းရှိနေသေးသဖြင့် အသက်နှင့်ရင်းပြီး ဆက်လိုက် တိုက်ခိုက်ရန် သူ မနေရဲပေ။

သူ အားကုန်ထုတ်ပြီး တိုက်ခိုက်လိုက်သည်နှင့် အခြေအနေမှာ သူ့အတွက် ကောင်းမည် မဟုတ်ပေ။ သို့သော် သူ ထွက်သွားချင်ပါက မည်သူမျှ သူ့ကို မတားဆီးနိုင်ချေ။

မုန့်ယဲ့ ခန့်မှန်းထားသည့်အတိုင်းပင် အဆင့် ၈ နတ်ဘုရား သေမင်းထောင်ချောက် အစီအရင်သည် ဟွမ်တိအား တားဆီးရန် အသုံးမဝင်ပေ။ ဟွမ်တိ၏ ကိုယ်က နေရာပြောင်းသွားကာ တစ်ချက်တည်းနှင့် မုန့်ယဲ့၏ အဆင့် ၈ နတ်ဘုရားအစီအရင်တွင် အက်ကြောင်းတစ်ခု ပေါ်သွားသည်။

ဟွမ်တိက မုန့်ယဲ့၏ နတ်ဘုရား အစီအရင်မှ တဟုန်ထိုးပြေးထွက်လိုက်သည်။ ခပ်လှမ်းလှမ်းမှ ကျဲဟိန်က သက်ပြင်းချလိုက်၏။ ဟွမ်တိသည် သူ့ဆီသို့ ဦးတည်၍ ထွက်ပြေးသည် မဟုတ်မှန်း သူက ရိပ်မိလိုက်သည်။

မုန့်ယဲ့၏ အဆင့် ၈ နတ်ဘုရား သေမင်းထောင်ချောက် အစီအရင် အပြင်ဘက်သို့ ရောက်သွားသည့်အခိုက် ဟွမ်တိတစ်ကိုယ်လုံး အေးခဲသွားသည်။ အာကာပြင် ဖိနှိပ်မှုတစ်ခုနှင့် သတ်ဖြတ်စွမ်းအင်တို့က လွှမ်းခြုံလာသည်။

မကောင်းတော့ဘူး… ဒီနေရာမှာ အာကာပြင် သင်္ကေတတွေနဲ့ချည်း လုပ်ထားတဲ့ အဆင့် ၇ နတ်ဘုရား သေမင်း ထောင်ချောက် အစီအရင် တစ်ခုရှိနေတယ်…

ရုတ်တရက်ကြီး ဟွမ်တိက ဤကိစ္စနှင့်ပတ်သက်၍ မကောင်းသည့် ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ အဆင့် ၇ နတ်ဘုရား သေမင်းထောင်ချောက် အစီအရင်မှာ သူ့အတွက် ပြောပလောက်သည် မဟုတ်သော်လည်း သူက ဤနိမိတ် မကောင်းသည့် ခံစားချက်ကို ရရှိမိသည်။

ဟွမ်တိက ကြာကြာ ဆက်မနေရဲပေ။ အသက်တစ်ရှိုက်စာအတွင်း သူက မိုဝူကျိ၏ အာကာပြင် သင်္ကေတ အစီအရင်၏ အချက်အချာကို ရှာတွေ့သွားသည်။ မျက်စိတစ်မှိတ်စာအတွင်း သူက ကျဲဟိန် စောင့်နေသည့် နေရာသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။

***

All Chapters