← Chapters

ချီတက်ခြင်း

Vol. 15 Ch. 205

ချီတက်ခြင်း

Vol. 15 Ch. 205

“ဟင်း… မင်း ဘာတွေ ပြောနေတာလဲ… ငါက အဲဒီလိုလူလား။ အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့”

သို့တိုင်အောင် ဟွမ်လောင်လျှိုကား ထွက်ပြေးသွားပြီး ဖြစ်သည်။

သူ ဘာဆက်လုပ်မည်ကို ဟန်မူယဲ့ စိတ်ဝင်စားမိသည်။

ဟန်မူယဲ့ ပြုံးလိုက်ကာ အဝေးကို လှမ်းကြည့်လိုက်၏။

ထိုနေရာမှ လူတစ်ယောက် လှမ်းလာနေသည်။

“စီနီယာအစ်ကိုဟန်…”

ယိုင်နဲ့နဲ့ပုံစံဖြင့် ကျောက်ယိုကျစ်သည် ဟန်မူယဲ့ထံသို့ ပြာနှမ်းသော မျက်နှာဖြင့် လှမ်းလာသည်။

“မင်း သတိရလာပြီလား”

ဟန်မူယဲ့က ကျောက်ယိုကျစ်အား ကြည့်ကာ တီးတိုးမေးသည်။

“မင်း နေကောင်းအောင် အနားယူသင့်တယ်”

ကျောက်ယိုကျစ်၏မျက်လုံးများတွင် အသက်မဲ့နေသည်။

“စီနီယာအစ်ကိုဟန်… ကျုပ်ဟာ ဘယ်လက်နဲ့ဓားကိုင်သင့်တယ်လို့ တစ်ခါက အကြံပေးဖူးတယ်မလား”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ကျောက်ယိုကျစ်၏မျက်လုံးများ အနည်းငယ် အသက်ဝင်လာသည်။ သူက တီးတိုးပြောသည်။

“အခုရော ဘယ်လိုလဲ”

သည်အတိုင်ခင်က သူ၏လက်မှာ အကောင်းအတိုင်း ရှိနေသေးသည်။

ယခုကား ကွဲပြားခြားနားသွားပြီ ဖြစ်သည်။

ဟန်မူယဲ့က ကျောက်ယိုကျစ်အား ကြည့်ကာ အတန်ကြာ တိတ်ဆိတ်နေပြီး မည်သည့်စကားမှ မပြောချေ။

ကျောက်ယိုကျစ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏သာမန်တပည့်တစ်ဦး ဖြစ်သည်။

သူသည် အများနည်းတူ အသက်ရှည်ရန်အတွက် ကျင့်ကြံကာ သတ်ဖြတ်ရန်အတွက် ဓားသိုင်းကို လေ့ကျင့်၏။

ထိုမျှသာ ဖြစ်သည်။

လောကတွင် ထိုသို့သော စိတ်နှလုံးဖြင့် ဓားသမား မည်မျှ ရှိသနည်း။

ဟန်မူယဲ့ တိတ်ဆိတ်နေသည်ကို မြင်လျှင် ကျောက်ယိုကျစ်က ခေါင်းယမ်းကာ တီးတိုးပြောသည်။

“စီနီယာအစ်ကိုဟန်… ကျုပ် နားလည်ပါပြီ”

ထို့နောက် သူ နောက်လှည့်ကာ တောင်ကုန်းအောက်သို့ လှမ်းသွားလိုက်သည်။

ကျောက်ယိုကျစ်အား လှမ်းကြည့်ကာ ဟန်မူယဲ့က ရုတ်တရက် ပြောသည်။

“ငါ မင်းကို လူသတ်ဖို့သီးသန့် ဓားသိုင်းတစ်ခု သင်ပေးမယ်ဆိုရင် မင်း စိတ်ထိန်းနိုင်မှာလား”

ကျောက်ယိုကျစ် ရပ်လိုက်သည်။

သူက နောက်လှည့်ကာ ဟန်မူယဲ့အား ကြည့်လျှက် ခေါင်းညိတ်သည်။

“စီနီယာအစ်ကိုဟန်… ကျုပ်ကို သင်ပေးပါ”

….

လစန္ဒာဂိုဏ်း၏မူပိုင်ဓားသိုင်း။

ဤသည်ကား ဘယ်သန်ဓားဖြစ်ကာ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော အနီးကပ်တိုက်ခိုက်ရေးနည်းစနစ်လည်း ဖြစ်သည်။

သူသည် ဤဓားသိုင်းအား အကြိမ်အနည်းငယ် အသုံးပြုခဲ့ကာ ကမ္ဘာမြေအဆင့်တစ်ဦးကိုပင် အနီးကပ်တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။

သူက ဤသို့သော ဓားသိုင်းအား သင်ပေးလိုခြင်း မရှိပါ။

ကျင့်ကြံခြင်းသည် အသက်ရှည်လမ်းစဉ်ကို လိုက်စားခြင်း ဖြစ်သည်။

ဓားသိုင်းများသည် သတ်ဖြတ်ရန် ဖြစ်ကာ တစ်စုံတစ်ဦး၏စိတ်နှလုံးအား ပြင်းထန်စွာ သက်ရောက်နိုင်သည်။

“ငါ မင်းကို သတိပေးမယ်”

ဟန်မူယဲ့က ကျောက်ယိုကျစ်၏မျက်လုံးများအား ကြည့်ကာ ပြောသည်။

“ဒီဓားသိုင်းဟာ လစန္ဒဂိုဏ်းရဲ့ မူပိုင်သိုင်းတစ်မျိုးပဲ”

“ငါက ဆန့်ကျင်ဘက်နည်းစနစ်နဲ့ ပြုပြင်ပြီးတော့ ဘယ်သန်ဓားအဖြစ် ပြောင်းလဲခဲ့တယ်။ အနီးကပ်တိုက်ခိုက်ရာမှာ ဒီဓားသိုင်းဟာ ပြိုင်ဘက်ကင်းတယ်”

“ဒါပေမဲ့ ဒီဓားသိုင်းဟာ အရမ်း သတ်ဖြတ်ဖို့ ဆာလောင်လွန်းတယ်။ ဒီဓားသိုင်းကို လေ့ကျင့်ရင် မင်းရဲ့စိတ်နှလုံးကို သက်ရောက်နိုင်တယ်”

အတန်ကြာ စကားစကို ဖြတ်လိုက်ပြီး ဟန်မူယဲ့ ဆက်ပြောသည်။

“မင်း အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး”

ကျောက်ယိုကျစ်က သူ၏ဘယ်လက်ဖြင့် လက်သီးကို တင်းတင်းဆုပ်သည်။

“စီနီယာအစ်ကိုဟန်… ကျုပ်ကို သင်ပေးပါ”

ဟန်မူယဲ့က ခေါင်းညိတ်ကာ လက်မြှောက်လိုက်လျှင် ခရမ်းမီးတောက်ဓား သူ့လက်သို့ ကျဆင်းလာသည်။

“ဒီဓားသိုင်းဟာ ခြေတစ်လှမ်းစာအတွင်းမှာပဲ လှုပ်ရှားတယ်”

“ခြေတစ်လှမ်းအတွင်း ပြိုင်ဘက်ကင်းတယ်”

ဓားအလင်းသည် ဟန်မူယဲ့၏ဘယ်လက်မှ ထွက်ပေါ်လာခဲ့ကာ ထူးဆန်းသော ဓားဟန်များ ဖြစ်ပေါ်လာ၏။

လှုပ်ရှားဟန်တိုင်းသည် လှည့်ကွက်များဖြင့် ပြည့်နှက်နေကာ ဓားချက်တိုင်းသည် သေကွင်းသေကွက်များကို ဦးတည်သည်။

ကျောက်ယိုကျစ်၏ဘယ်လက်ကား အမှန်တကယ် ပါရမီကောင်းသည်။

သူသည် တစ်ညတည်းဖြင့် ထိုထူးဆန်းသော ဓားသိုင်းအား လေ့ကျင့်အောင်မြင်ခဲ့၏။

ထို့နောက်တွင် သူသည် ကိုယ်တိုင်လေ့ကျင့်နိုင်ပြီ ဖြစ်သည်။

ကျောက်ယိုကျစ်၏လက်ထဲတွင် ဓားအလင်းသည် တဖျတ်ဖျတ်လက်နေသည်ကို ကြည့်ကာ ဟန်မူယဲ့က ခေါင်းညိတ်၏။

သူက လက်မြှောက်ကာ ဓားကျိုးတစ်လက်အား ထုတ်ယူလိုက်သည်။

“ငါ့မှာ မင်းနဲ့သင့်တော်တဲ့ ဓားတစ်လက်ရှိတယ်”

ထိုဓားကျိုးသည် အနက်ရောင်ဝိညာဉ်အလင်းများ တောက်ပနေကာ ဓားချီများ လှည့်ပတ်နေ၏။

နေမင်းရောင်ဝါနန်းတော်အရှင်၏ဓား…

ဓားသည် ဓားဘုရင်ယွမ်ထျန်း၏ဓားချက်ကြောင့် နှစ်ပိုင်းကျိုးသွားခဲ့ဖူးသည်။

ဟန်မူယဲ့၏လက်ထဲမှ ဓားကို ကြည့်ကာ ကျောက်ယိုကျစ်က သူ၏ဓားကို ပြန်ငုံ့ကြည့်၏။

“စီနီယာအစ်ကိုဟန်… ကျုပ် ဒီဓားကို ပြန်မပို့လို့ရလား”

ရွှေခြင်္သေ့ဓား…

ထိုဓားသည် သုံးပေရှစ်လက်မ ရှည်လျားကာ ၃၁အောင်စလေးသည်။

ဓားသည် အလယ်အလတ်တန်းစားဖြစ်ကာ ဓားရှည်နည်းစနစ်များဖြင့် သင့်တော်၏။

ယခင်က ကျောက်ယိုကျစ်သည် ဓားသိုင်းများအား ထိုဓားဖြင့် အသုံးပြုခဲ့သည်။

ဓားစံအိမ်တွင် ထိုဓားကို လက်ခံစဉ်က ကျောက်ယိုကျစ်သည် ရွှေခြင်္သေ့ဓားအား အလွန်နှစ်သက်ခဲ့၏။ သူက ထိုဓားအား မည်သည့်အခါမှ မပြောင်းလဲတော့ဟုပင် ပြောခဲ့သည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“ယူထားလိုက်ပါ”

ကျောက်ယိုကျစ်က ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ကာ ဟန်မူယဲ့ ကမ်းပါးသော ဓားကျိုးအား ယူလိုက်၏။

ဓားကျိုး သူ၏လက်ထဲကို ရောက်လာသည်နှင့် ဓားသည် အရောင်တစ်ချက်လင်းလက်သွား၏။

ဓား၏အသိအမှတ်ပြုမှုကို ခံရသည်လား…

ဤသည်ကား ဓမ္မရတနာဓားဖြစ်သည်။

ဓားသည် ကျိုးနေသော်လည်း ဝိညာဉ်ရှိ၏။

ဓားသည် ကျောက်ယိုကျစ်အား သခင်အဖြစ် သတ်မှတ်လိုက်မည်ဟု သူ မထင်ထားခဲ့ပေ။

“စီနီယာအစ်ကိုဟန်… ဒီဓား…”

ကျောက်ယိုကျစ်က သူ၏လက်ထဲမှ ဓားကို အံ့အားသင့်စွာ ကြည့်သည်။ သူက ဟန်မူယဲ့အား ပြောသည်။

“ဒီဓားဟာ အရမ်းတန်ဖိုးကြီးတယ်ထင်တယ်”

မှန်သည်၊ ဓားသည် အလွန်တန်ဖိုးကြီး၏။

ထိုဓားကိုသာ လေလံတင်ပါက အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်သန်းခန့် ရနိုင်၏။

ဟန်မူယဲ့က လက်ဝှေ့ယမ်းကာ ပြောသည်။

“မင်း သိတာကောင်းတယ်။ လူများများ မသိစေနဲ့…”

ကျောက်ယိုကျစ်က ခေါင်းညိတ်သည်။ ဓားကျိုးတွင် စီးဆင်းနေသော ဓားအလင်း ပျက်ပြယ်သွား၏။ ဓားကိုယ်ထည်သည် သာမန်သံမဏိဓားအသွင်သို့ ပြောင်းလဲသွားသည်။

ဟူး…

အဝေးတွင် မိစ္ဆာတပ်ကြီး တဖန် ချီတက်လာကြ၏။

အသက်ပြင်းပြင်းရှုရှိုက်ကာ ကျောက်ယိုကျစ် တောင်အောက်သို့ ပြေးဆင်းသွားသည်။

တောင်ခြေတွင် စစ်မြေပြင်၌ အချင်းချင်း ရင်းနှီးကျွမ်းဝင်နေကြပြီဖြစ်သော ဂိုဏ်းသားများသည် တိုက်ပွဲဝင်ပုံစံ၌ နေရာယူကာ မိစ္ဆာစစ်တပ်ရောက်ရှိလာမည်ကို အသင့်စောင့်နေကြ၏။

“အစ်ကိုဟွမ်…”

ထိုစဉ် တစ်စုံတစ်ယောက်က အံ့အားသင့်စွာ လှမ်းခေါ်သံကို ကြားရ၏။

တောင်ကုန်းငယ်တစ်ခုတွင် လူရိပ်နှစ်ခု ရပ်နေသည်။

အိုမင်းရင့်ရော်ကာ ဆံပင်ဖြူများ ရှိနေသော ဟွမ်လောင်လျှို…

နောက်တစ်ဦးကား အဖြူရောင်ဝတ်စုံဝတ်ကာ ဓားရှည်တစ်လက်ကို နောက်တွင် ပိုးထားသော လုချန်းဖျင်။

ဟွမ်လောင်လျှိုသည် လုချန်းဖျင်၏လက်ကို ဆုပ်ကိုင်ထား၏။

“ငါက မိန်းကလေးလုကို အားလုံးတွေ့နိုင်အောင် ခေါ်လာခဲ့တာ”

ဟွမ်လောင်လျှိုက ပြုံးသည်။

မိန်းကလေးလု…

သူမက မိန်းကလေးလုလား…

ထိုစဉ်က ဟွမ်လောင်လျှိုသည် မိန်းကလေးလုကို ရှာဖွေရန် အနောက်ဘက်ကုန်းမြေတစ်ခုလုံးအား လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။

ဟွမ်လောင်လျှိုနှင့် လုချန်းဖျင်တို့ လက်တွဲထားသည်ကို ကြည့်ကာ အားလုံးက ဝမ်းသာအားရ ဖြစ်ကြသည်။

ယခင်က အစ်ကိုဟွမ်သည် သံမဏိစိတ်ဓာတ်ဖြင့် မိန်းကလေးလုအား ရှာဖွေရန် စိတ်ဓာတ်ပိုင်းဖြတ်ထားသည်ကို သူတို့အားလုံး တွေ့မြင်ခဲ့ကြရသည်။

ထိုစဉ်က အစ်ကိုဟွမ် အမှန်တကယ် မိန်းကလေးလုအား ရှာတွေ့မည်ဟု မည်သူမှ မယုံကြည်ခဲ့ကြပေ။

သေမျိုးတစ်ဦးတွင် ထိုသို့ အစွမ်းမရှိနိုင်။

သို့သော်လည်း အစ်ကိုဟွမ်က လုပ်နိုင်ခဲ့သည်။

သူသည် မိန်းကလေးလုအား ဘေးမသီရန်မခ ရှာတွေ့ခဲ့၏။

မသိလိုက်ပါဘဲ အားလုံး၏စိတ်ထဲတွင် တိုက်ပွဲဝင်စိတ်ဓာတ်များ စတင်ဖြစ်ပေါ်လာကြ၏။

“အတူတိုက်မယ်…”

ထိုမြင်ကွင်းကို ကြည့်ကာ ထန်ချီက အံကြိတ်လျှက် ဓားဆွဲထုတ်ကာ မိစ္ဆာများထံသို့ ပြေးလွှားသွားသည်။

တခြားတစ်ဘက်တွင် ဟယ်ရွှမ်ချီသည်လည်း ပြေးထွက်သွားသည်။

အားလုံးက မိစ္ဆာစစ်တပ်ထံသို့ ချီတက်တိုက်ခိုက်ကြ၏။

အသက်ပြင်းပြင်းရှုကာ ဟွမ်လောင်လျှိုက လုချန်းဖျင်အား ကြည့်သည်။

“ညီမဖျင်… မင်း တကယ်ပဲ ငါနဲ့အတူ တိုက်ခိုက်မှာလား”

လုချန်းဖျင်က ခေါင်းညိတ်သည်။

“အစ်ကိုကျန်းရှုံး… ကျွန်မက သေချာပေါက် အစ်ကိုနဲ့အတူ လိုက်မှာပေါ့”

သူမ၏စကားက ဟွမ်လောင်လျှိုအား ပြုံးမိစေသည်။ သူ၏မျက်လုံးများမှာ စူးရှတောက်ပနေ၏။

“ကောင်းပြီ…”

သူက ကမ်းပါးထိပ်တွင် ရပ်နေသော ဟန်မူယဲ့အား ကြည့်ကာ ရယ်မောလိုက်သည်။

လုချန်းဖျင်၏လက်ကို ဆွဲကိုင်ကာ ဟွမ်လောင်လျှိုသည်လည်း မိစ္ဆာများထံသို့ ဓားတစ်လက်ဖြင့် ပြေးဝင်သွား၏။

ဟန်မူယဲ့သည် ကမ်းပါးထိပ်တွင် ရပ်ကာ လုချန်းဖျင်နှင့် ဟွမ်လောင်လျှိုတို့ တိုက်ပွဲနေရာသို့ ပြေးသွားသည်ကို ကြည့်နေ၏။ သူတို့မှာ မရေမတွက်နိုင်သော ကျင့်ကြံသူများ ဝန်းရံလျှက် မိစ္ဆာများထံ ချီတက်နေကြသည်။

“ငါ့ကို ညီအစ်ကိုလို့ သတ်မှတ်တဲ့သူတွေ… ငါနဲ့အတူ ချီတက်ကြ…”

ဟွမ်လောင်လျှိုက အော်ဟစ်လိုက်သည်။

“ချီတက်ကြ…”

မရေမတွက်နိုင်သော လူများက ပြိုင်တူ‌ အော်ဟစ်လိုက်ကြသည်။

All Chapters