ကျုပ်က ကျုပ်ရဲ့မဟာမိတ်တွေကို မသတ်ဘူး
Vol. 80 Ch. 1112
နဂိုကတည်းက ကြောက်နေသော ကျဲဟိန်သည် ဟွမ်တိက သူ့ဆီသို့ ဦးတည်ပြေးလာနေသည်ကို သတိပြုမိသွားသည်။ ဘာလုပ်၍ ဘာကိုင်ရမည်မှန်း မသိဘဲဖြစ်ကာ သူက သူ၏ လေဗုံကိုသာ ထုတ်ယူမိလိုက်သည်။ ထို့နောက် သူက သူ၏ အားအကောင်းဆုံး လျို့ဝှက်တိုက်ကွက် ဖြစ်သည့် အာကာပြင် ပြောင်းပြန်ရိုက်ချက်ကို အထောက်အပံ့ပေးရန် သူ့ဆီရှိသမျှ နတ်သဘာဝစွမ်းအားကို အကုန်ထုတ်သုံးလိုက်၏။
ကျဲဟိန်က မည်မျှပင် အားနည်းနေပါစေ သူသည်လည်း တစ်ချိန်က ပင်မနတ်ဘုရားတစ်ပါး ဖြစ်ခဲ့သည်ပင်။
ဝိဇ္ဇာတစ်ပိုင်းအဆင့်နီးနီး အတိုင်းအဆမဲ့ အားကောင်းသော ပင်မနတ်ဘုရားတစ်ပါး ဖြစ်ပေသည်။ ယခင်တစ်ခေါက် ထိခိုက်ပြီးသည့်နောက် သူ၏ ကျင့်ကြံဆင့်သည် တခြားသူများနည်းတူ အကြီးအကျယ် နိမ့်ကျသွားခဲ့သည်။ သို့သော် ဝိဇ္ဇာဟွမ်တိနှင့် ယှဉ်ပါက ကျဲဟိန်၏ အဆင့်နိမ့်သွားမှုမှာ သိပ်မသိသာချေ။ အနည်းဆုံးတော့ သူက ယခုအချိန်တွင် သဟဇာတနတ်ဘုရား အလယ်အလတ်အဆင့်၌ ရှိနေဆဲ ဖြစ်သည်။
အာကာပြင်ပြောင်းပြန်ရိုက်ချက်မှာ ကျဲဟိန်၏ ဝှက်ဖဲ ဖြစ်သည်။ ထိုတိုက်ကွက်သည် အာကာပြင်ကို ပြောင်းပြန်ဖြစ်သွားစေနိုင်ပြီး စည်းမျဉ်းများကို ကမောက်ကမ ဖြစ်သွားစေနိုင်သည်။ သူ၏ မှော်ရတနာ လေဗုံက ပြိုင်ဖက်အား ပိတ်လှောင်ရန်အတွက် ပြောင်းပြန် အာကာပြင်အတွင်းရှိ အရာအားလုံးကို လေဓားသွားများအဖြစ် ပြောင်းလဲပစ်နိုင်သည်။
မိုဝူကျိ၏ အဆင့် ၇ နတ်ဘုရား သေမင်းထောင်ချောက် အစီအရင်ကို ချိုးဖောက်ပြီးပြီးချင်းပင် ဟွမ်တိမှာ အာကာပြင် ပြောင်းပြန်ရိုက်ချက်ဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။
အခြားအချိန်သာ ဖြစ်ပါက ဟွမ်တိသည် ကျဲဟိန်က သူ့ကို အားကုန် ထုတ်တိုက်ခိုက်ရန် မတ်တပ် ရပ်နေပေးနိုင်သည်။ အကြောင်းမှာ ကျဲဟိန်၏ တိုက်ခိုက်မှုများမှာ သူ့အတွက် ယားပင် မယားစေနိုင်သောကြောင့် ဖြစ်သည်။ လက်ရှိတွင်မူ အကြီးအကျယ် အားနည်းနေသော ဟွမ်တိသည် ကျဲဟိန်၏ အာကာပြင် ပြောင်းပြန်ရိုက်ချက်ထဲ၌ ပိတ်မိသွားသည်။ လေဗုံ၏ ဓားအလင်းတန်းများက ဟွမ်တိ၏ တစ်ကိုယ်လုံးကို သွေးရာများ ဖုံးလွှမ်းသွားစေလေရာ ရလဒ်မှာလည်း ယားယံရုံလောက်သာ မဟုတ်ချေ။
ဟွမ်တိ၏ နတ်သဘာဝစွမ်းအားမှာ မှေးမှိန်သွားသည်။ သူ၏ စိတ်စွမ်းအားသည်ပင် စတင် နှေးကွေးလာလေသည်။
ဟိန်းသံတစ်ခု ပြုလိုက်ပြီးသည့်နောက် အနီရောင်လခြမ်းကွေး ဓားသွားသရဖူက ဆင်းသက်လာကာ အနီရောင်ဓား အလင်းတန်းတစ်ခုက လွှမ်းခြုံလာသည်။
“အား”
သွေးရောင် အလင်းတန်းတစ်ခုက ပေါက်ကွဲထွက်သွားပြီးနောက် ကျဲဟိန်မှာ ဟွမ်တိ၏ ဓားအလင်းတန်းဖြင့် ထက်ခြမ်း ခြမ်းခံလိုက်ရသည်။ သူ၏ ကိုယ်နှစ်ခြမ်းသည် ကြိုးပျက်သွားသည့်စွန်အလား အဝေးသို့ လွှင့်စင်သွား၏။ ကျဲဟိန်၏ အာကာပြင် ပြောင်းပြန်ရိုက်ချက်သည်ကား စက္ကူပါးတစ်စကဲ့သို့ စုတ်ဖြဲခံလိုက်ရပြီးနောက် ပျောက်ကွယ်သွားလေသည်။
ကံကောင်းသည်မှာ ဟွမ်တိ၏ ဒဏ်ရာများမှာ အလွန် ပြင်းထန်လွန်းနေခြင်းပင် ဖြစ်သည်။ သူ၏ ကိုယ်ထဲရှိကျိုင်းက သူ့တာအိုအရှိန်အဝါနှင့် အသိစိတ်ပင်လယ်ကို အဆက်မပြတ် တိုက်စားနေသည်။ သို့မဟုတ်ပါက ဤဓားအလင်းတန်းက ကျဲဟိန်၏ကို ယ်ကို နှစ်ခြမ်းတည်း ဖြစ်အောင်သာ ခုတ်ဖြတ်လိမ့်မည် မဟုတ်ပေ။ ၎င်းက ကျဲဟိန်အား အသက်ရှင်နိုင်ချေ မရှိအောင်ကို အပိုင်းပိုင်းအစိတ်စိတ်အဖြစ် ပိုင်းဖြတ် ခုတ်ထစ်ပစ်ပေလိမ့်မည်။
ဟွမ်တိ ထောင်ထျဲ့တောင်ကြားထဲမှ ပြေးထွက်လာသည်မှစ၍ သူကျဲဟိန်အား ထက်ခြမ်းခြမ်းပစ်သည်အထိ အချိန်အတိုင်းအတာမှာ ခဏလေးသာ ရှိသေးသည်။
ကျဲဟိန်အား ချလိုက်သည့် ထိုနောက်ဆုံးတိုက်ကွက်သည် အသက်တစ်ရှိုက်စာထက် မပိုခဲ့ပေ။
ထိုသို့ဆိုလျှင်ပင် မိုဝူကျိအတွက် လုံလောက်သည့်အချိန်ကို ရရှိခဲ့လေပြီ။ မိုဝူကျိ၏ တတိယမြောက်လက်ချောင်း ကံတရားတိုက်ကွက်သည်ကား အပြည့်အစုံ ပုံပေါ်သွားလေပြီ။ ၎င်းက ထွက်ပြေးနေသော ဟွမ်တိပေါ်သို့ တည့်တည့် ချိန်ထားနိုင်လိုက်သည်။
သက်ရှိလောကနှင့် မိုးမြေတိုက်ကွက်တို့ ပျက်စီးသွားပြီးသည့်နောက် မိုဝူကျိဆီတွင် ကံတရားတိုက်ကွက် ရှိသေးသည်။
အဖျက်ဆီးခံလိုက်ရသော သက်ရှိလောကနှင့် မိုးမြေတိုက်ကွက်တို့က အဆုံးအစမရှိ ကျယ်ပြောလှသော ဧရာမ အရည်ကျိုမီးပြင်းဖိုကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ စကြဝဠာတစ်လုံးက ဤကြီးမားသော အရည်ကျို မီးပြင်းဖိုထဲတွင် အရည်ပျော်ပြီး တစ်စတစ်စ ပျောက်ကွယ်နေလေသည်…
ယခင်က မည်မျှပင် နိမ့်ကျကျ၊ မည်မျှပင် ကြီးမြတ်မြတ်၊ မည်မျှပင် တမူထူးခြားခြား ဤကြီးမားသော ကံတရား ကမ္ဘာထဲတွင် အရေးမပါတော့ချေ။ ဤအရည်ကျို မီးပြင်းဖိုထဲရှိ အရာအားလုံးနှင့် လူအားလုံးသည် ကြေးနီသဖွယ် အရည်ပျော်ကာ ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။
မိုးမြေကို မီးပြင်းဖိုအဖြစ်… ကံတရားကို လုပ်အားအဖြစ်… ယင်ယန်ဓာတ်တို့ကို လောင်စာအဖြစ်… အရာအားလုံးကို ကြေးနီးအဖြစ်…
ကံတရားတိုက်ကွက်၏ တာအိုအရှိန်အဝါကို အာရုံခံမိသည့်အလား ကျိုင်းကလည်း ၎င်း၏ တာအိုအရှိန်အဝါကို ပြင်းပြင်းထန်ထန် စတင်လှည့်ပတ်လိုက်သည်။ ၎င်းက ရှဲခနဲမြည်ကာ အသက်စွမ်းအားတစ်ခုက ပျောက်ကွယ်သွားသည်။ ထို့နောက် ထိုအသက်စွမ်းအားမှာ မီးပြင်းဖိုအတွင်း၌ အရည်ပျော်နေသော ကြေးနီအဖြစ် ပြောင်းလဲသွားလေ၏။
“မဟုတ်ဘူး…”
ဟွမ်တိက ယူကျုံးမရ အော်ကြွေးသံတစ်ခု ပြုလုပ်လိုက်သည်။ သူက ဤကဲ့သို့ ကံကြမ္မာမျိုးကို ကြိတ်မှိတ်လက်မခံချင်ပေ။ လက်ခံဖို့ ဆန္ဒမရှိပေ။ လက်ခံဖို့ ငြင်းဆန်သည်။
ငါဟွမ်တိသည်ကား အတွင်းစိတ် နတ်ဆိုးကို အဆုံးသတ်ခဲ့ပြီး များပြားလွန်းသော သေခြင်းရှင်ခြင်းများကို ဖြတ်သန်းခဲ့ကာ နတ်ဘုရားမျှော်စင်ကိုပိုင်သော အသိအမှတ်ပြုခံရပြီးသည့် ဝိဇ္ဇာတစ်ယောက် ဖြစ်ခဲ့ပေတယ် …
ငါ ဟွမ်တိသည်ကား မိုးနှင့်မြေကို ထိန်းချုပ်ပြီး စကြဝဠာ၏ အရှင် ဖြစ်သည်။ သက်ရှိအားလုံးသည် ငါ၏ ခြေထောက်အောက်၌ ပုရွက်ဆိတ်များသာ ဖြစ်သည်။ မရေမတွက်နိုင်သော ဝိဇ္ဇာများနှင့် နတ်ဘုရားများက ငါ့ကို လေးစားရိုသေကြရသည်။
ငါ ဟွမ်တိသည် လက်တုံ့မပြန်ရသေးချေ။ လူသတ်ပွဲကြီးကိုလည်း အစမပြုရသေးချေ။ ဘယ်လိုလုပ်ပြီး ပုရွက်ဆိတ်တစ်ကောင်၏ လက်ထဲတွင် ငါက သေနိုင်မည်နည်း။
ငါလက်မခံဘူး။ လက်မခံဘူး။ လက်မခံဘူး…
ကံတရားမီးပြင်းဖို ဖြစ်နေတော့ကော ဘာဖြစ်လဲ… ထိုအရာကို ငါ စုတ်ဖြဲပစ်မည်…
“ဝုန်း”
ကံတရားမီးပြင်းဖိုပေါ်တွင် အက်ရာတစ်ခု ပေါ်လာပြီးနောက် မီးပြင်းဖိုက ပေါက်ကွဲထွက်သွားသည်။ ကံတရား လက်ချောင်းတိုက်ကွက်မှာလည်း ကျိုးပဲ့စည်းမျဉ်း အပိုင်းအစများအဖြစ် စုတ်ပြဲသွားလေသည်။
ဤအခိုက်အတန့်၌ ဒဏ်ရာအပြင်းအထန် ရရှိထားသော ဟွမ်တိမှာ အရိုးခြောက်တစ်ခုနှင့်သာ တူနေလေတော့သည်။ သူ၏ သွေးသားအဆီအနှစ်များ မရှိတော့ချေ။ သို့ထိတိုင် ထိုကျိုင်းကမူ သူ၏ အရိုးခြောက်ကို ဖောက်ထွက်နေဆဲ ဖြစ်သည်။ ကျိုင်းဆီမှ တာအိုအရှိန်အဝါ၏ အဖျက်စွမ်းအား တစ်ခုကို ထုတ်လွှင့်နေဆဲ ဖြစ်သည်။
မိုဝူကျိ၏ မျက်နှာမှာ ပြောင်းသွားသည်။ ဟွမ်တိ၏ ဒဏ်ရာများကို ကြည့်ကာ ဟွမ်တိသည် ကံတရား လက်ချောင်းတိုက်ကွက်အောက်တွင် အထိန်းချုပ်ခံရလိမ့်မည်ဟု သူက ယုံကြည်ထားသည်။
ဟွမ်တိက ကံတရားလက်ချောင်းအား ဖောက်ထွက်နိုင်လိမ့်မည်ဟု မည်သူကများ ထင်မိမည်နည်း။
အံ့သြသွားသော မိုဝူကျိက ခပ်မြန်မြန်ပင် ပြန်လည် စိတ်တည်ငြိမ်သွားသည်။ ယခုအချိန်သည် သူက သူ၏ စတုတ္ထလက်ချောင်းဖြစ်သည့် ယင်ယန်တိုက်ကွက်အပေါ်တွင် နားလည်သဘောပေါက်မှု ရရှိပြီးချိန် ဖြစ်သည်။
ယင်ယန်ဓာတ်သည် မိုးမြေအတွင်းရှိ အရာအားလုံး၏ ပြောင်းလဲမှု အားလုံးအပေါ် သက်ရောက်မှု ရှိလေသည်။
ပထမအချက်မှာ ရှင်ခြင်းဖြစ်ကာ ဒုတိယအချက်မှာ သေခြင်း ဖြစ်သည်။
ယင်ယန် အကူ လျို့ဝှက်ပညာရပ်တစ်ခု သူ့ဆီတွင် ရှိပြီးသားဖြစ်သည်ကို မိုဝူကျိက တွေးမိလိုက်သည်။ မိုဝူကျိက တစ်စုံတစ်ရာကို ပြန်စဉ်းစားရင်းဖြင့် သူက ဆန်းကြယ်သော လက်သင်္ကေတတစ်ခုကို စတင် ပုံဖော်ရိုက်ထုတ်လိုက်သည်။
သူက ယင်ယန်သဘောတရားအပေါ် နားလည်သွားပြီ ဖြစ်သော်လည်း သူ ဖော်ထုတ်လိုက်သည့် တိုက်ကွက်မှာ စတုတ္ထလက်ချောင်း ယင်ယန်တိုက်ကွက် မဟုတ်ပေ။ ထိုအစား သူက သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းကို ထုတ်သုံးလိုက်သည်။
ဟွမ်တိက မိုဝူကျိ သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်း တိုက်ကွက်ကို ဖော်ထုတ်ရန် အဘယ်ကြောင့် စောင့်နေလိမ့်မည်နည်း။ ကံတရားလက်ချောင်းကို ချိုးဖောက်ပြီးသည်နှင့် သူ၏ ကိုယ်မှာ မီးခိုးတန်းတစ်ခုအဖြစ် ပြောင်းသွားကာ ချက်ချင်း ထွက်ပြေးလိုက်၏။
“ဝုန်း”
ပြင်းထန်သော တုန်ခါမှုကြီးတစ်ခုကို အာကာပြင်ထဲတွင် ခံစားလိုက်ရသည်။ ဟွမ်တိက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရင်း နောက်ဆုံးတွင် ဖင်ထိုင်လျက် လဲကျသွားသည်။
သူ၏ ပတ်ပတ်လည်ရှိ အာကာပြင်မှာ ပိတ်လှောင်ခံလိုက်ရသည်။ မုန့်ယဲ့သည် မျက်နှာမှာ ဖြူဖျော့နေသည့်တိုင် လက်သင်္ကေတများကို ဆက်တိုက် ဖော်ထုတ်လိုက်သည်။ ဤကဲ့သို့ အချိန်မျိုးတွင် ဟွမ်တိအား လွတ်သွားစေ၍ မဖြစ်မှန်း သူက မသိဘဲ နေပါ့မည်လော။ သူ့တိုက်ကွက်များမှာ မိုဝူကျိလောက် မကောင်းသော်လည်း သူ၏ မြင်းမြီးတုတ် အမွေးများမှာမူ အားမနည်းချေ။
စောစောက သူ၏ အမွေးများက ဟွမ်တိအား မထိန်းချုပ်နိုင်ခဲ့ပေ။ ယခု ဟွမ်တိက မိုဝူကျိ၏ တားဆီးခြင်းကို ဆက်တိုက်ခံနေရလေရာ ယခုအချိန်တွင် ဟွမ်တိအား သူ မထိန်းချုပ်နိုင်ပါက သူအသက်ရှင်နေသည်မှာ အလကား ဖြစ်သွားပေလိမ့်မည်။
“မုန့်ယဲ့… မင်းက သေချင်နေတာလား”
မုန့်ယဲ့၏ အမွေးများဖြင့် အထိန်းချုပ်ခံလိုက်ရသောအခါ ဟွမ်တိက ဒေါသတကြီး ကျယ်လောင်စွာ အော်ဟစ်ရုံသာ တတ်နိုင်သည်။ ဝိဇ္ဇာတစ်ယောက်ဖြစ်သည့်သူက မုန့်ယဲ့လို ပုရွက်ဆိတ်မျိုး၏ ချုပ်နှောင်တားဆီးခြင်းကို တကယ်ခံနေရသည်။ မည်မျှ စိတ်တိုစရာ ကောင်းလိုက်ပါသနည်း။
ဟွမ်တိ၏ ရင်ထဲတွင် ဒေါသတရားတို့ ပြည့်နှက်လာကာ သူ၏ ပတ်ပတ်လည်ရှိ တာအိုအရှိန်အဝါမှာ တိုက်ရိုက် ပေါက်ကွဲသွားသည်။ သူက သူ့အပေါ်တွင် ရှိနေသည့် အချုပ်အနှောင်များကို ချိုးဖျက်ချင်ပုံ ပေါ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မုန့်ယဲ့၏ မျက်နှာမှာ ဖြူဖျော့သွားလေသည်။ သူက တာအိုအရှိန်အဝါကိုကော နတ်သဘာဝစွမ်းအားကိုပါ အစွမ်းကုန် အားအပြည့်ဖြစ်အောင် လှည့်ပတ်လိုက်သည်။ သူက ရုန်းကန်နေသော ဟွမ်တိအား ချုပ်နှောင်ရန် အားကုန်သုံးနေရသည်။ မုန့်ယဲ့က သွေးအန်စပြုလာကာ သူ၏မျက်နှာမှာလည်း ဖြူဖျော့သထက် ဖြူဖျော့လာလေ၏။ သူ၏ကိုယ် ပတ်ပတ်လည်ရှိ တာအိုအရှိန်အဝါတို့မှာလည်း ဖြည်းဖြည်းချင်း ပုံပျက်လာလေသည်။
မုန့်ယဲ့က မျက်လုံးများကို ဖွင့်ရန် ကြိုးစားလိုက်ရင်း မိုဝူကျိအား ကြည့်ကာ ပြောလိုက်သည်။
“ကျုပ် ကြာကြာ တောင့်ခံထားနိုင်တော့မှာ မဟုတ်ဘူး”
မိုဝူကျိက မုန့်ယဲ့၏ စကားကို ပြန်မဖြေပေ။ သူက ဟွမ်တိအား ထွက်ပြေးနိုင်ရန် မည်သည့် အခွင့်အရေးကိုမျှ မပေးဖို့ရာ ဆုံးဖြတ်ထားသည်။ သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းရာက ဟွမ်တိ၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။
သေခြင်းစက်ဝန်းတစ်ခုနှင့် ရှင်ခြင်းစက်ဝန်းတစ်ခု….
သူက ဟွမ်တိပေါ်သို့ သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းရာ ရိုက်ပြီးသွားသည့်နောက် ဟွမ်တိ၏ ဒေါသအပြည့် ဖြစ်နေသည့် မျက်လုံးတို့မှာ ငြိမ်ကျသွားသည်။ သူက ခေါင်းမော့ကာ မိုဝူကျိအား ကြည့်လိုက်သည်။ မိုဝူကျိအား ကြည့်နေသည့်မျက်လုံးများထဲတွင် ဤဖော်မပြနိုင်သော ခံစားချက်တစ်မျိုး ရှိနေလေသည်။
ဟွမ်တိ၏ ရုန်းကန်မှုများမှာ တဖြည်းဖြည်း အားနည်းလာသည်ကို မုန့်ယဲ့က အာရုံခံနိုင်သည်။ ထိုအချိန်မှသာ သူက သက်ပြင်းမောကြီးတစ်ခု ချလိုက်သည်။ သူ အသိပြန်ဝင်လာသည့်အချိန်၌ သူကလည်း မိုဝူကျိအား ကြောက်ရွံ့စွာ ကြည့်လိုက်သည်။
သုံးယောက်ပေါင်းပြီး ဟွမ်တိအား တိုက်ခဲ့သည်ဖြစ်သော်လည်း အဓိက တိုက်ခိုက်သူမှာ မိုဝူကျိဖြစ်သည်မှန်း မုန့်ယဲ့က ရှင်းရှင်းလင်းလင်း သိသည်။ အကယ်၍ မိုဝူကျိသာ မရှိပါက သူနှင့်ကျဲဟိန်တို့သည် ဒဏ်ရာအပြင်းအထန် ရထားသော ဟွမ်တိ၏ လက်ထဲတွင် သေသွားပေလိမ့်မည်။
ဟွမ်တိသည် ဆိုးဆိုးဝါးဝါး အတိုက်ခိုက်ခံထားရပြီးသည့်နောက်တွင်ပင် သူ၏အသက်ဓာတ်မှာ သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းကြောင့် ဖြည်းဖြည်းချင်း လွင့်ပါးပျောက်ကွယ်လာမှန်း မိုဝူကျိက ခံစားလို့ရသေးသည်။ မရဏစွမ်းအားကလည်း အလျင်အမြန် ကြီးထွားလာလေသည်။
မိုဝူကျိက သိသိသာသာကို အံ့သြသွားသည်။ သူ၏ သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းသည် တစ်ယောက်ကို ရှင်စေ၍ တခြားတစ်ယောက်ကို သေစေသည်။ သူက တစ်ဖက်လူ၏ မရဏစွမ်းအားကို တိုးပွားလာစေရန် လုပ်နိုင်သည့် အကြောင်းအရင်းမှာ သူ့ဆီတွင် အသက်လမ်းကြောင်း ရှိနေသောကြောင့် ဖြစ်သည်။
ဤဟွမ်တိသည် အင်မတန် အားကောင်းလွန်းသည်။ အကယ်၍ သူ့ဆီတွင် အသက်လမ်းကြောင်းသာ မရှိခဲ့ပါက မိုဝူကျိပင်လျှင် သူ၏ သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းနှင့် ဟွမ်တိအား အပြတ်ရှင်းနိုင်ပါ့မည်လား သေချာမသိပေ။
သူ၏ အသက်ဓာတ်အား ဆွဲယူခံနေရလေရာ မိုဝူကျိက တခြားမည်သည့် အကြောင်းအရာများကို တွေးရဲပါ့မည်နည်း။ သူ၏သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းကိုလည်း အဆက်မပြတ်ရိုက်ထုတ်နေသလို တစ်ဖက်တွင်လည်း သူက သူ၏အသက်လမ်းကြောင်းကို သုံးပြီး သူ၏အသက်ဓာတ်ကို ထပ်တလဲလဲ ပြန်ဖြည့်နေရသည်။
အသက်ဆယ်ရှိုက်စာမက အချိန်ကြာပြီးသည့်နောက် မိုဝူကျိက သူ၏အသက်ဓာတ် လွင့်ပါးပျောက်ကွယ်မှုသည် နည်းလာကြောင်း ခံစားမိလိုက်သည်။ တဖြည်းဖြည်းနှင့် ဆက်လက် မလွင့်ပါးတော့ချေ။
ယခု သူ၏ အသက်ဓာတ်က ဆက်လက် မပျောက်ကွယ်တော့လေရာ ဟွမ်တိ၏ အသက်ဓာတ်မှာ ရေကာတာကြီး ကျိုးကျသကဲ့သို့ ဒလဟော ပျောက်ကွယ်စ ပြုလာလေ၏။
နဂိုကတည်းက အရိုးခြောက်သဖွယ် ဖြစ်နေသည့် ဟွမ်တိသည် ပိုများသော မရဏစွမ်းအားများ စတင် ထုတ်လွှင့်လာလေသည်။
“မင်းနာမည်က ဘယ်လိုခေါ်လဲ”
ဟွမ်တိက မျက်လုံးများကို အားယူဖွင့်ကြည့်ရင်း မိုဝူကျိအား တည်ငြိမ်စွာ မေးလိုက်သည်။ နောက်ဆုံးတွင်တော့ သူ၏ မျက်လုံးများထဲတွင် ဒေါသတရားများနှင့် မကျေနပ်မှုများ မရှိတော့ဘဲ တည်ငြိမ် အေးချမ်းမှုများသာ ရှိလေတော့သည်။
သူ၏အရှေ့တွင် သူက မရေတွက်နိုင်သော နှစ်များစွာအတွင်းမှ တိုက်ပွဲ အတွေ့အကြုံများကို မြင်နေရသည်။ ထို့နောက် ဤကျင့်ကြံခြင်း လမ်းကြောင်းအပေါ် စတင် လျှောက်လှမ်းခဲ့စဉ်က ငယ်ရွယ်ဖျက်လတ်သော သူ့ကိုယ်သူကို သူ မြင်မိသည်။ ထို့အပြင် သူက ဝိဇ္ဇာနတ်ဘုရား အာဏာစက်ကို ပိုင်ဆိုင်ရရှိခဲ့သည့်သူ့ကို ချီးကျူးဂုဏ်ပြုရန် ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များစွာကိုလည်း ပြန်မြင်ယောင်မိသည်။
ယနေ့ အားလုံး ပျောက်ကွယ်သွားကာ ပြာမှုန်များအဖြစ် ပြောင်းလဲ ရောက်ရှိသွားလေပြီ။ အကောင်းနှင့်အဆိုး အရာအားလုံးကို သူ ကြုံတွေ့ခဲ့ရပြီးလေပြီ။ ဟွမ်တိ၏ စိတ်နှလုံးမှာ သေဆုံးသွားလေပြီ။ သူက ဤလောကထဲတွင် မည်သည့် စိတ်ဝိညာဉ်ကိုမှ ချန်ထားရန် စိတ်ကူးမရှိချေ။ အကြောင်းမှာ သူ တစ်ဖန် နဂိုအတိုင်း ပြန်ဖြစ်နိုင်ရန် ဆင်းရဲဒုက္ခနှင့် နှိပ်စက်ညှင်းဆဲမှုများကို နှစ်ပေါင်းမည်မျှ ကြာအောင် ခံစားရမည်မှန်း မည်သူမှ မသိနိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ သူ အသက်ရှင်ချင်သေးပါက သူ၏နတ်ဘုရား အသိစိတ်တစ်စကို အသာလေး ခိုးချန်ထားခဲ့၍ ရမှန်း သူ သိသည်။ သို့သော် ထိုသို့လုပ်လျှင်ကော ဘာများ ထူးသွားမည်နည်း။ မိုဝူကျိကဲ့သို့ ပညာရှင်တစ်ယောက်ရှိနေသည့် ဤလောကထဲ၌ သူဟွမ်တိက အနာဂတ်တွင် မည်သည့်နေရာမှာများ နေထိုင် ရပ်တည်နိုင်မည်နည်း။
“မိုဝူကျိ ”
မိုဝူကျိက ဟွမ်တိ၏ ဇွဲမလျော့ပုံကို အင်မတန် အံ့သြမိသည်။ တော်သေးသည်မှာ သူက ဤတိုက်ပွဲတွင် ကူညီရန် တခြားသူ နှစ်ယောက်ကို ရှာတွေ့ထားခဲ့သည်။ သို့မဟုတ်ပါက ဟွမ်တိအား သူ ရှင်းပစ်နိုင်လိမ့်မည် မဟုတ်ချေ။
“မင်းက အရမ်းကို အားကောင်းတာပဲ။ ဘယ်လောက်တောင် အားကောင်းသလဲဆို ငါ့ကို ပြန်လည်ဝင်စားဖို့ကို လက်လျော့ချင်လာအောင် ပြုလုပ်နိုင်တဲ့အထိပဲ။ မုန့်ယဲ့နဲ့ကျဲဟိန်ကို ငါ့အတွက် သတ်ပေးပါ။ ဒါဆို ငါ နောက်တစ်ခေါက် အသက်ပြန်ရှင်မလာလည်း ရတယ်။ ငါ့ဘဝက ဒီလောက်နဲ့ပဲ လုံလောက်ပြီ ထင်ပါရဲ့”
ဟွမ်တိက မိုဝူကျိနှင့် ညှိနှိုင်းကြည့်လိုက်သည်။
မုန့်ယဲ့က ထိုစကားများကို ကြားသောအခါ သူ၏ နှလုံးမှာ မြန်မြန်ဆန်ဆန်ကြီး စတင် ခုန်လာလေတော့သည်။ သူက မိုဝူကျိအား ကြောက်လန့်တကြား ကြည့်လိုက်သည်။ မိုဝူကျိက နောက်ဆုံး တိုက်ကွက်ဖြစ်သည့် သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းကို ထုတ်သုံးလိုက်ပြီးသည့်နောက် မိုဝူကျိ၏ အင်အားမှာ နောက်တစ်ဆင့်သို့ တက်သွားဟန်ရှိသည်ဟု သူက ခံစားလိုက်ရသည်။
မိုဝူကျိက အသာတုံ့ပြန်လိုက်သည်။
“ခင်ဗျား အတွေးလွန်နေပြီ။ ကျုပ်က ကျုပ်ရဲ့မဟာမိတ်တွေကို မသတ်ဘူးဗျ”
ဟွမ်တိက သက်ပြင်းချလိုက်သည်။
“မိုဝူကျိ… တကယ်လို့ ငါထွက်သွားချင်ရင် မင်းအခု ငါ့ကို သတ်နိုင်ကောင်း သတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ နောင်နှစ်ပေါင်းများစွာကြာပြီးရင် ငါဟွမ်တိက တစ်ခါ ပြန်ရှင်လာနိုင်သေးတယ်။ မင်း ယုံလား”
**